← Chapters

ချန်းရှောင်၏ သတိပေးချက်

Vol. 3 Ch. 223

ချန်းရှောင်၏ သတိပေးချက်

Vol. 3 Ch. 223

ချန်းဟူ ထွက်ခွာ သွားသည်နှင့် ချန်းဖန်အပေါ် ပန်းလီ၏ ပြောပုံဆိုပုံ ဆက်ဆံပုံမှာ ရုတ်ခြည်း ပြောင်းလဲ သွားလေသည်။ ရှိရှိသမျှ မာယာအားလုံး ချန်းဖန်အပေါ် ပုံအပ် ထားသလိုပင်။ သို့သော် ချန်းဖန်က သူမကို လျစ်လျူရှုပြီး ဝိုင်ကိုသာ ဆက်သောက်နေလိုက်၏။ ဝိုင်ကို တစ်ငုံချင်း အရသာ ခံသောက် နေသော်လည်း ပန်းလီ တစ်ယောက် သူ့မျက်နှာကို အလွတ်မပေးတမ်း ကြည့်နေသည်ကိုတော့ သူ သတိထားမိသည်။

ပန်းလီတွင် အချစ်ရမ္မက်တို့ နိုးကြွစေမည့် မီးအိမ်ငယ်လေး တစ်လုံးနှင့်တူသော အလှ ရှိလေသည်။ ချန်းဖန်၏ အာရုံငါးပါးကို ဖမ်းစားနိုင်ရန် သူမ၏ ရှိုက်ဖိုကြီးငယ်သော ကောက်ကြောင်း တဖုံဖုံကို မထိတထိ ပြနေသော်လည်း ချန်းဖန်ကတော့ စိတ်မဝင်စားခဲ့ချေ။ ထိုအစား ချင်ရီလန်းကသာ သူမ၏ အလှကို သတိပြုမိခဲ့လေတော့၏။

ကျို့းချင်းရ၏ မျက်လုံးတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။ သူမက ချန်းဖန်ကို အရေးတယူ ဆက်ဆံရန် စိတ်မကူး မိသော်လည်း ချန်းဖန်၏ နောက်ကြောင်း ရာဇဝင်ကိုတော့ စိတ်ဝင်စားမိသည်။ ဂုဏ်သိက္ခာ မြင့်မားသော မိသားစုကြီးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ချန်းဖန်သည် သာမန်လူ တစ်ယောက်ပမာ ပြုမူနေထိုင်လျက် ရှိသည်။ ရက်အနည်းငယ်ခန့် သူတို့နှစ်ဦး အတူတူ သွားလာဖူးကြသည်။ ယနေ့တွင်မှ ချန်းဖန်၏ တကယ့် နောက်ကြောင်းကို သူမ သိရှိခဲ့ခြင်း ဖြစ်သည်။

“သူဌေး … တောင်းပန်တဲ့အနေနဲ့ ကျွန်တော့် ဝိုင်ခွက်ကို သောက်လိုက်ပါ့မယ်။ ကျွန်တော် မှားသွားပါတယ်”

ချင်ရီလန်းက ဝိုင်ခွက်ကို မြှောက်လိုက်သည်။ သူ့ကြည့်ရသည်မှာ ရှက်ရွံ့နေပုံ ရလေသည်။ ချန်းဖန်က ဘာစကားမှ မပြောရသေးခင်မှာပင် ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက် လိုက်လေ၏။ ချင်းလုလုကြောင့် သူသည် ချန်းဖန်နှင့်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့ရသလို ချန်းဟူ နှင့်လည်း ဆုံတွေ့ခဲ့ရသည်။ ပြောရလျှင် သူသည် ချန်းဖန်ကို သူက သာမန်ကျောင်းသား တစ်ယောက် အဖြစ်သာ သိထားပြီး ချန်းဟူ ကိုတော့ နာမည်ကျော် မိသားစုဝင် တစ်ယောက် အဖြစ် သိထားခဲ့သူ ဖြစ်သည်။

“စိတ်ပူမနေပါနဲ့။ မင်းကိုငါ ဘာမှ မလုပ်ပါဘူး”

