← Chapters

ဂရင်းဗိုင်းကလပ်

Vol. 3 Ch. 225

ဂရင်းဗိုင်းကလပ်

Vol. 3 Ch. 225

“ရှောင်ဖန်ဒါက စွန်းဟီ၊ လျူတယွမ် နဲ့ ဟွာကျီချန်း”

ဖန့်ချုံးက မိတ်ဆက်ပေးလိုက်သည်။

သူမက ချန်းဖန်အား နာမည်များသာ မိတ်ဆက် ပေးလိုက်ခြင်း ဖြစ်သည်။ သူတို့၏ နောက်ခံ အသိုင်းအဝိုင်းနှင့် ပတ်သက်၍ ဘာမှမပြောခဲ့ချေ။ ပြောလိုက်၍ ချန်းဖန် တစ်ယောက် အနေ ကျဉ်းကျပ်မည်ကို မလိုလား။ ရှေ့မှအားလုံးသည် ငွေဇွန်းကိုက်၍ မွေးဖွားလာသည့် ဂုဏ်သရေရှိ နာမည်ကျော် မိသားစုတို့၏ အမွေ ဆက်ခံရမည့်လူများ ဖြစ်ကြသည်။ သူတိုအားလုံး ရည်မှန်းချက် ကြီးကြီးနှင့် ကြီးပြင်းလာကြသူများ ဖြစ်သည်။

“ကျွန်တော်က ချန်းဖန်ပါ။ ဖန့်ချုံးရဲ့ သူငယ်ချင်းပေါ့”

ချန်းဖန်က လူအုပ်အား ခေါင်းညိတ်ကာ ပြန်လည် နှုတ်ဆက် လိုက်လေသည်။

စွန်းဟီနှင့် အခြား လူငယ်လေး တစ်ယောက်က ချန်းဖန်အား နှစ်လိုဖွယ်ရာ ပြုံးပြ လိုက်လေသည်။ သို့သော် ချန်းဖန်သည် အယောင်ဆောင် မျက်နှာဖုံးများ အောက်မှ စိတ်ပျက် ရွံ့ရှာနေသော သူတို့မျက်ဝန်း၏ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး ဖောက်ထွင်း မြင်နိုင်လေသည်။

“ဂျန်းနင်… အဲဒီကောင်က ဘယ်သူတုန်းကွ”

စွန်းဟီက ရှန်းချန်ဝမ်နှင့် ကားထဲ ရောက်သွားချိန်တွင် စူးစမ်းသလိုနှင့် မေးလိုက်လေသည်။

ရှန်းချန်ဝမ်က ဖန့်ချုံးကို ၆ နှစ်လုံးလုံး ပိုးပန်း နေခဲ့မှန်း အားလုံး သိကြလေသည်။ သို့သော် သူ့တွင် ပြိုင်ဘက် ပေါ်လာလိမ့်မည်ဟုတော့ မည်သူမှ မထင်မှတ်ထားခဲ့ချေ။ ထို့အပြင် ချန်းဖန်ကို ကြည့်လိုက်သည့် ဖန့်ချုံး၏ မျက်ဝန်းများတွင် ထူးခြားသော တောက်ပမှု တစ်မျိုးကို သူတို့အားလုံး မြင်တွေ့ လိုက်ရလေသည်။

“သူက ရှောင်ချုံးရဲ့ ငယ်သူငယ်ချင်းတဲ့။ သူတို့ ငယ်ငယ်ကတည်းက ကျင်းမြို့တော် တက္ကသိုလ်ကို အတူတူ တက်ဖို့ ကတိထားခဲ့ကြတာ”

ရှန်းချန်ဝမ် က အက်ကွဲနေသော အပြုံးနှင့် ပြောလိုက်လေသည်။

“ဒီကောင့်ကို စိတ်ထဲ မထားစမ်းပါနဲ့ကွာ။ သူက ငါ့ပြိုင်ဘက် မဟုတ်ပါဘူး”

“အေးပေါ့။ ဘယ်သူက မင်းနဲ့ ပြိုင်နိုင်မှာလဲ”

