← Chapters

တောက်ပနေတဲ့ မင်းရဲ့ အနာဂတ်

Vol. 3 Ch. 226

တောက်ပနေတဲ့ မင်းရဲ့ အနာဂတ်

Vol. 3 Ch. 226

“နင်မကြားသေးဘူးလား။ စီးပွားရေး စီမံခန့်ခွဲမှု သင်တန်းက ကျောင်းသူအသစ် ဖန့်ချုံးမှာ အခု ရည်းစား ရှိနေပြီတဲ့”

“အေး … ငါလည်း အခုလေးတင် အဲဒီ သတင်းကြားလာတာ။ အတော်ကလေး မြန်တာပဲနော်”

“ဘာ … ငါတော့ မကြားမိသေးပါဘူး”

အားလုံးမှာ ထိုသတင်း အကြောင်းသာ ဆွေးနွေး ငြင်းခုံနေကြသည်။ နောက်ထပ်ဆင့်ပွား သတင်း တစ်ပုဒ်သည်လည်း အဆောင်တလျှောက် စတင် ပျံ့နှံ့နေပြီ ဖြစ်၏။ ယင်းမှာ ဖန့်ချုံး၏ ရည်းစားမှာ စီးပွားရေးကျောင်းမှ ဘာမှမဟုတ်သည့် လူငယ်လေး တစ်ယောက် ဖြစ်သည်ဆိုသော အချက်ပင် ဖြစ်တော့သည်။

ပင်ယံနန်းထက်မှ ပန်းပွင့် ကလေးတပွင့်သည် စီးပွားရေး ကျောင်းသား တစ်ယောက်၏ ခူးဆွတ်ခြင်းကို ဤမျှ အလွယ်ကလေး ခူးဆွတ် ခံခဲ့ရပြီလော။ ယင်းမှာ ကျင်းမြို့တော် တက္ကသိုလ်မှ ယောကျ်ားလေး ကျောင်းသားတိုင်းကို သတ္တိရှိရှိ စော်ကားလိုက်သော အလုပ် ဖြစ်တော့သည်။ ညတွင်းချင်း ချန်းဖန်မှာ ကျင်းမြို့တော် တက္ကသိုလ်တိုင်း၏ ဘုံရန်သူ တစ်ပါး ဖြစ်သွားလေတော့၏။

ထိုစဉ်အတောအတွင်း အများ၏ မျက်လုံး ဒေါက်ထောက် ကြည့်ခြင်းကို ခံနေရသည့် သူတို့နှစ်ဦးမှာ လက်ချင်းချိတ်ရင်း မနက်စာကို အတူတူ သုံးဆောင်နေကြ၏။ ကျောင်းစာကြည့်တိုက် တွင် ဆုံတွေ့ ကြလေတော့၏။ နေ့လယ်ဆိုလျှင် ကျင်းမြို့တော် တစ်ခွင် တူယှဉ်တွဲလျက် လည်ပတ် ပျော်ရွှင် နေကြလေတော့၏။

ချန်းဖန်နှင့် ဖန့်ချုံးတို့ နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ ၆ နှစ်မျှ ကြာမြင့်ပြီ ဖြစ်သော်လည်း သူတို့နှစ်ဦး၏ စိတ်သဘော မီးတောက်အို ကလေးကို ပြန်လည် ထွန်းညှိဖို့တော့ အချိန်သိပ်မကြာခဲ့ချေ။

ကျင်းလင်မြစ်တွင် တည်ရှိသည့် အလယ်အလတ် အဆင့်ရှိသည့် ဒင်ဆမ်း စားသောက်ဆိုင် အတွင်းတွင် ဖြစ်သည်။

“ရှောင်ဖန်း … အရင်တုန်းကလိုမျိုး ချောကလက်ကို ကြိုက်သေးလား”

ဖန့်ချုံးက အချစ်ရည် ရွှန်းလဲ့နေသော မျက်ဝန်းများနှင့် ချန်းဖန်အား ကြည့်ရင်း ချောကလက် ပန်းကန်ကို သူ့ထံသို့ တွန်းပေး လိုက်လေသည်။

“အင်း … နင်လည်း မပြောင်းလဲသေးဘူး။ အအေးတွေကို သောက်နေတုန်းပဲနော်။ နင် ရာသီလာတုန်းက အဲဒီ အအေးတွေက နင့်ကို ဒုက္ခပေးတာ မှတ်မိသေးလား”

ချန်းဖန်က သူမအား ပြန်စလိုက်သည်။

“တော်ပြီ။ ငါ့ကို လာနောက်မနေနဲ့တော့”

