ရှေ့မှာတောင် မရပ်ရဲဘူး
Vol. 3 Ch. 222
“ခင်ဗျားပြောတဲ့ အစ်ကိုဟူ ဆိုတာ ချန်းဟူကို ပြောတာလား...”
ကျိုးချင်းရတစ်ယောက် လက်လျှော့တော့မည့် အချိန်တွင် တည်ကြည်ခန့်ညားသော အသံတစ်သံကို ကြားလိုက်ရလေသည်။
“အစ်ကိုဟူ ကို မင်းက သိလို့လား...” လုံဖိန်က နောက်သို့ ဆုတ်ရင်း မေးလိုက်လေသည်။
“နှစ်ဝက်ပဲ ရှိသေးတယ်။ ချန်းဟူက တဖြည်းဖြည်းနဲ့ ဆိုးလာတာပဲ...” ချန်းဖန်က ခေါင်းကိုခါရင်း ပြောလိုက်လေသည်။
“သူ သင်ခန်းစာရမယ်လို့ ငါထင်ထားတာ။ ဒါပေမဲ့ အခုထိ မပြောင်းလဲသေးဘူးကိုး”
“ဟေ့ကောင် သောက်ရူး … မင်းစကား ကြည့်ပြောစမ်း...”
လုံဖိန်မှာ မျက်လုံးကို မှေးရင်း ချန်းဖန်အား အေးစက်စွာ စိုက်ကြည့် လိုက်လေ၏။
ကျိုးချင်းရသည်လည်း ချန်းဖန်၏ ပြုမူပုံကြောင့် နောက်သို့ ရွံ့သွားမိသည်။ ချန်းဖန်ဆိုသော လူငယ်လေးသည် ကျင်းမြို့တော် အထက်တန်းလွှာ အီလစ်မိသားစုဝင်များကြား အထင်ကရ ဖြစ်နေနိုင်သော်လည်း အစ်ကိုဟူ၏ ငွေဂုဏ်ကြေးဂုဏ်၊ ဓနဂုဏ်နှင့် ယှဉ်နိုင်ရန်တော့ အပုံကြီး လိုသေးမှန်း သူမ သိထားလေသည်။
ပန်းလီနှင့် အခြား တက္ကသိုလ် ကျောင်းသားများမှာလည်း ဖြစ်ပျက်နေသမျှကို ကြည့်ရင်း ထိတ်လန့်နေကြသည်။
ချီဝမ်စန်းက ချန်းဖန်ကို အတွေး အပြည့်ပါသော မျက်ဝန်းနှင့် စိုက်ကြည့် လိုက်လေသည်။
“အစ်ကိုလုံ .. ဘယ်လိုကြောင့် ဒီရောက်နေတာတုန်း...” ချင်ရီလန်းနှင့် ချင်းလုလု တို့နှစ်ဦးစလုံး သူတို့အဖွဲ့ရှိရာသို့ ပြန်ရောက်လာသည်နှင့် တင်းမာနေသော အခြေအနေကို မြင်တွေ့သွားလေသည်။ ထို့ကြောင့် အစ်ကိုလုံထံ အလျင်အမြန် ပြေးသွားရင်း ပြောလိုက်လေ၏။
“သူက ကျွန်တော့် အတန်းဖော် သူငယ်ချင်းပါ။ သူ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောမိရင်လည်း ကျေးဇူးပြပြီး ခွင့်လွှတ်ပေးပါဗျာ”
“ဪ ... ရှောင်ချင် မင်းကိုး...” လုံဖိန်က မော့ကြည့်လိုက်ရာ ထူးဆန်း၍ ကြောက်စရာ ကောင်းစွာ ပြုံးပြနေသော ချင်ရီလန်း၏ မျက်နှာကို တွေ့လိုက် ရလေသည်။
သူက “မင်းရဲ့ အတန်းဖော်က သောက်ရူးပဲ။ ဒီကောင်က အစ်ကိုဟူကို စော်ကားလိုက်တယ်”
“အစ်ကိုဟူ ဟုတ်လား...”
