သေခြင်း ရှင်ခြင်းကြား
Vol. 3 Ch. 229
“ရှူး ... ရှူး … ရှူး”
အနက်ရောင် ဝတ်စုံများနှင့် လူတဖွဲ့သည် ဥယျာဉ်တွင်းမှ ထွက်လာကြလေ၏။ အားလုံး ဗလတောင့်တောင့်နှင့် လူများ ဖြစ်ကြ၏။ မျက်နှာများသည်လည်း ရက်စက် ကြမ်းကြုတ်တော့မည့် ဟန်နှင့် တင်းမာ နေကြလေသည်။
“ဒီလူတွေပဲလား”
ချန်းဖန်က အေးစက်စက် ပြုံးရင်း ပြောလိုက်လေသည်။
သူ့ကို လူတစ်ရာခန့် ဝန်းရံ ထားလေသည်။ အယောက်စီတိုင်းမှာ စစ်ပြန်ကြီးများ ဖြစ်ကြ၏။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ တိုက်ကွန်ဒို ခါးပါတ်နက် သို့မဟုတ် ရှောင်လုံကဲ့သို့ ဆန်ရှိုး တိုက်ခိုက်ရေးသမား အဆင့်ရှိသူများ ဖြစ်၏။
သို့သော် အတွင်းအား အသုံးပြသူ တစ်ယောက် အနေဖြင့် ချန်းဖန်သည် ထိုလူတရာအား အသာကလေး အနိုင်ယူ တိုက်ခိုက်နိုင်၏။
“ဘယ်ဟုတ်ပါ့မလဲရှင်။ ရှင်က ဆရာချန်းပဲ မဟုတ်လား။ စိတ်မပူပါနဲ့။ ကျွန်မတို့ကလည်း အိမ်စာကျေပါတယ်” တန်ရီဖေး၏ နှုတ်ခမ်းမှာ ကွေးညွတ်သွားလေသည်။ ထို့နောက် လက်ခုပ် တီးလိုက်လေ၏။ ထိုအခါ လူလုပ် ကျောက်တောင် နောက်မှ နောက်ထပ် လူငါးယောက် ထွက်ပေါ် လာလေ၏။
ထိုလူငါးယောက်ထံမှ ထွက်ပေါ်နေသော စွမ်းအင်များသည် အနက်ရော င်ဝတ်စုံနှင့် လူများထက် ပို၍ပင် သိပ်သည်း ပြင်းထန်လှပေ၏။ တလက်လက် တောက်ပနေသော မျက်လုံးများနှင့် ထူးခြားသော အမူအရာ ရှိသည့် သက်လတ်ပိုင်း လူရွယ် နှစ်ယောက်၏ လှုပ်ရှားမှုကို ကြည့်ရုံနှင့် အတွင်း ခန္ဓာကျင့်စဉ်၌ ဖြစ်စဉ် အောင်မြင်ခြင်း (Phenomenal Success) အဆင့်ရောက်နေသူများ ဖြစ်ပြီး ကျန်သုံးယောက်မှာ မူလအောင်မြင်ခြင်းအဆင့် ရောက်နေသူများ ဖြစ်သည်။
“သူတို့က ဦးလေး ဟူ။ ဦးလေး နန်ပဲ။ ကျန်တဲ့လူတွေကတော့ ကျွန်မအဖေရဲ့ တပည့်တွေပေါ့”
တန်ရီဖေးက လူငါးယောက်ကို မိတ်ဆက် ပေးလိုက်လေ၏။
“သူတို့ကို ကျွန်မ မိသားစု ကိုယ်တိုင် လေ့ကျင့်ထားတာ။ သူတို့က အဖွဲ့လိုက် တိုက်ခိုက်တဲ့ နေရာမှာ ထူးချွန်ကြတယ်။) အတွင်းအား ထိပ်ဆုံးအဆင့် ရောက်နေတဲ့ လူတောင် သူတို့ရဲ့ စုပေါင်း တိုက်ခိုက်မှုကို မခုခံနိုင်ကြဘူး”
“ဒီလိုလား” ချန်းဖန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