ဖန့်ချုံး က ဒေါသသံလေးနှင့် ပြန်ပြောလိုက်သည်။

ချန်းဖန်နှင့် စကားဆို နေချိန်တိုင်း သူမမှာ အေးစက် မာကျောလှသော အလှနတ်ဘုရား မလေးမှသည် ချစ်စရာ ကောင်း၍ နှစ်လိုဖွယ်ရှိသည့် အိမ်နီးချင်း ကောင်မလေး တစ်ယောက်အဖြစ် ပြောင်းလဲ သွားတတ်လေသည်။ စွန်းဟီ ကျောင်းယို့ယို့ နှင့် တခြား သူငယ်ချင်းများသာ သူမဖြစ်နေပုံကို မြင်လျှင် အံ့ဩနေကြမည် ဖြစ်၏။

“အာ .. အ .. ဒါမှ ငါသိတဲ့ ရှောင်ချုံး အစစ်အမှန်ပဲ”

ချန်းဖန်က ထပ်မံ နောက်ပြောင် လိုက်ပြန်သည်။

ဖန့်ချုံးမှာ ချန်းဖန်ကို ပြန်လည် ခွန်းတုံ့ပြန်ရန် ပြင်လိုက်ပြီးမှ ခေတ္တမျှ ငြိမ်သက် သွားလေသည်။ ပြီးလျှင် သူမ မျက်နှာပေါ်မှ အပြုံးတို့ ရုတ်တရက် ကွယ်ပျောက် သွားလေ၏။ သူမက ဝမ်းနည်းနေသော လေသံကလေးနှင့်

“ငါတို့လည်း ကြီးပြင်းလာပြီပဲ။ နင်လည်း သိပါတယ်။ ငါ ကျင်းမြို့တော်ကို ပြောင်းလာပြီး ကတည်းက အရမ်း အထီးကျန်တာပဲ။ ငါ့နားမှာ လူတိုင်း ဝိုင်းဝိုင်းလည် နေကြပေမဲ့ ငါ ဘယ်သူ့ကိုမှ မသိဘူး။ နင်ကတော့ ငါ့ထက် သာပါတယ်လေ။ ဒါပေမဲ့ အကူအညီမဲ့ပြီး အထီးကျန် နေခဲ့ခြင်းက ငါ့ဘဝကို သူငယ်ချင်း အသစ်တွေကြားမှာ သူများ တကာထက် သာအောင် ခက်ခက်ခဲခဲ ကြိုးစား စေခဲ့တယ်လေ။ ပြီးတော့ ငါတို့ဒီကို ပြောင်းလာကတည်းက အဖေ့ ကျန်းမာရေးကလည်း ကောင်းတစ်လှည့် ဆိုးတစ်လှည့်။ ငါ့လိုပဲ သူလည်း ကူကယ်ရာ မဲ့နေသလိုမျိုး။ သူ့အတွက်တော့ ငါဟာ တစ်ဦးတည်းသော ကူညီနိုင်မယ့်လူပေါ့”

၆ နှစ်တာ ခရီးကြမ်းကြီးကို ဖြတ်ကျော်ခဲ့ရသည့် မိန်းကလေး တစ်ယောက်၏ ရင်ဖွင့်စကား များကို ချန်းဖန်က နှုတ်ဆိတ်လျက်သာ နားထောင်နေလိုက်သည်။ ယခင်ဘဝက တချို့ ကိစ္စများကို သူ ကြားဖူးပါသည်။ သို့သော် တချို့ကိစ္စများ ကိုတော့ ယခုမှ ပထမဆုံး အကြိမ်အဖြစ် ကြားဖူးခြင်း ဖြစ်သည်။ ချန်းဖန်၏ ရင်တွင်းတွင် နွေးထွေးသော ခံစားမှုတစ်ခုသည် တဖြည်းဖြည်းနှင့် ရစ်ပတ် ထွက်ပေါ်လာလေ၏။

“ရှောင်ချုံး စိတ်မပူပါနဲ့တော့။ နင့်နားမှာ ငါရှိနေပြီပဲ။ နင့်ပုခုံးပေါ်က တာဝန်တွေကို ငါလည်း ကူထမ်း ပေးမှာပေါ့။ နင့်ကို ကာကွယ်ပေးမယ်။ ကမ္ဘာကြီး တစ်ခုလုံး နင်လိုချင်တယ် ဆိုရင်တောင် တကမ္ဘာလုံးကို ရင်ဆိုင်ယှဉ်ပြိုင်ပြီး နင့်လက်ထဲကို ထည့်ပေးမယ်”

ချန်းဖန်က သူမ၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်ရင်း လေးနက် တည်ကြည်သော အမူအရာနှင့် ပြောလိုက်လေ၏။

