← Chapters

ဘားမှာ ဆုံကြပြီ

Vol. 3 Ch. 221

ဘားမှာ ဆုံကြပြီ

Vol. 3 Ch. 221

ဓာတ်ခွဲခန်း တည်ဆောက်ရန် အသေးစိတ် အချက်အလက်များကို အလျင်အမြန်ပင် တွက်ချက်ပြီးစီး သွားလေ၏။ ချန်းဖန်က ဓာတ်ခွဲခန်းကို အနာဂတ် ဘဝ သိပ္ပံဓာတ်ခွဲခန်းဟု အမည်ပေး လိုက်သည်။ ကျင်းမြို့တော် တက္ကသိုလ်က နေရာနှင့် အလုပ်သမား အင်အားတည်း ဟူသော အတွင်းပိုင်း အထောက်အပံ့များကို ထောက်ပံ့ပေးထားချိန်၌ ချန်းဖန်က လိုအပ်သော ရန်ပုံငွေကြေးကို ထောက်ပံ့ပေး ခဲ့လေသည်။ နောင်တစ်ချိန် ဓာတ်ခွဲခန်းမှ ထွက်လာသမျှ ရလဒ်တိုင်းကို အဖွဲ့အစည်း နှစ်ရပ်လုံး ခံစားရရှိမည် ဖြစ်၏။ သို့သော် ချန်းဖန်အနေဖြင့် ဓာတ်ခွဲခန်းမှ ထွက်လာသည့် မည်သည့် ရလဒ်ကိုမဆို သိရှိနိုင်ရန် ရန်ပုံငွေကြေး ထက်ဝက်ကိုလည်း စုဆောင်းထားပြီး ဖြစ်၏။

ချန်းဖန်အတွက် ငွေသည် ပြဿနာ မဟုတ်။ သူ့အမေ ကုမ္ပဏီ တည်ထောင်ရန် ပိုင်ဆိုင်သမျှ ငွေကြေးအနက်မှ အချို့ကို ထုခွဲပေးချေခဲ့ပြီး ဖြစ်၏။ သို့သော် သူပိုင်ဆိုင်သမျှ ငွေကြေး အမြောက်အမြား ကျန်ရှိနေသေးသည်။ ကျင်ပိုင်မြို့တွင်ရှိစဉ်က ထောက်ပံ့ပေးခဲ့သော တိုင်ကွန်းတို့၏ ငွေကြေးပမာဏတို့ကို ထည့်သွင်း မတွက်ချက်ခဲ့လျှင်ပင် သူစုဆောင်း သိမ်းဆည်းထားသည့် ငွေကြေး အမြောက်အမြား ကျန်ရှိနေသေးသည်။

ဇီဝဗေဒဌာနကလည်း သုတေသန စာချုပ်ပါ အချက်အလက်များနှင့် ပတ်သက်၍ ကျေနပ် သဘောတူခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း အစိုးရက ကျင်းမြို့တော် တက္ကသိုလ်အတွက် အများဆုံး သန်းရာကျော်မျှသာ ထောက်ပံ့ပေးပြီး ထိုအထဲမှ ဇီဝဗေဒဌာန ရရှိသည့် ငွေကြေးမှာ ဆယ်ပုံတစ်ပုံပင် မပြည့်ခဲ့ချေ။ သို့သော် ချန်းဖန်က ဓာတ်ခွဲခန်းတစ်ခုတည်း တည်ဆောက်ရန်ကိုပင် သန်း ၅၀ မတည်ပေးခဲ့လေ၏။ အပြုံလိုက် စီးဝင်လာသော ရန်ပုံငွေကြေးများကို ကြည့်ရင်း တက္ကသိုလ် မန်နေဂျာမှာလည်း ဆွံ့အနေမိသည်။ ချန်းဖန်က စုကျောင်းကို သူ၏ လက်ထောက်အဖြစ် ငှားရမ်းကာ ငွေစီးဆင်းမှုများကို စောင့်ကြည့် တွက်ချက်ရန် တာဝန် ပေးအပ်ခဲ့လေ၏။