စွန်းဟီက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

စွန်းဟီသည် သူတို့အဖွဲ့တွင် အသက်အကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် အဖွဲ့၏ အစ်ကိုကြီး တစ်ယောက်လိုပင် ဖြစ်နေသည်။ လွန်ခဲ့သည့် ၃ နှစ်ကတည်းက ဖခင်ဖြစ်သူ၏ စီးပွားရေးများကို တဖြည်းဖြည်းနှင့် လက်လွှဲရယူရင်း စီအီးအိုနေရာပင် ရယူထားကာ အလုပ်သမားပေါင်း ထောင်ကျော်ကို အုပ်ချုပ်နေသူလည်း ဖြစ်၏။ သို့သော် စွန်းဟီ သည်ပင် သူ့ရှေ့မှ လူငယ်လေးကို ကြောက်ရွံ့နေရသူ ဖြစ်သည်။

ရှန်းချန်ဝမ်၏ ရက်စက် ကြမ်းတမ်းသော အကြံဉာဏ်များကို စွန်းဟီပင် ထိတ်လန့်သည်။ ရှန်းချန်ဝမ်နှင့် စကားဆိုနေရင်း စွန်းဟီမှာ အနားယူနေသည့် ဖခင်ဖြစ်သူ စီးပွားရေး သမားကြီး အကြောင်းကို စဉ်းစား မိလိုက်တော့၏။

သိပ်မကြာခင် သူတို့သွားလိုသည့် နေရာသို့ ရောက်လာကြလေသည်။

ဂရင်းဗိုင်းကလပ်သည် နဂါးစိမ်းရေကန်၏ တိတ်ဆိတ် ငြိမ်သက်လှသော ကမ်းခြေနားတွင် ခမ်းနား သပ်ရပ်စွာ တည်ရှိလေသည်။ ကလပ်ဝန်းကျင်တွင် အစိမ်းရောင် စပျစ်နွယ်ပင်ရှည်များ ထူကဲစွဦ ပေါက်ရောက်နေပြီး အဖြူရောင် နံရံကြီး တစ်ခုကလည်း ဝန်းရံထားလေသည်။ အဝင်လမ်းမကို ကျောက်စရစ်ခဲများဖြင့် ကာရံထားပြီး ၎င်းမှတစ်ဆင့် အနည်းငယ် လျှောက်လှမ်း လိုက်သည်နှင့် ရွှေရောင် သံချပ်ကာများဖြင့် တန်ဆာဆင်ထားသော အနီရောင် ဂိတ်တံခါးနားသို့ ရောက်သွားလေသည်။ ဂိတ်တံခါး တစ်ဖက် တစ်ချက်တွင် ကျောက်ခြင်္သေ့ကြီးနှစ်ရုပ်က အခန့်သား နေရာယူထားပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးများက ခြင်္သေ့ရုပ် တစ်ဖက်စီတွင် ဧည့်ခံကြိုဆို နေကြလေ၏။ ဂရင်းဗိုင်းကလပ်မှာ အေးစက် နေသည်ဖြစ်ရာ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က ပြန်လည် ဖြစ်တည်လာသည့် နေရာလေးတစ်ခုအဖြစ် လာရောက် လည်ပတ်သူ ဧည့်သည်တိုင်းက ခံစားရလေသည်။

ကလပ်ပိုင်ရှင် အမျိုးသမီးမှာ ခန့်ညား၍ မဟဆန်သော မျက်နှာရှိပြီး နို့နှစ်ရောင် ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ ဆိုင်ရှင် အမျိုးသမီးက ဆံပင်ကို မြင်းမြီးကဲ့သို့ နောက်ကျောတွင် စုစည်းထားပြီး ပုတီး လက်ကောက်တရံကို ဝတ်ဆင် ထားလေသည်။ အမျိုးသမီး၏ ပုံပန်းသွင်ပြင်ကို ကြည့်ရုံနှင့် အသက်ကို ခန့်မှန်းရန် မလွယ်ကူချေ။ သူမရုပ်သွင်နှင့် ဝတ်စား ဆင်ယင်ပုံအရ ၁၈ နှစ်အရွယ် အပျိုဖြန်းလေး တစ်ယောက်၏ ထင်မြင်စရာ ရှိသည်။ သို့သော် သူမ၏ သွင်ပြင်မှာ ရင့်ကျက်ပြီး ခံ့ညား လှပလွန်းနေသည်။

“မမ ရီဖေး မတွေ့တာ ကြာပြီနော်”

