ခုနစ်ထွေကတဲ့ည
Vol. 3 Ch. 224
အစောပိုင်းက နှောင့်နှေး ကြန့်ကြာခဲ့သော မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ အလျင်အမြန်ပင် ချဉ်းကပ် ရောက်ရှိ လာတော့၏။
ကျင်းမြို့တော် တက္ကသိုလ်နှင့် စီးပွားရေး ကျောင်းတို့သည်လည်း တစ်ချိန်တည်းတွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ကျင်းပခဲ့ကြသည်။ စီးပွားရေး ကျောင်းမှာ ထိုအခမ်းအနား အတွက် ငွေကုန်ကြေးကျ ခံ၍ နာမည်ကျော် ပေါ့ပ်အဆိုတော် တချို့ကို ဖိတ်ကြားကာ သီဆို ခိုင်းခဲ့လေသည်။ စီးပွားရေး ကျောင်းမှာ အများနှင့် မတူသော ဘဏ္ဏာရေးရံပုံငွေ တောင့်တင်းမှုကြောင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲများကို ခမ်းခမ်းနားနားနှင့် ကျင်းပ နိုင်ကြလေသည်။
သို့သော် ချန်းဖန်က ချင်ရီလန်းနှင့် ကြိုဆိုပွဲသို့ မသွားခဲ့ပေ။ ထိုအစား သူက ကျင်းမြို့တော် တက္ကသိုလ်သို့သာ လမ်းလျှောက် သွားလိုက်လေ၏။
ကျင်းမြို့တော် တက္ကသိုလ်၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ စီးပွားရေး ကျောင်းလောက် ငွေကြေး သုံးစွဲနိုင်စွမ်း မရှိပေ။ ထို့ကြောင့် နာမည်ကျော် ကပြ အသုံးတော်ခံ သူများနှင့် အဆိုတော်များကို မငှားရမ်းနိုင်ဘဲ ကျောင်းမှ မထင်မရှား အဆိုတော်လေးများနှင့်သာ ကြိုဆိုပွဲကို ကျင်းပနေကြရ၏။
ချန်းဖန်က လမ်းမပေါ်မှ မီးအလင်းရောင် အောက်တွင် ရပ်ရင်း အဝေးမှ ရှိုးပွဲကို ကြည့်နေလိုက်၏။
နို့နှစ်ရောင် အဖြူရောင် ဝတ်စုံလေးကို ဆင်မြန်းထားသည့် မိန်းကလေး တစ်ဦးသည် စတိတ် စင်ပေါ်သို့ လမ်းလျှောက် တက်လာ၏။ သူမက ပလပ်ပေါက်ကို ထိုးပြီး ကုချင်း တူရိယာကို စတင် တီးခတ်လိုက်သည်။ သူမလက်သံကို နားထောင်ကြည့်ရုံနှင့် အဘယ်မျှ ကုချင်းကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်မှန်း သိနိုင်ပေသည်။ ဂီတသံစဉ်သည် သူမ၏ လက်ချောင်းများမှ တစ်ဆင့် ကမ္ဘာမြေ၏ အမှိုက်အမှုန်များကို ရှင်းလင်းပေးသည့် နွေဦး၏ နူးညံ့ သန့်စင်သော လေပြည်ညင်းလေးကဲ့သို့ နားဆင်သူ အပေါင်း၏ သောတ အာရုံကို လာရောက် ရိုက်ခတ် လေတော့၏။
ဂီတသံသည် သံရှိန် အမြင့်ဆုံး အချိန်၌ ပြီးဆုံး သွားလေ၏။ ဂီတသံ ပြီးဆုံး သွားသည်နှင့် ဆူနာမီ လှိုင်းလုံးတမျှ ဆူညံ များပြားလှသော လက်ခုပ်တီးသံများ ဆင့်ကဲ ထွက်ပေါ်လာလေသည်။ ပွဲတက်ရောက် သူများမှာ ဂီတပညာရှင်များ မဟုတ်ကြသော်လည်း သံစဉ်ကိုတော့ နှလုံးသားနှင့် နားလည် ခံစားနိုင်ကြသူများ ဖြစ်သည်။ ထို့ကြောင့် မိန်းကလေး၏ လက်သံကို နှစ်နှစ်ခြိုက်ခြိုက်ကြီး အားပေး လိုက်ကြခြင်း ဖြစ်၏။