စုကျောင်းမှာလည်း အိပ်မက် မက်နေရသလိုပင်။ အဆင့်နိမ့် သင်ကြားရေး လက်ထောက် ဆရာမဘဝမှသည် ကမ္ဘာ့အဆင့်မီ ဓာတ်ခွဲခန်းတစ်ခုကို ဦးစီး ဆောင်ရွက်ရသည့် မန်နေဂျာတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူမအနေဖြင့် မည်သည့်အခါမျှ ထင်မှတ်မထားမိချေ။ ထိုရာထူးမျိုးမှာ ဂုဏ်သတင်းကြီးသည့် ပါမောက္ခများသာ ရရှိတတ်သည့် ရာထူးမျိုး ဖြစ်သည်။ ဉပမာအားဖြင့် သူမ၏ ကျမ်းပြုအကြံပေး ပုဂ္ဂိုလ်မျိုးသာ နိုင်ငံခြားရှိ ဓာတ်ခွဲခန်းတစ်ခုကို ဦးစီး ဆောင်ရွက်ရလေသည်။

ချန်းဖန်က အရာအားလုံး စီစဉ်ပြီးသွားသည်နှင့် စီးပွားရေးကျောင်းသို့ ထွက်ခွာ သွားလေ၏။ ဓာတ်ခွဲခန်းတခုကို တည်ဆောက်ရန်မှာ အချိန်ယူရလေသည်။ တည်ဆောက်နေစဉ် ကာလအတွင်း ချန်းဖန်မှာ စီးပွားရေးကျောင်း၏ သာမန် ကျောင်းသား တစ်ယောက်လိုသာ နေထိုင် ပေလိမ့်မည်။ အပူအပင် ကင်းမဲ့သော ကျောင်းသား ဘဝလေးသည် ချန်းဖန်၏ ဘဝတွင်းသို့ ပြန်လည် ဝင်ရောက် လာလေ၏။ အနှစ်ငါးရာနီးပါး ရက်စက်ပြင်းထန်သော တိုက်ပွဲများအောက် အစွမ်းအစ တိုးတက်ရန် မိမိကိုယ်မိမိ အတင်းအကြပ် ဖိအားပေးခဲ့ရသော ချန်းဖန်အနေဖြင့် အပူအပင် ကင်းမဲ့သော ကျောင်းသားဘဝ ဆိုသည်မှာ အမှန်တကယ်ပင် လိုအပ်နေသော အားလပ်ရက် အပန်းဖြေနည်းမျိုးလည်း ဖြစ်သည်။

ကျောင်း စတင်ဖွင့်လှစ်ပြီး ပထမဆုံး ရုံးပိတ်ရက် …

“ဟေ့ … ရို.. ဘားမှာ သွားကဲကြစို့။ အားလုံး ငါစိုက်မယ်...” ချင်ရီလန်းက အော်ပြောလိုက်၏။

ထိုလူငယ်လေးသည် သူ၏ BMW 330 ကားကြီးနှင့် နေ့စဉ်နေ့တိုင်း မြို့ပြတစ်ခွင် အနှံ့ လည်ပတ်နေသူ ဖြစ်ရာ ရှိရှိသမျှ ဖျော်ဖြေရေး ဂေဟာများသို့ ရောက်ရှိ လည်ပတ်ဖူးသူလည်း ဖြစ်၏။

“သခင်လေး ချင် … ချင်းလုလုရဲ့ ဒေါသကို မကြောက်ဘူးလားဗျ” ဟု ချန်းဖန်က စိတ်ဝင်တစားနှင့် မေးမြန်းလိုက်၏။

ချင်ရီလန်းနှင့် ချင်းလုလုတို့နှစ်ဦးမှာ ခုတင်ပေါ်တွင် အလုပ်များနေသော စုံတွဲမှန်း သူက သိထားသည်။ လူငယ်တို့၏ အခိုးအငွေ့ပြင်းသော အချစ်ရမ္မက် မီးလျှံများကြား ပါဝင် မပတ်သက်ခြင်းက ဉာဏ်ရှိသော အပြုအမူတစ်ခု ဖြစ်မှန်းလည်း သူက သိလေသည်။

“အာ.. ဟား ဟား ငါ ပြောချင်တာ  လုလုနဲ့ သူ့အတန်းဖော်တွေလည်း ငါနဲ့လိုက်မယ်လို့ ပြောချင်တာပါ” ချင်ရီလန်းက ရှက်သွားဟန်ဖြင့် ပြုံးပြလိုက်ရင်း ချီဝမ်စန်းကို တစ်ချက် လှမ်းရှိုးလိုက်သည်။ သူက ချီဝမ်စန်းနှင့် လျူရှောင်ချင် တို့ကို အပိုင်ဖမ်းရန် ကြံနေခြင်း ဖြစ်သည်။ ဘားသွားမည့် ကိစ္စမှာလည်း သူ့အကြံ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

