ကျင်းမြို့တော် တက္ကသိုလ်တွင် ကျော်ကြားလာခဲ့ခြင်း
Vol. 3 Ch. 220
"ဘယ်လို ဖြစ်နိုင်မှာလဲ..."
ဒေါက်တာဒူက ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေ သေနေခဲ့တော့သည်။ မယုံကြည်နိုင်ခြင်းက သူ့မျက်လုံးတွင် ပြည့်နှက် နေခဲ့သည်။
သူက အလွန်တော်သည့် ဇီဝဗေဒ ပညာရှင် တစ်ယောက် ဖြစ်သည့်တိုင် ထိုကဲ့သို့သော မြင်ကွင်းက ထူးဆန်း လွန်းသည်ဟု ထင်မိသည်။
"ဇီဝဗေဒ ပညာရပ်ရဲ့ အဓိကက သက်ရှိတွေ အကြောင်း လေ့လာခြင်းပဲ။ ဒါပေမဲ့ မင်းက သက်ရှိတွေ အကြောင်းဘာမှ မသိဘူး မလား..."
ချန်းဖန်က ဒေါက်တာဒူကို စိုက်ကြည့်ရင်း မေးသည်။ ဒေါက်တာဒူက ချန်းဖန်၏ စကား တစ်ခွန်းတလေကိုပင် ပြန်လည် ချေပနိုင်ခြင်း မရှိချေ။
"ဘယ်သူ ဘာမေးဦးမလဲ..."
ချန်းဖန်က လူများကို တည်ငြိမ်စွာ ကြည့်ရင်း မေးလိုက်သည်။ တိတ်ဆိတ်မှု တစ်ခုသာ ကြီးစိုးနေပြီး လူတိုင်းက ပွင့်ဝေနေသည့် ပန်းများကိုသာ စိုက်ကြည့် နေကြသည်။
"ကောင်းပြီ ... မေးစရာ မရှိရင်လည်း ငါပဲ ဆက်ပြောမယ်..."
ချန်းဖန်က ဆက်လက်၍ သူ၏ အယူအဆများ အကြောင်းကို အကျယ်တဝံ့ ရှင်းပြလိုက်သည်။ ချန်းဖန်က ခေတ်သစ် သိပ္ပံပညာနှင့် ရှေးဟောင်း အယူအဆများကို ရောနှောပြီး လွယ်ကူ ရိုးရှင်းသော စကားလုံးများကို သုံးကာ ရှင်းပြနေသဖြင့် လူတိုင်း လွယ်လွယ်ကူကူ နားလည် သွားကြသည်။ ပါမောက္ခအိုကြီးများပင် သူတို့ထိုင်ခုံများ၌ ပြန်ထိုင်ကာ ချန်းဖန်၏ သင်ခန်းစာကို အာရုံစိုက်၍ နားထောင် နေကြသည်။
"ဒီလိုကိုး ... ဒါကြောင့် ငါ့ရဲ့ မျိုးရိုးဗီဇ ရောနှောတဲ့ သုတေသနက ခဏခဏ ကျရှုံး နေခဲ့တာပဲ..."
"မဟုတ်သေးဘူး ... ဒါက မာရီယိုက ပက်ခီရဲ့ အဆိုပြုချက်နဲ့ လွဲနေတာပဲ..."
"သူရဲ့ သီအိုရီတွေက မော်ဒန် သိပ္ပံပညာထက် ဆယ်စုနှစ် တစ်ခုလောက် ပိုတိုးတက်နေခဲ့ပြီ..."