ချင်ရီလန်း၏ မျက်နှာကြီး မည်းနက် သွားလေသည်။ သူသည် ကျင်းမြို့တော်သို့ ရောက်လာသည်မှာ မကြာသေးသော်လည်း မြို့တော်မှ လူကုံထံ အသိုင်း အဝိုင်းများနှင့် သိကျွမ်း ခင်မင်နေပြီး ဖြစ်သည်။
ထို့ကြောင့် ချန်းဟူ ဆိုသော လူသည် အဘယ်မျှအထိ အင်အားကြီးကြောင်းနှင့် ကြောက်စရာ ကောင်းကြောင်းကို သူ သိထားလေသည်။ ချန်းအဖွဲ့၏ စီအီးအိုအနေဖြင့် ချန့်ကျန်းရှင်း အဖေတွင် ကြွားလုံး ထုတ်စရာ မည်သည့် အရည်အချင်းမျှ ရှိမနေချေ။ သို့သော် ချန်းအဖွဲ့သည် နောက်ပိုင်း၌ အလုံးအရင်းနှင့် ကြွယ်ဝ ချမ်းသာလာပြီး ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ ပစ္စည်းများကို လက်ဝယ် ပိုင်ထားလေသည်။ ချန့်ကျန်းရှင်းသည် အလုပ်တွင် ရာထူး တိုးမြှင့်ခံရပြီး ချန်းရှောင်၏ လွှမ်းမိုး နိုင်စွမ်းမှာလည်း တိုးမြင့် လာလေသည်။
ထို့ကြောင့် ချန်းမိသားစုမှာ “ကျင်းမြို့တော်၏ ချန်းမိသားစု” ဟူသော အမည်နှင့် လိုက်ဖက်စွာပင် လုပ်ကိုင်နိုင်ခွင့်များ ဆထက်ထမ်းပိုး တိုးပွား လာလေတော့၏။ ချန်းမိသားစုသည် စစ်တပ်ကိုပင် ငွေကြေး ထောက်ပံ့ ပေးထားကြောင်း လူတိုင်းက သိကြသည်။ ထို့ကြောင့် မည်သူမျှ သူတို့မိသားစု၏ ဒေါသကို ဆွရဲကြသည် မဟုတ်ပေ။
ချန်းဟူ၏ နာမည် ဂုဏ်သတင်းမှာလည်း သူ့မိသားစု၏ မြို့အပေါ် လွှမ်းမိုး လာနိုင်မှုနှင့်အတူ ဆတူ တိုးပွားလာ၏။ ဤနည်းနှင့် သာမန် အလယ်အလတ် အဆင့်ရှိ မိသားစုဝင်များ ပါဝင်ဖွဲ့စည်းထားသည့် ထိုအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်လာခဲ့လေသည်။
“အစ်ကို လုံ … ကျေးဇူးပြုပြီး ကျွန်တော့်ကို မျက်နှာသာ ပေးတဲ့အနေနဲ့ အစ်ကိုဟူကို ဒီအကြောင်းတွေ မပြောလိုက်ပါနဲ့နော်”
ချင်ရီလန်းက ကြိုးစားပြုံးရင်း ပြောလိုက်လေသည်။
“ဟီး ဟီး မင်းကို မျက်နှာသာ ပေးရမယ် ဟုတ်လား...” လုံဖိန်၏ နှုတ်ခမ်းဖျားမှာ ကောက်ကျစ်ဟန်နှင့် ကွေးညွတ် သွားလေသည်။
“ဟုတ်ပြီလေ။ ရှောင်ချင်… ငါမင်းမျက်နှာနဲ့ မင်း သူငယ်ချင်းတွေ ကလည်း ဒီမှာ လူသစ်တွေ ဖြစ်နေလို့ ဒုတိယ အခွင့်အရေး ပေးလိုက်မယ်။ ဒါပေမဲ့ မင်းသိထားဖို့က အစ်ကိုဟူရဲ့ စကားတစ်ခွန်းတည်းနဲ့ မင်းတို့အားလုံးကို ဒီမြို့ကနေ အပျောက်ရှင်းလို့ ရတယ် ဆိုတာပဲ”
“မင်းသူငယ်ချင်းလို့ ခေါ်နေတဲ့ လူတွေကိုလည်း သတိထားပေါင်းဦး။ တစ်ခါတလေ မင်းကောင်းဖို့ တချို့လူတွေ အကြောင်းကို အဝေးကနေပဲ သင်ယူသင့်တယ်...” လုံဖိန်က အေးစက်စက် ရယ်မောရင်း ချင်ရီလန်း တို့ကို အမှာစကားခြွေကာ ထွက်ခွာသွား လေတော့သည်။
“သွားပြီ။ ရှောင်ချင်… နောက်တစ်ကြိမ်ကျရင် နင်ခုမှ တွေ့တဲ့လူတွေအတွက် ရှေ့ကနေ ရပ်ပြီး ဖြေရှင်းမပေးနေနဲ့ ကြားလား။ အစ်ကိုဟူ ဆိုတာ ငါတို့ သွားရှုပ်လို့ရတဲ့ အမျိုး မဟုတ်ဘူး...”