အားလုံး ဘားသွားကဲရန် သဘောတူ လိုက်သည်နှင့် ချင်ရီလန်းက ချင်းလုလုနှင့် ညှိလိုက်သည်။ ယောက်ျားလေး အားလုံး ချင်ရီလန်း၏ BMW ကားကြီးပေါ်တွင် လိုက်ပါသွားကြပြီး ကျိုးချင်းရကလည်း သူမ၏ အတန်းဖော် အားလုံးကို သူမ၏ BMW ကားကြီးနှင့် ခေါ်လာခဲ့လေ၏။

ချန်းဖန်အိပ်ဆောင်မှ ယောက်ျားဘသားတို့မှာ မိန်းမလှလေးများကိုသာ ငေးကြည့် နေကြလေတော့၏။

စီးပွားရေးကျောင်းရှိ လူငယ် လူရွယ်အများစုမှာ လူချမ်းသာ သားသမီးများ ဖြစ်ကြသော်လည်း ဤကဲ့သို့ ဇိမ်ခံကားကြီးနှစ်စီး တစ်ပြိင်နက်တည်း ပေါ်လာခြင်းက ကြုံတောင့်ကြံခဲ မြင်ကွင်းမျိုးလည်း ဖြစ်နေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့် ကျိုးချင်းရ၏ မိသားစုသည် သူမ၏ အတန်းဖော် သူငယ်ချင်းများကြား လွှမ်းမိုးမှုအရှိဆုံး ဖြစ်ကြောင်းကို သိနိုင်ပေသည်။ ထို့ကြောင့်ပင် ချင်းလုလုက ချင်ရီလန်းကို မြန်မြန်ဆန်ဆန် အဖြေပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ဖျော်ဖြေရေးဂေဟာ အများစုမှာ ကျင်းမြို့တော်၏ ဘုရင်မ ရိပ်သာလမ်းတွင် တည်ရှိကြလေသည်။ အမှောင် ကျလာသည်နှင့် လမ်းမကြီးမှာ သက်ဝင် လှုပ်ရှား လာလေတော့၏။ ကားပါကင်များတွင် အရောင်အသွေး စုံလင်လှသော ကားအကောင်းစားကြီး များနှင့် မိန်းမလှလေးများကို တွေ့နေရ၏။ လင်မြို့တော်မှ ဆူရှန်းလမ်းမကြီး ကဲ့သို့ ကလပ်တို့ ပျော်စံရာ နေရာအဖြစ် ယခု လမ်းမကြီးကလည်း နေရာ ကျော်ကြား လှပေသည်။

“ဒီ BM ကလပ်ကို ကျင်းမြို့တော်က တိုင်ကွန်းတွေ ပိုင်တာ။ အထဲမှာ လုံခြုံရေးက အပြည့်ပဲ။ ငါတို့ ပြဿနာ မရှာသရွေ့တော့ အားလုံး အေးဆေးပဲ”

ချင်ရီလန်းက ကလပ်အကြောင်း ရှင်းပြနေချိန်တွင် ကလပ်မန်နေဂျာက ပျာယီးပျာယာနှင့် သူတို့အနားသို့ ရောက်လာပြီး နှုတ်ခွန်းဆက်ကာ သီးသန့် ထိုင်ခုံများတွင် နေရာချပေးလိုက် ေသည်။

မိန်းကလေး လေးယောက်မှာ ယခုညအတွက် အလှအပပြင်ရန် နာရီ အနည်းငယ်ကြာအောင် အချိန်ယူ ပြင်ဆင်ခဲ့သည်။ သူတို့မျက်နှာကို အသေအချာ လိမ်းခြယ်ထားပြီး တလက်လက် တောက်ပနေသော နားဆွဲများဖြင့်လည်း တန်ဆာဆင် ထားလေ၏။ သူတို့အားလုံး ခန္ဓာကိုယ်အလှကို အသားပေးသည့် ညကလပ်ကိုယ်ကျပ်ဝတ်စုံလေးများနှင့် စိန်တုံးလေးများ လင်းလက် တောက်ပနေသည့် ဒေါက်မြင့်ဖိနပ်များကို ဝတ်ဆင်ထားကြရာ ကျောင်းသူများနှင့်ပင် မတူအောင် အလှကြီး လှနေကြတော့၏။ ကျိုးချင်းရမှာလည်း ကမ္ဘာမြေပြင်သို့ နတ်သက်ကြွေ ကျလာသည့် နတ်မိမယ်လေး တစ်ပါးအလားပင်။ သူမ၏ ရှည်ရှည်သွယ်သွယ် ပေါင်တံဖြူဖြူလေး များ၏ အလှကို ဖော်ကျူးနိုင်မည့် အနက်ရောင် စကတ်အတိုကို ဝတ်ဆင် ထားလေသည်။ သူမ၏ ခြေထောက်တွင် အစင်းကြောင်းလေးများနှင့် သားရေပြားလေးများ ချိတ်ဆွဲထားသည့် ရိုမန်ဖိနပ်ကို ဆင်မြန်း ထားလေသည်။ လင်းလက်နေသော နီယွန်မီးရောင် အောက်မှ မြွေမျက်လုံးနှင့် တူ၍ တဖိတ်ဖိတ် တောက်ပနေသော နားကပ်ကို ဆင်မြန်းထားသည့် သူမကို ကြည့်ရသည်မှာ ကလပ်ဘုရင်မ တစ်ပါးအလားပင်။