ကျောင်းယို့ယို့ က အမျိုးသမီးထံသို့ ပြေးသွားပြီး ဖက်ကာ ပြောလိုက်လေသည်။

“ငါ ဝူကျိုးမှာ အလုပ်ကိစ္စတချို့ ရှိနေလို့ပါ။ ဒါကြောင့် နောက်ကျနေတာ”

အမျိုးသမီးက ပြုံးရင်း ပြောလိုက်လေသည်။ ကလပ်မှာ သီးသန့်ဆန်ပြီး တန်မင်းဆက်ခေတ်က ထူးခြား ဆန်းပြားသော ဟန်ပန်အတိုင်း လှပစွာ တန်ဆာဆင်ကာ တည်ဆောက်ထားလေသည်။

အခန်းအလယ်တွင် ကျဉ်းမြောင်း၍ ရှည်လျားလှသော စားပွဲတစ်ခုကို ခင်းကျင်းလိုက်လေသည်။ စားပွဲနောက်တွင် ကောင်းမွန်စွာ ဝတ်စား ဆင်ယင်ထားသော မိန်းမပျိုလေးများက ဒူးထောက်ကာ နေရာ ယူထားကြလေ၏။ လက်ဖက်ရည်ခွက် အချို့နှင့် လက်ဖက်ရည်အိုး အချို့လည်း စားပွဲပေါ်တွင် တင်ထား လေသည်။ လက်ဖက်ရည်ခွက်နှင့် အိုးတို့၏ လက်ရာမှာ လွန်စွာ အနုစိတ် လှပလွန်းလှရာ နာမည်ကျော် အိုးထိန်း တစ်ယောက်က ပြုလုပ်ထားသည့် လက်ရာမှန်း သိသာလှပေသည်။

ကလပ် တည်ဆောက်ပုံ၊ အခန်းဖွဲ့စည်းပုံ၊ အခန်းအပြင် အဆင်များနှင့် ဧည့်ကြို မိန်းကလေးများ၏ အသွင်သဏ္ဌာန်ကို ကြည့်ပြီး ကလပ်ပိုင်ရှင် အမျိုးသမီးသည် အာဏာပါဝါ မြင့်မားပြီး ပိုက်ဆံ ချမ်းသာသည့် အမျိုးသမီးတစ်ဦး ဖြစ်မည်ဟု ချန်းဖန်က ခန့်မှန်း လိုက်လေသည်။

လူကုန်ထံ ကြေးရတက် သားသမီးများပင် ဆိုင်ရှင် မိန်းမပျို၏ ရှေ့မှောက်၌ သူဌေးစကားကို တိတ်ဆိတ်စွာ နားထောင် နေရရှာသော အစေခံများပမာ ငြိမ်ငြိမ်ကလေး ရှိနေကြသည်။ ရှန်းချန်ဝမ်၏ မျက်နှာပင် အမျိုးသမီးရှေ့၌ ကြောက်ရွံ့ နေသလို ရှိလေသည်။

ချောမော လှပလွန်းသည့် ဆိုင်ရှင် အမျိုးသမီးသည် ကျင်းမြို့တော်၏ အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် ဒဏ္ဍာရီဆန်ဆန် နာမည်ကြီးသည့် မိန်းမပျို တစ်ယောက် ဖြစ်သည်။

သူမသည် တန့်ယွမ်ချင်း၏ တစ်ဦးတည်းသော သမီးပျို တန်ရီဖေး ဖြစ်လေ၏။

တန့်ယွမ်ချင်းသည် ကျင်းနန်နယ်တွင် နာမည်ကျော် တစ်ယောက် ဖြစ်သည်။ တန်မိသားစုသည် ကျင်းမြို့တော်တွင်လည်း အခြေကောင်းကောင်း စိုက်ထူထားနိုင်သည့် မိသားစုလည်း ဖြစ်၏။ ၎င်းတို့ မိသားစု၏ အသိုင်းအဝိုင်းနှင့် ဓနအင်အားမှာ အများ မျှော်လင့်ထားသည်ထက် ပိုမို ပေါကြွယ်ဝ လေသည်။ မြို့ကို တန်မိသားစုက ဦးဆောင်ကာ မောင်းနှင် နေသည်ဟု ဆိုလျှင်ပင် လွန်အံ့မည် မထင်ပေ။

