မိခင်တစ်ယောက်ရဲ့ခံစားချက်
Vol. 29 Ch. 416
....
“ဘယ်သူလဲ.....ဘာလို့ ဒီကို ရောက်နေတာလဲ”
ဖေး၏ မြင်းသည် ရုတ်တရက် ရပ်တန့်သွားသည်နှင့် သူ၏မျက်နှာအမူအရာသည်လည်း မှောင်မိုက်သွားခဲ့ရသည်။
သူ့နှင့်မနီးမဝေးတွင် လေမုန်တိုင်းတစ်ခု ပြင်းထန်စွာ တိုက်ခတ်နေဟန်ရ၏။ ထိုမုန်တိုင်း၏ ဗဟိုချက်တွင် အမျိုးသမီးတစ်ဦး၏ ဝိုးတဝါး ပုံရိပ်ကို မြင်တွေ့နိုင်လေသည်။
ပုံရိပ်သည် ရှင်းလင်းမှုမရှိသေးသော်လည်း ထိုအမျိုးသမီးအား မည်သူဖြစ်ကြောင်းကိုမူ သူကောင်းစွာ မှတ်မိနေဆဲပင်။
“ဘယ်သွားမလို့လဲ မေမေ့ သားလေး”
မုန်တိုင်းအတွင်းမှ သာယာနာပျော်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဖေး၏နားထဲတွင် မိုးခြိမ်းသံတစ်ခုကဲ့သို့ ကြားလိုက်ရလေ၏။
ဖေးသည် သူ့ကိုယ်ပိုင် အစွမ်းအစကို ဘယ်တုန်းကမှ အားကိုးခြင်းမရှိခဲ့ဘဲ ပိုမိုအားကောင်းသော ကျွန်များကို စုဆောင်းရန်သာ အာရုံစူးစိုက်ထားခဲ့သည်။
သူ၏ ပထမဆုံး ကျွန်များထဲမှ တစ်ဦးမှာ သူ၏ရှေ့ရှိ အမျိုးသမီးပင်ဖြစ်သည်။
သူမသည် သူ မောင်ပိုင်စီးထားသော ခန္ဓာကိုယ်ပိုင်ရှင်၏ မိခင်ဖြစ်နေကာ လေမျှော်စင်၏ မျှော်စင်သခင်မလည်း ဖြစ်လေ၏။
ဖေး ထိန်းချုပ်ထားသော မိသားစုခေါင်းဆောင်အချို့သည် ယခင်က ဖျက်ဆီးခံခဲ့ရသော မျှော်စင်သခင်များ၏ အစွမ်းထက် ပိုမိုအားကောင်းလာခဲ့သည်မှာမှန်သော်လည်း ၎င်းတို့၏ အစွမ်းများသည် သူ၏ ကိုယ်ပိုင် အစွမ်းတော့ ဟုတ်မနေခဲ့ပေ။
ယခုအခါ အစောပိုင်းကျွန်များကို စတေးခဲ့ရပြီး ဖြစ်သောကြောင့် ဖေးသည် နဂိုမူလအခြေအနေသို့ ပြန်ရောက်သွားသည့်အပြင် ပို၍ပင် အားနည်းသွားခဲ့သည်။
သူ၏အသက်ကို ကယ်တင်နိုင်သော ရတနာပစ္စည်း အတော်များများကိုလည်း သူ သည် ဆုံးရှုံးခဲ့ရပြီးဖြစ်၏။
ဖေးသည် အခြေအနေမှန်ကို နားမလည်နိုင်လောက်သည်အထိ တုံးအနေသူတစ်ယောက်တော့ မဟုတ်ပေ။
သူ၏ရှေ့ရှိ အမျိုးသမီးသည် သူမသာ အလိုရှိပါက သူ့အား မျက်တောင်တစ်ချက်ခတ်စာ အတွင်း မှာပင် သတ်ပစ်နိုင်ပေသည်။
“မေမေ ကျေးဇူးပြုပြီး အဲဒီလူရဲ့ လှည့်စားတာကို မခံပါနဲ့။ အမေက သားကို သူစိမ်းတစ်ယောက်အတွက်နဲ့ ထိခိုက်စေမှာ မဟုတ်ဘူးမလား”