ချင်းလုလုက သူမရည်းစား၏ နားအနားသို့ ကပ်ကာ ပြောလိုက်လေသည်။
ချင်ရီလန်းသည် ချန်းဟူကို နှုတ်ဆက်ရန် ရည်းစားဖြစ်သူ ချင်းလုလုကိုပါ ခေါ်သွားလေ၏။ ချင်းလုလု ကိုယ်တိုင်လည်း မြင်ခဲ့ရသမျှကို မယုံနိုင်သလို ဖြစ်နေမိသည်။
မကြာသေးမီက သူမတို့ တွေ့ဆုံခဲ့သော အသေးစား စီးပွားရေး လုပ်ငန်းရှင်များထက် စာလျှင် ချန်းဟူနှင့် သူ့သူငယ်ချင်းများက ပို၍ ပိုက်ဆံပိုရှိကြသည်။ သူတို့အားလုံး ပေါင်းလျှင် သန်းရာဂဏန်းမျှ အထိပင် ကြွယ်ဝ ချမ်းသာ ကြလေသည်။ အားလုံးမှာ မိဘအမွေကို မဆက်ခံရသေး သော်လည်း အားလုံး အတူတကွ ပေါင်းစည်း လိုက်လျှင် ရှိလာမည့် ရင်းမြစ်များနှင့် နယ်ပယ်များမှာ အံ့ဩစရာ ကောင်းလောက်အောင် ကြီးမားလွန်းလှပေသည်။
ချင်ရီလန်း ကိုယ်တိုင်လည်း ရည်းစားဖြစ်သူ၏ မှတ်ချက်စကားနှင့် ပတ်သက်၍ ဘာပြန်ပြောရမှန်း မသိပေ။ သူမစကားမှာ သူ့အကျိုးအတွက် မှန်ကန်ပေသည်။ သို့သော် သူ့စိတ်ထဲ၌ မိမိငယ်ချင်းများကို ကာကွယ်ရန်လည်း လိုအပ်သည်ဟု ခံစားနေမိပြန်သည်။
“ချန်းဖန် နင်ကလည်း စကားမပြောခင် စဉ်းစား သင့်တယ်။ ချန်းဟူ ဆိုတာ နင် ရှုပ်လို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး..." ကျိုးချင်းရက မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေ၏။
“အဲသည်လောက် ယုံကြည်မှုတွေ နင် ဘယ်က ရလာမှန်းတော့ ငါ မသိဘူး။ နင်က ချန်းဟူ အကြောင်း သိပ်မသိလည်း သူ့အစ်ကိုက ဘယ်လောက် အာဏာကြီးတယ် ဆိုတာ သိသလား။ ချန်းအန် နဲ့ ချန်းရှောင် တို့ကို နင် မသိဘူးလား။ သူတို့ထဲက တစ်ယောက်က တန့်ယွမ်ချင်းအတွက် အလုပ် လုပ်ပေးနေတာ။ ငါတို့နဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူးဟဲ့”
“သြော် … တကယ်ကြီးလား”
ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောရင်း ဘာမှမဖြစ်ခဲ့သလို ဝိုင်ခွက်ကို တစ်ငုံ မော့သောက် လိုက်လေ၏။ ချန်းဖန်က တည်ငြိမ်နေသော်လည်း ချင်ရီလန်း အပါအဝင် သူငယ်ချင်းအားလုံး သူ့ကိုကြည့်ပြီး ရုပ်ပျက် နေကြလေပြီ။
ကျိုးချင်းရက ခေါင်းကိုခါပြီး ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။ သူမ၏ ရည်းစား အသစ်လေးထံမှ အကူအညီ ရလိုရငြား ဖုန်းဆက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
