စိတ်မကောင်းဖြစ်မိသလိုပဲ
Vol. 29 Ch. 415
..
အာရန်သည် မိသားစုခေါင်းဆောင်များကြားသို့ ကြမ်းတမ်းစွာ ထိုးဖောက်ဝင်ရောက်ကာ သူဖြတ်သွားရာ နေရာတစ်လျှောက်တွင် လူသေအလောင်းများစွာ ဖြစ်ပေါ်ကျန်ရစ်ခဲ့လေ၏။
ဖေးသည် သူ၏မျက်စိရှေ့ရှိမြင်ကွင်းအား မယုံနိုင်အောင်ပင် ဖြစ်နေမိခဲ့ရသည်။
သူ၏ အစောပိုင်းကကဲ့သို့ ယုံကြည်မှုများသည် လုံးဝပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ကာ သူ့တွင်ကြောက်ရွံ့မှုသာ နက်နဲစွာဖြင့် အမြစ်တွယ် ကျန်ရစ်ခဲ့လေသည်။
ဤအချိန်တွင် ဖေးသည် စနစ်ဆီမှ ရရှိခဲ့သည် သေခြင်းတရား၏ နိမိတ်ပုံမှတစ်ဆင့် မြင်တွေ့ခဲ့ရသော သူ၏ သေဆုံးခြင်း မြင်ကွင်းကို ပြန်လည်မြင်ယောင်လိုက်မိ၏။
ယခုအရာရာသည် ထိုအထဲကအတိုင်း ဘာမှ မပြောင်းလဲသွားသကဲ့သို့ပင် ခံစားမိလိုက်သည်။
ဤသည်မှာ ဆုံးရှုံးခြင်းတောင်တန်းတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ တစ်ပါတ်ပြန်လည်လာခြင်းနှင့်ပင် တူညီနေခဲ့၏။
ဖေးသည် သူ၏ရင်ဘတ်ကို ဖြေးညှင်းစွာ မသိမသာ ပြန်လည်ထိတွေ့မိလိုက်ပြီး သူ၏ ကိုယ်ပွားဆီမှတဆင့် ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ခဲ့သော ဓားချက်ကို ပြန်လည် အမှတ်ရလိုက်သည်။
သူ၏မသိစိတ်မှ သူ့အား ဤနေရာမှ ထွက်ပြေးရန် တိုက်တွန်းနေသော်လည်း ခြေထောက်များသည် ရှေ့ရှိ အာရန်၏ ရက်စက်သော သတ်ဖြတ်မှု မြင်ကွင်းများကြောင့် ကြောက်လန့်တကြားဖြစ်ကာ မြေပြင်မှတစ်ဖဝါးမျှ မခွာနိုင်ပဲဖြစ်နေခဲ့ရလေ၏။
“ဒါက ကီးလ်မိသားစုရဲ့ အဆုံးသတ်ပဲလား”
ဖေးသည် ဆူညံနေသည့် တိုက်ပွဲသံများကြားတွင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဤအချိန်တွင် မိသားစုခေါင်းဆောင်များစုပေါင်း၍ပင် အာရန်အား သတ်နိုင်ခြင်းမရှိသည်မှာ ထင်ရှားလာခဲ့သည်။
အများဆုံး သူတို့သည် အာရန်အား အနည်းငယ် နှောင့်နှေးစေနိုင်ရုံသာပြုလုပ်နိုင်လိမ့်မည်။
သူ ထွက်ပြေးလွတ်မြောက်နိုင်ရန် သူတို့၏ အသက်ကိုစတေးပေးရန်သာ တတ်နိုင်ကြမည်ဖြစ်သည်။