ဖေးသည် သူ၏ရှေ့ရှိ အမျိုးသမီး၏ စိတ်ခံစားချက်များကို ဆက်လက်ကစားနိုင်ရန် ကြိုးစားရင်း ငိုသံပါပါဖြင့် အော်ဟစ်ပြောလိုက်သည်။
သူသည် သူမ၏သား မဟုတ်သော်လည်း သူမ သား၏ ခန္ဓာကိုယ်ထဲတွင် ရောက်ရှိနေသည်မှာ အမှန်ပင်ဖြစ်၏။
သူသည် သူမအား ဆိုးရွားသည့်အရာများစွာ ပြုလုပ်ခဲ့မိသော်လည်း သူမအတွက်မူ သူသည် သားတစ်ယောက် ဖြစ်နေဆဲပင်မဟုတ်ပါလား...။
“သား...သား တခြားသူတစ်ဦးရဲ့ ဝိညာဉ် ဝင်ရောက်ထိမ်းချုပ်တာကို အချိန်တစ်ခုအထိ ခံခဲ့ရပါတယ်။ ဒါပေမဲ့ ခုတော့ သား သူ့ရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်ခဲ့ပြီ။ ဒါတောင် အဲဒီလူက သားကို သတ်ချင်နေတုံးပဲ အမေ့ကို ခုချိန်ပြန်တွေ့ရတာ သားအရမ်းဝမ်းသာတာပဲ ကျေးဇူးပြုပြီး သားတို့အတူ ထွက်ပြေးကြရအောင်နော်။ မဟုတ်ရင် သူက အမေ့ကိုလည်း တစ်ခုခုလုပ်လိမ့်မယ်”
ဖေးသည် သူ၏ မြင်းပေါ်မှ ခုန်ဆင်းကာ မိခင်မေတ္တာ တောင့်တနေသော ကလေးငယ်တစ်ယောက်ပမာ ထိုအမျိုးသမီး၏ ရင်ခွင်ဆီသို့ ပြေးဝင်သွားခဲ့သည်။
သူသည် ထိုအမျိုးသမီးအား အနည်းငယ် ကြောက်လန့်နေသေးသော်လည်း သူ့မျက်နှာပေါ်တွင် ထိုကြောက်ရွံ့မှုကို မဖော်ပြခဲ့ပေ။
ယင်းအစား သူ၏မျက်နှာတွင် ထိုအမျိုးသမီးအားလွမ်းဆွတ်သတိရနေသော ခံစားချက်ကိုသာ ပေါ်လွင်နေစေခဲ့၏။
ထိုခဏတာအတွင်း လေမျှော်စင်သခင်မ၏ စိတ်ထဲတွင် ဝေခွဲမရသော ခံစားမှုအချို့ပေါ်ပေါက်လာခဲ့လေသည်။
သို့သော် သူမသည် သူ၏စကားများကို ယုံကြည်ရန်ကိုမူ တွန့်ဆုတ်နေဆဲပင်။
အာရန်က သူမ၏ ယခင်က သားအရင်းသည် အချိန်ကာလတစ်ခုကတည်းကပင် သေဆုံးသွားခဲ့ပြီးဖြစ်သည်ဟု ပြောပြထားခဲ့သော်လည်း ၎င်းက အမှန်တကယ်ဖြစ်နိုင်ပါမည်လော...။
“နင့် သူ့စကားလုံးတွေကြား ထပ်အလိမ်မမိစေနဲ့နော်။ စောစောကအထိ သူက နင့်လိုမျိုး လူတွေအများကြီးကို ထိန်းချုပ်နေတုန်းပဲ။ သူက သူ့ကျွန်တွေကို ဆုံးရှုံးသွားမှသာ ဒီကို ထွက်ပြေးလာခဲ့တာ။ အခုသူက နင့်ကို ထပ်ပြီးအသုံးချဖို့ ကြိုးစားနေပြန်ပြီ။ နင်သာ သူ့ကို အခွင့်အရေးတစ်ခု ထပ်ပေးလိုက်မိရင် သူကနင့်ကို ထပ်ပြီးထိန်းချုပ်ဖို့ နဲနဲလေးတောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူးနော်”