တခြား တစ်ဖက်တွင် ချင်ရီလန်းမှတပါး ကျန်ယောက်ျားလေး အားလုံးမှာ စွဲမက်ဖွယ် မကောင်းသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ထားလေ၏။ ချီဝမ်စန်း ကလည်း မျက်မှန်နက်ကြီးကို ဝတ်ဆင်ထားရာ သူ့ပုံစံမှာ ကလပ်နှင့် မလိုက်ဖက်အောင် ကြောင်လွန်း လှပေသည်။ ကျန်းမူ၏ အဆီတစ်ထပ် အသားတစ်ထပ် ဗိုက်ခေါက်သားကြီးမှာ သူ၏ စူပါမန်း အင်္ကျီကျပ်အောက်မှ တိုးထွက် လာတော့မလိုပင်။

ချန်ဖန်းသည်လည်း မိန်းကလေးများနှင့် တွေ့တိုင်း ဝတ်ဆင်တတ်သည့် အင်္ကျီကိုသာ ဝတ်ဆင် ထားလေသည်။ သူတို့၏ ပုံမှန် ဝတ်စား ဆင်ယင်ပုံကြောင့် ဒီဇိုင်းကာလ အမိုက်စား ဝတ်ဆင်ထားသည့် လူအများကြား ထင်းကခဲ ပေါ်လွင် နေလေသည်။

“ဟုတ်ပြီ။ ကိုယ့်လူတို့ … ဒီညတော့ စည်းကမ်း သတ်မှတ်ရမယ်ဟေ့။ ငါတို့အားလုံး ဒီည သောက်ရမယ် ဟုတ်ပြီလား”

စားပွဲထိုးလေးက ဘော့ဘွန်းနှင့် ဝီစကီပုလင်းများကို လာချပေးပြီးသည်နှင့် ပန်းလီက ပုလင်းတစ်လုံးကို ဖွင့်ကာ သူမခွက်ထဲသို့ လောင်းထည့် လိုက်လေသည်။

ကျန်းမူမှာ မိန်းကလေးများနှင့် ဆက်ဆံရာ၌ အတွေ့အကြုံ မရှိပေ။ ဆွဲဆောင်မှု သိပ်မရှိသော မိန်းကလေးများက သူ့ကို သောက်ခိုင်းတိုင်း ခွက်ထဲ ရှိရှိသမျှ အရည်အကုန် သောက်လေ့ ရှိ၏။ သိပ်မကြာခင် သူ့မျက်နှာလေး နီရဲလာပြီး အိမ်သာသို့ ပြေးထွက် သွားလေတော့၏။ ကလပ်သို့ လာသည့် လူတချို့နှင့် သိဟန်တူသော ချင်ရီလန်းက ချင်းလုလုကို ခေါ်ပြီး ထိုသူတို့နှင့် မိတ်ဆက် ပေးနေ၏။ ချမ်းသာ၍ ဂုဏ်ဓနကြီးမားသော ယောက်ျား၊ မိန်းမများမှာ ချင်းလုလုနှင့် တွေ့ဆုံရ၍ စိတ်လှုပ်ရှား နေကြလေသည်။

လျူရှောင်ချင်က ချီဝမ်စန်း ဘေးနားတွင် ထိုင်ရင်း သူနှင့် စကားစမြည် ပြောဆိုရန် ကြိုးစားနေ၏။ ခွက်အနည်းငယ် သောက်ပြီးသည်နှင့် အမျိုးကောင်း သမီးတို့၏ ဇာတိ ပြလာ လေတော့သည်။ လျူရှောင်ချင်က သူ့အနားသို့ တဖြည်းဖြည်း တိုးသွားရာ နောက်ဆုံးတွင် တစ်ယောက်နှင့် တစ်ယောက် လေသံကလေးနှင့် ပွတ်တီးပွတ်ကပ် ပြောဆိုရသည်အထိ နီးကပ် သွားလေတော့၏။