“တော်သေးတာပေါ့။ ငါ ဒီတေးသွားကို မတီးဖြစ်တာ နှစ်ပေါက်နေပါပြီကို”
အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးက အသက်ကို ကြိုးစား ရှူရှိုက်ရင်း ပြောလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် ရှောင်ချုံးရာ။ မင်းက ကုချင်းတီးတဲ့ နေရာမှာ အမျိုးသားဂီတ ဆုတွေလည်း ရခဲ့တာပဲ မဟုတ်လား။ ပညာရှင်အားလုံးက မင်းကို ကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားကြတာပဲ”
သူမ၏ အချစ်ဆုံးသူငယ်ချင်းလေးက ပြောလိုက်လေသည်။
အမျိုးသားဂီတဆုကို ရွှေခေါင်းလောင်း ဆုဟုလည်း ခေါ်သည်။ ပါရော်ဖက်ရှင်နယ် တီးခတ် သူများသာ ထိုဆုအတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် အရည်အချင်း ရှိကြလေသည်။
ရှောင်ချုံး တစ်ယောက် အဝတ်အစား လဲနေစဉ် အတွင်း သူငယ်ချင်း မိန်းကလေး နှစ်ယောက်က အလ္လာပသလ္လာပ ပြောဆို နေကြလေသည်။ ပြီးလျှင် အားလုံး အဝတ်လဲခန်း အတွင်းမှ ထွက်လာ လိုက်ကြ၏။ သို့သော် ထွက်ပေါက်နားတွင် အပြုံးနှင့် စောင့်ကြိုနေသော လူငယ် တစ်ယောက်ကို မြင်တွေ့ လိုက်ရလေသည်။
“ဟေ့ အတော်ကောင်းတဲ့ လက်သံပဲ။ မင်းရဲ့ အောင်မြင်မှု အတွက် အပြင်ထွက်ပြီး ဂုဏ်ပြုပွဲလေး မကျင်းပချင်ဘူးလား”
“ငါတို့ သုံးယောက်တည်းလား”
ရှောင်ချုံးက မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။
“မဟုတ်ပါဘူး။ ငါ့အတန်းဖော်တွေထဲက စီနီယာ ကျောင်းသားတွေရော … ဂျူနီယာ ကျောင်းသားတွေရောပါ ဖိတ်ထား ပါသေးတယ်။ သူတို့အားလုံး ဂိတ်ပေါက်ဝမှာ စောင့်နေကြပြီ”
ချောမော ခန့်ညားသော လူငယ်ကလေးက ပြန်ပြောလိုက်၏။
“ဒါဖြင့်လည်း ကောင်းပြီလေ”
ရှောင်ချုံးမှာ တစ်စက္ကန့်မျှ နှုတ်ဆိတ် သွားသည်။ သို့သော် အပြင်ဘက်တွင် သူငယ်ချင်းများ စောင့်နေပြီဟူသော စကားကြောင့် သူမက သဘောတူလိုက်သည်။
သူမတို့သုံးယောက် ကျောင်းဂိတ်ပေါက်ဝကို လှမ်းကြည့် လိုက်ချိန်တွင် ရှောင်ချုံး၏ အချစ်ဆုံး သူငယ်ချင်းမလေးမှာ သူတို့နှစ်ဦးအား အားကျသလို ငေးကြည့်လိုက်သည်။ ရှောင်ချုံးနှင့် ထိုသူငယ်လေး တို့သည် နတ်ဖက်သည့် စုံတွဲများပမာ လိုက်ဖက် လွန်းလှသည်ဟုလည်း ခံစားလိုက်ရသည်။
“ရှောင်ချုံးရဲ့ ကလေးဘဝ သူငယ်ချင်းလေး အတွက်တော့ စိတ်မကောင်း ဖြစ်မိသား။ ဟူး … ဘယ်သူ သိမလဲ။ အဲဒီကောင်လေးလည်း တခြားမိန်းကလေး ရည်းစား ရချင်ရနေမှာပေါ့။ ရှောင်ချုံး ကရော ဘာကြောင့် သူ့ကို ဂရုစိုက်နေရသလဲ မသိဘူး”