ဖန့်ချုံးက သက်ပြင်းကို မသိမသာချရင်း နူးညံ့စွာ ပြောလိုက်လေသည်။ “ရှောင်ဖန်နင် မကြိုးစားဘူးဆိုရင် ငါ့မိသားစုကို ဘယ်သူ ထောက်ပံ့မှာလဲ။ မင်းဒီအဖွဲ့ကို ဘယ်သူ ဦးဆောင်မှာလဲ။ ငါက တစ်ဦးတည်းသော သမီး။ ပြီးတော့ တစ်ခုတည်းသော မျှော်လင့်ချက်”

ဖန့်ချုံးက စကားဆိုနေရာမှာ ရပ်လိုက်ပြီး ပြုံးလိုက်သည်။

“ငါ့မှာလည်း ကိုယ်ပိုင် အိပ်မက်တွေ ရှိတာပေါ့။ ဒါပေမဲ့ ငါ့အိပ်မက်က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ မဟုတ်ဘူး။ ငါ့အိပ်မက်က ကမ္ဘာကြီးထဲက အကောင်းဆုံး တက္ကသိုလ်မှာ အကောင်းဆုံး ပညာရေးတွေကို သင်ကြားမယ်။ ပြီးတော့ ကမ္ဘာကြီးကို ထိန်းချုပ်နေတဲ့ တကယ့် အီလစ် လူတန်းစားတွေ ဘယ်လို နေထိုင်ကြတယ်ဆိုတာ တွေ့ချင်တယ်”

ချန်းဖန်က လက်ကို နောက်ပစ်ရင်း ရှောင်ချုံးအား ပြန်ပြုံးပြလိုက်သည်။ ရှောင်ချုံး၏ အဖြေနှင့် ပတ်သက်၍ သူ့စိတ်ထဲ အတော်လေး ကျေနပ်သွားမိသည်။

ဒါမှ သူမှတ်မိခဲ့သော ဖန့်ချုံး ဖြစ်သည်။ ကမ္ဘာကြီးထဲတွင် ဖြစ်စေ၊ အင်မော်တယ် ကမ္ဘာကြီးတွင် ဖြစ်စေ သူမဆိုသော မိန်းကလေးသည် သူ့ထက် အမျှော်အမြင်ကြီး၍ ဆန္ဒပြင်းပြသူသာ ဖြစ်၏။

“ဒါဖြင့်လည်း နင့်အိပ်မက်တွေ အတွက် တိုက်ခိုက်ပေါ့ ရှောင်ချုံး။ နင့်အနားမှာ ငါအမြဲရှိနေပြီး နင်ကျရှုံးတဲ့ အခါတိုင်း နင့်ကို ဖေးမပေးမယ်။ ကမ္ဘာကြီးတစ်ခုလုံး ငါ့အိပ်ကပ်ထဲမှာ ရှိနေပြီး နင်အလိုရှိသမျှ ပေးဖို့ စောင့်ဆိုင်း နေမယ်ဆိုတာ တစ်နေ့ကျရင် နင် နားလည် လာပါလိမ့်မယ်”

ချန်းဖန်က အဝေးသို့ တဖြည်းဖြည်း ထွက်ခွာသွားသော ကောင်မလေးကို ကြည့်နေမိသည်။ မြစ်တစ်ဖက်ကမ်းတွင်တော့ မီးရှုးမီးပုံးများ ပစ်ဖောက်နေကြ၏။

တဖျတ်ဖျတ် လင်းလက်သွားသော မီးရှူုးမီးတောက်တို့၏ အလင်းရောင်သည် မှောင်မိုက်နေသော ညကောင်းကင်ယံကို ထွန်းဖောက်ကာ တစ်ဖက်မြစ်ကမ်းပါး တစ်ခုလုံး လင်းထိန် သွားလေတော့၏။

ကျင်းမြို့တော်၏ ဝမ်ရုန် တော်ဝင်သစ် အဖွဲ့အစည်း အတွင်းရှိ အမှတ်တစ် အိမ်ကြီး ရခိုင် အတွင်းတွင် ဖြစ်သည်။

ဝမ်ရုန်တော်ဝင်သစ် အဖွဲ့အစည်းသည် ဝမ်ရုန်အဖွဲ့၏ ဦးစီးမှုနှင့် အတူ ဖွံ့ဖြိုး တိုးတက်လာသော ထိပ်တန်း အိမ်ခြံမြေ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဤအရပ်မှ ဈေးအပေါဆုံး အိမ်ပင်လျှင် ယွမ် ၁၀သန်းမျှ ကျသင့်သည်။ အမှတ်တစ် အိမ်ကြီးဆိုလျှင် ယွမ် သန်း ၂၀ မျှ တန်ကြေး ရှိနိုင်လေ၏။ သို့သော် အိမ်ကြီးကို တည်ဆောက်ပြီး ကတည်းက ရောင်းချရန် ဈေးတစ်ခါမှ မသတ်မှတ်ခဲ့ချေ။ ရှန်းရုန်ဟွာ သည် ဤအိမ်တော်ကြီးအား သားတော်မော် အတွက် လက်ဆောင် အဖြစ် ချီးမြှင့်ခဲ့လေသည်။