ကျင်းနန်နယ်မှ တန်မိသားစုသည် အတွင်းအား အသုံးပြုသူ ငါးယောက်ကိုမျှ မထုတ်သုံးနိုင်လျှင် နာမည်ကျော် မိသားစု ဖြစ်နေမည် မဟုတ်ပေ။ ၎င်းတို့သည် အင်အား တောင့်တင်းသည်ဟု ဆိုသော အသင်းအဖွဲ့များထက် ပို၍ အင်အား တောင့်တင်းသော်လည်း ချန်းဖန်ကတော့ မျက်စိထဲပင် မထည့်ချေ။
“ဆရာချန်းက အလာစကန်ကျားကို သုံးချက်ထိုးပြီး သတ်ခဲ့တာပဲ။ ရှင့်ကိုလည်း မျက်စိထဲ ထည့်မယ် မထင်ဘူးနော် ဦးလေး နန်” တန်ရီဖေးက ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်လေ၏။
“ဟူးယား”
အတွင်းအားပညာရှင်၏ ဖြစ်စဉ် အောင်မြင်ခြင်း အဆင့်ရှိ လူတစ်ယောက်က နှာခေါင်း ရှုံ့လိုက်သည်။ သို့တိုင် မည်သည့် လှုပ်ရှားမှုမျှ မရှိသေး။
ချန်းဖန် တစ်ယောက် ကျန်းပေ့မြို့ကို လွှမ်းမိုးထားသည့် အကြောင်းကို တန်မိသားစုမှာ ကြာမြင့်စွာ ကတည်းက သိရှိခဲ့ပြီး ဖြစ်သည်။ အတွင်းအားပညာရှင် ငါးယောက်ပင် ချန်းဖန်ကို ယှဉ်နိုင်မည် မဟုတ်ဟု ထိုစဉ် ကတည်းက တွေးခဲ့ကြလေသည်။
“ဒါကြောင့် ကျွန်မကလည်း ထိပ်တန်း အဆင့်ရှိတဲ့ စနိုက်ပါ လက်ဖြောင့်သမား သုံးယောက်ကို ဥယျာဉ်အပြင် နေရာသုံးခုမှာ နေရာ ချထားပါတယ်ရှင်။ ကြားဖူးတာတော့ ဆရာချန်းက ရှင်းကျောင်းရဲ့ သေနတ်ပစ်ချက်ကို ဒါမစ်တာအိုနည်းနဲ့ ကာကွယ်နိုင်ခဲ့တယ် ဆိုလားပဲ။ ဒီလိုဆိုတော့ သံချပ်ကာ အင်္ကျီတွေတောင် ဖောက်ထွက်အောင် ပစ်နိုင်တဲ့ စနိုက်ပါ ကျည်ဆန်တွေကိုရော ဆရာချန်း ကာနိုင်ပါဦး မလားဆိုတာ သိချင်စမ်းပါရဲ့”
တန်ရီဖေးက နောက်ဆုံးတွင် စနိုက်ပါ သမားများတည်းဟူသော ဝှက်ဖဲကို ထုတ်ပြ လိုက်လေသည်။
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်တွင် အနီရောင် အစက်အပြောက်များ ထွက်ပေါ်လာလေသည်။ အနီစက်များသည် နဖူးမှသည် ရင်ဘတ်တို့သည် ဟိုသည် ပြေးလွှားနေကြ၏။ အနီရောင် အစက်အပြောက် များမှာ စနိုက်ပါ သေနတ်၏ လေဆာပွိုင့်တာမှ ထွက်လာသော အနီစက်များ ဖြစ်လေ၏။
စနိုက်ပါ သမားများသည် ချန်းဖန်ကို အခွင့်အရေး လုံးဝပေးမည် မဟုတ်ပေ။ စနိုက်ပါ တစ်ယောက်၏ ပစ်ချက်ကို ထိပ်တန်းအဆင့်ရှိ သိုင်းသမားပင် ရှောင်နိုင်မည် မဟုတ်ပေ။ စနိုက်ပါ ကျည်ဆန်များသည် သံမဏိနံရံများကိုပင် ဖောက်ထွင်း သွားနိုင်၏။ လူသား ဦးခေါင်းသာ ဆိုပါက ကမ္ဘာပျက်သလို ချက်ချင်း ပေါက်ကွဲ ထွက်သွားမည် ဖြစ်၏။ လုထျန်းဖန် ကဲ့သို့ ဂရန်းမာ စတာ တစ်ယောက်ပင် စနိုက်ပါ ပစ်ချက်ကို ခက်ခက်ခဲခဲ ကာကွယ်ရမည် ဖြစ်၏။