‘သူ့ကို သတ်ဖို့ ပိုအင်အားကြီးတဲ့ ကျွန်တွေ လိုအပ်လိမ့်မယ် ဒါပေမဲ့ ငါ လက်လျှော့မှာ မဟုတ်ဘူး။ ငါ အသက်ရှင်သမျှ သူ့ကို သတ်ဖို့ နည်းလမ်းတစ်ခု အမြဲရှာလို့ရနိုင်သေးတယ်။ နှစ်တွေကြာရင်တောင် ငါ ပိုအင်အားကြီးတဲ့ ကျွန်တွေကို ရှာပြီး ကျန်တဲ့ ကမ္ဘာကူးလာသူတွေအားလုံးကို သတ်ပစ်မယ်’
ဖေးသည် ဖြည်းဖြည်းချင်း နောက်သို့စတင်ဆုတ်လိုက်ပြီး တုန်ယင်နေသော ခြေထောက်များကို အတင်းအကြပ် ရွေ့လျားရန်ကျိုးစားလိုက်သည်။
“တတ်နိုင်သမျှ သူ့ကို ဆက်ထိန်းထားကြ သူ့ကို သတ်ဖို့ လျှို့ဝှက်နည်းလမ်းတစ်ခု ငါ့မှာ ရှိနေတယ်။ ဒါပေမဲ့ အချိန်တစ်ခုလိုအပ်တယ်။ ဒါကြောင့် သူ့ကို င့ါဆီရောက်မလာစေနဲ့ အသေခံ တားထားကြ” ဟုဖေးသည် နောက်ဆုံးရင်းဖြင့် မိသားစုခေါင်းဆောင်များအား လှမ်း၍ပြောလိုက်လေသည်။
သူသည် ၎င်းတို့အား တိုက်ရိုက်အမိန့်ပေးနိုင်သော်လည်း သူ ပြန်လာမည်ဟု ယုံကြည်စေရန် သူတို့အား လှည့်စားလိုက်သည်။
ထိုအရာက သူတို့အားလုံးအား မျှောင်လင့်ချက်တစ်ခု ပေးလိုက်သလို ဖြစ်သွားမည်ဖြစ်သဖြင့် အစွမ်းကုန် ကြိုးစားချင်စိတ်များ ဖြစ်ပေါ်လာနိုင်လေသည်။
မိသားစုခေါင်းဆောင်များသည် ဖေး ၏ စကားများကို အကျွင်းမဲ့ ယုံကြည်ခဲ့ကြကာ အာရန်အား သတ်ရန် ကြိုးစားရမည့်အစား မရပ်တန့်နိုင်သော မုန်တိုင်းတစ်ခုကဲ့သို့ တလစပ်ထိုးစစ်ဆင်နေသော အာရန်အား တက်နိုင်သမျှ နှောင့်နှေးစေရေးအတွက် အချိန်ဆွဲထားရန်သာ အာရုံစိုက်လိုက်ကြသည်။
ထိုအတောအတွင်း ဖေးသည် နောက်ဘက်သို့ တိတ်တဆိတ် လှည့်ထွက်သွားခဲ့ပြီး နေရာတစ်ခုရောက်သောအခါ တတ်နိုင်သမျှ ဝေးဝေးသို့ လျှင်မြန်စွာ စတင်ထွက်ပြေးတော့၏။
လမ်းတစ်လျှောက်တွင် သူသည် ကီးလ်မိသားစု၏ အဖိုးတန်စီးတော်ယာဉ်မြင်းတစ်ကောင်ကိုပင် ယူဆောင်သွားခဲ့လေသည်။
၎င်းမြင်းသည် ကီးလ်မိသားစုတွင် အမြန်ဆုံးဖြစ်ပြီး ကီးလ်မိသားစု ခေါင်းဆောင်ကသာ ၎င်းကို အသုံးပြုခွင့်ရှိလေသည်။
ကံကောင်းသည်မှာ ဖေးသည် ထိုမြင်းအား ကီးလ်မိသားစုခေါင်းဆောင်ဆီမှ လွန်ခဲ့သည့် အချိန်တစ်ခုဆီကပင် လက်လွှဲရယူထားခဲ့ပြီးဖြစ်နေခြင်းပင်။