သူမတို့ တွေ့နေကြသည်မှာ ကြာပြီ ဖြစ်သော်လည်း သည်တစ်ယောက်ကို ဖြည်းဖြည်းနှင့် မှန်မှန် အချိန်ဆွဲ၍ ကြိုးရှည်ရှည်နှင့် လှန်ထားခဲ့လေသည်။
သူမအတွက် ထိုရည်းစားသစ်လေးမှာ ပစ်ရက်စရာ မရှိအောင် အရည်အချင်း ပြည့်စုံလွန်း နေသည်။ သူမ၏ အိပ်မက်မှာ စူပါလူချမ်းသာ မိသားစုဝင် တစ်ယောက်ကို လက်ထပ်ရရန် ဖြစ်သည်။
ယခု အခွင့်အရေးမှာလည်း သူမ ရဖူးသမျှ အခွင့်အရေးများ အနက် အကောင်းဆုံး ဖြစ်သည်။ သူမသာ ကလပ်တွင် ပြဿနာတက်မှန်း ရည်းစားသစ်လေး သိသွားမည်ဆိုပါက သူမတို့ဆက်ဆံရေး ပြိုကွဲသွား နိုင်ပေသည်။
ထို့ကြောင့် ရည်းစားသစ်ရှေ့တွင် သူမဂုဏ် မပွန်းပဲ့ရလေအောင် ကြိုးစားပြုမူရမည် ဖြစ်၏။
“သူဌေးရယ် … ခင်ဗျားက ကျုပ်ကို အတော် အခက်တွေ့အောင် လုပ်တာပဲ” ဟု ချင်ရီလန်းက သက်ပြင်း အကြီးကြီးချရင်း ပြောလိုက်လေ၏။
“ကျွန်တော် လင်မြို့တော်မှာ ကတည်းက တန့်ယွမ်ချင်း အကြောင်း ကြားဖူးပြီးသား။ ချန်းဟူ ဆိုတာ တန့်ယွမ်ချင်း လက်အောက်က သူဌေးတစ်ယောက်ရဲ့ ညီဗျ...”
“ချန်းဟူက ကျွန်တော့်ကို ဘာမှလုပ်မှာ မဟုတ်တော့ ကျွန်တော့်အတွက် ကျွန်တော် မပူဘူး။ အေး ဒါပေမဲ့ ချန်းဟူက အစ်ကို့ကို မကျေနပ်လို့ကတော့ ကျွန်တော့်မှာရှိတဲ့ စွမ်းရည် အနည်းငယ်လေးနဲ့ အစ်ကို့ကို ဘယ်လိုကူရမှန်း မသိတော့ဘူး...” ဟု ချင်ရီလန်းက လေးနက်သော လေသံနှင့် ပြောလိုက်လေ၏။
“သူဌေး … ဒီတစ်ကြိမ်တော့ ကျွန်တော့်စကားကို နားထောင်ပါ။ အစ်ကိုဟူ ဆီသွားပြီး တောင်းပန်ရအောင်။ ချန်းဟူ လိုမျိုး သူဌေးတွေက သူတို့ ကောင်းကြောင်း ပြောတာကို အတော် သဘောခွေ့ တတ်ကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်စကား ဆိုလိုက်ရင် ဒီကိစ္စကို သူ ခွင့်လွှတ်လိမ့်မယ် ဆိုတာ ကျွန်တော် အာမခံရဲပါတယ်...”
“မင်းက ငါ့ကို ချန်းဟူကို တောင်းပန် စေချင်တာလား”
ချန်းဖန်က မျက်လုံးကိုပင့်ရင်း ခေါင်းကို စိတ်မပါတပါ ခါယမ်းပြလိုက်သည်။
“ငါသာ အဲဒီလို လုပ်လိုက်ရင် သူ့ခမျာ ကြောက်လွန်းလို့ မြေကြီးအောက်ကို တစ်ခါတည်း ပြိုကျသွားဦးမယ်...”