ရှန်းချန်ဝမ် တစ်ယောက် အိမ်ကြီး၏ ဒုတိထပ် ရုံးခန်းအတွင်း ထိုင်နေလေသည်။ သူက ရှေ့မှ စာရွက်များအား စိတ်ဝင်တစားနှင့် လေ့လာ ဖတ်ရှုနေလေ၏။

“သခင်လေး … ဒါ ချန်းဖန်နဲ့ပတ်သက်လို့ ကျွန်တော် ရှာလို့ရသမျှ အကုန်ပါပဲ”

အခန်းထောင့်တွင် ရှိနေသော သက်လတ်ပိုင်း အရွယ် လူတစ်ယောက်က တလေးတစားနှင့် ပြောလိုက်လေသည်။

ပြည်သူပိုင် ကုမ္ပဏီ တစ်ခု၏ အဆင့်မြင့် မန်နေဂျာတစ်ယောက် ဖြစ်သည်နှင့်အညီ တနှစ်ကို မီလီယံ ပေါင်းများစွာ ရှာဖွေ ပေးနေနိုင်သည့် သူ၏ ဆုံးဖြတ်ချက် များသည် လူထောင်ပေါင်းများစွာ၏ ဘဝကို ရိုက်ခတ်မှု ရှိနေမည်သာ ဖြစ်၏။ သို့သော် သူ့ထက်ပင် အသက် ၂၀ ခန့် ငယ်ရွယ်သည့် ရှန်းချန်ဝမ် ရှေ့တွင် မတ်တတ် ရပ်နေသည့် အချိန်တွင် အသက်ကိုပင် ရဲရဲ မရှုရဲချေ။

ချောမောခန့်ညားသော ထိုလူငယ်လေး၏ ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများကို ထိုလူက သိလေသည်။ ကုမ္ပဏီကို စတင် တည်ထောင် ကတည်းက သူ့ဖခင် ရှန်းရုန်ဟွာ နောက်သို့ လိုက်ခဲ့သည့် ဝန်ထမ်းဟောင်းပေါင်း မြောက်မြားစွာ ရှိနေသေးသည်။ တချို့မှာ ထိုလူငယ်ကလေးကို အထင်သေးကြ၏။ အထင်သေးသည့် လူတိုင်းသည် ပင်စင်ကြေးပင် မရဘဲ ကုမ္ပဏီမှ ကန်ထုတ်ခြင်း ခံခဲ့ရ၏။ တချို့ဆိုလျှင် ထောင်နံရံများ ကြားသို့ပင် ဝင်ခဲ့ရ၏။

“ချန်းဖန် … ၁၉၉၀ ခုနှစ်ဖွား။ အသက် ၁၈ နှစ်ရှိ။ ကျန်းပေ့နယ် ချူကျိုး မြို့တွင် ကြီးပြင်းခဲ့။ စီရှူမူလတန်းကျောင်းကို တက်ရောက် ခဲ့ပြီးနောက် စီရှူကောင်တီ အထက်တန်း ကျောင်းသို့ တက်ရောက် သင်ကြားခဲ့။ ၁၂ တန်းတွင် ချုကျိုးမြို့မှ အိုင်ဗီအထက်တန်း လိဂ်ကျောင်းသို့ ကူးပြောင်းခဲ့သည်။ ပြည်ထောင်စု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက် မဖြေဆိုခဲ့။ ထို့အတူ စီးပွားရေး ကျောင်းသို့ တက်ရောက် ပညာသင်ကြား နေရသည့် အကြောင်းရင်းကိုလည်း မသိနိုင်သေး”

ရှန်းချန်ဝမ် က ချန်းဖန်၏ မှတ်တမ်းကို တိတ်ဆိတ်စွာ ဖတ်ရှုနေလေသည်။

သူက ချန်းဖန်လိုလူမျိုးကို မျက်စိထဲ ထည့်ခဲ့သည် မဟုတ်ပေ။ ထိုသာမန်ပုံ ရှိသည့် လူငယ်ကလေးမှာ သူ့အတွက် ဘာအန္တရာယ်မှ မပေးနိုင်လောက်။ သူ့အတွက် မှုစရာ မရှိ။ သို့သော် ချန်းဖန်နှင့် ဖန့်ချုံး တို့နှစ်ယောက်၏ ကောလာဟလ သတင်းများ ကျောင်းသားများကြား ပျံ့နှံ့လာခဲ့ရာ သူ့အတွက် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ဖန့်ချုံးမှာ သူ့အတွက် အမြင့်ဆုံး ဆုလာဘ် တစ်ခု၊ သူဆုပ်ကိုင်ထားရမည့် နောက်ဆုံး ခံတပ်တစ်ခုလည်း ဖြစ်သည်။