ကောင်မလေးက သူမကိုယ်သူမ ပြောမိလိုက်သည်။
ကျောင်းအဝင် ပေါက်သို့ ဦးတည်နေသေည့် ပင်မလမ်းမကြီးနားသို့ ရောက်သည်နှင့် ရှောင်ချုံး သည် တစ်စုံတစ်ယောက်ကို မြင်တွေ့ လိုက်ရလေသည်။ ထိုသူကို မြင်တွေ့ လိုက်ရသည်နှင့် လမ်းဆက် မလျှောက်တော့ဘဲ ရပ်တန့် လိုက်လေသည်။
“ဘာဖြစ်လို့လဲဟဲ့”
သူမသူငယ်ချင်းက မေးလိုက်၏။
ရှောင်ချုံး သည် နှုတ်ဆိတ်လျက် မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် မတ်တတ် ရပ်နေသော လူငယ်လေး တစ်ယောက်ကို ငေးမော ကြည့်လိုက်သည်။ မီးရောင်မှာ ကောင်းစွာ မမြင်ရလောက်အောင် မှေးမှိန် နေသော်လည်း မြင်လိုက်သည်နှင့် ၆ နှစ်ကျော်မျှ ကွဲကွာနေခဲ့သည့် ငယ်ပေါင်းကျီးဖော် လူငယ်လေး၏ ရုပ်သွင်ကို ချက်ချင်း မှတ်မိ လိုက်လေသည်။
“ရှောင်ဖန်း … နင်လား
ရှောင်ချုံးက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“အင်း … ငါပါ” ချန်းဖန်က မီးအလင်းရောင် အောက်မှ ထွက်လာကာ ရှောင်ချုံး ထံသို့ ဦးတည် လျှောက်လာ လိုက်၏။
ကျောင်းယို့ယို့ မှာ လူငယ်လေး အနီးသို့ မရောက်ခင် အထိ သူဘယ်သူမှန်း မသိသေးပေ။
“ဟင် .. ရှင်က ဘယ်လိုကြောင့် ပါမောက္ခ ချန်းပေ့ရွှမ်းနဲ့ တူနေရတာလဲ”
ကျောင်းယို့ယို့မှာ ပါးစပ်ကလေးကို လက်နှင့် ပိတ်ရင်း အံ့အားသင့်သလို မေးမြန်းလိုက်သည်။
သို့သော် ချန်းဖန်၏ အမူအရာမှာ တည်ငြိမ် လွန်းလှသည်။ သာမန်ပုံစံနှင့် လာသော်လည်း သူ့ကို တွေ့သည့် မည်သူမဆို ပါမောက္ခ ချန်းပေ့ရွှမ်း လာသည်ဟုသာ တထစ်ချ ကောက်ချက် ချမိပေလိမ့်မည်။ သူတို့နှစ်ဦးမှာ နာမည်သာကွဲသည့် လူတစ်ယောက်တည်း ဖြစ်သည်။ သူတို့ မျက်နှာတွင် သိသာသော ကွဲပြားမှု အချို့ ရှိသော်လည်း အဓိက အချက် အတော်များများ တူညီကြလေသည်။ ချန်းပေ့ရွှမ်းနှင့် ချန်းဖန်ကို ကြည့်ရသည်မှာ ဖိုတိုရှော့စ် လုပ်ထားသည့် ရုပ်ပုံတစ်ပုံကို မြင်နေရသည့် အတိုင်းပင်။
မိန်းကလေး နှစ်ယောက်နှင့် နောက်မှ လိုက်လာသော လူချောလေးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် တင်းမာ သွားလေသည်။