ချန်းဖန်က ပထမဆုံး အကြိမ်အဖြစ် စသောက်လိုက်သည်။ ချင်ရီလန်းသည် သူ့အပေါ် ကောင်းသည်ကို သူ သိသည်။ ချင်ရီလန်းသည် ထင်ပေါ် ကျော်ကြားမှုကို နှစ်သက်ပြီး မာနထောင်လွှားခြင်း အစရှိသည့် အားနည်းချက်လေးများ ရှိသော်လည်း သူငယ်ချင်းများ အပေါ်တော့ ကောင်းတတ်သူ ဖြစ်သည်။ ထိုအချက်တွင် သူ့ရည်းစား ချင်းလုလုပင် သူ့ကို ယှဉ်နိုင်သည် မဟုတ်ပေ။

ချင်းလုလုသည်လည်း ရှက်ရွံ နေလေပြီ။

ချီဝမ်စန်း မှာတော့ နဂိုရ်အတိုင်း တည်ငြိမ်နေဆဲပင်။ သို့သော် ချန်းဖန်ကို ငဲ့စောင်း ကြည့်လိုက်သည့် သူ့မျက်ဝန်းတွင် တောက်ပမှု တစ်ခုကို မြင်တွေ့ လိုက်ရလေ၏။

“ဒါဖြင့် ဖန့်ချုံးက ရှင့် ရည်းစားပေါ့ ဟုတ်လား”

ကျို့းချင်းရက ကောက်ကာငင်ကာ မေးမြန်းလိုက်ပြန်၏။

သူမမေးခွန်းက အားလုံး၏ အာရုံကို ဖမ်းစား သွားလေသည်။ အားလုံး စကားမဆိုဘဲ ချန်းဖန်ကို ကြည့်လိုက်ကြ၏။ ပန်းလီ သည်လည်း မျက်နှာကြောများ ထောင်သွားပြီး ချန်းဖန်ထံမှ အဖြေကို မျှော်လင့်တကြီး စောင့်စား လိုက်၏။

“အင်းပေါ့”

ချန်းဖန်က ပခုံးတွန့်ရင်း အဖြေပြန်ပေးလိုက်၏။

“ဖန့်ချုံးက အထက်တန်းကျောင်းသူ ဘဝကတည်းက နာမည်ကြီးပဲ။ အထက်တန်းလွှာ မိသားစုဝင် အတော်များများရဲ့ သားတွေက သူမနဲ့ လက်ထပ်ဖို့ ကြိုးစားခဲ့ကြဖူးတယ်”

ကျို့းချင်းရက ချန်းဖန်ကို ငေးစိုက်ကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။

“နင်တို့ မသိသေးလို့ပါ။ အထက်တန်းကျောင်း ကတည်းက သူမအဖေရဲ့ ရုံးခန်းမှာ ထိုင်ပြီး စီးပွားရေး အစည်းအဝေးပွဲတွေကို တက်နေခဲ့တာလေ။ နေ့ခင်းဆို ကျောင်းသားပြီး ညဆိုရင် သူမအဖေကို ကူပြီး ကုမ္ပဏီ အလုပ်တွေကို လုပ်ပေးတယ်တဲ့။ ကောလာဟလတွေ ကြားတာတော့ ကုမ္ပဏီ အတော်များများရဲ့ အော်ပရေးရှင်းတွေမှာ သူမ ပါဝင်ခဲ့တယ် ဆိုလားပဲ။

သူမရဲ့ အဖေဖြစ်တဲ့ဖန့် မင်ဒီးက သူ့အာဏာအကုန် လွှဲပြီး အသစ် ဖွင့်လှစ်လိုက်တဲ့ မိတ်ကပ် ကုမ္ပဏီကိုတောင် ဉီးစီးခိုင်းခဲ့တယ်တဲ့”

“တကယ်ကြီး”

အားလုံး လေးစား အားကျ သွားကြလေသည်။

ထိုသတင်းမှာ ကျင်းမြို့တော်ရှိ အထက်တန်းလွှာ မိသားစုဝင်များကြား ပျံ့နှံ့နေသော သတင်း ဖြစ်သည်။ သာမန်လူ တစ်ယောက်သာ ဖန့်ချုံး ဘယ်သူ ဆိုသည်ကို မသိပေလိမ့်မည်။