ပါမောက္ခအိုကြီးများမှာ အချို့က ပြုံးနေကြသလို၊ အချို့ကလည်း မျက်မှောင် ကြုတ်ရင်း ချန်းဖန်၏ သင်ခန်းစာကို တိတ်ဆိတ်စွာ နားထောင် နေကြတော့သည်။
သင်တန်း နည်းပြများနှင့် ကျောင်းသူ ကျောင်းသားများမှာလည်း ချန်းန်ဖန်၏ သင်ခန်းစာကို တစ်လုံးတလေပင် လွတ်သွားမှာ စိုးရိမ်သည့် အလား နားစိုက် နေကြတော့သည်။
"ပါမောက္ခချန်းက တကယ် တော်လိုက်တာ...."
"အမှန်ပဲ ... အစက သူ့ကို အူကြောင်ကြောင်လို့ ထင်နေခဲ့တာ။ တကယ်တော့ ငါ့ရဲ့ မျက်လုံးတွေ ကန်းနေခဲ့တာပဲ..."
စုကျောင်းကလည်း ချန်းဖန်ကို အံ့အားသင့်စွာ ကြည့်သည်။ မကြာသေးခင်က ချန်းဖန် အပေါ်သူ၏ မျှော်လင့်ချက်များ ကုန်ဆုံး သွားခဲ့သည့်တိုင် ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက သူမကို ပြောစရာစကား မရှိအောင် ဖြစ်စေသည်။
ဟန်တုန်းယုကလည်း ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကာ ချန်းဖန်၏ စကားများကို သေချာစွာ နားထောင် လိုက်သည်။ ဇီဝဗေဒ ပညာရပ်အပေါ် ချန်းဖန်၏ နားလည်မှုက သူနဲ့ အလွန်ပင် ဝေးကွာ လွန်းသည်။
ချန်းဖန်မှာ သူတို့ပြောသည့် မော်ဒန်ဇီဝဗေဒ ဘာသာရပ်ကို မလေ့လာဖူးသော်လည်း လောကကြီးတွင် ဖြစ်ပျက်နေသော အကြောင်းအရာ အားလုံး အကြောင်းကိုမူ သူတို့ထက် ပိုနားလည်သည်။ မြောက်ပိုင်း ကောင်းကင်ဘုံ၏ အရှင်သခင် အနေဖြင့် စကြဝဠာ တစ်ခွင်ကို နှစ်ပေါင်း ငါးရာခန့် လေလွင့်ခဲ့ပြီး စကြဝဠာ၏ လျှို့ဝှက်ချက် တော်တော်များများကိုပင် သူသိရှိ ခဲ့ရသည်။ စကြဝဠာထဲမှ အချို့သော ဂြိုလ်များ၏ သိပ္ပံပညာမှာ မြေကမ္ဘာထက် အဆများစွာ ပိုမို မြင့်မားသည်။ ထိုသို့သော ဂြိုလ်များတွင် ချန်းဖန် နှစ်ပေါင်းများစွာ နေထိုင်ရင်း သူတို့၏ ပညာရပ်များကို လေ့လာ ခဲ့ဖူးသည်။
"ငါသာ ဓာတ်ကူ သွေးရည်ကြည် ဖန်တီးဖို့ တက္ကသိုလ်ရဲ့ အကူအညီ မလိုဘူးဆိုရင် ဒီလောက် စိတ်ပျက်စရာ ကောင်းတဲ့ အလုပ်ကို တစ်သက်လုံး မဟုတ်ဘူး..."
ချန်းဖန် စိတ်ထဲမှ ငြီးငြူမိသည်။ ဧည့်သည် ပါမောက္ခ ဆိုသော ရာထူးမှာ ကြားကောင်းသည့်တိုင် အလွန်ပင် စိတ်ပျက်စရာ ကောင်းလွန်းသည်။
ကျောင်းယို့ယို့က မျက်တောင်ကို မှိတ်လိုက်၊ ဖွင့်လိုက် လုပ်ရင်း ရင်ဘတ်ကို ဖိလိုက်သည်။
"ရှောင်ချုံးရေ... ငါ့ဘဝရဲ့ အချစ်စစ်ကို ငါရှာတွေ့ခဲ့ပြီ သိလား..."