ချန်းဖန်က အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ ချန်းမိသားစုတွင် သူ့အနေအထားမှာ ချန်းဟိုင်ရွှမ်းထက် ပိုမြင့်လေသည်။ သူ့စကား တစ်ခွန်းတည်းနှင့် ချန်းဟူ၏ အဖေကို စီအီးအို ရာထူးမှ အလုပ်ထုတ်ပစ် နိုင်လေသည်။ ယနေ့ အဖြစ်အပျက် ကိုသာ မိသားစု တွေ့ဆုံပွဲတွင် သူ ပြောခဲ့မည်ဆိုပါက ချန်းဟူ မှာ လပေါင်းများစွာ တိုင်အောင် နာလန်ထူနိုင်တော့မည် မဟုတ်ပေ။ ပြောရလျှင် ချန်းဟူ ဆိုသော ကောင်ကလည်း သူ့ကို ကြောက်သေးသည် မဟုတ်လော။
“ဒီလူကတော့ ရူးနေပြီ..."
ပန်းလီနှင့် အခြားလူများက ချန်းဖန်အား အရူးတစ်ယောက်ပမာ ကြည့်လိုက် ကြလေသည်။
ချီဝမ်စန်းက နှာခေါင်းပေါ်မှ ခွက်ကို ရှေ့ထုတ်ပြီး တီးတိုး ပြောလိုက်လေသည်။
“ချန်းဟူ ချန်းရှောင်၊ ချန်းဖန် … သူတို့က တစ်မိသားစုတည်းကများ ဖြစ်နေမလား။ ဒါကြောင့်များ သူက ချန်းဟူကို မကြောက်တာလား။ ဒီလိုသာဆိုရင် ဖန့်ချုံးနဲ့ သူ့ကြားက ဆက်ဆံရေးကိုလည်း ရှင်းပြလို့ ရသွားပြီ”
“ငါကြောက်မယ်လို့ ဘယ်ကောင် ပြောလိုက်တာလဲကွ” အခန်းတစ်ဖက်မှ ဒေါသအိုး ပေါက်ကွဲသံတစ်ခုကို ထွက်ပေါ် လာလေသည်။
“ဟာ.. အစ်ကိုဟူကိုး”
ချင်ရီလန်း၏ မျက်နှာမှာ ဖြူဆုတ်နေလေပြီ။ သူက အသံပိုင်ရှင်ကို ပျာပျာသလဲ နှုတ်ဆက် လိုက်လေ၏။
ကျိုးချင်းရက မျက်မှောင်ကြုတ်ရင်း သက်ပြင်းကို ချလိုက်သည်။ သူမကိုယ်တိုင်လည်း ခြေဖျားထောက်ရင်း ချင်ရီလန်း နောက်သို့ လိုက်သွားလေ၏။
လုံဖိန် ဝန်းရံထားပြီး လေးနက်သော မျက်နှာနှင့် ယောက်ျားသား တစ်ယောက်သည် သူတို့စားပွဲရှိရာသို့ လျှောက်လာလေ၏။
ချန်းဟူမှာ နဂိုရ်ကတည်းက စိတ်ပျက်နေပြီ ဖြစ်သည်။ ကျင်းမြို့တော်တစ်ခွင် ပြဲပြဲစင်အောင် လှည့်လည် သွားလာနေသည်မှာ နှစ်ဝက်မျှ ရှိပြီ ဖြစ်၏။ ပျော်ပါး၍မျှ မဆုံးခင် သူ့ဝမ်းကွဲ အစ်ကိုတုသည် သူတက်နေသည့် တက္ကသိုလ်သို့ လာရောက် သင်ကြားနေပြီ ဆိုသည့် သတင်းကို ရခဲ့လေသည်။ မိဘများကလည်း ထိုဝမ်းကွဲအစ်ကိုကို အတုယူပြီး စာသင်ကြားရေး ကိုသာ အာရုံစိုက်ရန် တွန်းအားပေး နေကြ၏။
