အစစ်အမှန်ဇာတ်လိုက်
Vol. 29 Ch. 418
...
ဖေးသည် သတိရှိနေသေးသော်လည်း နာကျင်မှုက သူ့အား လွှမ်းမိုးထားသဖြင့် သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်နေဆဲပင်။
သူ့၏ အဝတ်အစားများသည် သွေးများဖြင့် ချင်းချင်းနီရဲနေသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် ဒဏ်ရာများအားလုံးသည် ပြန်လည်သက်သာလာခဲ့ပြီးဖြစ်နေ၏။
သို့သော် သူသည် မလှုပ်ရှားနိုင်သေးပေ။
သူ အစောပိုင်းကြုံတွေ့ခဲ့ရသော အိမ်မက်ဆိုးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ် ခံစားချက်များအကြောင်း ပြန်လည် စဉ်းစားမိလိုက်ရုံဖြင့်ပင် သေခြင်းတရားအား တောင့်တမိသည်အထိဖြစ်သွားမိခဲ့လေသည်။
“ကျန်တာတွေကို ကျုပ်ကိုယ်တိုင် ကိုင်တွယ်လိုက်ပ့ါမယ်။ မင်း သွားလို့ရပြီ” ဟု အာရန်က လေမျှော်စင်သခင်မအား ပြောလိုက်သည်။
လေမျှော်စင်သခင်မသည် တစ်ချိန်က သူမ၏ သားဖြစ်ခဲ့ဖူးသော ဖေးအားတစ်ချက် ကြည့်လိုက်သည်။
သူမ၏ မိခင်တစ်ယောက်အနေနှင့် ခံစားချက်များအရ သူမ၏သားသည် အချိန်ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ပြီဖြစ်သည်ဟူသော အချက်အား လက်ခံရန်မူ ခက်ခဲနေလေသည်။
“ရှင်သူ့ကို...”
သူမသည် အနည်းငယ် တွန့်ဆုတ်စွာဖြင့် စကားပြန်ပြောရန် ကြိုးစားလိုက်သည်။
“ကျုပ် သူ့အလောင်းကို မပျက်စီးအောင် ထားပေးခဲ့ပ့ါမယ်။ မင်းရဲ့သားက သေဆုံးသွားခဲ့ပြီဖြစ်ပေမယ့် သူဟာ ထိုက်သင့်တဲ့ သင်္ဂြိုဟ်ခြင်းမျိုးနဲ့ ခံရဖို့ထိုက်တန်ပါတယ်” ဟု အာရန်က သူမ၏ စကားမပြီးခင်ပင် လေမျှော်စင်သခင်မအား ဖြတ်၍ ပြောလိုက်၏။
သူ၌ သားတစ်ယောက်မရှိခဲ့ဘူးသော်လည်း ထိုအမျိုးသမီး၏ ခံစားချက်များကိုမူ သူအတိုင်းအတာတစ်ခုအထိ နားလည်နိုင်သေးသည်။
သူမသည် သူမ၏ သားအား သတ်ခဲ့သူကို အပြစ်ပေးခဲ့ပြီးဖြစ်သော်လည်း ဤခန္ဓာကိုယ်သည် သူမသားနှင့် သက်ဆိုင်သောအရာဖြစ်နေသည်။
လေမျှော်စင်သခင်မသည် သူမ၏ သားအား မကာကွယ်နိုင်ခဲ့ခြင်းအတွက် သူမကိုယ်သူမ အပြစ်တင်မိနေဆဲပင်။
သူမ၏ သား အသတ်ခံရပြီး နောက်တစ်စုံတစ်ယောက်မှ ၎င်း၏ ခန္ဓာကိုယ်ကို မောင်ပိုင်စီးသွားခဲ့သည်ကိုပင် သူမ မသိခဲ့မိပေ။
မိခင်တစ်ဦးအနေဖြင့် သူမသည် ကာကွယ်ပေးရမည့်တာဝန်ကို ပျက်ကွက်မိခဲ့သည်ဟု ယုံကြည်နေမိသည်။
သို့သော် မိခင်တစ်ဦးအနေဖြင့် နောက်ဆုံးတာဝန်တစ်ခုကိုမူ ကျေပွန်ချင်မိနေဆဲပင်။