ချန်းဖန်က တစ်ယောက်တည်း ထိုင်နေပြီး အရက်လည်း မသောက်ပေ။ ပန်းလီက မကြာခဏဆိုသလို ချန်းဖန်အား အရက်သောက်ရန် မြှူဆွယ်လေ၏။ သို့သော် ချန်းဖန်က သူမစကားကို ဂရုမစိုက်ဘဲ လျစ်လျူရှု ထားလေသည်။ သိပ်မကြာမီ ကျိုးချင်းရမှာ ပျင်းရိလာပြီး ချန်းဖန်နှင့် စကားပြောရန် ကြိုးစား လိုက်လေသည်။

“နင်က ဘယ်ကလဲ”

“ကျန်းပေ့က”

“ဖန့်ချုံးက တကယ် နင့်ရည်းစားလား”

“ဟုတ်တယ်”

“နင်က အရှက်မရှိတဲ့ လူလိမ်တစ်ယောက်ပဲ။ နင့်ကိုနင်ရော သိလား”

“ဟမ်…”

ချန်းဖန်၏ လိမ်ဆင်အပြောကို နားထောင်ပြီးနောက် ကျိုးချင်းရက မျက်မှောင်လေးကို ကြုတ်လိုက်လေသည်။ စွဲမက်ဖွယ်ကောင်းသည့် မိန်းမလှလေး တစ်ယောက်က စတင်ပြီး စကားပြောချိန်တွင် မည်သူကရော ထိုစကားမျိုး ပြောလိမ့်မည်နည်း။ သူ့ကိုယ်သူ မည်သူ ထင်နေသနည်း။

ချင်းလုလု၏ တိုက်တွန်းချက်ကြောင့် သူမက ချန်းဖန်ကို အခွင့်အရေးတစ်ခု ပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် စကားအနည်းငယ် ပြောပြီးသည်နှင့် သူမ စိတ်လေ သွားလေသည်။ သူမအနေဖြင့် “အကူစပါယ်ယာ လိုသုံးလေး” အဖြင့်ပင် ထိုလူငယ်လေးကို မလိုချင်တော့။

တချို့ ကောင်လေးများမှာ သူမ အာရုံစိုက်အောင် နည်းမျိုးစုံအောင် မရမက ကြိုးပမ်းကြသည်။ သို့သော် ချန်းဖန်၏ ကြိုးစားပုံကတော့ဖြင့် အံ့ဩသင့်စရာ ကောင်းလောက်အောင် ညံ့ဖျင်းကာ မိုက်မဲလွန်း လှချေသည်။ သူမအတွက်တော့ ချန်းဖန်ဆိုသော လူသည် ဘာမှဆွဲဆောင်မှု မရှိပေ။

ထိုအချိန်တွင် ကျိုးချင်းရ၏ အလှကွန်ရက်အောက် ကျဆင်းနေကြသော လူအချို့က အရက်ခွက်ကိုင်ရင်း သူမအနီးသို့ ရောက်လာ ကြလေသည်။

“ဟေ့ အလှလေး တစ်ယောက်တည်းလား”

ကျိုးချင်းရက ကလပ်ထဲတွင် သိုသိုသိပ်သိပ် နေခဲ့လေသည်။ သို့သော် သူမ၏ ရင်သပ်ရှုမောဖွယ် ကောင်းသည့် အလှတရားက ကလပ်တွင်းသို့ ဝင်လာလာချင်း ပုရိသအားလုံး၏ အာရုံကို သိမ်းကျုံး ဖမ်းစားနိုင်ခဲ့လေသည်။ ထို့ကြောင့် အဝေးတွင် တစ်ကောင်တည်း အဖော်မဲ့နေရှာသော ငှက်ငယ်မလေးကို မြင်လိုက်သည်နှင့် ယောက်ျားဘသားတို့ တစ်သိုက်က အကွက်ရွှေ့လိုက်ကြခြင်း ဖြစ်သည်။

ကျိုးချင်းရက မျက်မှောင်ကြုတ်ရင်း ချန်းဖန်နားသို့ တိုးသွားလိုက်လေ၏။

“ဝမ်းနည်းစရာပဲ။ ကျွန်မက ရည်းစားနဲ့လာတာ”