"နင်ကတော့လေ..."
ဖန့်ချုံးက သူမကို မျက်စောင်း ထိုးလိုက်သည်။ လွန်ခဲ့သည့် နှစ်ဝက်က သူမနှင့် တွေ့ဆုံ ခဲ့ဖူးသည့် လူငယ် ပါမောက္ခကို လေးစားစွာ ကြည့်မိသည်။
အတန်း ပြီးသည်နှင့် ဟောခန်းကြီး၏ အတွင်းအပြင်တွင် လူများစွာနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
"ပါမောက္ခချန်း ... ဘယ်လိုလုပ်ပြီး ရွက်ရှည်ပန်းတွေကို အချိန်ရာသီ မဟုတ်ပဲ ပွင့်အောင် လုပ်လိုက်တာလဲဟင်..."
ဒေါက်တာဒူက ချန်းဖန်ကို အာကျယ်၊ အာကျယ် ထမေးလိုက်ပြန်သည်။
"ဟုတ်ပါတယ်... ကျွန်တော်တို့ကို ပြောပြပါ... သိချင်လို့ပါ..." အောက်တွင်ရှိသော လူပေါင်း များစွာကလည်း ဝိုင်းဝန်း တောင်းဆို လိုက်ကြသည်။
"မင်းတို့ ယွင်ဝူ ကောင်းကင်ရေစင် ကို ကြားဖူးလား..."
ချန်းဖန်က မေးလိုက်သည်။
"ယွင်ဝူကောင်းကင် ရေစင်..."
"ပါမောက္ခချန်း ပြောတဲ့ဟာက တစ်ပုလင်းကို ယွမ်ငွေသိန်းချီ ပေးရတဲ့ ရေတော့ မဟုတ်ပါဘူးနော်..."
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"ဟမ်... အဲဒါက ဘယ်လိုရေမျိုးလဲ..."
လူများထံမှ ဆူညံစွာ ပြောဆိုသံများ ဆူညံသွားသည်။ ထိုကဲ့သို့ ဈေးကြီးလွန်းသည့် ရေမျိုးကို မကြားဖူး သူများမှာ တစ်ဝက်ခန့် ရှိသည်။
"ယွင်ဝူရေက ချူကျိုးမြို့၊ ယွင်ဝူတောင်ထိပ်က ထုတ်လုပ်တာ တဲ့လေ။ အဲဒါက အရမ်းကို မှော်ဆန်တယ်တဲ့။ ရောဂါ တော်တော်များများကို ကုသနိုင်စွမ်း ရှိသလို၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုပါ နုပျို စေနိုင်တယ်တဲ့။ နောက်ပြီး အရေပြားကို လိမ်းထားရင် စိုပြည် ချောမွေ့ လာပြီးတော့ ဆံပင်ကို လိမ်းရင်လည်း အရမ်း ကောင်းတာပဲတဲ့လေ..."
ကျောင်းယို့ယို့ အသံက အားလုံးကို ဖုံးလွှမ်း၍ ထွက်ပေါ် လာခဲ့သည်။
"ပါမောက္ခချန်း ... ခုနက လောင်းချလိုက်တာက ယွင်ဝူ ကောင်းကင် ရေစင်များလား..."
ကျောင်းယို့ယို့က ချန်းဖန်ကို လေးစားစွာ မေးလိုက်သည်။
"ဟုတ်တယ်လို့ ပြောလို့လည်း ရတယ်။ မဟုတ်ဘူး ဆိုလည်း မှန်တယ်..."
ချန်းဖန်က ကျောင်းယို့ယို့ကို တစ်ချက်ပင် မကြည့်ပဲ ပြန်ပြောလိုက်သည်။
"သာမန် ယွင်ဝူရေကတော့ အဲဒီလောက် အစွမ်းမထက်ဘူး။ ငါက ယွင်ဝူရေ ပုလင်း တစ်ရာလောက်ရဲ့ အာနိသင်တွေကို စုပေါင်းပြီး တစ်ပုလင်းထဲ ပြန်ထည့်ထားတာ..."