ရှန်းချန်ဝမ်သည် ကောက်ကျစ်သော လူတစ်ယောက် ဖြစ်သည်။ ကိစ္စများကို အစီအစဉ်တကျ လုပ်ဆောင် တတ်ရန် လိုကြောင်း သူ နားလည် သဘောပေါက် ထားသည်။ ထို့ကြောင့် သူက ချက်ချင်း မတုံ့ပြန်ခဲ့ချေ။ သူက ချန်းဖန်၏ နောက်ကြောင်း ရာဇဝင်ကိုသာ စုံစမ်း ရှာဖွေနေခဲ့၏။ သတင်း အချက်အလက် အစုံရသွားပြီ ဆိုသည်နှင့် ချန်းဖန်နှင့် ရင်ဆိုင်ရမည့် နည်းလမ်းကို စဉ်းစားသုံးသပ်မည် ဖြစ်သည်။ ချန်းဖန်ကို လုပ်ကြံသတ်ဖြတ်သင့်လျှင် လုပ်ကြံ သတ်ဖြတ်ရမည်။ သို့မဟုတ် ဖန်မိသားစုကို နှစ်ခြမ်းကွဲအောင် ဖိအားပေးသင့်လျှင် ပေးရပေမည်။

ချန်းဖန်သည် ဖန့်ချုံး အမေ၏ စစ်ဆေးမှုကို ကျော်ဖြတ် နိုင်လိမ့်မည် မဟုတ်ဟု သူ ယုံကြည် ထားသည်။ ဖန့်ချုံး ၏ အမေမှာ ရုပ်ဝါဒီသမား ဖြစ်သည်။ ထို့ကြောင့် သူမသမီးကို ဘာမှမရှိသည့် အလကား လူတစ်ယောက်နှင့် သဘောတူမည်လည်း မဟုတ်ပေ။

“မိသားစုနောက်ကြောင်း -  သူ၏ ဖခင်မှာ စိုက်ပျိုးရေးဆိုင်ရာ ရေနုတ်မြောင်းများကို စီမံခန့်ခွဲရသည့် အရာရှိ ချန်းကျီရှင်း ဖြစ်သည်။ ကျင်းမြို့တော်မှ ချန်းမိသားစုဝင် တစ်ဦး ဖြစ်ပြီး ချန်းဟိုင်ရွှမ်း ၏ တတိယ မြောက်သားလည်း ဖြစ်သည်”

ရှန်းချန်ဝမ်မှာ ပထမဆုံး စာကြောင်းကို ဖတ်လိုက်ရချိန်၌ စိတ်အေးလက်အေး ဖြစ်သွား လေသည်။ ချန်းဖန်၏ ဖခင်မှာ သာမန်အရာရှိ တစ်ယောက်သာ ဖြစ်၏။ ရှန်း မိသားစုသည် ချန်းဖန်၏ မိသားစုကို လက်ဖျောက် တစ်ချက်တီးရုံနှင့် ချေဖျက်နိုင်လေပြီ။

သို့သော် ဒုတိယ စာကြောင်းကို ဖတ်လိုက်ရချိန်၌ သူ မျက်မှောင်ကြုတ် သွားလေသည်။

“ချန်းဖန်က ကျင်းမြို့တော်က ချန်းမိသားစုဝင် တစ်ယောက် ဟုတ်လား”

လွန်ခဲ့သော နှစ်ဝက်က ဆိုလျှင် ကျင်းမြို့တော်၏ ချန်းမိသားစုဝင် ဆိုသော ကိစ္စက သူ့အတွက် သိပ်ခေါင်းစားစရာ မဟုတ်ပေ။ သို့သော် ချန်းမိသားစု၏ လွှမ်းမိုးနိုင်မှုသည် ရုတ်ခြည်း မြင့်မားလာခဲ့၏။ ချန်းမိသားစု ခေါင်းဆောင် သုံးယောက်သည် စီးပွားရေး လုပ်ငန်းများတွင် သူမတူအောင် ထူးချွန်ကြပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများလည်း ဖြစ်ကြ၏။ သူတို့ အားလုံးသည် ယခုအခါ ရှန်း မိသားစုနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်ပြီ ဖြစ်၏။

“ဒါကြောင့်လည်း ဒီကောင်က သူ့ကိုယ်သူ ယုံကြည်မှုတွေ မြင့်မားနေတာကိုး။ သူက ချန်းမိသားစုဝင် တစ်ယောက်ပဲကိုး”