ရှန်းချန်ဝမ်နှင့် သူ့သူငယ်ချင်း အားလုံးက ထိုအမျိုးသမီး ကလေးသည် ယုန်သူငယ်ပမာ နူးညံ့သည့် အသွင်ရှိသော်လည်း မကြာသေးသည့် နှစ်များအတွင်း တန့်ယွမ်ချင်း တစ်ယောက် စီးပွားရေး လုပ်ငန်းများကို လက်လွှဲလက်ပြောင်း လုပ်နေသည့် ကာလအတွင်း မိသားစု စီးပွားရေး အများစုကို ဦးစီးဦးဆောင် ပြုနေသူ ဖြစ်ကြောင်းကို သိထားကြလေသည်။

သူမသည် တန်မိသားစု ကိုယ်စားပြုသူ ဖြစ်သည့်အတွက် ကျင်းနန်နယ်၏ သရဖူ မဆောင်းရသေးသည့် ဘုရင်မ တစ်ပါးလည်း ဖြစ်ပေသည်။

အားလုံး စားပွဲတွင် ထိုင်လိုက်ကြသည်နှင့် တန်ရီဖေးက ဧည့်သည်များ အတွက် လက်ဖက်ရည်ဝိုင်း ပြင်ပေး လိုက်လေသည်။ သူမ၏ ဖျော့တော့နေသာ အသားအရေမှာ နေရောင်ပမာ ထိန်ညီးနေသော မီးအလင်းရောင်အောက် တလက်လက် တောက်ပနေရာ ကြွေရည်ထည် လက်ဖက်ရည် ခွက်များပင် သူမ၏ တောက်ပမှုကို လက်မှိုင်ချ မယှဉ်နိုင်အောင် ဖြစ်နေရလေတော့သည်။

“အထက်တန်း ငွေရည်ဆံဖြူအပ် လက်ဖက်ရည်ပဲ။ ကျင်မြို့မှာရှိတဲ့ ဟူပေါင်ကရတဲ့ နွေဦးရေနဲ့ စိမ်ထားပြီး လက်ဖက်ရည် ခွက်တွေကိုတော့ ကျင်းထယ်မြို့က လုပ်ထားတယ်။ အနံ့အရသာ နက်ရှိုင်းပြီး ရှုမဝနိုင်အောင် ပေါကြွယ်ဝ လှတယ်။ ဒါက အအေးခံထားတဲ့ အရာပေါ့” ရှန်းချန်ဝမ်က ခွက်ကို မြှောက်ရင်း ပြုံးကာ ယုံကြည်မှု အပြည့်နှင့် ပြောလိုက်လေသည်။

“အေးပေါ့။ မမရီဖေး လုပ်ထားတာပဲ။ ချင်းဟွာတောင် မမရဲ့ လက်ရည်ကို မယှဉ်နိုင်ဘူး မဟုတ်လား”

ကျောင်းယို့ယို့ က မခို့တရို့ပြုံးရင်း ပြောလိုက်ပြန်သည်။

“မစ္စတာချန်း… ကျေးဇူးပြုပြီး လက်ဖက်ရည် သုံးဆောင်ပါဦး”

တန်ရီဖေးက လက်ဖက်ရည် တစ်ခွက်ကို ယူပြီး ချန်းဖန်ထံသို့ ကမ်းပေးလိုက်သည်။

“ကျေးဇူးပါပဲ”

ချန်းဖန်က တည်ငြိမ်စွာနှင့် ပြန်ပြောရင်း ခွက်ကို ယူလိုက်လေသည်။

သူ့အတွက်တော့ တန်ရီဖေး ကိုယ်တိုင် လုပ်ထားသည့် လက်ဖက်ရည်မှာ ငွေပိဿ ထောင်ချီ တန်ကြေးရှိလျှင်ပင် ပြောပလောက်သည့် ကိစ္စ မဟုတ်ပေ။

တန်ရီဖေးက ပြုံးလျက်သာ နေလိုက်သည်။ သို့သော် သူမ မျက်ဝန်းထဲတွင်တော့ အံ့ဩသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

ဖန့်ချုံး၏ သူငယ်ချင်း ဖြစ်သည်နှင့်အညီ ဖန့်ချုံး၏ ငယ်ချစ်ဦး အကြောင်းကို သူမ နောကျေအောင် သိသည်။ သို့သော် ထိုစိတ်ရူးထမှုက နှစ်ကာလ ကြာလာသည်နှင့် အမျှ ပပျောက် သွားလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သူမအတွက်တော့ လူအများစုသည် အချစ်ဦး အကြောင်းကို ဂုဏ်ယူရန် လိုလားကြသည် မဟုတ်လော။