“ဒါ ဘာသဘောလဲ”
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ သူ့ပုံစံမှာ ကြောက်ရွံ့ သွားသလိုပင်။
“ကောင်းပြီလေ … ရှင့်ရဲ့ စွမ်းအား အကြောင်း ကျွန် ကြားဖူးပြီးသား။ အခုလောက် လုပ်ထား ရတာလည်း စိတ်ချရအောင်လို့ပဲ။ ပြောရရင် …”
တန်ရီဖေးက ဦးညွတ်ရင်း ပြောလိုက်လေ၏။ “ရှင်ဟာ ကျန်းပေ့နယ်က ဘုရင်တစ်ပါး။ ကျွန်မတို့က ကျင်းမြို့တော်မှာ အခြေစိုက်တဲ့လူတွေ။ ကျွန်မတို့ဟာ ကိုယ့်စီးပွားရေးပဲ စိတ်ထဲ ထည့်ထားကြတဲ့ လူတွေ။ ဒီတော့ ရှင် ဒီကို ဘာကြောင့် လာတာလဲ”
သူမက ခေါင်းကိုမော့ရင်း ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်လေသည်။
“ဒီကို ရှောင်ချုံးကြောင့် လာတာလို့ ပြောရင်ကော မင်းက ယုံမှာလား”
ချန်းဖန်က အသာအယာပင် မေးလိုက်၏။
“မယုံဘူး” တန်ရီဖေးက ပြတ်ပြတ်သားသားပင် အဖြေပြန်ပေးလိုက်၏။ သူမမျက်လုံးများမှာ အရောင် တောက်နေလေပြီ။ “ဆရာချန်း … ရှင့်အဆင့် ရှင့်ပိုင်ဆိုင်သမျှနဲ့ ရှင်လိုချင်တဲ့လူကို ခေါင်းခေါက်ပြီး ယူလို့ရတယ်။ မိန်းကလေး တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ချစ်နေမယ်ဆိုတာ ကျွန်မ လုံးဝ မယုံနိုင်ဘူး”
“ဒါပေမဲ့ ဖန့်ချုံးဟာ ဘယ်လောက်ပဲ လှလှ၊ သူမထက်လှတဲ့ မိန်းကလေး ၁၀ ယောက်ကို ကျွန်မ ရှာပေးနိုင်တယ်။ သည်ထက် ပိုလိုချင်လည်း ပြောပေါ့။ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး ပြောရရင် နာမည်ကျော် မိသားစုတွေရဲ့ ရွှေမင်းသမီး စာရင်းတွေလည်း ရှိသေးတယ်။ ရှင်သာ မျက်တောင်တချက် ခတ်ပြလိုက်တာနဲ့ ရှင့်ရင်ခွင်ထဲကို သူတို့အားလုံး လိုလိုချင်ချင်နဲ့ သက်ဆင်းလာကြမှာပဲ”
တန်ရီဖေးက လှောင်သလို ပြုံးရင်း “ဒါကြောင့် ပြောစမ်းပါ။ ဖန့်ချုံး တစ်ယောက်တည်းကြောင့် ဒီကို လာတယ်ဆိုတဲ့ စကားကို ကျွန်မ ယုံအောင် ပြောစမ်းပါ”
ချန်းဖန်က ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလေသည်။
သူအလိုရှိလျှင် မည်သည့် မိန်းကလေးကို မဆို ရနိုင်သည်။ သူအလိုရှိလျှင် မိန်းကလေးတိုင်းက အိပ်ရာတစ်ခုတည်း၌ သူနှင့်အတူတူ အချိန်ဖြုန်းပေး နိုင်ကြသည်။ သို့သော် တန်ရီဖေး မှားသည်။ ကျင်းမြို့တော်သို့ ချန်းဖန် လာရောက်ရသည့် အကြောင်းရင်းမှာ ဖန့်ချုံး တစ်ယောက်တည်းကြောင့်သာ ဖြစ်သည်။ အကြောင်းရင်းမှာ ဤမျှအထိ ရိုးရှင်းပေသည်။