ရှန်း ဂျန်းနင်း၏ မျက်လုံးတွင် စိုးရိမ်ပူပန်မှု တချို့ ဖြတ်ပြေးသွားလေသည်။

သို့သော် ချန်းဖန်နှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲကိုတော့ သူ့ဘက်မှ အလွန် စိတ်ချ ယုံကြည် ထားသေးသည်။ ချန်းမိသားစုဝင် များသည် ငွေဂုဏ်ကြေးဂုဏ် ကြီးမြင့်ကြသည် ဆိုသော်လည်း ပိုင်ဆိုင်သမျှ စည်းစိမ် အားလုံးကိုတော့ လူတစ်ယောက်တည်း ပေါ်တွင် စုပြုံ အောထားကြမည် မဟုတ်ပေ။ စုပြုံ အောထားမည် ဆိုလျှင်လည်း ထိုလူသည် ချန်းဖန် မဖြစ်နိုင်။ အဘယ့်ကြောင့် ဆိုသော် ချန်းအန်သည် ချန်းဖန်ထက် ပို၍ သင့်တော်သော အမွေဆက်ခံသူ ဖြစ်နေ၍ ဖြစ်သည်။ တခြားတစ်ဖက်တွင် ရှန်းချန်ဝမ် ဆိုသည်မှာ ရှန်းမိသားစု၏ တစ်ဦးတည်းသော အမွေ ဆက်ခံပိုင်ခွင့် ရှိသူ ဖြစ်သည်။

“မိခင်ဖြစ်သူမှာ ဝမ်ရှောက်ယွင် ဖြစ်သည်။ သူမသည် ရန်ကျင်းမြို့မှ သာမန် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ယခုအခါတွင် ချန်းအဖွဲ့၏ စီအီးအို တစ်ယောက် ဖြစ်နေလေသည်။ ထို့အတူကျိုးဟိုင် မြို့မှ ကျင်းဟူ အဖွဲ့၏ ပိုင်ရှင်လည်း ဖြစ်သည်”

ချန်းဖန် အမေအကြောင်း ဖတ်လိုက်ရသည့် ရှန်းချန်ဝမ်၏ မျက်နှာမှာ ဖျော့တော့ သွားလေတော့သည်။

“သေစမ်း … ဒီကောင်က ဝမ်ရှောက်ယွင် ရဲ့ သားပဲ”

ချန်းကျီရှင်းနှင့် နှိုင်းယှဉ်လျှင် ရှန်းချန်ဝမ်သည် ဝမ်ရှောက်ယွင် အကြောင်း ပိုသိလေသည်။ ဝမ်ရုန်အဖွဲ့နှင့် ကျင်းဟူ အဖွဲ့သည် တရုတ်ပြည်၏ အကြီးမားဆုံး အိမ်ခြံမြေ ကုမ္ပဏီများ ဖြစ်ပြီး သူတို့၏ အဓိက ပြိုင်ဘက်များလည်း ဖြစ်သည်။ ကျင်းဟူ အဖွဲ့သည် လွန်ခဲ့သော ၆ လအတွင်း ဝမ်ရုန် အဖွဲ့ထက်ပင် အလွန်အမင်း ကြီးထွားလာပြီး ကျိုးဟိုင်ရှိ မြေကွက် အတော်များများကို လက်ဝယ် ရရှိခဲ့လေသည်။ အိမ်ခြံမြေဈေးမှာ စတင် မြင့်တက်လာပြီး ကျင်းဟူ အဖွဲ့သည် အခြားသော အိမ်ခြံမြေ အဖွဲ့အစည်းများကြား အနိုင်ရသူအဖြစ် မားမားမတ်မတ် ရပ်တည် နိုင်ခဲ့လေသည်။ ထိုစဉ်ကတည်းက ဝမ်ရှောက်ယွင်ကို အဆုံးမသတ်နိုင်သော သူမ၏ အောင်မြင်မှု များကြောင့် ကျင်းဟူ၏ ဘုရင်မကြီးအဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြလေသည်။

“ဝမ်ရှောက်ယွင်မှာ အန်းရာလို့ခေါ်တဲ့ သမီးတစ်ယောက်ပဲ ရှိတယ် ထင်နေတာ။ သူ့ရဲ့ သားဆိုတာက ဘယ်က ထွက်လာတာလဲ”

ရှန်းချန်ဝမ် တစ်ယောက် ဖိအားများကို စတင်ခံစားလာရပြီ ဖြစ်၏။

“ဒီကောင်က ချန်းမိသားစုရဲ့ အမွေဆက်ခံသူ တစ်ယောက်သာ မကဘဲ ဝမ်ရှောက်ယွင်ရဲ့ သားလည်း ဖြစ်နေတာပဲ။ ပြီးတော့ ဖန့်ချုံး ရဲ့ ငယ်သူငယ်ချင်း”