ထိုကောင်လေးသည် ကျန်းပေ့မှ လာသည့် တောသား မနူးမနပ်လေး ဖြစ်သည်။ ဖန့်ချုံး ထင်ထား သလောက်လည်း မခမ်းနားနိုင်ဟုလည်း သူမက တွေးထင်ခဲ့သေးသည်။

ထိုကောင်လေးကို လူကိုယ်တိုင် မြင်တွေ့ရမှ သူမ၏ အတွေးကို ပြန်စဉ်းစား ကြည့်သင့်မှန်း တန်ရီဖေး နားလည် လိုက်သည်။ သူမတွင် ပါရမီရှင်များကို နားလည်ခံစားနိုင်သည့် မျက်စိမျိုး ရှိသည်။ ချန်းဖန်၏ သာမန်လျှံကာ အသွင်အပြင်မှ လွဲ၍ ထိုကောင်လေးတွင် အများနှင့်မတူ ထူးခြားဆန်းပြားမှု တစ်ခုခု ရှိနေမှန်းကို ခံစားနေရလေသည်။

“သူက တော်တော်ကလေး အများနဲ့ … မတူတာပဲ။ ယုံကြည်မှု လွန်ကဲတာလား။ ဒါမှမဟုတ် မောက်မာတာလား”

တန်ရီဖေးက ရှေ့မှ ဂုဏ်ပုဒ်သာ ထိုလူငယ်ကလေးတွင် ရှိပါစေဟု ဆုတောင်းမိ လိုက်သည်။

“ချန်းဖန်ဟာ နောင်တချိန်မှာ ကြီးကျယ် ထင်ရှားလာနိုင်တဲ့ လူလား”

တန်ရီဖေးက မျက်မှောင်ကို ကြုတ်ရင်း ခေတ္တမျှ စဉ်းစားလိုက်သည်။ သူမတို့ လက်ရှိ ရောက်နေသည့် နေရာမှာ တန်မိသားစု၏ အပိုင် ကျင်းမြို့တော်တွင် ဖြစ်သည်။ မြို့တော်၏ ရှိရှိသမျှ တိုင်ကွန်းတို့၏ ဓနစည်းစိမ်များ ပေါင်းလျှင်ပင် သူမတို့ မိသားစုကို ယှဉ်ပြိုင်နိုင်စရာ အကြောင်း မရှိ။ လူငယ်လေး တစ်ယောက်ဆိုလျှင် ပို၍ ဝေးစွ ခြောက်ပါး။

“ကိုယ့်အိမ်ကိုယ်ရာလို သဘောထားနေပါ မစ္စတာ ချန်း”

တန်ရီဖေးက ထိုသို့ ပြောရင်း တခြားလူများနှင့် စကားစမြည် ပြောလိုက်တော့သည်။

တန်ရီဖေး၏ သူတို့ အုပ်စု၏ အာရုံစိုက်စရာ လူဖြစ်နေသည်။ သူမသည် အသက်အကြီးဆုံး ဖြစ်သလို အာဏာပါဝါ အမြင့်ဆုံးလည်း ဖြစ်သည်။ တန်ရီဖေး နောက်တွင် လိုက်နေသည်က ရှန်းချန်ဝမ်နှင့် ဖန့်ချုံး ဖြစ်သည်။ တိုတောင်းလှသော အချိန်ခဏလေး အတွင်း ချန်းဖန်မှာ သူတို့အဖွဲ့၏ တက်သစ်စ နာမည်ကျော် ပုဂ္ဂိုလ် ရှန်းချန်ဝမ်နှင့် သဘောထား ကွဲလွဲမှုလေး တချို့ ဖြစ်တည် လာခဲ့တော့သည်။

“ကျင်းမြို့တော် စည်ပင် သာယာရေး စီမံချက်ကို ထုတ်တော့မယ်။ ဝူကျိုးက ဒီတစ်ကြိမ် ထွက်လာမယ် ထင်သလား”

“ဝူကျိုး ကကျိုးဟိုင်နဲ့ အနေနီးလွန်းတယ်။ ငါတော့ မထင်ဘူး”