ဖန့်ချုံး တစ်ယောက် မိဘကို ကူညီ၍ ကုမ္ပဏီတခုကို ဦးစီးဦးဆောင် ပြုနေချိန်တွင် ကလပ်တက်ရင်း အပျော်ရှာနေခဲ့သည့် မိမိတို့၏အဖြစ်ကို အားလုံးနီးပါး တွေးတော မိလိုက်ကြသည်။ ယခုမှ ထိုမိန်းကလေးနှင့် သူမတို့ကြား အဘယ်မျှအထိ အလှမ်းကွာနေပြီကို သဘောပေါက် လိုက်ကြလေသည်။

“ဒါကြောင့် သူမရဲ့ တွဲဖက် အများစုက ဝမ်ရုန်အဖွဲ့ ပိုင်ရှင်ရဲ့သား ရှန်းချန်ဝမ်လို လူမျိုးတွေ ဖြစ်နေတာပေါ့။ ရှန်းချန်ဝမ်က သူမရဲ့ သူငယ်ချင်းကောင်းလည်း ဖြစ်သလို နှစ်တွေ အတော်ကြာတဲ့အထိ ကျောင်းအတူတူ တက်ဖူးခဲ့ကြတဲ့သူတွေ။ ချင်းဟွာ ရဲ့ သား ချင်းဝမ်ဂျန် ကလည်း အဲဒီတွဲဖက် စာရင်းထဲမှာ ပါတယ်”

ကျို့းချင်းရက ချန်းဖန်အား အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်လေသည်။

“ငါ ကြားဖူးတာတော့ ဖန့်ချုံးရဲ့ တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်က အဲဒီပြည်နယ်ရဲ့ ထိပ်တန်း ၁၀ ယောက်ထဲ ဝင်တယ်ဆိုပဲ။ သူမအနေနဲ့ ရန်ကျင်း တက္ကသိုလ် ဒါမှမဟုတ် ဟွာချင် တက္ကသိုလ် တက်ခွင့်တွေတောင် မီခဲ့တယ်။ ဒါပေမဲ့ သူမက ကျင်းမြို့တော် တက္ကသိုလ်မှာပဲ ဆက်တက်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ သူများတွေ ပြောသံကြားတာတော့ အဲဒီလို ဆုံးဖြတ်လိုက်တာ တစ်ယောက်ယောက်ကို စောင့်ချင်လို့ ဆိုလားပဲ။ သူမစောင့်နေတဲ့ တစ်ယောက်ယောက် ဆိုတာ ရှင်လား”

ချန်းဖန်မှာ အားလုံး တအံ့တဩ ကြည့်နေသည့်တိုင် တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။ သူက ရုတ်တရက် ဝိုင်ခွက်ကို မော့သောက်လိုက်၏။ သူ၏မျက်ဝန်းတွင်တော့ အတိတ်မှ မဖြစ်နိုင်တော့သည့် တစုံတစ်ခုအကြောင်း စဉ်းစားမိ၍ ဝမ်းနည်းသွားသလို အရိပ်အယောင်မျိုး ရုတ်ခြည်း ဖြတ်သန်း သွားလေသည်။

သူ့နောက်ဆုံး ဘဝ၌ ဖန့်ချုံးသည် သူ့အား ၆ နှစ်တိုင်တိုင် စောင့်စားခဲ့သည်။ သို့သော် အဆုံးသတ်တွင် ကျင်းမြို့တော်ရှိ စီးပွားရေး တက္ကသိုလ်သို့သာ သူ တက်ရောက် နိုင်ခဲ့သည်။ လက်ရှိ ဘဝတွင် ဖန့်ချုံးနှင့်အတူတူ ကျင်းမြို့တော် တက္ကသိုလ်သို့ အတူတူ မတက်ရောက် နိုင်သေးသော်လည်း သူ့စိတ်နှင့်ကိုယ်မှာ သူမအတွက် ရှိနေဆဲ ဖြစ်သည်။