လေမျှော်စင်သခင်မသည် ဝိညာဥ်ဘုရင်မ ဖီလိုနာ၏ စကားများကို ကြားသောအခါ တုန်လှုပ်သွားခဲ့ရသည်။
သူမ၏ ရှေ့မှ လူငယ်သည် သူမ၏ ကလေး မဟုတ်တော့ကြောင်း ထပ်မံသတိပေးခံလိုက်ရလေသည်။
“ငါ သိပါတယ်” ဟု လေမျှော်စင်သခင်မသည် ဖီလိုနာ၏စကားအား တံ့ပြန်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူမသည် မုန်တိုင်းကိုဖြတ်သန်းလာနိုင်ရန် ဖေးအား လမ်းတစ်ခုဖွင့်ပေးလိုက်၍ သူမအနီးသို့ ချဉ်းကပ်နိုင်စေခဲ့သည်။
“မင်းက တကယ်ပဲ ငါ့သားဟုတ်ရဲ့လား”
သူမနှင့် မီတာအနည်းငယ်မျှသာ ကွာဝေးတော့သောနေရာတွင် ရပ်နေသော ဖေးအား မေးလိုက်သည်။
“မေမေ”
ဖေး၏ မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့သည်။
ထို့နောက်ဖေးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ ပြေးတက်သွားကာ ထိုအမျိုးသမီးအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
“သား မေမေ့ကို အရမ်းလွမ်းတယ်။ အဲဒီဝိညာဉ် သားကို ထိန်းချုပ်ထားတုံးကဆိုရင် တစ်ချိန်လုံး သားအရမ်းကို ကြောက်လန့်နေခဲ့ရတယ်။ သား တောင်းပန်ပါတယ်မေမေ သူ မေမေ့ကို အသုံးချနေတဲ့အချိန်တုံးက သား မတားဆီးနိုင်ခဲ့တဲ့အတွက် မေ့မေ့ကိုသား တကယ့်ကို တောင်းပန်ပါတယ် “
လေမျှောင်စင်သခင်မသည်လည်း ဖေး၏ပြောစကားကြောင့် ဒူးထောက်ကျသွားခဲ့ပြီး သူ့အားမူ ပွေ့ဖက်ထားဆဲပင်။
ဖေး၏မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေဆဲဖြစ်ကာ သူသည် သူမအား ပွေ့ဖက်ထားဆဲဖြစ်သော်လည်း သူ၏ နှုတ်ခမ်းတွင်ရုတ်တရက်ပေါ်လာခဲ့သော နတ်ဆိုးဆန်သည့် အပြုံးကိုမူ သူမ မမြင်တွေ့နိုင်ခဲ့ပေ။
‘တခြားကျွန်တွေ ဆုံးရှုံးသွားတော့ကော ဘာဖြစ်လဲ။ ခုဒီကျွန်ကို ပြန်ရရင် ငါ ထွက်ပြေးဖို့ ပိုလွယ်ကူသွားလိမ့်မယ်။ ဒီလို လက်ဆောင်ကောင်းတစ်ခုကိုပေးခဲ့တဲ့ ငါ့ရဲ့ ချစ်လှစွာသော ကမ္ဘာကူးပြောင်းလာသူလေးရေ မင်းကို ကျေးဇူးတင်ပါတယ်ကွာ။ ဒီတစ်ခါ သူမကို ဘယ်လိုနည်းနဲ့မှ ပြန်စိတ်ပြောင်းလို့မရအောင် သေခြာကိုင်တွယ်ပါ့မယ်’