“ဖက်ဒရယ်က အိမ်ခြံမြေ ဈေးကွက်အတွက် ကြေညာစာတမ်း တချို့ ထုတ်တော့မယ် ကြားတယ်။ ငါ့ဦးလေး တစ်ယောက်က အစိုးရဌာနမှာ အလုပ်လုပ်တာလေ။ သူပြောတာတော့ …”

သူတို့ ဆွေးနွေး ငြင်းခုံနေကြသည့် အကြောင်းများမှာ ချန်းဟူနှင့် သူငယ်ချင်းများ ဆွေးနွေး ငြင်းခုံ နေကြသည့် အကြောင်းနှင့် အတော်ကလေး ခြားနားသည်ကို ချန်းဖန် တွေ့လိုက်ရသည်။ သူတို့သည် ပြိုင်ကားများ၊ အပျော်များကို စိတ်မဝင်စားဘဲ အစိုးရ ပေါ်လစီများ ကိုသာ စိတ်ဝင်စားကြကြောင်းကို တွေ့လိုက်ရ၏။

ဟွာကျီချန်းက စကားအများဆုံး ဖြစ်သည်။ ကိစ္စတိုင်းအတွက် သူ့တွင် ပြောမကုန် နိုင်လောက်အောင် ထင်မြင်ချက်နှင့် စကားများ ရှိနေသလိုပင်။

လျူတရုံ ကတော့ တစ်ခါတလေမှ စကားဝိုင်းထဲ ဝင်ပြောသည်။ သူပြောတိုင်းလည်း ချက်နှင့်လက်နှင့် အကွက်ကျကျ ဖြစ်သည်။

စွန်းဟီ၏ ထင်မြင်ချက်နှင့် စိတ်ကူးမှာ တစ်ခါတစ်ရံ တခြားလူများထက် ပို၍ပင် လက်တွေ့ ကျနေတတ်လေသည်။

ဖန့်ချုံးနှင့် ရှန်းချန်ဝမ် တို့နှစ်ဦးမှာ အချိန်အများစုကို နားထောင် နေတတ်ကြသည်။ သို့သော် စကားဝိုင်းကို ဦးဆောင်နေသူမှာ သူတို့နှစ်ဦးသာ ဖြစ်သည်။ စကားလုံး အနည်းငယ် ဆိုလိုက်ရုံမျှပင် ပြောလိုသည့် ကိစ္စ၏ အဓိကကျသည့် အချက်များကို ဖမ်းဆုပ်ပြနိုင်သည်။ ပြီးလျှင် နောက်ထပ် အကြောင်းအရာ တစ်ခုကို အလိုက်သင့် ခေါ်ဆောင် သွားတတ်လေသည်။ သူတို့နှစ်ဦး၏ ထင်မြင်ယူဆပုံမှာ များစွာ တူညီကြသည်။ ကြီးကျယ် မြင့်မြတ်သော လူတိုင်း ထိုသို့ တွေးတော ပြုမူတတ်သည် မဟုတ်လော။

တန်ရီဖေးကတော့ ဘာမှအပြောဘဲ နှုတ်ဆိတ်၍သာ နေသည်။ သို့သော် အချိန်ကြာလာသည်နှင့် အမျှ မည်သူမျှ မသိသေးသည့် လျှို့ဝှက် သတင်းအချို့ကို ပြောပြခဲ့လေသည်။ သတင်းအချို့မှာ အများ ပြည်သူတို့ကိုပင် ချပြရန် မသင့်တော်သည့် ထိပ်တန်း လျှို့ဝှက်ချက် သတင်းမျိုး ဖြစ်သည်။

ချန်းဖန်နှင့် ကျောင်းယို့ယို့ တို့နှစ်ဦးသာ စကားဝိုင်းကို နားထောင်ရင်း တဖြည်းဖြည်း ပျင်းရိ လာကြလေသည်။

“ဟေ့ … အခြေအနေ ဘယ်လိုလဲ။ နည်းနည်းလေးများ ပျင်းဖို့ ကောင်းလာတယ် မထင်ဘူးလား”

ကျောင်းယို့ယို့က ချန်းဖန်နားသို့ ကပ်လာရင်း စိတ်ပျက်နေဟန်ဖြင့် ပြောလိုက်သည်။ သူမ အနား ကပ်လာသည်နှင့် မွှေးပျံ့သော ရေမွှေးနံ့ တစ်ခုသည် ချန်းဖန်နှာခေါင်းတွင်းသို့ ဝေ့ဝဲလာလေတော့၏။