ဖန့်ချုံး၏ မျက်ဝန်းတွင် ထိုကဲ့သို့သော တောက်ပ လင်းလက်မှုမျိုးကို သူ တစ်ခါမှ မတွေ့ဖူးချေ။ မျှော်လင့် စောင့်စားခြင်း၊ စိတ်လှုပ်ရှား ပျော်ရွှင်နေခြင်း တို့သည် သူမ၏ မျက်ဝန်းတွင် တွဲခိုနေကြ၏။ နှစ်ပေါင်းများစွာ အိမ်နှင့် ဝေးရာ ရောက်နေသော လင်ယောက်ျား ဖြစ်သူကို ရုတ်တရက် မြင်တွေ့ လိုက်ရသည့် အိမ်ရှင်မ တစ်ယောက်၏ အပျော်ရွှမ်းသော မျက်ဝန်း အလားပင်။ ဖန့်ချုံး သည်ကျောင်းယို့ယို့နှင့် အခြား လူငယ်လေးတို့ သူမမျက်စိရှေ့မှ ပျောက်ကွယ် သွားသလို မီးရောင် အောက်မှ လူငယ်လေးကိုသာ တစ်စိုက်မတ်မတ် ကြည့်ရှုနေလေ၏။
“နောက်ဆုံးတော့ ရှင်ကျွန်မကို ရှာတွေ့ခဲ့ပြီနော်”
ဖန့်ချုံးက နူးညံ့စွာ ပြောဆိုလိုက်၏။
“အင်း … အချိန်တွေ အတော်ကြာခဲ့တာပဲ”
ချန်းဖန်ကလည်း အက်ကွဲနေသော အပြုံးနှင့် ပြန်ပြောလိုက်သည်။
မင်းအတွက်တော့ ၆ နှစ်တည်းပါ ကောင်မလေးရယ်။ ဒါပေမဲ့ ငါ့အတွက်တော့ အနှစ်ငါးရာနဲ့ ဘဝ တစ်ခုစာပါပဲ။
တစ်ယောက်ကိုတစ်ယောက် စကားမဆိုနိုင်ဘဲ နှုတ်ဆိတ်ကာ ကြည့်နေကြလေ၏။ ချန်းဖန်ကို ကြည့်ရသည်မှာ သိပ်ပြောင်းလဲမှုမရှိ။ သို့သော် ဖန့်ချုံး သည် ချစ်စရာ မိန်းမငယ်လေး တစ်ယောက် ဘဝမှ အသက်ရှူမှားလောက်အောင် လှပလွန်းသည့် အမျိုးသမီးတစ်ယောက် ဘဝအဖြစ် ပြောင်းလဲ ခဲ့ချေပြီ။ ဖန့်ချုံး၏ မျက်နှာလေးကို ကြည့်ရင်း ချန်းဖန်မှာ အနာဂါတ်မှ ကျိချုံး နတ်ဘုရားမလေးကို ပြန်ပြောင်း သတိရမိ သွားလေသည်။
“နင်တို့နှစ်ယောက်တည်း အခန်း ရှာကြတော့မလို့လား”
ကျောင်းယို့ယို့ပင် အံ့ဩ မှင်တက်နေရာမှာ သတိ ပြန်ဝင်လာပြီ ဖြစ်၏။ သို့တိုင် သူမ၏ အချစ်ဆုံး သူငယ်ချင်းလေးမှာ ယခုအချိန်ထိ သတိလစ် မေ့မြောနေသည့် လူတစ်ယောက်ပမာ သူမတို့ အားလုံးကို လျစ်လျူရှုထားဆဲ ဖြစ်၏။
ကျောင်းယို့ယို့က ဖန့်ချုံး၏ လက်မောင်းကိုဆွဲရင်း အပူတပြင်း မေးမြန်းလိုက်သည်။
“ရှင်က ကျေးလက်က ချန်းဖန်ဆိုတဲ့လူလား။ ရှင်က ဖန့်ချုံးနဲ့ အတူတူ ကြီးပြင်းခဲ့တယ် ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ရှောင်ချုံး က ရှင့်ကို ဘာကြောင့် ဒီလောက် ဂရုစိုက်နေမှန်း ကျွန်မ လုံးဝနားမလည်နိုင်ဘူး။ ပြီးတော့ ရှင့်ကို ဒီနေ့ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတော့ ကျွန်မ ပိုလို့တောင် နားမလည်နိုင်ဘူး”
“ကျောင်းယို့ယို့ နင်”
ဖန့်ချုံး က သူမ၏ အချစ်ဆုံး သူငယ်ချင်းလေးကို ဒေါသတကြီး အော်ဟစ် ဟန့်တားလိုက်၏။
“အေး ကောင်းပြီ။ ငါ ဘာမှမပြောတော့ဘူး”
ကျောင်းယို့ယို့က ဝမ်းနည်း သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
ဖန့်ချုံး သည် သူငယ်ချင်း တီးတိုး ဖော်လေးကို ဤမျှ အသံမြင့်မြင့်နှင့် ဒေါသတကြီး တခါမျှ မအော်ဟစ်ခဲ့ဖူးချေ။ ယခု ချန်းဖန် ရောက်လာမှ ပြောမိခဲ့ခြင်း ဖြစ်သည်။ ကျောင်းယို့ယို့ အတွက်တော့ သူမ၏ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် သူမအနားမှ စွန့်ခွာသွားသလို ခံစားလိုက်ရလေသည်။