နောက်ဆုံးတော့ ရှန်းချန်ဝမ် တစ်ယောက် ဆွံ့အ သွားလေတော့သည်။

ချန်းဖန်သည် ရုတ်ခြည်း ဖျက်ဆီး၍မရနိုင်သည့် လူတစ်ယောက် ဖြစ်ခဲ့ချေပြီ။ ချန်းမိသားစု၏ အဆင့်သည်ပင် သူနှင့် တန်းတူ ယှဉ်နိုင်ပြီ ဖြစ်၍ ချန်းဖန်ကို ရင်ဆိုင်ရာ၌ အသုံးပြနိုင်မည့် နည်းလမ်း များမှာလည်း အကန့်အသတ် ရှိလာပြီ ဖြစ်၏။

“ဖန့်ချုံးရဲ့ အမေကတော့ ချန်းဖန်ရဲ့ နောက်ကြောင်းကို သိတာနဲ့ သူ့သားမက်အဖြစ် ကျေကျေနပ်နပ်ကြီး လက်ခံတော့မှာပဲ”

ရှန်းချန်ဝမ်က သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။

သူက ဖန့်ချုံး၏ အမေအကြောင်း ကောင်းကောင်း သိသည်။ သူ့အမေသည် လောဘကြီးလွန်း၍ သူနှင့် နေရာ ချပေးရန် အကြိမ်ကြိမ် သမီးဖြစ်သူကို နားချခဲ့သူ ဖြစ်၏။ ရုတ်တရက် ပေါ်လာသည့် ဖန့်ချုံး၏ ငယ်သူငယ်ချင်းလေးမှာ နောက်ထပ် လူချမ်းသာလေး တစ်ဦးမှန်း သိလိုက်သည်နှင့် သဘော ပြောင်းသွားလိမ့်မည် ဖြစ်သည်။

“ဒါပေမဲ့ အခွင့်အရေး တစ်ခုတော့ ရှိသေးတယ်။ ချန်းဖန်ကို ကြည့်ရတာ သာမန် လူတစ်ယောက်ပဲ။ အထက်တန်းကျောင်း နောက်ဆုံးနှစ်ကိုတောင် ကျော်ပြီး ပြည်ထောင်စု တက္ကသိုလ် ဝင်ခွင့် စာမေးပွဲကိုလည်း လွဲခဲ့သေးတယ်။ အဆုံးတော့ ကျင်းမြို့တော်က စီးပွားရေး ကျောင်းလိုမျိုး ဒုတိယ အဆင့်ရှိတဲ့ ကောလိပ်ကျောင်းပဲ တက်နိုင်ခဲ့တာပဲ။ ဒီအချက်ကို လုံးဝ အမြတ် ထုတ်ရမယ်”

ရှန်းချန်ဝမ်က ခုံကို လက်နှင့် စည်းချက်ကျကျ ခေါက်ရင်း ချန်းဖန်၏ အားနည်းချက်များကို စိတ်ထဲတွင် တွက်ချက် ကြည့်နေလိုက်၏။

ချန်းဖန်မိသားစု နောက်ကြောင်းမှာ သူနှင့် တန်းတူ ယှဉ်နိုင်သော်လည်း ချန်းဖန်၏ စွမ်းဆောင်ရည်မှာ သူ့ထက် များစွာ နိမ့်ကျ နေသေးသည်။

အသက် ၁၈ နှစ် အရွယ်ကတည်းက ရှန်းချန်ဝမ်သည် မြို့တော်၏ အထက်တန်းလွှာ တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ တိကျမှန်ကန်သော လုပ်ဆောင်မှုများနှင့် အများမယှဉ်နိုင်သည့် ဗဟုသုတ များကြောင့် ဝမ်ရုန်အဖွဲ့၏ အမွေခံအဖြစ် သတ်မှတ် ခံခဲ့ရသည်။ တခြားတစ်ဖက်တွင် ချန်းဖန်မှာ ဘဝတစ်လျှောက်လုံး ဘာမှမလုပ်ဘဲ အလကား သက်သက် အချိန်ဖြုန်းနေသည့် လူပေလူတေ တစ်ယောက်သာ ဖြစ်သည်။

ရှန်းချန်ဝမ် က ဖန့်ချုံး မိဘများစိတ်ထဲ၌ ချန်းဖန်ထက် သူ့ပညာ အရည်အချင်းက ပို၍ သာနေလိမ့်မည်ဟု တထစ်ချ တွက်ချက် လိုက်လေသည်။

“ဟူး … ဒီကောင်က သုံးစားမရတဲ့ အပေအတေ တစ်ကောင်ပဲ။ ပြီးတော့ ဒီပြိုင်ပွဲမှာ ရှုံးရတော့မယ်”

