ဂရင်းဗိုင်းကလပ်သို့ နောက်တစ်ကြိမ် လည်ပတ်ခြင်း
Vol. 3 Ch. 228
“ချန်းဖန် … ငါက ဖန့်ချုံးရဲ့ အချစ်ဆုံး သူငယ်ချင်းနော်။ နင် ငါ့ခြေထောက်ကိုတော့ မချိုးဘူး မဟုတ်လား” ကျောင်းယို့ယို့ က သူမဘာသာ ထူရင်း သနားစဖွယ် တောင်းပန်လိုက်လေ၏။
ယခုလို ကပိုကယို မျက်နှာထားလေးနှင့် တောင်းပန်နေသော သူမမျက်နှာလေးမှာ ပုရိသ ယောက်ျားသားတိုင်း အတွက် ခေါင်းကိုက်စရာပင် ဖြစ်၏။ ခြေတစောင်း လဲရင်း ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမက ချန်းဖန်ကို ရှိရှိသမျှ ညှို့အား အကုန်သုံး၍ ကြည့်လိုက်လေသည်။ သို့တိုင် သူမမျက်ဝန်းထဲမှ မျက်ရည်စများကိုတော့ ဖုံးကွယ်နိုင်ခြင်း မရှိပေ။ သူမသည် မှော်ဆရာမလေး ဟူသော အမည်နှင့် အမှန်တကယ်ပင် လိုက်ဖက် လှပေသည်။ ဝမ်းနည်းပက်လက် ဖြစ်နေသော သူမ၏ မျက်နှာလေး၏ သနားစဖွယ် အမူအရာလေးကို သာမန်မည်သည့် ယောက်ျားသားမျှ ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ချန်းဖန်ကတော့ သူမ၏ ညှို့ငင်မှု အောက်တွင် မကျရောက်ခဲ့ပေ။ ထိုင်ခုံရှိရာသို့ ပြန်လာပြီး စိတ်ဝင်စားမှု အပြည့်နှင့်
“သူတို့ ငါ့ကို ခေါ်တဲ့နာမည်ကို နင် ကြားလိုက်ရလား”
“ရှင် …” ကျောင်းယို့ယို့မှာ နောက်သို့ ဆုတ်သွားလေသည်။
“သူတို့က ရှင့်ကို ဆရာချန်းလို့ ခေါ်ပါတယ်။ အဲဒါ ဘာဖြစ်လို့လဲရှင်။ အို ခဏလေး။ ဆရာချန်း ဟုတ်လား။ ရှင်က ကျန်းပေ့နယ်က ဆရာချန်းလား”
ကျောင်းယို့ယို့ တစ်ယောက် နောက်ဆုံးတွင် နားလည် လိုက်လေသည်။ သူမက မယုံနိုင်သော မျက်နှာပေးနှင့် ချန်းဖန်ကို ကြည့်လိုက်လေသည်။
ယခုမှ အရာအားလုံး ရုပ်လုံး ပေါ်လာခဲ့ချေပြီ။ ဆရာချန်းဆိုသော လူမှသာ တစ်ချက်မလှုပ်ဘဲ ဆန်ရှိုးအသင်းမှ အထူးသီးသန့် တိုက်ခိုက်ရေး သမားများကို ကြောက်လန့် သွားအောင် လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထိုသို့ နားလည် သဘောပေါက် လိုက်သည်နှင့် ကျောင်းယို့ယို့၏ ကျောရိုးတစ်လျှောက် ရုတ်ခနဲ စိမ့်တက် သွားလေသည်။
သူမသည် သူမကိုယ်ပိုင် သီးသန့် ကမ္ဘာလေးထဲတွင်သာ နေထိုင်ခဲ့သူ ဖြစ်သည်။ သို့သော် မြို့သူ တစ်ယောက် ဖြစ်သည်နှင့်အညီ ဆရာချန်းဆိုသော အမည်ကိုတော့ အကြိမ်များစွာ ကြားဖူးလေသည်။