“မပျင်းပါဘူး”

ချန်းဖန်က အသာအယာ ပြန်ပြောလိုက်၏။

“ဘယ်သူမှလည်း ခြွင်းချက်မရှိ ပြည့်စုံနေတာ မဟုတ်သလို ဘယ်သူမှလည်း တန်ဖိုးမဲ့နေတာ မဟုတ်ဘူးလေ။ ငါ့အရည်အချင်းတွေကို သူတို့ကို မပြခင်အထိ ငါဘာပြောနေတယ်ဆိုတာ သူတို့ သိကြမှာ မဟုတ်ဘူး”

“တချို့က ဘောလုံးကန်တာ တော်ကြတယ်။ တချို့ကတော့ အာဏာလုပွဲမှာ တော်ကြတယ်။ လူအမျိုးမျိုး အတွက် ဂိမ်းအမျိုးမျိုးပေါ့”

ကျောင်းယို့ယို့က မေးလိုက်လေသည်။ “ရှင်ကရော ဘယ်ဂိမ်းမျိုးမှာ တော်တာလဲ”

“လက်သီးထိုးတဲ့ ဂိမ်းလိုမျိုးပေါ့”

ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်လေ၏။

“လက်သီး … တိုက်ခိုက်တာလား”

ကျောင်းယို့ယို့က ခေတ္တမျှ စဉ်းစားသွားပြီး ချန်းဖန်ကို မနှစ်မြို့သည့် ဟန်ဖြင့် ကြည့်လိုက် လေသည်။

သူမကြီးပြင်းလာသည့် လူကုံထံ ပတ်ဝန်းကျင်ကြောင့် တိုက်ခိုက်ခြင်းဖြင့် အသက်မွေးသည့် လူများကို ပင်ကိုယ်အားဖြင့် အထင်သေး တတ်လေသည်။ စွမ်းအား အကြီးဆုံးသော တိုက်ခိုက်ရေး သမားများပင် အမြင့်ဆုံး တိုင်ကွန်းတို့၏ သက်တော်စောင့်များ အဖြစ်သာ အသက် မွေးရတတ်သည်။ သို့သော် တန်ရီဖေးကဲ့သို့သော စစ်မှန်သော အာဏာကို ဆုပ်ကိုင်ထားသည့် လူမျိုးအတွက်တော့ ထိုလူစားမျိုးက ဟာသ မြောက်လောက်သည်။ သူမဆုံးဖြတ်ချက် တစ်ခုတည်းနှင့် လူထောင်ပေါင်း များစွာ၏ ဘဝကို ပြောင်းလဲနိုင်သည်။ ယင်းသည် လက်သီးနှင့် ရယူနိုင်သည်ထက် ပို၍ စွမ်းအားကြီးသည် မဟုတ်လော။

“ရှင် တိုက်ခိုက်တာ ကြိုက်တယ် ဆိုရင် ကျွန်မ သူငယ်ချင်း တချို့နဲ့ လက်ရည်စမ်းလို့ ရတယ်နော်။ ရှင်သာ သူတို့ကို နိုင်ခဲ့ရင် ကျွန်မပေးတဲ့ ဆုလာဘ် တချို့ ရချင်ရမှာပေါ့”

ကျောင်းယို့ယို့က ချန်းဖန်နားသို့ ကပ်သွားရင်း သူ့နားအနီးသို့ ကပ်ကာ ပြောလိုက်လေသည်။

သူမ၏ ပါးပြင် တစ်လျှောက် ပြေးဆင်းသွားသော ထွက်သက် လေပူလေးများကို ချန်းဖန် ခံစား လိုက်ရသည်။ သူမ၏ လေသံကလေးမှာ ဖိတ်ခေါ်သလိုနှင့် ဖြားယောင်း သွေးဆောင်နိုင်စွမ်း အပြည့် ရှိလှပေသည်။

သို့သော် သူမမျက်ဝန်းတွင်းမှ လှောင်ပြောင်မှု အရိပ်အယောင် များကိုတော့ ချန်းဖန်တစ်ယောက် ဂရုမပြုမိလိုက်ချေ။