“အဲ … ရှောင်ချုံး ဒါ ငါ့အချစ်ဆုံး သူငယ်ချင်း ကျောင်းယို့ယို့တဲ့။ ဒီတစ်ယောက်ကတော့ ငါ့အတန်းဖော် ရှန်းချန်ဝမ်”
ဖန့်ချုံးက နောက်ဆုံးတွင် သူမတို့နှစ်ယောက်ကို မိတ်ဆက် ပေးလိုက်လေသည်။
ဖန့်ချုံး ယောက်ျားလေးများကြား သဝန်တိုစိတ်သည် အဘယ်မျှအထိ ဆိုးရွား အကျဉ်းတန် ကြောင်းကို သိလေသည်။ ထို့ကြောင့် ရှန်းချန်ဝမ် အကြောင်း မိတ်မဆက်ပေးခင် ခေတ္တ ရပ်ကြည့် လိုက်ပြီးမှ စကားလုံးများကို အသေအချာ ရွေးချယ်ကာ မိတ်ဆက် ပေးလိုက်ခြင်း ဖြစ်၏။
“ကျုပ်နာမည်က ချန်းဖန်ပါ။ ကျွန်တော်က ဖန့်ချုံး ရဲ့ သူငယ်ချင်းကောင်း ဆိုပါတော့”
ချန်းဖန်က ပြုံးရင်း ပြောလိုက်လေသည်။
ချန်းဖန်ရှေ့မှ ချောမော ခန့်ညားသော လူငယ်လေးမှာ အရင်ဘဝမှ သူ့ပြိုင်ဘက် ရှန်းချန်ဝမ် ဖြစ်လေတော့သည်။
ရှန်းချန်ဝမ်သည် ချန်းဖန်မိသားစု စီးပွားရေးလုပ်ငန်းများ ပြိုလဲသွားအောင် အဆက်မပြတ် လှုံ့ဆော် ဒုက္ခပေးခဲ့သူ ဖြစ်သည်။ ဝမ်ရုန်အဖွဲ့သည် နောက်ဆုံးတွင် ကျင်းဟူ အဖွဲ့နှင့် ပူးပေါင်းပြီး ချန်းဖန်ကို အနိုင်ယူကာ ချူကျိုး မြို့သို့ မောင်းထုတ်ခဲ့၏။ ချန်းဖန် ထွက်သွားရသည်နှင့် ရှန်းချန်ဝမ် သည် ဖန့်ချုံး ၏ မိသားစုမှတဆင့် သူမအား အဆက်မပြတ် ဖိအားပေးကာ သူနှင့် လက်ထပ် ခိုင်းခဲ့လေသည်။ သူ့အကြံမှာ အောင်မြင်တော့မလိုပင် ဖြစ်ခဲ့သည်။
“ဒါပေမဲ့ ကံကြမ္မာရဲ့ အလိုကျ ငါ့ဆရာက ခွေးဘဝ ရောက်နေတဲ့ ငါ့ကို ကယ်တင်ပေးပြီး မင်းလက်ထဲကနေ ရှောင်ချုံးကို ကယ်ပေးခဲ့တယ်လေ”
ချန်းဖန်က ရုပ်ရည်ချောမောကာ တည်ငြိမ်ပုံ ရသည့် လူငယ်လေးကို ကြည့်ရင်း ရုတ်တရက် ဘာမှမဖြစ်သလို ခံစားလိုက်ရ၏။
ယခင်ဘဝက ရှန်းချန်ဝမ်သည် သူ့ကစားပွဲပြင်ပမှ လူတစ်ယောက် ဖြစ်၏။ မည်မျှ ကြိုးစားသော်လည်း ချန်းဖန်မှာ ပြိုင်ဘက်၏ ဖျက်ဆီး ချိုးဖျက်ခြင်းကို ရှောင်လွှဲမရစွာ ခံစားခဲ့ရသည်။ ချန်းဖန်ဘဝတွင် ကံဆိုး မိုးမှောင်ကျမှုများ ကျလာတိုင်း အမှောင်တွင်းမှ ဝမ်ရုန်အဖွဲ့သည် လက်သီးပုန်းနှင့် ထီးနှက်သည်ကို အမြဲတစေ မြင်တွေ့ခဲ့ရသည်။ သူ့အမေ ဝမ်ရှောက်ယွင် သေဆုံးမှုတွင်ပင် သူတို့လက်ချက်မကင်းခဲ့။
သို့သော် ယခုဘဝတွင် ရှန်းချန်ဝမ် သည် သူ့အတွက်တော့ ပုရွက်ဆိတ် တစ်ကောင်မျှသာ အင်အားရှိသူ ဖြစ်သည်။ သူ့လက်ညိုးတချောင်းတည်းနှင့် ထိုလူငယ်လေးကို ထိုးချေပစ်နိုင်သည်။