“ဒါဖြင့် ရှင်တို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး တက္ကသိုလ် အတူတူတက်ဖို့ ကတိ ထားခဲ့ကြတာပေါ့ ဟုတ်လား။ ဝိုး … အရမ်း ရိုတာပဲ”

ချင်ရီလန်းက စိတ်လှုပ်ရှား သွားသည့်ဟန်နှင့် ပြောလိုက်လေသည်။

“အင်း … အာဏာနှင့် အသိပညာဆိုတာ မိန်းမတွေအတွက် အသုံးမဝင်ဘူးပဲ။ မိန်းမတွေအတွက် အရေးကြီးဆုံးက ယောက်ျားကောင်း တစ်ယောက်ကို ရှာနိုင်ဖို့ပဲ။ စိတ်ဓာတ် မာကျောတဲ့ အမျိုးသမီးတိုင်းကို ဘယ်သူမှ ကိုယ့်ဗိုက်ထဲ ထည့်ပြီး မသိမ်းထားနိုင်ကြပါလား”

ချီဝမ်စန်းက နောက်ဆုံးစကားကို ကြားလိုက်ရသည်နှင့် လက်ကို ခါပြီး ပြောလိုက် လေသည်။

သူ့ကို စွန့်ခွာ ထွက်ပြေးသွားသော ရည်းစားလေးကို သတိရမိသည်။ သူမသည် လှပပြီး ဉာဏ်ကောင်းသည်။ သို့သော် သူမ၏ ခေါင်းမာသော အပြုအမူများကို သူ ကြာကြာ သည်းမခံနိုင်။ အဆုံးသတ် သူတို့နှစ်ဦး ဇာတ်လမ်းတစ်ခန်း ရပ်သွားသည့်အခါ တရုတ်ပြည် တောင်ပိုင်းရှိ တက္ကသိုလ်တစ်ခုသို့ သူ ထွက်ပြေးလာခဲ့ကာ အတိတ် ဒဏ်ရာများကို ရှောင်တိမ်း နေခဲ့တော့၏။ သူက လျူရှောင်ချင်၏ အပြစ်ကင်းပြီး ချစ်စရာ ကောင်းသည့် မျက်နှာလေးကို ငေးကြည့်လိုက်သည်။ ရုတ်တရက် သူမမျက်နှာလေးမှာ သူ့အတွက် ပို၍ ချစ်စရာကောင်းလာ သလိုပင်။

ချန်းဖန်သည်လည်း မည်သည့်စကားမှ မဆိုတော့ဘဲ နှုတ်ဆိတ် နေလေတော့သည်။

ပန်းလီသည် သာမန်သေမျိုး တစ်ယောက်သာ ဖြစ်၍ အနှစ်ငါးရာ ခံစားခဲ့ရသော သူ၏ စိတ်ဝေဒနာကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပေ။ သူမသည် သူ့ဘဝ၊ သူ့ကံကြမ္မာ ဖြစ်သည်။ ယခင်ဘဝကလည်း ဖန့်ချုံး ကို သူချစ်ခဲ့သည်။ ယခုဘဝလည်း ချစ်နေဦးမည်သာ ဖြစ်၏။

“ဘာတွေလဲကွာ။ ကဲ ကဲ … ဆက်သောက်ကြစို့”

ချင်းလုလုက ထူးဆန်းသော တိတ်ဆိတ် နေမှုကြီးကို နောက်ဆုံးတွင် ဖြိုခွဲလိုက် လေတော့၏။

ခဏကြာလျှင် ပါတီပွဲ ပြီးဆုံး သွားလေသည်။ ချီဝမ်စန်းက မထင်မှတ်ဘဲ လျူရှောင်ချင်ကို အပြင်ဘက် လမ်းလျှောက် ထွက်ရန် ဖိတ်ခေါ်လိုက်၏။ လျူရှောင်ချင် သည်သာ ပြောင်းလဲမှု မြန်ဆန်ခဲ့သော အဖြစ်အပျက်များမှ အကျိုးအမြတ် ရရှိခဲ့လေသည်။ အနှစ်နှစ်အလလ ကြိုးစား အားထုတ်ခဲ့သော သူမ၏ ကြိုးစားမှု အရာ ထင်လာပြီဟု ဆိုရတော့မည်။