"ယွင်ဝူ ကောင်းပင်ရေစင် ပုလင်းတစ်ရာ...."
လူတိုင်းက ချန်းဖန်၏ စကားကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။ ယွင်ဝူ ရေတစ်ပြလင်းပင်လျှင် တစ်သိန်းတန်ရာ၊ ယွင်ဝူရေ ပုလင်းတစ်ရာ၏ တန်းဖိုးက အလွန်ပင် များပြားမည် မဟုတ်ပါလား...။
ထိုအရာက ပန်းပင် ပွင့်လာစေရန် ယွမ်ငွေမီလျံနှင့် ချီ၍ ဖြုန်းတီး လိုက်ခြင်းပင်။ ထိုကဲ့သို့သော ပိုက်ဆံက ဖာရာရီ သုံးစီးအထိ ဝယ်ယူနိုင်သော ပမာဏ ဖြစ်သည်။
"ဒါပေမဲ့ အဲဒီလို အရာကို ရဖို့က အရမ်းကို အကုန်အကျ များလွန်းတယ်။ အများအပြား ထုတ်လုပ်ဖို့ အတွက် ငါမတတ်နိုင်ဘူး..."
ချန်းဖန်က ခေါင်းကိုခါရင်း ဆက်ပြော လိုက်သည်။
"အတန်းပြီးပြီ..."
ချန်းဖန်က စကားကို အဆုံးသတ်ရင်း စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။
"အာ ... ငါပြောဖို့ မေ့သွားလို့။ ငါက ယွင်ဝူ ကောင်းကင် ရေစင် လုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်သလို အဲဒါကို ငါပဲ တီထွင် ခဲ့တာလေ။ ငါက ဒီကျင်းတက္ကသိုလ်မှာ လက်တွေ့ခန်း တစ်ခု ဆောက်ပြီး သုတေသ နပြုလုပ်ဖို့ ဆန္ဒရှိတယ်။ စိတ်ဝင်စားတဲ့ ကျောင်းသားတွေ ငါ့လက်ထောက်ဆီမှာ စာရင်း ပေးထားကြ..."
ချန်းဖန် ကြေညာ ပြီးသည်နှင့် အခန်းထဲမှ ထွက်ခွာ သွားတော့သည်။ ချန်းဖန်၏ နောက်ဆုံး စကားလုံးက လူအားလုံးကို လုံးဝ တိတ်ဆိတ် သွားစေခဲ့သည်။ သူတို့၏ သွေးလှည့်ပတ်မှုများ ရပ်တန့် သွားသည်ဟု ထင်ရ လောက်အောင်ပင် အံအား သင့်နေမိကြသည်။
”ပါမောက္ခချန်း ဘာပြောသွားတာလဲ။ သူက ယွင်ဝူ ရေလုပ်ငန်းရဲ့ ပိုင်ရှင်လား..."
"ဒါဆို သူက တကယ့် ဘီလျံနာ သူဌေးကြီးပေါ့..."
"သူ့ဝင်ငွေက တစ်နှစ်ကို ဘီလျံရာနဲ့ ချီပြီး ရှိမှာပေါ့နော်..."
ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်း နည်းပြများစွာမှာ သူ့တို့၏ စာသင်ခန်း၊ ရုံးခန်းများကို ပြန်ရောက်သည့် တိုင်အောင် ထိုအကြောင်းကိုသာ ဆွေးနွေး နေခဲ့သည်။
"ပါမောက္ခချန်းက ယွင်ဝူရေရဲ့ တီထွင်သူတဲ့။ ဒီလောက် ငယ်ငယ်နဲ့ ဧည့်သည် ပါမောက္ခ ဖြစ်နေတာ မဆန်းဘူး..."