ထိုယောက်ျားသားများမှာ အသက် ၃၀ ဝန်းကျင်ရှိသူများ ဖြစ်သည်။ အားလုံး ကြည့်ကောင်းကြသူများ ဖြစ်သည်။ သို့သော် အားလုံးသည် မိန်းမလှလေး၏ အချစ်ကို ရယူရန် အကြံတူ နေကြလေသည်။

သူတို့အားလုံး လူကြီးလူကောင်းများ ဆိုလျှင် ထိုစကားကြားရရုံနှင့် သည်နေရာတွင် ရပ်တန့် သွားသင့်သည်။ သို့သော် သူတို့ပုံစံ ကြည့်ရသည်မှာ လက်လျှော့မည့်ပုံ မရချေ။

“ဟေ့ ကောင်လေး ... မင်းက တက္ကသိုလ် တက်တုန်းပဲ မဟုတ်လား။ ဘယ်ကျောင်းကလဲ။ မင်းကျောင်းအုပ်ကြီးကို ငါသိရမလား”

ချန်းဖန်တစ်ယောက် ပြန်အဖြေမပေးခင် ကျိုးချင်းရက အဖြေ ပြန်ပေးလိုက်၏။

“ကျွန်မတို့က ကျင်းမြို့တော် တက္ကသိုလ်က စီးပွားရေး ကျောင်းသားတွေပဲ”

“စီးပွားရေးကျောင်း ဟုတ်လား”

တစ်ယောက်က နှာခေါင်းရှုံ့ရင်း အရေးမပါသလို ပြောလိုက်လေ၏။

စီးပွားရေးကျောင်း အကြောင်းကို အားလုံး သိကြလေသည်။ ထိုကျောင်းသည် လူချမ်းသာ သားသမီးများ ဘွဲ့ဒီဂရီတခု အသေအချာ ရရုံသာ တက်ရောက် သင်ကြားနေကြသည့် ကျောင်းလည်း ဖြစ်သည်။ စီးပွားရေးကျောင်းသား အများစုမှာ ထို့ကြောင့်ပင် သုံးစားမရသည့် လူပေါ်ကြော့လေးများ ဖြစ်နေကြခြင်း ဖြစ်၏။

“ကျုပ်က အရင်အပတ်ကပဲ ကျောင်းအုပ်ကြီးဟူနဲ့ ညစာ စားခဲ့သေးတယ်။ နောက်တစ်ကြိမ် သူနဲ့တွေ့ရင် မင်းအတွက် ထောက်ခံစကားလေး ပြောပေးနိုင်တာပေါ့။ ကျုပ်တို့ကလည်း အလုပ်သင် မောင်မယ်လေးတွေကို အမြဲ ရှာနေတဲ့ လုပ်ငန်းရှင်တွေလေ”

ကျိုးချင်းရက ကမ်းပေးလိုက်သည့် ကတ်ကို တစ်ချက်ကြည့်လိုက်ရာ ထိုလူသည် ကျင်မြို့တော်မှ ကုမ္ပဏီတစ်ခု၏ မန်နေဂျာဟူသော စာတန်းကို တွေ့လိုက် ရလေသည်။

ကျိုးချင်းရက ချန်းဖန်ကို ကြည့်ပြီး သူ့ထံမှ ပြန်ပြောမည့် စကားကို ငံ့လင့် နေလိုက်သည်။

“ကျုပ်ရှေ့က ထွက်သွားပါ”

ချန်းဖန်က တစ်ဖက်လူကိုပင် မကြည့်ဘဲ တည်ကြည် လေးနက်သော လေသံဖြင့် ပြောလိုက်လေ၏။

“မင်းလို မလောက်လေး မလောက်စား ကောင်ကများ”

ထိုလူများ ပေါက်ကွဲ သွားကြလေသည်။ သို့သော် ကျန်းမူ၏ ကြီးမားသော နောက်ခံ အသိုင်းအဝိုင်းကို သိလိုက်သည်နှင့် ယခုကိစ္စကို လျှော်ပေးပြီး ထိုနေရာမှ ထွက်သွား လိုက်ကြလေ၏။ သူတို့နှင့်ထပ်တူ ကိစ္စရပ်မျိုး သက်လတ်ပိုင်း စုံတွဲတစ်တွဲတွင်လည်း ဖြစ်ပွားခဲ့လေသည်။ ထိုအချိန်မှစ၍ ကလပ်မှ လူတိုင်းက သေလောက်အောင် လှပလွန်းသည့် မိန်းမလှလေးတစ်ဦး သူမ ရည်းစားနှင့်အတူ သူတို့ကလပ်တွင် ရောက်နေကြောင်း သိလိုက်ကြလေ၏။