ချင်ရီလန်းက ကျန်ရှိနေသည့် မိန်းကလေးများကို အိမ်လိုက် ပို့လိုက်သည်။ ချန်းဖန်ကိုတော့ ကျို့းချင်းရနှင့် နှစ်ဦးတည်း ထားခဲ့လေသည်။

“ရှင် အခု အိမ်ပြန်ချင်ပြီလား။ ဒါမှမဟုတ် နောက်ထပ် နေရာတစ်ခုကို ထပ်သွားချင် သေးလား”

ကျို့းချင်းရ၏ နှုတ်ခမ်းဖျားမှာ ကွေးညွတ် သွားလေသည်။ သူမသည် ပြုံးခဲလေသည်။ ပြုံးလိုက်လျှင်လည်း မြင်ရသူအတိုင်း အသက်ရှူ မှားလောက်အောင် လှပလွန်းပေ၏။

ချန်းဖန်နှင့် အချိန်ကြာကြာ အတူရှိလေ ချန်းဖန်ကို သူမ နားမလည်လေ ဖြစ်၏။ သူမအမြင်၌ ချန်းဖန်သည် ချန်းမိသားစုမှ ဆင်းသက်လာသော တိုက်ရိုက် သွေးသားရင်း မဟုတ်ဘဲ သာမန် ကောင်လေး မျှသာ ဖြစ်ပြီး ဖန့်ချုံး၏ ချာတိတ်ဘဝက ခရပ်ရှ် တစ်ယောက်သာ ဖြစ်ရပေမည်။

ကျို့းချင်းရက ဖန့်ချုံးနှင့် တစ်ကြိမ် ဆုံဖူးသည်။ ဖန့်ချုံးသည် သူမလောက် မလှမှန်းလည်း အခိုင်အမာ ယုံကြည်သည်။ ဖန့်ချုံး၏ တည်ငြိမ်သော အပြောအဆိုနှင့် ပညာဗဟုသုတ ကြွယ်ဝခြင်းကသာ သူမကို ပြီးပြည့်စုံသော မိန်းကလေးအဖြစ် ထင်မှတ်စေခြင်း ဖြစ်သည်။ ချန်းဖန်အနေဖြင့် ထိုမိန်းကလေးမျိုးကို အဘယ်ကြောင့် ချစ်မိခဲ့မှန်း ကျို့းချင်းရ နားမလည်နိုင်ပေ။

“ကောင်းပြီလေ။ ဒါဖြင့် သွားကြရအောင်”

ချန်းဖန်က အသာအယာ ပြောရင်း ဝင်ပေါက်တွင် ပါကင်ထိုးထိုးသော သူ၏ အနက်ရောင် မာစီးဒီးကားရှိရာသို့ သွားရန် ပြင်လိုက်သည်။

ကျို့းချင်းရ တစ်ယောက် မာစီးဒီး ကားနက်ကြီးနားသို့ အသွား ကားနက် တစ်စီးပေါ်မှ ဆင်းလာသော လူငယ်လေး တစ်ယောက်ကို မြင်တွေ့ လိုက်ရလေ၏။ ထိုလူငယ်လေး၏ အေးစက် မာကျောပြီး ခန့်ညားသော အသွင်အပြင်ကို မြင်လိုက်ရသည်နှင့် မည်သူမှန်း ချက်ချင်း သိလိုက်လေသည်။

“ချန်းရှောင်ပါလား”

ကျို့းချင်းရ၏ စိတ်ထဲ၌ ချန်းရှောင်သည် ဒဏာရီထဲမှ မင်းသားလေး ဖြစ်သည်။ အသက် ၃၀ မတိုင်ခင် သန်းရာကျော် ပိုင်ဆိုင်မှုနှင့်အတူ ကျင်းမြို့တော်၏ စွမ်းအား အမြင့်ဆုံးသော ပုဂ္ဂိုလ်တစ်ပါး အဖြစ် ထွန်းတောက် လာသူ ဖြစ်သည်။ သူ၏ ပေါက်ရောက် နိုင်စွမ်းမှာ မြင့်မားပြီး လူအများကြား ဩဇာတိက္ကမ ကြီးမားသူလည်း ဖြစ်သည်။ ချန်းရှောင် လုပ်နိုင်ခဲ့သမျှ တစ်ဝက်ကိုပင် သူမဘဝတစ်ခုလုံး ကြိုးစား၍ လုပ်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