"အဲဒီ အတိုင်းဆို ပါမောက္ခချန်းရဲ့ သုတေသန လုပ်ငန်းက ငါတို့ကို အမြင် ကျယ်စေဦးမယ် ထင်တယ်..."
"ပါမောက္ခချန်းက ကျင်းတက္ကသိုလ်မှာ သုတေသန အသစ်တစ်ခု လုပ်ဖို့ လက်တွေ့ခန်း တစ်ခု ဖွင့်ဦးမယ်တဲ့။ ငါတို့ အဲဒီမှာ အလုပ် သွားလျှောက်ရအောင်..."
လူတိုင်းမှာ ယွင်ဝူရေ၏ အောင်မြင်မှုကို သိကြသဖြင့် ချန်းဖန် နှင့်အတူ အလုပ် လုပ်နိုင်ရန် မျှော်မှန်း နေကြသည်။ ထိုအရာမှာ သူတို့ ဘဝ တစ်ခုလုံး တစ်ဆစ်ချိုး ပြောင်းလဲ သွားနိုင်ခဲ့ အခွင့်အရေး တစ်ခုဖြစ်သည်။
"သူက ယွင်ဝူရေကိုတောင် တီထွင်ခဲ့တယ် တဲ့..."
သူပြိုင်ဘက် အဖြစ် သတ်မှတ်ခဲ့သူမှာ ထိုမျှအထိ အဆင့်အတန်း မြင့်နေမည်ဟု မထင်ခဲ့ချေ။ ယွင်ဝူရေနှင့် ယှဉ်လျှင် သူ၏ သုတေသန လုပ်ငန်းများက ကလေး ကစားစရာ ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
တက္ကသိုလ်၏ ဒါရိုက်တာပင်လျှင် ရွှေအိုး ကောက်ရသည့် အလား ပြုံးရွှင် နေခဲ့သည်။ သို့သော် ထိုအရာက ရွှေအိုးထက် ပိုမို အဖိုး တန်နေသေးသည်။
များစွာသော ကျောင်းသားများနှင့် ဆရာများမှာ ချန်းဖန်ထံတွင် အလုပ် လုပ်နိုင်ရန် စုကျောင်းထံတွင် အလုအယက် စာရင်း ပေးနေကြသည်။ အချို့ကလည်း စုကျောင်းကို ဖားယားကာ သူတို့ကို ဦးစားပေးရန် ပြောဆိုနေကြသည်။
"ဖြည်းဖြည်း ... ဖြည်းဖြည်း ... အရင်ဆုံး နာမည်နဲ့ အချက်အလက်တွေကို မှန်အောင် ဖြည့်ပေးပါနော်..."
စုကျောင်းက တက်ကြွ နေခဲ့သည်။ သူမ၏ မျက်နှာက ပြုံးရွှင်နေခဲ့ပြီး ကြာလကြာရှည် ပျောက်ဆုံး နေခဲ့သည့် ပျော်ရွှင်မှုကို သူမပြန်လည် ခံစား နေခဲ့ရသည်။
"သူက အရမ်းကို ချစ်ဖို့ ကောင်းတာပဲ..."
ကျောင်းယို့ယို့က ပြောလိုက်သည်။ ဖန့်ချုံးကမူ အေးဆေးစွာ သူမစကားကို နားထောင် နေခဲ့သည်။
ထိုနေ့တွင်ပင် ... ချန်းပေ့ရွှမ်း ဆိုသော အမည်က ကျင်းမြို့တော် တစ်ခုလုံးတွင် ဟိုးဟိုး ကျော်သွား တော့သည်။ ငယ်ရွယ် ချောမော ချမ်းသာသလို၊ ထူးချွန်လွန်းသည့် ထိုပါမောက္ခလေးမှာ လူတိုင်း၏ ပါးစပ်ဖျားတွင် အလွတ်ပင် ရေပန်း စားနေခဲ့ပြီ ဖြစ်သည်။
***