ဖေးသည် ယခုအချိန်သည် လေမျှောင်စင်သခင်မအတွက် သူမ၏သား ပြန်လာခြင်းကြောင့် စိတ်ခံစားချက်များပြင်းထန်နေချိန်ဖြစ်သဖြင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ အားအနည်းဆုံးအချိန်လည်း ဖြစ်နေမည်ဟု သဘောပေါက်လိုက်၏။
ထို့နောက်ဖြေးညင်းစွာပင် သူ၏ ကျွန်ပြုခြင်းလုပ်ငန်းစဥ်ကို စတင်အသက်သွင်းရန်ကျိုးစားလိုက်လေသည်။
ဤသို့ဖြင့် လေမျှောင်စင်သခင်မ၏ ပခုံးပေါ်တွင် အမှတ်အသားတစ်ခု ခပ်ရေးရေးလေး စတင်ပေါ်လာခဲ့သည်။
“သားကို မေမေ မကာကွယ်နိုင်ခဲ့တဲ့အတွက် တကယ် တောင်းပန်ပါတယ်” ဟု အမျိုးသမီးသည် အင်အားချိနဲ့စွာဖြင့် ပြောလိုက်၏။
“အမေ့အမှား မဟုတ်ပါဘူး။ အားလုံးက အဲ့ဒီ လူရဲ့ အမှား...”
ဖေးသည် အာရန်၏မျက်နှာအားမြင်ယောင်ရင်း ပြန်ဖြေလိုက်သည်။
သို့သော် သူ၏ဝါကျကို မပြီးဆုံးနိုင်မှီမှာပင် သူ၏ပခုံးဆီမှ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
“အား”
ဖေးသည် အံ့အားသင့်စွာဖြင့် အမျိုးသမီး၏ ပွေ့ဖက်မှုမှ အမြန်ဆုံး ရုန်းထွက်ရန်အသဲအသန်ကျိုးစားလိုက်ပြီး သူ၏ ပခုံးပေါ်တွင် ထိုးစိုက်ခံထားရသော ဓားမြှောင်တစ်ချောင်းကို စိုက်ကြည့်လိုက်မိ၏။
“မင်းကို သတ်ခဲ့တဲ့ကောင်ကို ဇာတ်သိမ်းမလှအောင် မေမေသေသေချာချာ ကိုင်တွယ်ပေးမယ်။ ငါ့သားလေး မင်းအမေက မင်းအတွက် လက်စားချေပေးခဲ့တာကို သိပြီးတဲ့နောက် နောင်ဘဝမှာ အေးအေးချမ်းချမ်း အနားယူနိုင်ပါစေ”
“အား”
ဖေး၏ ပခုံးမှဓားမြှောင်သည် ရုတ်တရက် ဆွဲနှုတ်ခံလိုက်ရကာ ခါးတွင် နောက်တစ်ချက် ထပ်မံထိုးစိုက်ခြင်းခံလိုက်ရလေသည်။
ယခုအချိန်တွင်မူသူသည် မထိမ်းချုပ်နိုင်တော့ပဲ ပို၍ ကျယ်လောင်စွာ အော်ဟစ်မိလိုက်သည်။
ထို့နောက် ဓားချက်များ တစ်ချက်ပြီးတစ်ချက်.... ပြင်းထန်သော နာကျင်မှုများ သည် သူ၏ခန္ဓာကိုယ်တစ်လျောက်ပြင်းထန်စွာခံစားလိုက်ရပြီး ထိုဝေဒနာသည် သူ ဘယ်တုန်းကမှ မကြုံဖူးလောက်အောင်အထိ ပြင်းထန်လွန်းလှလေသည်။
ဖေးသည် အမျိုးသမီးလက်မှ ရုန်းထွက်ရန် ကြိုးစာလိုက်သော်လည်း သူသည် ထိုသို့ပြုလုပ်နိုင်သည်အထိ လုံလောက်စွာ ခွန်အားမကြီးမားခဲ့ပေ။