“ချန်းရှောင်ကိုယ်တိုင် သူ့ကို လာကြိုတာလား။ ဒါဆိုရင် ချန်းမိသားစုမှာ ချန်းဖန်က ချန်းရှောင်ထက် ပိုပြီး အဆင့်မြင့်တာပေါ့”

အံ့ဩ ထိတ်လန့်မှုနှင့်အတူ ကျို့းချင်းရမှာ ကားပေါ်သို့ တက်ပြီး ထွက်ခွာ သွားလေတော့၏။

ချန်းဖန်က လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ရင်း ချန်းရှောင်ထံသို့ အေးအေးလူလူ လျှောက်လာလေသည်။ သူ့ကို မြင်လိုက်သည်နှင့် ချန်းရှောင်က သောက်လက်စ စီးကရက်ကို ချွေချပြီး ချန်းဖန်အား ပြုံးပြလိုက်လေ၏။

“ကောင်းပြီလေ။ ကျုပ် ခင်ဗျားကို ချန်းဖန်လို့ ခေါ်ရမလား။ ဒါမှမဟုတ် ဆရာချန်းလို့ ခေါ်ရမလား”

ပြင်းထန်သော အာဏာပါဝါ ကစားပွဲကြားတွင် ရှိသူများသာ သူတို့နှစ်ဦး တွေ့ဆုံမှု၏ ဇာတ်လမ်းအရှိန်ကို နားလည် နိုင်ပေလိမ့်မည်။ ချန်းရှောင်သည် ချန်းဖန်၏ ဝမ်းကွဲအစ်ကို ဖြစ်သော်လည်း ကျန်း.နန် ဒေသမှ ဆရာချန်းဟု ခေါ်နေသော ချန်းဖန်၏ အဓိကပြိုင်ဘက် တန့်ယွမ်ချင်း၏ ညာလက်ရုံးလည်း ဖြစ်သည်။

ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းရိုးထုံးစံ မရှိချေ။ ထို့ကြောင့် သူတို့ကဲ့သို့ အဆင့်တူလူနှစ်ဦး တစ်နေ့မဟုတ် တစ်နေ့တော့ ထိပ်တိုက် တွေ့ကြမည်မှာ ဓမ္မတာပင် ဖြစ်၏။

“ကျုပ်ကို ချန်းဖန်လို့ပဲ ခေါ်ပါ”

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

သူ အားနည်းစဉ်ကပင် တန့်ယွမ်ချင်းအား အလေးအနက် ဂရုမပြုခဲ့။ တရုတ်ပြည်၏ စွမ်းအားအကြီးဆုံး မဟာဆရာ သခင်တစ်ပါးအဖြစ် သူ့ကိုယ်သူ သက်သေပြပြီး ချိန်တွင်တော့ ပို၍ပင် စိတ်ထဲမထည့်တော့။ ထိုရာထူး ဂုဏ်ရှိန်ကြောင့်ပင် တန့်ယွမ်ချင်းမှာ တစ်နေ့နေ့ သူ့ခြေဖဝါးအောက် ဒူးထောက်ရမည်သာ ဖြစ်၏။

“မင်း ကျင်းမြို့တော်ကို လာစရာ မလိုပါဘူး”

ချန်းရှောင်က ခေါင်းကိုခါရင်း ပြောလိုက်လေသည်။ “သူဌေး တန့်က တကယ့်ကို ရက်စက်တဲ့ လူတစ်ယောက်။ သူ့ပြိုင်ဘက်သာ သူ့ လက်တစ်ကမ်း အကွာမှာ ရှိနေမှန်း သိလို့ကတော့ မင်းကို သတ်ဖို့ သူ တွေဝေနေမှာ မဟုတ်ဘူး။ မင်း သေသွားတာနဲ့ ကျန်းပေ့က တိုင်ကွန်းတွေအကုန် ပရမ်းပတာ ဖြစ်သွားပြီး ထိန်းချုပ်ရ လွယ်သွားလိမ့်မယ်”