အာရန်၏ အာမခံချက်ကို ရရှိပြီးနောက် လေမျှော်စင်သခင်မသည် အာရန်၏ သက်ညှာမှုကို လေးစားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမသည် ဖေးအား နောက်ဆုံးအကြိမ်ဖြစ် တစ်ချက်ကြည့်လိုက်ကာ ဂိတ်တံခါးပေါက်မှတစ်ဆင့် ဖီလိုနာနှင့်အတူ သူမအခြေချရာ အရှေ့တိုက်သို့ ပြန်သွားခဲ့သည်။
“ကဲ မင်းနဲ့ငါရဲ့ စာရင်းလေးလဲ ရှင်းလိုက်ကြရအောင်” ဟု အာရန်သည် ဖေးအား ပြုံးပြရင်းပြောလိုက်သည်။
ဖေး၏ ခန္ဓာကိုယ်သည် စိတ်ဒဏ်ရာအောက်တွင် ရှိနေဆဲဖြစ်ကာ မလှုပ်ရှားနိုင်ဖြစ်သွားရသော်လည်း သူ၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်နေသော အာရန်အပေါ် ရန်လိုမှုများအား ဖုံးကွယ်မထားနိုင်တော့ပေ။
အာရန်သာ ရှိမနေခဲ့ပါက သူသည် လုံးဝကွဲပြားခြားနားသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့မည်ဖြစ်လေသည်။
သူ့တွင် အရှေ့တိုက်မှအရှင်သခင်အား ပိုင်ဆိုင်နိုင်မည့်အခွင့်အရေးပင် ရရှိခဲ့လေသည်။
သို့သော် အရာအားလုံးသည် ပြိုလဲသွားခဲ့ရကာ ထိုအရာ အားလုံးကလည်း ဤရှေ့ရှိ လူတစ်ယောက်ကြောင့်သာ ဖြစ်ခဲ့ခြင်းဖြစ်သည်။
“ငါ မင်းနဲ့ ဘာရန်ငြိုးမှ မရှိခဲ့ဘူးလေ။ ငါ မင်းကို အရင်က ပစ်မှတ်ထားခဲ့ဘူးတာလဲ မဟုတ်ဘူး။ ဒါဆို ဘာလို့လဲ”
ဖေးသည် အာရန်အား မေးလိုက်သော်လည်း သူ၏ အသံသည် တုန်ယင်နေဆဲပင်။
သူ လည်ချောင်းဆီမှပင် ထိုစကားသံအနည်းကိုပြောထွက်ရန် အတော်လေး ကျိုးစားလိုက်ရဟန် ရလေ၏။
အာရန်သည် အဘယ့်ကြောင့် သူ့နောက်သို့ တစ်ကောက်ကောက် လိုက်ရှာနေခဲ့ခြင်းအား သူ နားမလည်ခဲ့ပေ။
ဒီကမ္ဘာတွင် ကမ္ဘာကူးပြောင်းလာသူ များစွာ ရှိနေလေသည်။
သို့သော် အဘယ်ကြောင့် သူ့ကိုသာ ပစ်မှတ်ထားနေရသနည်း။
ထိုသူသည် အဘယ့်ကြောင့် တခြားသူများကို ပစ်မှတ်မထားခဲ့သနည်း။
သူသည် ၎င်းအား မည်သည့် ပြဿနာများ ပေးခဲ့မိ၍နည်း။
“ရန်ငြိုးကိုပြောတာလား”
အာရန်က သူ၏လက်ချောင်းများဖြင့် ဖေး၏ မေးစေ့ကိုကိုင်၍ သူ၏ခေါင်းအား အပေါ်သို့ အနည်းငယ် မြှင့်လိုက်သည်။
“မင်းက ငါ့ရဲ့ အနာဂတ်ဇနီးလောင်းလေးကို ပြန်ပေးဆွဲခဲ့တယ်လေ။ ဒါတောင် မင်းနဲ့ ငါ့ကြားမှာ ရန်ငြိုးမရှိဘူးလို့ ဘယ်လိုလုပ်ပြီးပြောနိုင်ရတာလဲ”
“အနာဂတ်...ဇနီးလောင်း ဟုတ်လား”
ဖေးသည် အာရန်၏စကားကို နားမလည်နိုင်စွာဖြင့် တုံ့ပြန်လိုက်သည်။
သူ ပြန်ပေးဆွဲခဲ့မိသော တစ်ဦးတည်းသောသူမှာ အရှေ့ပိုင်းတိုက်၏ အရှင်သခင်တစ်ဦးသာရှိဘူးလေသည်။
ရုတ်တရက် ဖေးသည် အာရန်၏စကားကို သဘောပေါက်သွားခဲ့ပြီး သူ၏မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရသည်။
“အဲဒါက...”