သို့သော် ချန်းဟူ၏ အမြင်၌ သူ့ဝမ်းကွဲအစ်ကို ဆိုသည်မှာ ကြောက်စရာ ကောင်းလွန်းလှသူ ဖြစ်၏။
ကြောက်စရာ ကောင်းသည့် လူဖြစ်၍သာ လက်ချောင်းမှ ချီဓားသွားကို လွှင့်ထုတ်ပြီး ဝက်သစ်ချပင် စားပွဲကြီးကို ထက်ခြမ်းခွဲ နိုင်လိမ့်မည်။ ကြောက်စရာ ကောင်းသည့်လူ ဖြစ်မည်။ ကြောက်စရာ ကောင်းသည့် လူဖြစ်၍သာ အသက် ၁၆ နှစ်နှင့် ကျန်းပေ့ မြို့မှ တိုင်ကွန်းများကို ဒူးထောက် အညံ့ခံစေနိုင်ခြင်း ဖြစ်လိမ့်မည်။
“အဲဒီကောင်မှာ မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုခု စွဲကပ်နေမှာပေါ့” ဟု ချန်းဟူက စိတ်ထဲမှ တွေးမိလိုက်သည်။
ချန်းဖန်အကြောင်း တွေးမိလိုက်သည်နှင့် ချန်းဟူမှာ ထိတ်လန့် သွားလေသည်။ လွန်ခဲ့သော နှစ်ဝက်က ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုကို သူ့စိတ်တွင် ရုပ်ရှင်ပြနေသကဲ့သို့ ထင်ထင်ရှားရှား မြင်ယောင် လာလေသည်။
“ဟေ့ကောင် ကလေကချေ … မင်းက ငါ့ကို ဘာပြောတာလဲ။ မင်း .. မင်း …”
ချန်းဟူက ချန်းဖန်ရှိနေသည့် နေရာသို့ လျှောက်လာပြီး စားပွဲကို ရိုက်ချလိုက်လေသည်။ သို့သော် ချန်းဖန်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် အာစေးမိထားသည့် လူတစ်ယောက်ကဲ့သို့ စကားတစ်ခွန်းမှ မဆိုနိုင်တော့ဘဲ တောင့်တောင့်ကြီး ဖြစ်သွား လေတော့သည်။
“အစ်ကိုဟူ … ကျွန်တော့်သူငယ်ချင်းက အစ်ကို့ကို စော်ကားတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ဗျာ...” ချင်ရီလန်းက ကြိုးစားပြုံးရင်း ချန်းဖန်ကို တစ်ချက် ငဲ့ကြည့်လိုက်သည်။ သူ့အကြည့်က ချန်းဖန်အား တောင်းပန်ခိုင်း နေသလိုပင်။
ချန်းဖန်တစ်ယောက် သူ့ခေါင်းကို ငုံ့ပြီး တောင်းပန်ပါတယ် ခင်ဗျာဟု ပြောတော့မည်ဟု ချင်းလုလုက ထင်မှတ် လိုက်သေးသည်။ သို့သော် ချန်းဟူ တစ်ယောက် ဒူးကွေးညွတ်ပြီး မြေကြီးပေါ်သို့ ပစ်လဲကျသွားသည်ကို အားလုံးက တအံ့တဩ တွေ့လိုက်ရလေ၏။
“အစ်ကိုဟူ ဘာလုပ်နေတာလဲ...”
လုံဖိန်မှာ နောက်သို့ဆုတ်ပြီး ဒူးထောက်နေသည့် လူငယ်လေးကို သွားရောက် ကူညီရန် ပြင်လိုက်လေ၏။
“မင်းက ဘာဖြစ်လို့ ငါ့ကို ဒီလောက် ကြောက်နေရတာလဲ...”