နောက်ဆုံးတွင် သူသည် တခြားသူများအား အားကိုးနေမည့်အစား သူ့ကိုယ်သူ သာ ခွန်အားတိုးမြှင့်ရန် အာရုံစိုက်ခဲ့သင့်သည်ဟု ကောင်းစွာခံစားမိလိုက်လေသည်။
သူသည် မြောက်ပိုင်းတိုက်ကြီး၏ အဓိကအင်အားစုများစွာကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူ၏ ကိုယ်ပိုင်ခွန်အားဖြင့်မူ အမျိုးသမီးတစ်ဦး၏ ပွေ့ဖက်ထားမှုဆီမှပင် လွတ်မြောက်အောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ချေ။
“မေ့လဲသွားလို့မရဘူး မင်းလိုလူအတွက် ဒါက အစပဲ ရှိသေးတယ်”
ဖီလိုနာသည်လည်း အလကား မနေခဲ့ပေ။
ဖေး သတိလစ်တော့မည့်အချိန်တိုင်းတွင် သူမသည် သူ၏ ဝိညာဉ်မှော်စွမ်းအားများကို အသုံးပြု၍ သူ့အား ပြန်လည် နိုးကြားစေခဲ့ပြီး နာကျင်မှုတိုင်းကို သူအား မလွတ်တမ်း ခံစားရစေခဲ့သည်။
၎င်းသည် သူ၏ ရက်စက်သည့်လုပ်ရပ်များအတွက် သူ၏ဆုလာဘ်ပင်။
...
ကီးလ်မိသားစုခြံဝင်းထဲတွင်မူ အာရန်သည် ဖေး၏ကံကြမ္မာအကြောင်းကို တွေးတောမိနေခဲ့သည်။
အာရန်သည် လေမျှော်စင်သခင်မအား ဖေးအား စိတ်ကြိုက်အပြစ်ပေးရန် ခွင့်ပြုခဲ့သော်လည်း ဖေးအား အသက်ရှင်လျက်လိုအပ်နေသေးသည့်အကြောင်းကိုမူ သတိပေးခဲ့လေသည်။
သို့မဟုတ် အနည်းဆုံးတော့ ဖေး၏နှလုံးသားအား မပျက်စီးဘဲ အကောင်းအတိုင်း ရှိနေရန် လိုအပ်၏။
ထို့မှသာ ၎င်း၏ စွမ်းရည်များကို ဝါးမြိုနိုင်မည်ဖြစ်လေသည်။
“မင်း ဖီလိုနာကို သူမနဲ့အတူ လိုက်သွားစေခဲ့တာ အဲဒါကြောင့် မဟုတ်လား။ သူမ က သူ့ကို သေခွင့်ပြုမှာ မဟုတ်ဘူးလေ”
ယီလန်သည် အပျက်အစီးပုံတစ်ခုပေါ်တွင် ထိုင်နေသော အာရန်အား ပြောလိုက်သည်။
ကီးလ်မိသားစုမှ အစေခံအများစုသည် ဤနေရာမှ ဝေးရာဆီသို့ ထွက်ပြေးသွားကြပြီးဖြစ်လေသည်။
ဆူညံသံများ ငြိမ်သက်သွားချိန်တွင်ပင် သူတို့သည် ဤနေရာသို့ ပြန်လာစစ်ဆေးရန် မဝံ့ရဲခဲ့ကြပေ။
ရူဘီတစ်ယောက်သာ ထိုနေရာသို့ ပြန်ရောက်လာခဲ့ပြီး အာရန်အား အပျက်အစီးပုံများကြားတွင် ထိုင်နေသည်အား မြင်လိုက်ရသောအခါမှသာ သူမ၏ မျက်နှာတွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
#Catfoot