“ရိုးရိုးသားသားပြောရရင် မင်းရဲ့တည်ရှိမှုကို ငါ အရင်က သိတောင် မသိခဲ့ဘူး။ မင်း ငါ့နယ်မြေထဲကို ဝင်လာခဲ့ပြီး ငါ့ကို မင်းဆီရောက်လာအောင် မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာပဲ။ ဒီတစ်လျှောက်လုံးမှာ င့ါဘက်က မင်းကိုဘာမှ စပြီးမဖောင်း မိခဲ့ဘူးလို့တော့ ထင်တာပဲ။ မင်းရော ဘယ်လိုထင်လဲ” ဟု အာရန်က ဖေး၏စကားကို အလယ်မှာ ဖြတ်ပြောရင်း ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ထို့နောက် သူ၏လက်သည် နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချွန်ထက်နေသော လက်သည်းဖြင့် ဖေး၏လည်ပင်းကို အနည်းငယ်ခြစ်လိုက်သည်။
အာရန်သည် အနည်းငယ် အားစိုက်ထုတ်လိုက်ရုံဖြင့်ပင် ဖေးအားလွယ်ကူစွာ သတ်နိုင်လေ၏။
“အားလုံးက ငါ...ငါ့ အမှားတွေကြောင့်ပဲပေ့ါ”
ဖေးသည် ဓားသွားကဲ့သို့ ချွန်ထက်သော လက်သည်းအား ခံစားရင်း အတွေးများ ရှုပ်ထွေးနေခဲ့သည်။
“ဒါက မင်းအမှားဆိုရင် အဲ့ဒီအကျိုးဆက်ကို မင်းလက်ခံသင့်တယ်လို့ မထင်ဘူးလား” အာရန်၏ နဂါးလက်သည်းများသည် ဖေး၏ ရင်ဘတ်နားတွင် ရပ်တန့်သွားခဲ့ပြီး သူ၏ ဆောက်တည်ရာမရဖြစ်နေသော မျက်ဝန်းများကို တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။
“ငါ မင်းကို ကူညီပေးနိုင်တယ်။ ငါ အမှားလုပ်မိခဲ့ပါတယ် ငါ မင်းကို လာမရှုပ်မိခဲ့သင့်ဘူး ကျေးဇူးပြုပြီး င့ါကို ချမ်းသာပေးနိုင်မလား”
သူသည် အသက်ရှူနှုန်းအနည်းငယ်ပိုမို မြန်ဆန်လာရင်း ပြန်ပြောလိုက်သည်။
ဖေးသည် သူ့ကိုယ်သူ မည်သို့ ကယ်တင်ရမှန်းပင် မသိတော့ပေ။
အာရန်သည် တစ်ယောက်တည်းနှင့် သူ့အား လွယ်ကူစွာ သတ်နိုင်သည့် အခြေအနေတွင် ရှိနေသည့်အပြင် သူ့တွင် တခြားသူများ၏ အကူအညီပင်ရထားသေး၏။
ယခုအချိန်တွင် သူသာ အသက်ဆက်လက်ရှင်သန်လိုပါက လုပ်ရန် နည်းလမ်းနှစ်ခုသာ ရှိလေသည်။
သူသည် အာရန်အား စိတ်ထွေပြားအောင် ပြုလုပ်ခြင်း သို့မဟုတ် အန်ညာနှင့် လီယိုတို့ ဤနေရာသို့ ရောက်လာမည့် အချိန်အထိ အချိန်ဆွဲထားရန်ပင်ဖြစ်သည်။
သူလုပ်ရန်လိုသည်မှာ အာရန်အား စကားအရာနှင့် စည်းရုံးထားရန်သာ ဖြစ်လေ၏။