ဆရာချန်းဆိုသော ဂုဏ်ပုဒ် နာမည်ကြီး နေရသည့် အကြောင်းအရင်းမှာ လူအမြောက်အမြားကို သတ်ဖြတ်၍ ရခဲ့ခြင်း ဖြစ်ကြောင်းလည်း သူမ သိထားလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှင်က ဆရာချန်း ဟုတ်လား”
ကျောင်းယို့ယို့က အသက်ကို ကြိုးစားရှုရင်း မယုံသလို မေးလိုက်လေ၏။ သူမက ချန်းဖန်အား အသက်ပင် မရှုဝံ့ဘဲ အဝေးမှသာ ကြည့်နေရ၏။
သူမက ချန်းဖန်ဆိုလျှင် လုံးဝ ဂရုမစိုက်ခဲ့။ ပြောရလျှင် ချန်းဖန်သည် သူမအတွက် တောကြို အုံကြားမှ သာမန် ကျေးတောသား တစ်ယောက်သာ ဖြစ်၏။ သို့သော် ချန်းဖန်သည် ရှန်းရုန်ဟွာနှင့် တန်းတူ ယှဉ်နိုင်လောက်သည့် စွမ်းအားကြီးသူ ဆိုသော အချက်ကိုလည်း သိလိုက်ရသည်။ သည့်ထက်ပိုသည်က ချန်းဖန်သည် တန်ရီဖေးနှင့် ရှန်းချန်ဝမ်တို့ပင် နောင်အနှစ် ၂၀ ကြာသည်အထိ လိုက်မမီအောင် ထူးချွန်သူမှန်း သိလိုက်ရသည်။
ယင်းသည်ပင် ထွန်းသစ်စ ကြယ်ပွင့်ငယ်နှင့် ရာသီပေါ် လူစွမ်းကောင်းတို့ကြားမှ ကွာခြားချက်ကြီးပင် ဖြစ်တော့၏။
ရှန်းချန်ဝမ်နှင့် တန်ရီဖေးတို့သည် လူငယ်မျိုးဆက် တစ်လျှောက် ထူးချွန် ထက်မြက်ဆုံး လူငယ်များ ဖြစ်ကြသည်။ သို့သော် သူတို့နှစ်ဦးမှာ အချိန်၏ စမ်းသပ်မှုကို ခံယူရန် လိုအပ်သေးသည်။ တခြား တစ်ဖက်တွင် ချန်းဖန်သည် ကျင်းနန်မြို့ကို သိမ်းပိုက်နိုင်သည့် စွမ်းအားကြီး တိုင်ကွန်းတို့နှင့် လက်ရည်တူ ပါဝါကို ပိုင်ဆိုင်ထားပြီး ဖြစ်၏။
“ငါ ဘယ်သူမှန်း နင်သိမှတော့ နင့်ကို ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားခွင့် မပြုဘူးဆိုတာလည်း နင် သိမှာပေါ့”
ချန်းဖန်က ခွက်တခွက်ကို ယူရင်း ဝိုင်အရည်ကို လောင်းထည့် လိုက်သည်။ ဝိုင်အရက်မှာ ကျောင်းယို့ယို့ တစ်ယောက် ချန်းဖန်ကို ရိုက်နှက်ပြီး တိုက်ခိုက်ရေး သမားများနှင့် အောင်ပွဲခံရန် ယူလာသည့် ဝိုင်အရက် ဖြစ်လေသည်။
“ဆရာချန်း .. ကျွန်မ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ် ပေးပါနော်။ ရှောင်ချုံးရဲ့ မျက်နှာကို ထောက်ပြီးတော့နော်”
နောက်ဆုံးတော့ ညှို့ငင် နိုင်စွမ်းသော သူမ၏ စွမ်းရည်အားလုံး ကျောင်းယို့ယို့ ထံမှ ထွက်ပြေး သွားကြလေပြီ။ သူမက ခေါင်းကိုငုံ့ရင်း ချန်းဖန်အား တောင်းပန် တိုးလျှိုးသလို ပြောလိုက်လေသည်။
သူမမိသားစုမှာ ဆရာချန်း၏ မျက်စိထဲတွင် ဘာမှမဟုတ်သည့် လူများ ဖြစ်သည်။ ထို့ကြောင့် ဖန့်ချုံး၏ အမည်ကို သုံးပြီး သူမကိုယ်သူမ ကယ်တင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