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ သူ့သွေးသား မျိုးနွယ် အရင်းကို ထိခိုက် နာကျင်အောင် မလုပ်မှန်းတော့ သူ့ကိုယ်သူ သိသည်။
“ရှောင်ဖန် … မဟုတ်သေးဘူး။ အစ်ကိုဖန် ကျွန်တော် တောင်းပန်ပါတယ်...” ချန်းဟူက တုန်ရီနေသော ငှက်ကလေး တစ်ကောင်ပမာ ကြိုးစားရပ်ရင်း တောင်းပန်စကား ဆိုလိုက်လေသည်။
ချန်းဖန်မှာ သူ့ထက် ငယ်သည်ကိုပင် လုံးဝ သတိမရတော့။ အထိတ်ထိတ် အလန့်လန့်နှင့် ချန်းဖန်အား သူ့အထက် အစ်ကို တစ်ယောက်ပမာ “အစ်ကိုဖန်” ဟု ခေါ်ဆို လိုက်လေသည်။
ရုတ်ခြည်း ဖြစ်ပေါ်လာသည့် အပြောင်းအလဲကို ကြည့်ရင်း အားလုံး ထိတ်လန့် သွားလေသည်။
ဘာတွေများ ဖြစ်ကုန်ကြသနည်း။ ချန်းဟူမှာ လေလျှော့ထားသော ပူဖောင်းတစ်လုံးလို ချန်းဖန်ရှေ့တွင် အဘယ်ကြောင့် ကတုန်ကယင်နှင့် ဖြစ်နေရလေသနည်း။
“အစ်ကိုဟူ”
ချင်ရီလန်း၏ မျက်နှာပေါ်မှ အပြုံးတို့ အေးခဲ ပျောက်ကွယ် သွားလေသည်။ သူကိုယ်တိုင်လည်း အပြောင်းအလဲကို ကြည့်ရင်း ထုံတက် နေလေပြီ။
ကျိုးချင်းရသည်လည်း ချန်းဖန်ကို အံ့ဩလွန်းသည့် ဟန်ဖြင့် ကြည့်နေသည်။ သူမဘေးမှ လူငယ်လေးသည် ခေတ်မကောင်း၍ ရူးချင်ယောင် ဆောင်ထားသည့် စွမ်းအားအကြီးဆုံး လူတစ်ယောက်များ ဖြစ်နေသလော။ သူမနည်းတူ ချင်းလုလုနှင့် သူငယ်ချင်းများ သည်လည်း ရှေ့မှ အဖြစ်အပျက်ကို ကြည့်ရင်း ကြက်သေသေ နေကြသည်။
“မင်းက ချန်းမိသားစုဝင် တစ်ယောက်။ ဒါကြောင့် ကျေးဇူးပြုပြီး ငါတို့ မိသားစု နာမည်ဂုဏ်သတင်းနဲ့ လိုက်တဲ့ အပြအမူမျိုး ပြုမူနေထိုင်ပါ။ နောက်တစ်ကြိမ် ဘိုးဘိုး စိတ်မပျက်စေနဲ့”
ချန်းဖန်က လေသံကလေးနှင့် ပြောလိုက်၏။
“မင်းအကြောင်းကို ငါ ထပ်မကြားရစေနဲ့။ ဒီလိုမှမဟုတ်ရင် မင်းကိုပေးထားတဲ့ အခွင့်အရေးတွေကို ငါ ဖြတ်ချပစ်မယ်။ အဲဒီအခါကျရင် ငါတို့မိသားစုဆီက မင်း တစ်ပြားမှ တောင်းလို့ရမှာ မဟုတ်တော့ဘူး...”
“ဟုတ် .. ဟုတ်ကဲ့ပါ အစ်ကိုဖန်... ကျွန်တော် နားလည်ပါတယ်...,” ဟု ချန်းဟူက အသည်းအသန် ခေါင်းညိတ် ပြလိုက်လေ၏။
“အခုသွားတော့”
ချန်းဖန်က ထွက်သွား ခိုင်းသည့် အနေနှင့် လက်ကို ဝှေ့ယမ်းပြလိုက်၏။
ချန်းဟူနှင့် သူ့နောက်လိုက်များမှာ ချန်းဖန်စကား ဆုံးသည်နှင့် တစ်ချိုးတည်း လစ်ထွက် သွားကြလေတော့၏။ လူငယ်လေး၏ရှေ့၌ ရိုရိုကျိုးကျိုးနှင့် ဆက်ဆံနေသော သူတို့ခေါင်းဆောင်၏ ပုံစံကို ကြည့်ပြီး နောက်လိုက်များမှာလည်း စကားတခွန်းမှ ပြန်မပြောရဲကြတော့ချေ။