“တခြားကမ္ဘာကူးပြောင်းလာသူတွေက မင်းရဲ့ရန်သူတွေပဲ။ ငါက သူတို့အားလုံးထဲမှာ အားအနည်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ မင်းတောင် ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တယ်လေ။ ဒါပေမဲ့ မင်း သူတို့ကို အနိုင်ယူဖို့ကတော့ ထင်သလောက် လွယ်မှာ မဟုတ်ဘူး။ ငါ မင်းကို ကူညီနိုင်တယ်။ ငါ မင်းရဲ့ကျွန် ဖြစ်ပေးဖို့ ဆန္ဒရှိပါတယ်။ မင်းကို ဒီကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးနိုင်အောင် ငါ့အစွမ်းနဲ့ ကူညီပေးမယ်”
“ငါရဲ့ အစွမ်းတွေက မင်းသိတဲ့အတိုင်းပဲ ဒီကမ္ဘာရဲ့ အင်အားအကောင်းဆုံး အရှင်သခင်တွေကိုတောင် ကျွန်ပြုဖို့ ကူညီပေးနိုင်ပါတယ်၊ သူတို့က မင်းကို အစေခံလာရလိမ့်မယ်။ ပြီးတော့ မင်းရဲ့ရတနာပစ္စည်းတွေရဲ့ သက်တမ်းကိုလည်း တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းအချို့ ငါ့မှာရှိနေသေးတယ်။ င့ါရဲ့အကူအညီကို လက်ခံလိုက်တာက မင်းကို ဘယ်တော့မှ နောင်တရစေမှာ မဟုတ်ဘူး”
ဖေးသည် စကားပြောရင်းပြောရင်းဖြင့် သူ့ကိုယ်သူ ယုံကြည်မှုများ ပို၍ ခိုင်မာလာခဲ့သည်။
ဤသည်မှာ သူ၏အခွင့်အရေးဖြစ်ပြီး သူ၏တန်ဖိုးကို အာရန်အား သက်သေပြရပေလိမ့်မည်။
ကျန်သည့်ကိစ္စများကို နောင်ခါလာနောင်စျေးပြန်ရှင်းနိုင်မည်ဖြစ်သဖြင့် ယခုအတွက်မူ အသက်ရှင်သန်ခြင်းသည်သာ သူ့အတွက် အဓိက ဦးစားပေးဖြစ်လေ၏။
“မင်းပြောတာက အဓိပ္ပာယ်တော့ရှိပါတယ်” ဟု အာရန်က ပြန်လည် ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
သို့သော် သူ၏အမူအရာမှာ သူဘာကိုတွေးနေကြောင်းခန့်မှန်းရန် ခက်ခဲနေခဲ့သည်။
သို့သော် ဖေးအတွက်မူ မျှော်လင့်ချက်တစ်စွန်းတစ်စကို ခံစားလိုက်ရသည်။
သို့သော် ထိုမျှော်လင့်ချက်သည် ကြာရှည်မခံခဲ့ပေ။
ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခုက သူ၏ရင်ဘတ်ဆီကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး သူ၏ ရင်ဘတ်ထဲတွင် ဝင်ရောက်နေသော အာရန်၏ နဂါးလက်သည်းအား ငုံကြည့်လိုက်သည်။
အာရန်သည် ဖေး၏ ခုန်နေသော နှလုံးကို တည်ငြိမ်စွာပင် ဆွဲထုတ်လိုက်ချိန်တွင် သူ၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တည်ငြိမ်နေခဲ့၏။