“ရှောင်ချုံးကြောင့်သာ မဟုတ်ရင် မင်းက သေလူ ဖြစ်နေပြ”
ချန်းဖန်က ရေခဲတမျှ အေးစက်နေသော လေသံဖြင့် ပြောလိုက်လေ၏။ စကားလုံးတိုင်းသည် ကျောင်းယို့ယို့၏ နားထဲသို့ သံရည်ပူများ ပမာ စီးဝင် သွားလေတော့သည်။ နားမှ တစ်ဆင့် ကျောရိုး တစ်လျှောက် … ပြီးလျှင် သူမ၏ စိတ်နှင့် ခန္ဓာဝိညာဉ်အားလုံး အေးခဲခြောက်သွေ့ သွားသလို ခံစား လိုက်ရလေသည်။
ချန်းဖန်က စကားဆိုပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်နေသော ကြာပန်းတပွင့် သူ့လက်ချောင်း ထိပ်တွင် ပေါ်လာလေ၏။ ကြာပန်းက ကျောင်းယို့ယို့ ထံသို့ ပျံသန်းလာလေ၏။
“ဘာကြီးတုန်း …”
ကျောင်းယို့ယို့ ၏ ခန္ဓာကိုယ်လေးမှာ တင်းမာသွားပြီး အကြောက်တရားသည် တစ်ကိုယ်လုံးကို ဖုံးလွှမ်း သွားလေတော့၏။
ထိတ်လန့်တကြား ကြည့်နေချိန်မှာပင် မီးတောက်များဖြင့် လောင်ကျွမ်းနေသော ကြာပန်းသည် သူမကိုယ်လေး အတွင်းသို့ တိုးဝင် လောင်ကျွမ်း သွားလေ၏။
“ဒါ ကြာပန်းနီမီးလျှံပဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကြာပန်းဟာ တစ်သက်လုံး မြုံနေလိမ့်မယ်။ အေး မင်း ငါ့ကို မကောင်းကြံပြီ ဆိုတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်လေး ပြာကျသွားလောက်အောင် အရှင်လတ်လတ် လောင်ကျွမ်း သွားလိမ့်မယ်”
ချန်းဖန်က ကာယဗလ ခန်းမတွင်းမှ ထွက်လာလိုက်၏။ ပြီးလျှင် ကျောင်းယို့ယို့ ထွက်လာလေ၏။ သူမ၏ မျက်နှာမှာ အသက်မရှိတော့သလို သွေးဆုတ် ဖြူလျော့ လွန်းနေသည်။
ချန်းဖန်၏ အရင်ဘဝ၌ ကျောင်းယို့ယို့သည် ချန်းဖန်နှင့် ဖန့်ချုံးတို့ နှစ်ဦးကြား အကြိမ်များစွာ ခလောက်ဆန်ခဲ့၏။ ထို့ကြောင့် သူပေးလိုက်သည့် ယခုပြစ်ဒဏ်သည် မျှတသည်ဟု ဆိုရပေမည်။
ထိုအချိန်မှစ၍ ကျောင်းယို့ယို့ သည် ချန်းဖန်နှင့် ဖန့်ချုံး တို့နှစ်ဦးကြား ဝင်မနှောင့်ယှက် ရဲတော့ချေ။ သူတို့နှစ်ဦးသည်လည်း အချိန်များကို အတူတကွ တိတ်တဆိတ် ကုန်ဆုံး လာနိုင်ကြ၏။ ချန်းဖန်ရှိနေသည့် အဆောင်နားသို့ လမ်းလျှောက် လာလျှင်ပင် သူမမှာ ခေါင်းကိုငုံ့၍ ချန်းဖန်နှင့် ဝေးရာသို့ ခပ်မြန်မြန် ထွက်သွား တတ်လေ၏။ နောက်ပိုင်း ဖန့်ချုံးပင် သူမ သူငယ်ချင်းလေး၏ ပြောင်းလဲ နေသော အပြအမူများကို သတိမူမိသွားပြီး ဘာကြောင့် ချန်းဖန်ကို ကြောက်နေရကြောင်း မေးမြန်း လိုက်လေသည်။