ရှန်းချန်ဝမ် အေးစက်စက် ပြုံးရင်း သူ့အကြံအစည်ကို စတင် ရေးဆွဲလိုက်လေတော့၏။

ရုတ်တရက် တံခါးဝတွင် အသံတသံကို ကြားလိုက်ရလေသည်။

“မင်္ဂလာနံနက်ခင်းပါ သခင်လေး”

စာကြည့်ခန်း တံခါးမှာ ပွင့်သွားပြီး သက်လတ်ပိုင်း အရွယ်ရှိ လူတစ်ယောက် ဝင်လာလေသည်။ သူ့နောက်တွင် ဆံပင်ရှည်ရှည် အဘိုးအို တစ်ယောက်က လိုက်လာလေ၏။

“အဖေ … ဦးလေး လင်.. ဘယ်လိုကြောင့် ဒီလောက်မြန်မြန် ပြန်လာကြတာလဲ”

ရှန်းချန်ဝမ်က မတ်တတ်ရပ်ရင်း သိလိုဇောနှင့် မေးလိုက်လေ၏။ ဖခင်ဖြစ်သူ တစ်ယောက် ကျန်းပေ့မြို့မှ ဒီလောက် မြန်မြန်ဆန်ဆန် ပြန်လာလိမ့်မည်ဟု မထင်ထားမိချေ။

သက်လတ်ပိုင်း လူရွယ်မှာ ဝမ်ရုန် အဖွဲ့၏ ပိုင်ရှင် ကျန်းပေ့မြို့၏ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်သည့် ရှန်းရုန်ဟွာ ဖြစ်လေသည်။

“သတင်း ကြားကတည်းက ပြန်လာတာပဲ။ တစ်စုံတစ်ယောက်က ငါတို့နဲ့ အရှေ့တောင် မြက်ခင်းစိမ်း ပရောဂျက်ကို ပြိုင်ဖို့ လုပ်နေတယ်။ ငါတို့ လျှောက်လွှာကို ခွင့်ပြုတော့မလို့ပဲ။ ဒါပေမဲ့ ခွေးသူတောင်းစား ချင်းဟွာ  က နောက်ဆုံးမိနစ်ကျမှ လျှောက်လွှာကို ငြင်းလိုက်တယ်”

ရှန်း ရုန်ဟွာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“အရှေ့တောင် မြက်ခင်းစိမ်း ပရောဂျက်ဆိုတာ ငါတို့ကုမ္ပဏီရဲ့ အရေးပါဆုံး ပရောဂျက်တစ်ခုပဲ။ ဒီပရောဂျက်အတွက် ငါတို့ ပုံအောထားတာ အများကြီး”

ရှန်းချန်ဝမ်က မေးလိုက်လေသည်။

“ကျွန်တော်တို့နဲ့ ဘယ်သူက ပြိုင်ဝံ့တာလဲ။ ကျွန်တော်တို့ နယ်ကလား၊ ဒါမှမဟုတ် ဖက်ဒရယ် ကုမ္ပဏီတစ်ခုလား”

“တစ်ခုမှ မဟုတ်ဘူး။ ငါ့သူငယ်ချင်းပြောတာတော့ ကျင်းမြို့တော်က ချန်းမိသားစုတဲ့”

ရှန်း ရုန်ဟွာက ခေါင်းကိုခါရင်း ပြောလိုက်သည်။ “ထူးဆန်းတယ် မထင်ဘူးလား။ ငါတို့ ဘယ်တုန်းကမှ စည်းမကျော်ခဲ့ကြဘူး။ ဒီလို အရေးကြီးတဲ့ အချိန်မျိုးကျမှ ဒီကောင်တွေက ငါတို့ နောက်ကျောကို ဘာဖြစ်လို့ ဓားနဲ့ ထိုးရတာလဲ။ ငါတို့နဲ့ စစ်ဖြစ်ချင်နေလို့လား”

“ကျင်းမြို့တော်က ချန်းမိသားစု?”

ရှန်းချန်ဝမ် တစ်ယောက် ထိတ်လန့် သွားလေတော့သည်။

ယခု တိုက်ဆိုင်မှုသည် ချန်းဖန်အကြောင်း သူ စုံစမ်းမှုနှင့် ပတ်သက် နေသလော။

“တကယ် ထူးဆန်းတယ်။ ချန်းမိသားစုက ပုံမှန်ဆို အရှေ့တောင် မြက်ခင်းစိမ်း ပရောဂျက်ကို လျစ်လျူရှု ထားတာပါ”

ရှန်းရုန်ဟွာက ထိုင်ခုံတွင် ကျောမှီ လိုက်လေသည်။ ထိုအခါ စားပွဲပေါ်မှ စာရွက်ပုံများကို မြင်တွေ့ သွားလေ၏။

“မင်းမှာ သူ့အကြောင်းတွေ ဘယ်လိုလုပ် ရှိနေရတာလဲ”

***

All Chapters