“ရှင်က ဘာဖြစ်လို့ သူတို့ကို ငြင်းလိုက် ရတာလဲ။ ရှင့်အတွက် သူက ထောက်ခံပေးမယ် ပြောနေတာကို”

ကျိုးချင်းရက မျက်မှောင်ကြုတ်ရင်း မေးလိုက်လေ၏။

“မင်းကိစ္စ မဟုတ်ပါဘူး။ မင်းရဲ့ ခေါင်းလှလှလေးကိုသာ စိတ်ပူစမ်းပါ။ ဒီလိုမှမဟုတ်ရင် မင်းကို လမ်းပေါ်ကို လွှင့်ပစ်ရလိမ့်မယ်”

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ထိုစကားများကို ပြောလိုက်လေ၏။

“နင် မိုက်ရိုင်းလှချည်လား”

ကျိုးချင်းရမှာ အံ့ကို တင်းတင်း ကြိတ်လိုက်၏။ ပြီးလျှင် ချန်းဖန်ဆိုသော လူကို ပညာ ကောင်းကောင်း ပေးရမည်ဟု ကျိတ်ကာ တွေးလိုက်လေသည်။

မကြာမီ သူမစိတ်ကို သူမ ထိန်းလိုက်လေသည်။ ကျန်းမူ တစ်ယောက်တည်း ဤမျှ ဒေါသထွက်နေသော ယောက်ျားသားတို့ကို ထိန်းရန် မလွယ်ကြောင်းကိုလည်း သဘောပေါက် လိုက်လေသည်။

“ဟေ့ကောင် … မင်းက ဒီည လူဆိုးလုပ်နေတယ်ဆို။ လူတွေကို မင်းရှေ့ကနေ ထွက်သွားခိုင်းနေတယ် ဟုတ်လား”

လူတစ်ယောက်က ဒေါကြီးမောကြီးနှင့် သူတို့စားပွဲရှိရာသို့ လျှောက်လာရင်း ပြောလိုက်လေသည်။

“အစ်ကို လုံ … ကျွန်မ သူငယ်ချင်းက နောက်နေတာပါ”

ချင်းရက မတ်တတ်ရပ်ရင်း ကပျာကယာ ရှင်းပြလိုက်လေ၏။

“အာ ... ချင်းရ နင်ကိုး”

ထိုလူငယ်၏ နာမည်မှာ လုံဖိန် ဖြစ်လေသည်။ သူသည် အလတ်တန်းစားထက် မြင့်သော မိသားစုဝင်တစ်ဦး ဖြစ်လေသည်။ သူက ကျိုးချင်းရကို မြင်လိုက်သည်နှင့် စိတ်မပါတပါ ပြုံးရင်း ပြောလိုက်လေသည်။

“နင် ငါ့ကိုမေ့နေတယ် မဟုတ်လား။ ငါကြားပါတယ်။ နင် ကျန်းပေ့က ခပ်ဟော့ဟော့ ကောင်လေးတချို့နဲ့ တွဲနေတယ် ဆိုတာ။ မဆိုးဘူး။ လုံးဝ မဆိုးဘူး”

“ကျွန်မ ခြေထောက်ကို မဆွဲနဲ့တော့ အစ်ကိုလုံ”

ကျိုးချင်းရ၏ မျက်နှာပေါ်မှ အပြုံးတို့ ပျောက်ကွယ် သွားလေပြီ။

“အစ်ကိုဟူနဲ့ သခင်လေးဟိုင်တို့လည်း ဒီရောက်နေတယ်။ သူတို့နဲ့ ဘာဖြစ်လို့ သွားမသောက်လဲ”

လုံဖိန်က ကျားငစဉ်းလဲ အပြုံးပြုံးရင်း ပြောလိုက်လေသည်။

“အစ်ကိုဟူ ဆိုတာ ဒီနေရာကိုပိုင်တဲ့ အစ်ကိုရှောင်ရဲ့ ညီတစ်ယောက်ပဲ။ အစ်ကိုရှောင် စိတ်ဆိုးအောင် နင်လုပ်မိမယ်ဆိုရင် နင့်ရဲ့ ချောမော လှပပါတယ်ဆိုတဲ့ ဟောဒီ ရည်းစားလေးက ဘယ်လောက်ပဲ အစွမ်းရှိရှိ နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူးနော်”

“အစ်ကိုရှောင် ဟုတ်လား။ ဘယ် အစ်ကိုရှောင်လဲ...” ချီဝမ်စန်းက အလန့်တကြား ဝင်မေးလိုက်လေ၏။