ချန်းဟူ ထွက်သွားသည်နှင့် ပန်းလီက အငမ်းမရ မေးမြန်း လိုက်လေသည်။
“ချန်းဖန် … နင်က ဘယ်သူတုန်း။ အခုကိစ္စကို နင် ဘယ်လို ဖြေရှင်း လိုက်တာလဲ”
“မနောက်နဲ့နော် သူဌေး … သူက ချန်းရှောင်ရဲ့ ညီငယ်လေး။ သူဌေးက ဘယ်လိုနည်းနဲ့ သူ့ကို ကြောက်သွားအောင် ခြောက်လိုက်တာလဲ”
ချန်းဖန်က သူတို့မေးသမျှကို တစ်ခွန်းမှ ပြန်မဖြေဘဲ နှုတ်ဆိတ် နေလေသည်။
“ကျွန်မ ခန့်မှန်းတာ မှန်မယ်ဆိုရင် ရှင်က ချန်းမိသားစုဝင် တစ်ယောက် ဖြစ်ရမယ်။ ရှင်က ချန်းဟူရဲ့ ညီငယ်လေး ဖြစ်ရမယ်။ လောင်းမလား။ ဒါဖြင့် ချန့်ကျန်းရှင်းက ရှင့်အဖေလား။ ဒါမှမဟုတ် ချန်းချူရှင်းလား...” ကျိုးချင်းရက အငမ်းမရ ထပ်မေးလိုက်ပြန်သည်။
“ချန်းဟူက သူ့မိသားစုမှာ အချစ်ခံရဆုံးသား မဟုတ်ပေမဲ့ သူက မျိုးနွယ်စုက တိုက်ရိုက် ဆင်းသက်လာတဲ့ တကယ့် သွေးသားရင်းပဲ။ ဒီလို ချန်းမိသားစုဝင် တစ်ယောက်ကို ကြောက်သွားအောင် လုပ်နိုင်တဲ့ရှင်က ခေသူတော့ မဟုတ်နိုင်လောက်ဘူး...”
“မင်းပြောတာ မှန်တယ်။ ငါက ချန်းမိသားစုကပဲ...”
ချန်းဖန်က အသာအယာပင် ပြန်ဖြေလိုက်၏။ “ချန်းဟူက ငါ့ကို မြင်တာနဲ့ လန့်သွားရတာက ငါတို့ မိသားစုရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းကြောင့်ပဲ။ ငါသာ မိသားစု အကြီးအကဲတွေရှေ့မှာ ဒီအကြောင်းကို ပြောလိုက်လို့ရှိရင် သူ ပြဿနာ အကြီးကြီး တက်သွားလိမ့်မယ်...”
“ဪ .. ဒီလိုကိုး”
အားလုံး ချက်ချင်း အခြေအနေကို နားလည် သွားကြလေသည်။ အားလုံးသည် ချန်းဖန်အား လေးစား အားကျသည့် မျက်ဝန်းများဖြင့် ကြည့်လိုက် ကြလေသည်။
ထိုလူငယ်ကလေးသည် ကျင်းမြို့တော်မှ ချန်းမိသားစုဝင် တစ်ယောက်။ ချန်းမိသားစုသည် လွန်ခဲ့သည့် နှစ်ဝက်ကတည်းက ရာထူးအာဏာ မြင့်တက်လာသည့် မိသားစုတစု ဖြစ်သည်။ ထိုစဉ်ကတည်းက သူတို့မိသားစု၏ အာဏာမှာ မြို့တော်ရှိ သက်တမ်းရင့် မိသားစုဝင်များ၏ အာဏာနှင့် နှိုင်းယှဉ်၍ ရခဲ့သည်။ ချန်းဖန်မှာ နွံထဲမှ ပတ္တမြားတစ်လုံးမှန်း သဘောပေါက် သွားသည့် ပန်းလီ၏ မျက်ဝန်းအစုံမှာ လင်းလက် တောက်ပ သွားလေတော့သည်။
“ငါ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး”
ပန်းလီက သူမကိုယ်သူမ ပြောလိုက်သည်။ ကျိုးချင်းရသည်လည်း ခေါင်းကိုငုံ့ရင်း ချန်းဖန်၏ နောက်ခံ အသိုင်းအဝိုင်း အကြောင်းကို စဉ်းစားနေမိသည်။ ချန်းဖန်၏ လက်ရှိ ပါဝါမှာ သူမ၏ အသစ်စက်စက် ရည်းစားလေးထက် အပုံကြီး သာနေသည် မဟုတ်လော။
***