“ဒါပေမဲ့ မင်းဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ စွမ်းအားရှိရှိ ငါ့ပြိုင်ဘက်တော့ ဖြစ်လာမှာ မဟုတ်ဘူး”
အတွေးထဲတွင် နစ်မြောနေသော ချန်းဖန်၏ အကြည့်မှာ တဖြည်းဖြည်းနှင့် တည်ငြိမ်လာလေသည်။
ယခုအချိန်ထိ သူနှင့် ရှန်းချန်ဝမ် ကြား မည်သည့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးမှ မရှိသေး။ သို့သော် ဖန့်ချုံးက သူ့ကို မြင်နေသမျှ ကာလပတ်လုံး ရှန်းချန်ဝမ် ကို ဆူးတစ်ချောင်းပမာ သတ်မှတ် ထားရပေမည်။ ကျင်းဟူ အဖွဲ့ ခေါင်းထောင် လာသည်နှင့်အမျှ ဝမ်ရုန်အဖွဲ့အတွက် ပြဿနာများ ဖြစ်ပေါ် လာပေလိမ့်မည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ ရန်ပွဲမှာလည်း ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။
“ရှောင်ချုံးရဲ့ သူငယ်ချင်းလား။ ကောင်းတာပေါ့။ ကျွန်တော်တို့နဲ့ ညစာအတူတူ စားသွားပါလား”
ရှန်းချန်ဝမ်က ဆွဲဆောင်မှုရှိသော အပြုံးနှင့် ပြောလိုက်လေသည်။
ဖန့်ချုံး သည်လည်း ခေတ္တမျှ နှုတ်ဆိတ်သွားပြီး ချန်းဖန်ကို ကြည့်လိုက်လေ၏။
ဝေးကွာခဲ့သော ၆ နှစ်တာ ကာလအတွင်း အပြောင်းအလဲ အမြောက်အမြား ဖြစ်ပျက်ခဲ့သည်။ ချူကျိုးမြို့တွင် ကုမ္ပဏီငယ်လေး အဖြစ် ပေါ်ထွက်လာသော မင်ဒီး အဖွဲ့သည် ကျင်းမြို့တော်တွင် ထိပ်တန်းအဆင့်ရှိ ဆေးဝါး ကုမ္ပဏီတစ်ခုအဖြစ် ကြီးထွား လာခဲ့သည်။ ဖန့်ချုံးသည်လည်း အပြစ်ကင်းစင်သော သိုးသူငယ်မလေး ဘဝမှ ကျင်းမြို့တော် တက္ကသိုလ်၏ နတ်ဘုရားမ တစ်ပါး ဖြစ်လာခဲ့သည်။
သို့သော် ချန်းဖန်ကို ကြည့်ရသည်က ဘာမှ ပြောင်းလဲခဲ့ပုံ မရချေ။ သူ့ဝတ်စားဆင်ယင်ပုံပင် မပြောင်းလဲခဲ့။ နာမည်မရှိသည့် ဆိုင်ငယ်လေးများမှ ဝယ်လာတတ်သည့် အရောင်မှိန်မှိန် တီရှပ်များ ကိုသာ ဝတ်ဆင်နေဆဲပင်။
ချန်းဖန်သည် သူမ သူငယ်ချင်းများကြား အထီးကျန် နေရလိမ့်မည်ဟု ဖန့်ချုံးက သိထားသည်။ ထို့ကြောင့် ချန်းဖန်အတွက် ညစာ ဖိတ်ခေါ်မှုကို ငြင်းဆန်ပေးရန် ပြင်လိုက်သည်။ ညစာစားပွဲတွင် လိုက်ပါလာမည့် လူငယ်များမှာ မိဘပိုက်ဆံများနှင့် မိမိကိုယ်မိမိ ဝံ့ကြွား ဂုဏ်ဖော်နေတတ်သည့် လူဆိုးလေးများ ဖြစ်သည်ကို သူမ သိသည်။ ထိုသူတို့သည် အလွန် သူစိမ်းဆန်ပြီး ရိုင်းစိုင်းကာ ငွေဂုဏ်မောက်၍ ဆက်ဆံ ကြမည်ကိုလည်း သိနေ၍ ဖြစ်သည်။
“ကောင်းသားပဲ”
ချန်းဖန်က သဘောတူလိုက်ပြီး ဖန့်ချုံးအား နှစ်သိမ့်သလို ကြည့်လိုက်သည်။