ဟမ့် … ကျင်းမြို့တော်မှာ အစ်ကိုရှောင် ဆိုတာ တစ်ယောက်တည်း ရှိတယ်” လုံဖိန်က ဟုတ်လှပြီ ဟူသော အပြုံးမျိုးနှင့် ပြောလိုက်လေသည်။

“ချန်း​ရှောင်လား”

သူတို့ပြောနေသည့် လူအကြောင်းကို သိလိုက်ရသည်နှင့် ကလပ်မှ ဧည့်သည်အချို့၏ မျက်နှာမှာ အလန့်တကြား ဖြစ်သွားကြလေသည်။ ကျိုးချင်းရ၏ မျက်နှာလေးပင် သွေးမရှိတော့သလို ဖြူလျော် သွားလေ၏။ အားလုံးက ချန်း​ရှောင်၏ စရိုက်နှင့် ကလပ်စရိုက်ကို သိကြလေသည်။ သူသည် ထက်ဝက်ခန့်သော ကျင်းမြို့တော်ရှိ ဖျော်ဖြေရေးဂေဟာ လုပ်ငန်းများ လည်ပတ်နိုင်ရန် မှီခိုအားထား နေရသည့် တန့်ယွမ်ချင်းဆိုသော လူလက်အောက်တွင် အလုပ် လုပ်ပေးနေသည့် အရေးပါဆုံး သူဌေးတဦးလည်း ဖြစ်သည်။

“ချင်းရ .. အစ်ကိုဟူလည်း စိတ်ဆိုးနေတယ်။ သူ့စိတ်နည်းနည်း ကောင်းသွားအောင် နင့်အနေနဲ့ စကား ကောင်းကောင်းလေး တစ်ခွန်းနှစ်ခွန်းလောက် ဘာဖြစ်လို့ သွားမပြောပေးတာလဲ..." လုံဖိန်က ခြိမ်းခြောက် လိုက်လေသည်။ သူက ချင်းရ၏ ရည်းစားဆိုသော လူငယ်လေးကို တစ်ချက် ဘုရှိုးရှိုးလိုက်၏။ အစကတည်းက ကျိုးချင်းရဆိုသော ကောင်မလေး၏ မြင့်မားလှသော အဆင့်အတန်းကြောင့် ချန်းဖန်နှင့် သူမကြား မည်သည့် ပတ်သက်မှုမျိုးမှ ရှိမနေနိုင်မှန်း သူ သဘောပေါက် ထားလေသည်။

ကျိုးချင်းရ တစ်ယောက် တွေဝေ သွားလေတော့သည်။ အထက်တန်း ကျောင်းသူ ဘဝကတည်းက သူမ၏အလှကြောင့် မြို့တွင် နာမည် ကျော်ကြားခဲ့လေသည်။ သူမကို ပိုးပန်းသူများ အနက် အစ်ကိုလုံမှာ ဇွဲဆုရမည့် လူတစ်ယောက် ဖြစ်လေသည်။ ကျိုးချင်းရတွင် ရည်းစား မရှိသေးမှန်း သိသည့် အတွက်ကြောင့်လည်း လုံဖိန်မှာ ဘာမှမလုပ်ဘဲ သည်အတိုင်း လက်ပိုက် ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူမ တက္ကသိုလ်ဝင်ခွင့် ရပြီး ကျန်းပေ့မြို့မှ လူချမ်းသာ သားသမီးများနှင့် ဆုံတွေ့ရသည်နှင့် အစ်ကိုလုံနှင့် ခပ်ခွာခွာ နေခဲ့လေသည်။

အစ်ကိုလုံမှာ ထိုကိစ္စကို မကျေနပ်ချေ။ သူတစ်သက်လုံး အရိပ် တကြည့်ကြည့်နှင့် နေခဲ့ရသော ဆုလာဘ်တော်မလေး သူ့လက်ချောင်းဖျားမှ တစ်စစ လျှောကျနေသည့် အဖြစ်ကို ရပ်ကြည့်နေခဲ့ရသည်။ ကျိုးချင်းရ၏ အလှမှာ ပြစ်မျိုးမှဲ့မထင်ပေ။ ထို့အတူ သူမ၏ အလှပန်းကို ဖမ်းဆွတ်ရန်လည်း ခက်ခဲလှပေ၏။

ဆက်ဆံလိုက်မည် ဆိုလျှင် သူမမိဘနှင့် မိဘစီးပွားရေး လုပ်ငန်းကိုပါ ဖျက်ဆီးမိသလို ဖြစ်သွားပေလိမ့်မည်။

***

All Chapters