“အိုး တန့်ယွမ်ချင်းက ဒီလောက်ထိ ရည်မှန်းချက်ကြီးမှန်း ကျုပ် မသိရပါလား”

ချန်းဖန်က သူ့စကားကို ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပြုလိုက်၏။

“သူဌေး တန့်ကို လျှော့မတွက်ပါနဲ့”  ချန်းရှောင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“သူ့စွမ်းရည်နဲ့ လုပ်ကိုင်နိုင်စွမ်းက မင်းထင်ထားတာထက် အများကြီး ပိုနေတယ်”

ချန်းဖန်က ခေတ္တမျှ နှုတ်ဆိတ် သွားလေသည်။ ပြီးမှ သူက

“ကျန်းပေ့မြို့ကို မင်းရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ လွှမ်းမိုး ချုပ်ကိုင်နိုင်တယ် ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဒီလို ချုပ်ကိုင်နိုင်တယ် ဆိုတာ မင်းတော်လွန်းလို့ မဟုတ်ဘူး။ မင်းလို အတွင်းက အားကို သုံးပြီး တိုက်ခိုက်တတ်တဲ့ လူမျိုးကို ငါ သိတယ်။ ငါကလည်း မင်းကို လက်ဗလာနဲ့ တစ်ယောက်တည်း တိုက်ခိုက်ဖို့အထိ မနုံအသေးဘူး”

“ဒါပေမဲ့”

သူ့အသံနှင့် ရုပ်သွင်မှာ ရုတ်ခြည်း အေးစက် မာကျော သွားလေသည်။ “မင်း ဘယ်လောက်ပဲ စွမ်းအား ကြီးနေပါစေ၊ သေနတ်တွေနဲ့ မင်းပြိုင်နိုင်လို့လား။ အတွင်းအား သုံးတဲ့လူတွေကို သေနတ်တွေနဲ့ အရင်က သတ်ခဲ့ဖူးတာ ငါမြင်ခဲ့ရတယ်။ ဒါကြောင့် ငါထပ်ပြောမယ်။ မင်း အခု မထွက်သွားဘူးဆိုရင် သူဌေး တန့်က မင်းကို မြေလှန်ရှာပြီး သတ်ပစ်လိမ့်မယ်”

“အင်း … ကြည့်ရတာတော့ တန့်ယွမ်ချင်းက ငါ ဘယ်လိုလူလဲဆိုတာ မင်းကို ပြောဖို့ မေ့သွားတယ်နဲ့ တူတယ်”

ချန်းဖန်က ချန်းရှောင်အား လှောင်သလို ပြုံးရင်း ကြည့်လိုက်လေသည်။

“မင်းက ဘယ်သူလဲ”

ချန်းရှောင်က နားမလည်ဟန်ဖြင့် မေးမြန်းလိုက်၏။

“အင်း ... အရေးမကြီးပါဘူးလေ။ ငါ ဘယ်လိုလူမှန်း သူသိမယ်ဆိုရင် မင်းကို ကျိန်းသေ သူပြောပြမှာပါ။ သူကိုယ်တိုင်တောင် အမှန်ကို မသိသေးဘူးနဲ့ တူပါတယ်” ချန်းဖန်က စက္ကန့် အနည်းငယ်မျှ တုံ့ဆိုင်းနေပြီး ပြုံးလိုက်လေသည်။ “ငါ့အမြင်တော့ တန့်ယွမ်ချင်းက အင်အား တောင့်တင်းလာလို့ ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားပုံပဲ။ ဒီလိုမှမဟုတ်ရင် ငါဘယ်လို လူဆိုတာနဲ့ ငါလုပ်ခဲ့သမျှကို သူ သိနေမှာပါ”