ဖန့်ချုံးက စိတ်သက်သာရာ ရသွားသလို သက်ပြင်းချရင်း ချန်းဖန်လို ရှက်ရွံ့တတ်သော ကောင်လေး တစ်ယောက်၏ စိတ်ဓာတ် မာကျောမှုကို အံ့ဩ သွားမိလေသည်။ သူမကိုယ် သူမ ပြန်လည် တည်ငြိမ်အောင် ထိန်းနိုင်သွားသည်နှင့် လက်ရှိ အခြေအနေများ အကြောင်း စဉ်းစားမိသွားပြီး ရေတွက် မရနိုင်သော မေးခွန်း မြောက်မြားစွာသည် သူမစိတ်ထဲ ထွက်ပေါ် လာလေတော့၏။ ချန်းဖန်ဘာကြောင့် ဒီကို လာရသနည်း။ သူ ကျင်းမြို့တော် တက္ကသိုလ် တက်ခွင့်ကော ရခဲ့သလား။ သူ့မှာ ချစ်သူများ ရှိနေပြီလား။
သို့သော် ဖန့်ချုံးက မေးခွန်းများကို စိတ်ထဲတွင်သာ ထားလိုက်သည်။ သူမတို့ လေးယောက်သား ထွက်ပေါက် ရှိရာသို့ စကားမဆိုဘဲ လျှောက်လာကြလေ၏။
ကျောင်းယို့ယို့နှင့် ရှန်းချန်ဝမ် တို့တွင်လည်း မေးခွန်း မြောက်မြားစွာ ရှိနေကြသည်။ သူတို့က ချန်းဖန်ကို မကြာခဏ အကဲခတ်သလို ကြည့်နေကြသည်။ သူတို့အတွက် ထိုသာမန် ကောလိပ် ကျောင်းသားလေးတွင် ထူးထူးခြားခြား ဘာမှ မရှိ။ သူ့ကိုကြည့်လျှင် … ပြောပလောက်စရာ မရှိအောင် ရိုးရှင်း လွန်းနေသည်။
လူချမ်းသာ မိဘများ၏ သားသမီးများဆိုလျှင် ဈေးပေါသော တီရှပ်များကို ဝတ်ဆင်ထားမည် ဆိုလျှင်လည်း အသွေးအသားထဲမှ ရွှေဇွန်းကိုက်၍ မွေးလာသည့် အဆင့်အတန်းကြောင့် ဘယ်နေရာ ရောက်ရောက် ကြည့်ကောင်း နေမည်သာ ဖြစ်သည်။ သို့သော် ချန်းဖန်ကတော့ ထိုသို့မဟုတ်။ ချန်းဖန်ကို ကြည့်လျှင် လမ်းပေါ်မှ တခြားလူများအတိုင်း အရောရော အနှောနှောပင်။ ချန်းဖန်နှင့် ပတ်သက်သည့် အထူးခြားဆုံး အချက်အလက်မှာ သူ့ကိုကြည့်တိုင်း အများနှင့် မတူသော ခံစားကို ရရှိနေခြင်းသာ ဖြစ်သည်။
“သူ့ပုံစံက ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ နေသားကျနေတဲ့ အဘိုးကြီး တစ်ယောက်လို တည်ငြိမ် လွန်းနေတာပဲ”
ရှန်းချန်ဝမ် က စိတ်ထဲမှနေ၍ ထိုအတိုင်း မှတ်ချက် ပေးလိုက်သည်။
ဤကမ္ဘာကြီးထဲတွင် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားတတ်သည့် အဘိုးအဘွား အနည်းစုသာ သူ တွေ့ဖူးသည်။ ချန်းဖန်သည် ငယ်ငယ်လေးနှင့် ထိုတည်ငြိမ်မှုမျိုး အဘယ်ကြောင့် ပိုင်ဆိုင် နေရပါသနည်း။
ကျောင်းဝင်ပေါက်နားတွင် ဇိမ်ခံကားတချို့က အသင့်စောင့်ဆိုင်း နေကြလေ၏။ နာမည်ကြီးပြီး အသံစွာစွာ ပေးတတ်သည့် ပြိုင်ကားမျိုး မဟုတ်ကြဘဲ Cadillac နှင့် Lincolns ကားမျိုးသာ ဖြစ်ကြလေသည်။
“နတ်မိမယ်လေးဖန့်၊ မှော်ဆရာမလေး ကျောင်း၊ သခင်လေး ရှန်း”
လူရွယ်အချို့နှင့် မိန်းမပျိုအချို့က ကားထဲမှ ထွက်လာပြီး သူတို့အား နှုတ်ခွန်း ဆက်လိုက်ကြ၏။