ထိုအချိန်၌ ချန်းမိသားစုနှင့် ဝမ်ရုန်အဖွဲ့ကြား တိုက်ပွဲမှာ အရှိန်မြင့်လာတော့၏။ ဝမ်ရုန်အဖွဲက ကြိုးစအချို့ကို ဆွဲထုတ်လိုက်၏။ ပြီးလျှင် အများပြည်သူ ရန်ပုံငွေကို ချန်းကျန်းရှင်း တစ်ယောက် မသမာသည့် နည်းလမ်းများဖြင့် ခိုးယူခဲ့ကြောင်း သတင်းထုတ်ပြန်ရန် အစိုးရကို ဖိအားပေးခဲ့၏။ ချန်းမိသားစုကလည်း ဝမ်ရုန်အဖွဲ့၏ စတော့ ဈေးကွက်ကို ပြန်လည် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ စစ်ကြီးသည် မြို့တစ်ခုလုံးကို လှုပ်နှိုး လိုက်လေတော့၏။ တမြို့လုံးကလည်း အောင်နိုင်သူ ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြတော့၏။
နောက်တစ်နေ့ နေ့လယ်တွင် ချန်းဖန်တစ်ယောက် အတန်းဖော် သူငယ်ချင်းများနှင့် ညစာ စားနေစဉ် ဖန့်ချုံးမှာ ချန်းဖန်အိပ်ဆောင်သို့ ရောက်လာလေသည်။
“ရှောင်ဖန်း ... မမ ရီဖေးက ဂရင်းဗိုင်းကို သူနဲ့ လက်ဖက်ရည် လာသောက်ဖို့ ငါတို့ကို ဖိတ်လိုက်တယ်။ ငါ့ကိုလည်း နင့်ကိုပါ တစ်ပါတည်း ခေါ်ခဲ့တဲ့”
ထိုသို့ပြောရင်း ကြည့်လိုက်ရာ ချန်းဖန်မှာ ဝေခွဲမရဟန်ဖြင့် စိတ်ရှုပ်ထွေး နေသည်ကို မြင်တွေ့ လိုက်ရလေ၏။
ဖန့်ချုံးက တန်ရီဖေးသည် မိတ်ဆွေ အပေါင်းအသင်း လွယ်လွယ်နှင့် မဖွဲ့တတ်မှန်း သိထားလေသည်။ ကျင်းနန်စီရင်စုနယ်မှ လူအားလုံးအနက် တန်ရီဖေးသည် သူမ အချိန်ပေးရန် ထိုက်တန်သည့် လူများနှင့်သာ စကားလက်ဆုံ ကျတတ်သည်။ တန်မိသားစု၏ သံတမန်တော် တပါးပီပီ တန်ရီဖေးသည် အဆင့်မြင့် ထိပ်တန်း အစိုးရအရာရှိကြီးများ ထက်ပင် ပို၍ ဩဇာအာဏာ ကြီးမားလေ၏။ သူမ၏ ချန်းဖန်အပေါ် ဖိတ်ခေါ်မှုကို ကြည့်ပြီး ဖန့်ချုံး တစ်ယောက်လည်း စဉ်းစားစရာ မေးခွန်း အမြောက်အမြား ထွက်ပေါ်လာလေသည်။
တန်ရီဖေး တစ်ယောက် ချန်းဖန်အား အဘယ်ကြောင့် စိတ်ဝင် စားလာရသနည်း။
“အေးပေါ့”
ချန်းဖန်က ဘာမှမဖြစ်သလို အဖြေပြန်ပေးလိုက်၏။
သူတို့ နှစ်ယောက်စလုံး ထွက်သွားသည်နှင့် ချင်ရီလန်းက သူ့ပေါင်သူ ပြန်ရိုက်ရင်း အလန့်တကြား ပြောလိုက်လေသည်။
“သူ့ကိုတော့ လိုက်မမီတော့ဘူး။ သူ့မှာ ဒီလောက်ဟော့တဲ့ ကောင်မလေး တစ်ယောက် ရှိနေတာ တစ်ခါမှလည်း မပြောဘူး”
“အဲဒီအလှလေးက ဘယ်သူလဲ သိလား။ ကောင်မလေးကို ကြည့်ရတာ ငါတို့ လက်လှမ်း မမီလောက်အောင် အရမ်း လှပြီး ဉာဏ်ပညာနဲ့ ပြည့်စုံလွန်းတယ်” ဟု ချင်းလုလုက မေးလိုက်လေသည်။