ဖေးသည် မြင်းပေါ်သို့ တက်ကာ နောက်သို့ပင်လှည့်မကြည့်တော့ဘဲ အနောက်ပိုင်းတိုက်ဘက်သို့ အလျင်အမြန်ပင် ခရီးပြင်းနှင်ခဲ့တော့သည်။
လမ်းတစ်လျှောက်တွင် ကီးလ်မိသားစုတည်ရှိရာဘက်မှ ပြင်းထန်သော ပေါက်ကွဲသံများကို ကြားနေရပြီး ၎င်းက သူ၏ ကျောရိုးတစ်လျှောက်ကိုပင် စိမ့်တက်သွားခဲ့စေ၏။
ဖေးသည် နောက်သို့ အနည်းငယ်မျှပင် ထပ်မံကဲ မကြည့်တော့ဘဲ လျှင်မြန်သောအရှိန်ဖြင့် ရှေ့သို့သာ အပြင်းဒုံးစိုင်းချီတက်ခဲ့သည်။
ဤအချိန်တွင် အသက်ရှင်သန်နိုင်ခြင်းထက် ပို၍ အရေးကြီးသော အရာဟူ၍ မရှိတော့ပေ။
လက်စားချေခြင်းအတွက်မူ အသက်ရှင်နေသမျှကာလပတ်လုံး အမြဲတမ်း အခွင့်အရေးတစ်ခု ရှိနေဦးမည်ဖြစ်သည်။
ဤသို့ဖြင့် ဖေးသည် အချိန်အတော်ကြာ ပြေးလွှားနေပြီးနောက် နောက်ဆုံးတွင် ကီးလ်မိသားစု၏ နယ်မြေအပြင်ဘက်သို့ ရောက်ရှိနိုင်ခဲ့သည်။
ကီးလ်မိသားစုစံအိမ်နှင့် ဝေးကွာလာသောကြောင့် ပေါက်ကွဲသံနှင့် တိုက်ခိုက်အော်ဟစ်သံများကိုပင် သူသည် မကြားရတော့ပေ။
ဖေးသည် အနောက်ပိုင်းတိုက်တည်ရှိရာဘက်သို့ တမင်တကာပင် ရွေးချယ်၍ သွားခဲ့ခြင်းဖြစ်၏။
မိစ္ဆာဂိုဏ်း၏ စစ်သင်္ဘောသည် ထိုဘက်တွင် တည်ရှိနေသောကြောင့်လည်း ဖြစ်လေသည်။
၎င်းသည် အန်ညာနှင့် လီယိုတို့ အစောပိုင်း စုံစမ်းစစ်ဆေးမှုများ သွားရောက်ပြုလုပ်နေသော နေရာလည်းဖြစ်သည်။
သူတို့နှစ်ဦးသည်သာ အာရန်နှင့်ထိပ်တိုက်တွေ့ပါက သူ့အား မတားဆီးနိုင်သည့်တိုင်အောင် နက်ခရိုမန်ဆာမျှော်စင်အား အချိန်မှီ အသိပေးနိုင်လိမ့်မည်ဖြစ်ကာ ၎င်းက အာရန်ကို ဖျက်ဆီးရန် လုံလောက်သည့်အင်အားတစ်ခုဖြစ်ပေလိမ့်မည်။
“ချီးထဲမှပဲ အဲဒီ စစ်သင်္ဘောနေရာကိုရောက်ဖို့ ဘယ်လောက်တောင် ဝေးသေးတာလဲ” နာရီပေါင်းများစွာ ပြေးလွှားပြီးနောက်တွင်ပင် ဖေးသည် သူ၏ သတိကို လျှော့မချခဲ့ပေ။
သူ့ကိုယ်ခန္ဓာတွင် ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီး သူ၏ အသက်အတွက် ကြောက်ရွံ့စိတ်သည် ခေါင်းထဲတွင် ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိနေဆဲပင်။
...