ချန်းဖန်က လူအုပ်ကို တချက် အကဲခတ် ကြည့်လိုက်ရာ အများစုကို မြင်သည်နှင့် မှတ်မိ သွားလေ၏။ အများစုမှာ အသက် ၂၀ ဝန်းကျင်မျှသာ ရှိကြသေးသော်လည်း ထက်ဝက်မျှသည် ကျင်းမြို့တော်၏ အနာဂတ် မြို့မျက်နှာဖုံး ပုဂ္ဂိုလ်များ ဖြစ်လာကြမည့် လူငယ်များ ဖြစ်သည်။ ချန်းဟူ မှလွဲ၍ ကြေးရတက် မိသားစုတို့၏ သားသမီးများသည် မွန်မွန်ရည်ရည်နှင့် ပညာတတ်များ ဖြစ်ကြလေသည်။
တချို့မှာ ကျင်းမြို့တော်ရှိ အကောင်းဆုံး ကျောင်းများတွင် တက်ရောက် သင်ကြားနေကြပြီး တချို့မှာ နိုင်ငံခြား တက္ကသိုလ်များတွင် ဘွဲ့ထူး ဂုဏ်ထူးများပင် ရပြီး ဖြစ်ကြလေသည်။ အများစုမှာ မိသားစု လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နေကြပြီး အမွေ ဆက်ခံရမည့် သူဌေးလောင်းများ အဖြစ် နေရာယူ ထားကြသူများလည်း ဖြစ်ပေသည်။
“ရှောင်ဖန်သူတို့ အားလုံးက ကျွန်မရဲ့ အထက်တန်း ကျောင်းတုန်းက စီနီယာတွေလေ”
ဖန့်ချုံး က မိတ်ဆက် ပေးလိုက်လေသည်။
ချန်းဖန်သည် ဖန့်ချုံး၏ ငယ်သူငယ်ချင်းမှန်း သိသွားကြသည်နှင့် အားလုံးက သူ့အား ဂရုတစိုက် ကြည့်လိုက် ကြလေသည်။ ဖန့်ချုံး တစ်ယောက် ကျင်းလင်မြို့တွင် နေထိုင်ရသည့် အကြောင်းအရင်းမှာ တစုံတစ်ယောက်ကို စောင့်ဆိုင်းလို၍ ဖြစ်သည်ဟု သူတို့အားလုံး သိထားကြလေသည်။ သို့သော် သူတို့ အံ့ဩနေသည်မှာ ဖန့်ချုံး စောင့်ဆိုင်းနေသည့် လူသည် ဘာမှမဟုတ်သည့် လူငယ်လေး တစ်ယောက် ဖြစ်နေခြင်းပင်။
စိတ်ထဲမှ အထင်အမြင် သေးမှုများကို သိုဝှက်ရင်း အားလုံးက ချန်းဖန်အား ရင်းရင်းနှီးနှီး နှုတ်ဆက် လိုက်လေသည်။ သူတို့အားလုံးသည် ကလေး ဘဝကတည်းက ခံစားချက် အစစ်အမှန်များကို ဖုံးကွယ်ရန် လေ့ကျင့် သင်ကြားခြင်း ခံခဲ့ရသူများ မဟုတ်ပါလော။
“နတ်ဘုရားမလေးဖန့် ရေ … ဂရင်းဗိုင်းကလပ်ကို သွားရအောင်။ အစ်မ ရီဖေးလည်း အဲဒီမှာ ရှိနေမှာ”
လူငယ်လေး တစ်ယောက်က တလက်လက် တောက်ပနေသော ဒိုင်ခွက်နှင့် နာရီကို ကြည့်ရင်း အပြုံးနှင့် ပြောလိုက်လေသည်။
“မမ ရီဖေးက ပြန်လာပြီလား”
ဖန့်ချုံး အဖြေပြန်မပေးနိုင်ခင် ကျောင်းယို့ယို့ က စိတ်လှုပ်ရှားနေသည့် လေသံနှင့် မေးလိုက်လေ၏။
ချန်းဖန်က သူတို့ ပြောနေသမျှကို နှုတ်ဆိတ် လျက်သာ နားထောင်နေလေသည်။
အဖြူရောင် အလင်းမှုန်များ ဆေးချထားသလို အလင်းစက်များ ဖြာကျနေသော လမ်းဘေး မီးရောင်လေး အောက်မှ ဖန့်ချုံး မှာ နတ်မိမယ်လေး တမျှ ချောမော ခန့်ညား လွန်းနေတော့၏။
***