“ကျောင်းယို့ယို့”

ဖန့်ချုံးက မျက်ဝန်းထောင့်တွင် ပေါ်လာသော စိတ်ပျက်စရာ မြင်ကွင်းကို ရုတ်တရက် မြင်လိုက် ရသည်နှင့် တစ်ဖက်သို့ လှည့်ကာ ကျောင်းယို့ယို့ အား ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ဟား ဟား။ နင်ကလေးဘဝတုန်းက ဘယ်လို ရှက်ဖို့ ကောင်းတာတွေများ လုပ်ခဲ့သလဲလို့ ငါက သူ့ကို တိုးတိုးကလေး မေးနေတာပါ။ အဲလောက်လည်း အသည်းအသန်ကြီး မဖြစ်နေပါနဲ့”

ကျောင်းယို့ယို့က အက်ကွဲစွာ ပြုံးရင်း ချန်းဖန် တစ်ယောက်သာ သိနိုင်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။ သူမက ပါးစပ်လှုပ်ရုံသာ လှုပ်ရင်း

“မမေ့နဲ့နော်” ဟု ချန်းဖန်ကို ပြောလိုက်လေသည်။

“တော်တော်ရူးတဲ့ ကောင်မလေးပဲ”

ချန်းဖန်က ပြုံးရင်း စိတ်ထဲမှ ပြောလိုက်သည်။

စကားဝိုင်းမှာ အချိန်ခဏကြာလျှင် ပြီးဆုံး သွားလေတော့သည်။ နောက်ဆုံးတွင် အားလုံး အိမ်ပြန်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

တက္ကသိုလ် ဝင်ပေါက်နားသို့ ရောက်သည်နှင့် ဖန့်ချုံးက ချန်းဖန်အား တိတ်ဆိတ်နေသော လမ်းထောင့် တစ်ခုသို့ ဆွဲခေါ်လာပြီး မေးလိုက်လေသည်။

“နောက်ကျနေပြီ။ နင် ဘယ်မှာနေမှာလဲ။ နင့်အတွက် ဟိုတယ် ဘွတ်ကင် လုပ်ပေးရဦးမလား”

“ရပါတယ်။ ငါအဆောင်ပဲ ပြန်မှာပါ”

ချန်းဖန်က စီးပွားရေးကျောင်းရှိရာဘက်သို့ လက်ညှိုးညွန်ရင်း အပြုံးနှင့် ပြောလိုက်လေသည်။

“အဲဒီက ကျောင်းသားလေ။ ကျင်းမြို့တော် တက္ကသိုလ်ဝင်ခွင့် မရခဲ့ပေမဲ့ နင့်ကို နေ့တိုင်းမြင်ဖို့တော့ နီးနီးလေးမှာ ရှိနေနိုင်ခဲ့တာပဲ”

“တကယ်”

ဖန့်ချုံး၏ မျက်ဝန်းအစုံမှာ ပျော်ရွှင် ဝမ်းသာမှုကြောင့် အရောင်လေး လက်သွားသည်။

“အဆောင် ပိတ်တော့မယ်။ နင်အခု ပြန်သင့်ပြီ။ နောက်ကျမှ ငါတို့ တွေ့ကြတာပေါ့”

ချန်းဖန်က ကြိုးစားပြုံးရင်း မိန်းကလေး အဆောင်ရှိရာသို့ လမ်းလျှောက် သွားလိုက်လေသည်။ နှုတ်ဆက်စကား အသီးသီး ဆိုကြပြီးနောက် ဖန့်ချုံးသည် မိန်းကလေး အဆောင်တွင်းသို့ တရွေ့ရွေ့ တိုးဝင် သွားလေတော့၏။

သူတို့နှစ်ဦး၏ ဆက်ဆံပုံကို အဆောင်နေ ကျောင်းသူများ မြင်တွေ့ သွားကြလေသည်။

နောက်တစ်နေ့မနက် ကျင်းမြို့တော် တက္ကသိုလ် ရပ်ဝန်းတွင် သတင်းစကားတစ်ခု ပျံ့နှံ့လျက် ရှိနေတော့၏။ ယင်းမှာ ဖန့်ချုံးဟူသော အလှနတ်ဘုရားမလေးတွင် ချစ်သူရည်းစား ရှိနေပြီဟူသော သတင်းတည်း။

***

All Chapters