အာရန်သည် ကီးလ်မိသားစုခြံဝင်းအတွင်းရှိ အပျက်အစီးများအလယ်တွင် ရပ်လျက်ရှိနေခဲ့ပြီး သူ၏အဝတ်အစားများတွင် မိသားစုခေါင်းဆောင်များ၏ သွေးများဖြင့် လုံးဝနီရဲနေသည်။
“ရှင် သူ့ကို မတားဆီးတော့ဘူးလား”
အာရန်သည် သူ့မျက်နှာပေါ်သို့ စင်သွားခဲ့သော သွေးများကို ပြန်လည်သုတ်နေစဉ် ယီလန်၏အသံကို ကြားလိုက်ရသည်။
“တားဆီးဖို့ လိုသေးလို့လား”
အာရန်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
“ကိုယ် မင်းကို အရင်ပြောခဲ့သလိုပဲ.. ဒီနေ့ဟာ ဖေး သေဆုံးရမယ့်နေ့ပဲ။ ဒီတစ်ခါတော့ ဘာမှားယွင်းမှုမှ ရှိနိုင်တော့မှာ မဟုတ်ဘူး”
“သူ ငရဲကို ထွက်ပြေးရင်တောင် ဒီည ကိုယ့်လက်ထဲမှာပဲ သူ သေရလိမ့်မယ်” ဟု အာရန်သည် ထပ်လောင်း၍ ပြောလိုက်သည်။
“ကိုယ်မင်းကို ကြိုတင်စီစဥ်ထားခိုင်းခဲ့တာ ဒါ့ကြောင့်လေ မဟုတ်ဘူးလား”
အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူ၏သွေးထွက်နေသော အဝတ်အစားများကို ပြန်လည် ချွတ်လဲလိုက်လေသည်။
ထို့နောက်အာရန်သည် သူ၏အဝတ်အစားများကို ကီးလ်မိသားစုမှ သာမန်အစေခံများ ဝတ်ဆင်လေ့ရှိသော သာမန်အဝတ်အစားများဖြင့် ပြောင်းလဲဝတ်ဆင်လိုက်၏။
သူသည် သူ၏ကိုယ်ခန္ဓာမှ သွေးနံ့များကို ဖယ်ရှားရန် နဂါးလျှာအစွမ်းကိုပင် အသုံးပြုခဲ့ကာ ဖြစ်ရပ်များနှင့် သူသည်ဘာမှမဆိုင်ကြောင်း အခြားသူများ ရှင်းရှင်းလင်းလင်း ဖြစ်သွားစေရန်ကျိုးစားလုပ်ဆောင်ခဲ့သည်။
“တကယ့်ကို သနားစရာပဲ။ ဒီလို ကြင်နာတတ်တဲ့ မိသားစုခေါင်းဆောင်တွေ အားလုံးကို ဘုရားကျောင်းက ကာဒီနယ်ရဟန်းအမတ်တစ်ယောက်တည်းက လာပြီးသတ်ပစ်လိုက်တယ်။ ဒီရဲရင့်တဲ့စစ်သည်တော်တွေဟာ သူတို့ သေဆုံးခါနီး နောက်ဆုံးထွက်သက်မှာတော့ ကျူးကျော်သူ ကာဒီနယ်ရဟန်းအမတ်ကို အပါခေါ်သွားခဲ့နိုင်ခဲ့ကြရှာတယ်။ ဒီရဲရင့်တဲ့စစ်သည်တော်တွေကို ကျုပ် တကယ့်ကို လေးစားမိပါတယ်”
အာရန်သည် ခေါင်းကို ဖြည်းညင်းစွာတစ်ချက် ခါလိုက်ပြီး ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်သွားလိုက်သည်။
“ရှင်က တကယ့်ကို မျက်နှာပြောင်တိုက်လွန်းတဲ့သူပဲ”
ယီလန်သည် အာရန်၏စကားများကို ကြားသည်နှင့် နှာခေါင်းရှုံလိုက်မိ၏။
“ဘာကိုဆိုလိုတာလဲ။ ကိုယ်ကတတ်နိုင်သလောက် ရိုးသားပြီး ကြင်နာတတ်တဲ့လူတစ်ယောက်ပါလေ” ဟု အာရန်သည် ဤကဲ့သို့သူ့အား မတရားစွပ်စွဲချက်ကြောင့် အနည်းငယ် နာကျင်သွားရဟန်ဖြင့် စိတ်မကောင်းစွာ ပြန်ဖြေလိုက်သည်။