ကျန်းပေ့မြို့၏ ပိုင်ရှင်နှင့် မဟာ တန်ခိုးရှင်ဘဝတို့သည် ဖန့်ချုံး အပြုံးတစ်ပွင့်နှင့် ယှဉ်လျှင် ဘာမှမဟုတ်။ သူသည် မြောက်အရပ်၏ ကောင်းကင်ဘုံ နတ်ဘုရားတပါး ဖြစ်ခဲ့ဖူးသည်။ လက်ရှိ အချိန်ထက် အဆ ထရီလီယံကျော်ကျော် စိတ်လှုပ်ရှားဖွယ် ကောင်းလောက်အောင် အာဏာပါဝါတို့ကို ပိုင်ဆိုင်ဖူးသည်။ ထို့ကြောင့် ကျန်းပေ့မြို့လောက် အုပ်ချုပ်ရသော ဘဝကို သူ စကားထဲ ထည့်ပြော စရာပင် အကြောင်းမရှိပေ။
“တစ်ခုခု ပြောပါဦး ဆရာချန်း”
တန်ရီဖေးက မေးလိုက်၏။
“အိုး… ကျွန်မ ခန့်မှန်းကြည့်မယ်။ ရှင်က ရှန်းမိသားစုနဲ့ အရိုးတစ်ခု လာလုတာပဲ။ ဟူအိုနဲ့ အခြားလူတွေကို ကျင်းမြို့တော်ထဲကို ရှင်လွှတ်ထားပြီးပြီ မဟုတ်လား။ ကျွန်မတို့နဲ့ ရှန်းမိသားစုကို တိုက်ခိုက်ဖို့ ပြင်ထားပြီးပြီ မဟုတ်လား”
“အာ…”
ချန်းဖန်မှာ ရုတ်တရက် ပြောစရာ စကားမရှိသလို ဖြစ်လာသည်။
ထိုကောင်မလေး တစ်ယောက် အတွေးများ လွန်းသည်ဟု ချန်းဖန်က ပြောလိုသည်။ ကျင်းနန်မြို့ကိုသာ သူပိုင်လိုလျှင် တန့်ယွမ်ချင်း ကို ပါးတချက်ရိုက်ရုံနှင့် သတ်ပစ်၍ ကိစ္စပြီးသည်ဟု ထိုကောင်မလေးကို သူ ပြောပြလိုသည်။ ဤမျှလောက် ရှုပ်ယှက်ခတ် နေအောင် အစီအစဉ်တွေဆွဲ၊ အချိန်တွေ စောင့်ဆိုင်း နေစရာမလို။
“ဒါဖြင့် မင်း ဘာလိုချင်တာလဲ”
ချန်းဖန်က ရူးသွပ်နေသူ တစ်ယောက်ပမာ ဟန်ဆောင်ရင်း ကစားပွဲကို ဆက်ဆော့လိုက်သည်။
“ဘာမှလုပ်စရာ မလိုဘူး။ ရှင်လာခဲ့တဲ့ နေရာကိုသာ ပြန်သွားဖို့ပဲ။ အရင်တုန်းကအတိုင်း ကျွန်မတို့ ကိုယ့်စီးပွားရေးကိုယ် အာရုံစိုက်ရုံပဲ”
တန်ရီဖေးက နောက်ဆုံးတွင် သူမ အလိုရှိသည့် အရာကို ကမ်းလှမ်းလာသည်။
ရှန်းချန်ဝမ် တစ်ယောက် ချန်းဖန်၏ တကယ့်သရုပ်မှန်ကို အကြောင်း ကြားပြီး ကတည်းက ယခု အခိုက်အတန့်မျိုး ဖြစ်လာရန် ကြိုတင်စီမံထားခဲ့သည်။ သို့သော် ကျင်းနန်မြို့တော်သို့ ချန်းဖန် ရောက်လာခြင်းက ရှန်း မိသားစုထက် တန်မိသားစု အပေါ် ပို၍ ခြိမ်းခြောက်မှု ရှိလေသည်။
ကြီးကျယ်မြင့်မြတ်သူ တစ်ယောက်သည် ပြိုင်ဘက်ကို သည်းမခံသင့်။