“ဗီလိန်တစ်ဦးလုပ်မယ်ဆို ပထမဆုံးစည်းမျဉ်းတစ်ခုကိုလိုက်နာဖို့လိုတယ် အဲ့ဒါက စကားများလွန်းတာက သေခြင်းဆီကို အလွယ်တကူ ဦးတည်သွားနိုင်တယ် ဆိုတာပဲ” ဟု အာရန်က အေးစက်တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်သည်။
သူ့ကိုယ်သူ ဗီလိန်တစ်ဦးဟု မယူဆထားသော်လည်း ဖေး၏ရည်ရွယ်ချက်များ ဤမျှ ရှင်းလင်းနေချိန်တွင် သူ့ကိုယ်သူ ထင်ရှားသော အမှားမျိုးကိုတော့ ပြုလုပ်မည်မဟုတ်ပေ။
ဖေး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း နောက်သို့ လန်ကျသွားခဲ့ကာ ပတ်ဝန်းကျင်ရှိ အပျက်အစီးပုံပေါ်တွင် သူ၏သွေးများ ထပ်မံစွန်းထင်းသွားခဲ့သည်။
ဖေးသည် မျက်စိရှေ့ရှိ ကောင်းကင်ကြီး ပိုမို မှောင်မိုက်လာသည်ကိုသာ ကြည့်နေနိုင်ခဲ့ပြီး တဖြေးဖြေးသူ၏အမြင်အာရုံများသည်လည်း ဝေဝါးလာခဲ့တော့သည်။
ထိုစဥ် သူ၏ ခန္ဓာကိုယ်ထဲရှိ ခံစားမှုများအားလုံး ပျောက်ဆုံးသွားခဲ့သည်။
နာကျင်မှုကိုပင် သူ မခံစားရတော့ပေ။
သူ ခံစားရသည်ဆို၍ နောင်တ တရားတစ်ခုသာ ကျန်တော့သည်။
ဖေးသည် သေဆုံးခြင်းအတွက် နောင်တမရခဲ့ပေ။
သူသည် ဤကမ္ဘာတွင် လူမိုက်တစ်ဦးကဲ့သို့ သက်တောင့်သက်သာ ဇိန်ခံ နေထိုင်ရင်း အချိန်များ ဖြုန်းတီးမိခဲ့ခြင်းကိုသာ နောင်တရမိခြင်း ဖြစ်လေသည်။
သူ၏နှုတ်ခမ်းများတွင် မဲ့ပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤမြင်ကွင်းသည် သူကြိုတင် မြင်တွေ့ခဲ့ရသော မြင်ကွင်းနှင့် တူညီနေခဲ့သည်။
သူသည် အနာဂတ်ကို ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် အနာဂတ်ကသာ သူ့အား ပြောင်းလဲစေခဲ့သည်။
သူ့အတွက် သတ်မှတ်ပြီးထားသော ကံကြမ္မာကိုပင် သူ မဆန့်ကျင်နိုင်ခဲ့ပေ။
သူသည် ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်သော်ငြားလည်း ဇာတ်လိုက်တစ်ဦးတော့ မဟုတ်ခဲ့ပေ။
ဖေးသည် ဤကမ္ဘာရှိ လူများအားလုံးအား သူ့အတွက် အမြင့်သို့တက်စရာ လှေကားထစ်များဟုသာ မှတ်ယူထားခဲ့သော်လည်း အမှန်မှာမူ ယင်းအစား သူသည် စစ်မှန်သော ဇာတ်လိုက် ဖြစ်နိုင်သူတစ်ဦးအတွက် သာမှန် လှေကားထစ်တစ်ခုမျှသာ ဖြစ်ခဲ့ရလေသည်။
#Catfoot