သိုင်းပညာရှင်များသာ ချန်းပေ့ရွှမ်း ဆိုသော အမည်ကို သိကြပြီး လက်တစ်ဆုပ်စာ လူနည်းစုသာ ချန်းပေ့ရွှမ်းနှင့် ကျန်းပေ့မြို့မှ ဆရာချန်းတို့သည် လူတစ်ယောက်တည်း ဆိုသည့်အချက်ကို သိကြလေသည်။ ထိုအချက်ကို တန့်ယွမ်ချင်း မသိသေးသည့် အတွက် ချန်းဖန် ကိုယ်တိုင်ပင် အံ့ဩနေမိသည်။

“မင်း ဘာပြောနေသလဲ ဆိုတာ ငါမသိဘူး။ မင်းကို ပြောချင်တာက ဒီမြို့က ထွက်သွားပါ။ မင်းကို ငါနောက်ထပ် မမြင်ရပါစေနဲ့”

ချန်းရှောင်က နှာခေါင်းရှုံ့ရင်း ကားအတွင်းသို့ ဝင်သွား လိုက်လေသည်။ သူက ကားမှန်ကို ချရင်း ထပ်ပြော လိုက်ပြန်၏။

“မင်းရဲ့နောက်မှာ ရှိနေတဲ့ စစ်တပ်က လူတွေလည်း မင်းကို ကူညီမယ်လို့ အိပ်မက် မက်မနေဖို့ ငါ မျှော်လင့်တယ်။ သူဌေးတန့်က မင်းထက် လက်တံရှည်ရှည်နဲ့ အာဏာ ယူပြီးနေပြီ။ ပြီးတော့ သူ့ကို ထောက်ခံတဲ့ လူတွေကလည်း မင်း ထင်ထားတာထက် ပိုပြီး အဆင့်မြင့်ကြတယ်”

“ငါတို့ ဆွေမျိုးတော်စပ်တာကို ထောက်ပြီး မင်းကို သတိပေး လိုက်တာပဲ။ ဒါပေမဲ့ နောက်တကြိမ် ငါတို့တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြတဲ့အခါ ဒီလောက် လွယ်လွယ်ကလေး မင်းကို ထွက်သွားခိုင်းမှာ မဟုတ်တော့ဘူး”

သည့်နောက် အင်ဂျင်ကို နှိုးပြီး ထွက်ခွာ သွားလေတော့၏။

ထွက်ခွာသွားသော မာစီးဒီးကားကြီးကို ကြည့်လိုက်ရာ ကားနောက်ခုံတွင် အဝတ်ဗလာနှင့် ဆွဲဆောင်နေသော မိန်းမပျို တစ်ယောက်ကို ချန်းဖန် တွေ့လိုက်ရလေသည်။

“စားဖို့ချောင်းနေတဲ့ တူပဲ”

ချန်းဖန်က ပြုံးကာ ခေါင်းကို ခါလိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်ပြီး ထွက်ခွာ သွားလေ၏။

ချန်းရှောင်၏ သတိပေးချက်ကို သူ ဂရုမစိုက်ချေ။ တန့်ယွမ်ချင်း၏ အင်အားထက် သူ့မှာ အပုံကြီး သာလွန်နေပြီ ဖြစ်သည်။ သူ့အား အန္တရာယ်ပေးရန် ကြိုးစားသူတိုင်းသည် ခေတ်မီ စွမ်းအားပြင်း လက်နက်များ တပ်ဆင်ထားသည့် စစ်တပ်၏ စုစည်း တိုက်ခိုက်ခြင်းကို ခံရမည်သာ ဖြစ်၏။

“အင်း … ကျို့းချင်းရ ပြောတာ မှန်တာပဲ။ ရှောင်ချုံးကို တွေ့ပြီး သူမဘေးနားက ကောင်လေးတွေကို သတိပေးဖို့ အချိန်ရောက်ပြီ ထင်တယ်”

သူက သန့်ရှင်း တောက်ပြောင်နေသော လမ်းမနားတွင် ရပ်ရင်း အဝေးမှ မီးရောင်ကြောင့် ရှည်မျောမျော အရိပ်ထိုးကျနေသည့် မှုန်ပျပျ အရိပ်ကလေးကို အဓိပ္ပာယ်ပါပါနှင့် ကြည့်လိုက်လေ တော့သည်။

***

All Chapters