တစ်ချိန်တည်းတွင် အာရန်သည် ကာဒီနယ်ရဟန်းအမတ်၏ အလောင်းအား သူ၏ စနစ်သိုလှောင်ခန်းမှ ထုတ်ယူလိုက်ကာ ဤတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ အလယ်လောက်တွင် အရာအားလုံးကို အသေးစိတ်စီစဥ် ပုံဖော်ထားလိုက်လေသည်။
သူသည် မိသားစုခေါင်းဆောင်များ၏ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကိုပင် ကာဒီနယ်ရဟန်းအမတ်၏ သက်မဲ့အလောင်းပေါ်တွင် တိုက်ခိုက်ရန် အသုံးပြုခဲ့ပြီး မိသားစုခေါင်းဆောင်များပူးပေါင်းတိုက်ခိုက်ထားသည့်ဟန် ရှင်းရှင်းလင်းလင်း ပြုလုပ်ထားသော ဒဏ်ရာများကို ထပ်မံဖန်တီးခဲ့သည်။
ထိုသို့ စနစ်တကျ စီစဉ်ပြီးနောက် အာရန်သည် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို ပိုင်ရှင် မိသားစုခေါင်းဆောင်များ၏ အလောင်းများ အနီးတွင် ပြန်လည် နေရာချထားခဲ့၏။
ရှေးဟောင်းအမွေအနှစ်ပစ္စည်းများသည် သူ့ဟာနှင့်သူ အဖိုးတန်ကောင်းမွန်သည်မှာ မှန်သော်လည်း သူ၏အစီအစဉ်တွင် ချို့ယွင်းချက်တစ်ခု ချန်ထားမိရန် အထိတော့ ထိုက်တန်ခြင်းမရှိကြပေ။
သူနှင့်အတူ သိမ်းထားခဲ့သော တစ်ခုတည်းသော အရာမှာ တိုက်ခိုက်မှုတိုင်းတွင် ရန်သူများ၏ အသက်စွမ်းအင်ကို စုပ်ယူနိုင်သော ထူးဆန်းသည့် ကြာပွတ်ပင်။
ကြာပွတ် ပျောက်ဆုံးသွားခြင်းအားမသိသာစေရန် အာရန်သည် ကြာပွတ်ပိုင်ရှင် မိသားစုခေါင်းဆောင်၏ အလောင်းကိုပင် ဖျက်ဆီးပစ်ခဲ့လေသည်။
“ဖေးကို ဒီကို ပြန်ခေါ်လာဖို့ သူမအတွက် အချိန် ဘယ်လောက်ကြာဦးမယ်ထင်လဲ”
အာရန်သည် အရာရာကို ဟာကွက်မရှိစနစ်တကျ ပြင်ဆင်မှုများ ဖန်တီးရင်း အလောင်းများကို စီစဉ်ပြီးနောက် ယီလန်အား မေးလိုက်သည်။
“သူတို့ သူ့ကို မရိုက်နှက်နေကြဘူးဆိုရင်တော့ မိနစ်အနည်းငယ်လောက်ပေါ့” ဟု ယီလန်က ပြန်ပြောလိုက်၏။
“ဘာလို့ ကိုယ်က ဖေးအတွက် ရုတ်တရက် စိတ်မကောင်းဖြစ်မိသလိုခံစားလိုက်ရတာလဲ”
အာရန်သည် သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာရင်းပြောလိုက်ရာ ထိုစကားများနှင့် သူ၏အပြုံးသည် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ရှင်းလင်းနေသည်။
...
ဖေးသည် တတ်နိုင်သမျှ မြန်မြန် ပြေးနေစဉ် သူ၏စီးတော်ယာဉ်မြင်းသည် ရုတ်တရက် အရှိန်လျော့ကျစပြုလာခဲ့သည်။
လေပြင်းများသည် ရုတ်တရက် ဘယ်ညာနှစ်ဖက်မှ ထိုးတိုက်ခတ်လာပြီး ဖေးသည် သူ့အား ဗဟိုပြု၍ တိုက်ခတ်နေသကဲ့သိုပင် ခံစားလိုက်ရသည်။
“မင်းက...”
ဖေးသည် ဖုန်မှန့်များဖြင့် မုန်တိုင်းတစ်ခု၏ အလယ်တွင် ရပ်နေသော ပုံရိပ်ကို သတိပြုမိလိုက်သဖြင့် အလိုအလျှောက်ပါးစပ်မှ ထွက်သွားခဲ့၏။
#Catfoot