ဖန့်ချုံးသည် ကျို့းချင်းရလောက် ဆွဲဆောင်မှု ရှိချင်မှရှိမည်။ သို့သော် ပန်းလီနှင့် လျူရှောင်ချင် တို့နှင့်ယှဉ်လျှင် အတောက်ပဆုံးသော စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်ထားလေသည်။
“သူက ဖန့်ချုံး လေ”
ပေါ့ပေါ့ပါးပါး ပြောလိုက်သော ကျို့းချင်းရ၏ မျက်ဝန်းအစုံတွင် မနာလိုမှုများ ဖြတ်ပြေး သွားလေသည်။
ဖန့်ချုံးနှင့် လူချင်းဆုံဖူးမှသာ အဘယ်ကြောင့် လူချမ်းသာ သားသမီးများ သူမနောက် တကောက်ကောက် ပါအောင် လိုက်နေရသည့် အကြောင်းကို ကျို့းချင်းရ တစ်ယောက် နားလည်တော့ လေသည်။ သူမ၏ ပြစ်မျိုးမှဲ့မထင် ကျက်သရေရှိမှုနှင့် ယုံကြည်မှု အပြည့်ရှိသော ဟန်ပန်တို့က သူမမြင်ဖူးသမျှ မည်သည့် မိန်းကလေးနှင့်မှ မယှဉ်နိုင်လောက်အောင် သာလွန်လွန်းနေသည်။
“သူကဖန့် … ဖန့်ချုံးလား။ ကျင်းမြို့တော် တက္ကသိုလ်ရဲ့ အလှနတ်ဘုရားမလေးလေ။ သူမမိသားစုက ဘီလီယံ ပေါင်းများစွာ ပိုင်ဆိုင်တယ်လေ” ချင်းလုလုမှာ ကြက်သေ သေနေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။ ပန်းလီ၏ မျက်နှာမှာလည်း စက္ကူဖြူ တစ်ရွက်လို ဖြူဖျော့နေလေပြီ။ ချန်းဖန်ကို ဆွဲဆောင်နိုင်ရန် သူမမှာ လက်နက်ကုန် ထုတ်သုံးခဲ့ရသည်။ ချန်းဖန်၏ အေးစက်စက် ပုခုံးသားမှတပါး အချိန်ကြာလာသည်နှင့် အမျှ ချန်းဖန်၏ ယုံကြည်မှုနှင့် သူ့အချစ်ကို ဖြည်းဖြည်းချင်း ရလာလိမ့်မည်ဟု သူမ တစ်ထစ်ချ ယုံကြည်ထားသည်။
သို့သော် သူမက တွေးရုံရှိသေးသည်။ ချန်းဖန်မှာ ရည်းစားပင် ရှိနေပြီ ဖြစ်၏။ ချန်းဖန်၏ ရည်းစားမှာ သူမထက် ဆွဲဆောင်မှု ရှိရုံမျှမက ပို၍လည်း ချမ်းသာကြွယ်ဝ ပေသေးသည်။
ချန်းဖန်၏ သူငယ်ချင်းများ၏ သူ့ကံကောင်းမှုကို အားကျနေစဉ်တွင် ချီဝမ်စန်းက မျက်မှောင်ကြုတ်ရင်း အတွေးနက်လျက် ရှိသည်။ သူ၏ အဝေးတစ်နေရာမှ ချစ်သူလေးနှင့် ဖန့်ချုံး ကြား တူညီချက် တချို့ ရှိနေသည်ကိုလည်း တွေ့လိုက်ရလေသည်။
ဖန့်ချုံးက သူမ၏ မော်ဒယ် TT နှင့် အနီရောင် အော်ဒီကားလေးကို မောင်းရင်း ဂရင်းဗိုင်းကလပ်သို့ ရောက်လာလေ၏။
စပျစ်နွယ်ပင်ရှည်များ ဖုံးလွှမ်းနေသည့် ဂိတ်အနီရောင်နားသို့ သူတို့နှစ်ဦး လျှောက်လာ ကြလေသည်။ ချန်းဖန်က ဖိတ်ခေါ်ထားသူများမှာ သူတို့နှစ်ဦးတည်း မဟုတ်ကို သတိပြုမိ လိုက်လေသည်။ ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဆက်လျှောက် သွားလိုက်လေ၏။
***