“ဒီနေ့ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးပြီး ကျန်းပေ့မြို့ကို ပြန်မောင်းလွှတ်လိုက်မယ် ဆိုရင် ကျင်းနန်ကို နောက်တခါလာတဲ့အခါ နှစ်ကြိမ် စဉ်းစားရတော့မှာပဲ”
တန်ရီဖေးက စိတ်ထဲမှနေ၍ စဉ်းစားလိုက်သည်။ သူမ မိသားစုအားလုံး ကျင်းမြို့တော်တွင် ရှိနေကြသည်။ ချန်းဖန်ကို ကျန်းပေ့သို့ ပြန်မောင်းထုတ်သည့် ကိစ္စအတွက်တော့ တန်မိသားစုတို့က သူ အဝေးရောက်မှ အပြစ်ပေးမှုကို စတင် ဆောင်ရွက်ကြပေလိမ့်မည်။
“ကျုပ်က ငြင်းလိုက်ရင်ကော”
ချန်းဖန်က ပြန်မေးလိုက်၏။
“ဒါဖြင့် ကျွန်မတို့ရဲ့ စနိုက်ပါ သမားတွေကို ရင်ဆိုင်ရုံပဲပေါ့။ ရှင့်မှာများ စွမ်းအားပြင်းတဲ့ ခေတ်ပေါ် လက်နက်တွေကို အနိုင်တိုက်နိုင်မယ့် နည်းလမ်း ရှိမရှိဆိုတာ ကျွန်မတော့ သိချင်သား”
တန်ရီဖေး၏ မျက်နှာမှာ မာကျောသွားပြီး အေးစက်စက်နှင့် ပြောလိုက်လေသည်။
ထိုမိန်းကလေး၏ ပြန်စကားကို ကြားနေရစဉ်မှာပင် အနီစက်လေးများ အားလုံး သူ့နဖူးရှိရာသို့ စုပြုံ ရောက်လာသည်ကို ခံစားလိုက်ရ၏။ အသက်ရှူ နေရသည့် လေထုသည်ပင် အန္တရာယ် အငွေ့အသက် များနှင့် ပြည့်နှက်နေသလိုပင်။
စနိုက်ပါသမား သုံးယောက်မှာ လူပေါင်းများစွာကို အသက်ကို ခလုတ်တချက် ဆွဲရုံနှင့် နှုတ်ယူ နိုင်ခဲ့ကြသည့် အဆင့်မြင့် လူသတ်သမားများ ဖြစ်ကြသည်။ သူ လှုပ်ရှားလိုက်သည်နှင့် ကျည်ဆန် လေးများက နှလုံးသား သို့မဟုတ် ဦးခေါင်းကို ဖြတ်လျက် ဖောက်ဝင် သွားပေလိမ့်မည်။ သိုင်းပညာတွင် မည်မျှ မြန်ဆန်အောင် လှုပ်ရှားနိုင်သည် ဖြစ်စေ ကျည်ဆန် တစ်တောင့်နှင့်တော့ ပြိုင်ပြေးနိုင်မည် မဟုတ်။ ကျည်ဆန်ကို ရှောင်တိမ်းလိုသူများပင် ပြေးဝင်လာသည့် ကျည်ဆန်၏ လားရာနှင့် အရှိန်ကို လက်မတင်လေးသာ တွက်ချက်နိုင်သည်။
ထိုမျှ ကြောက်စရာ ကောင်းသော အီလစ် စနိုက်ပါသမား သုံးယောက်ကို တန်ရီဖေးတစ်ယောက် ဘယ်က ငှားရမ်းခဲ့မှန်းတော့ သူ သိလိုမိသည်။
“ဟူး”
ချန်းဖန်က ရုတ်တရက် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ သူက ခေါင်းကိုခါရင်း မေးလိုက် လေသည်။
“မင်းအဖေက ငါတကယ် ဘယ်သူဆိုတာ ပြောသလား”
“ရှင် ဘာပြောနေတာလဲ”
တန်ရီဖေးက ပထမဆုံး နောက်ပြန် ဆုတ်ရင်း ကောက်ကျစ်သော မျက်နှာနှင့် “ရှင့်အကြောင်း ကျွန်မအဖေ ကြားကတည်းက တံခါးပိတ် ကျင့်ကြံနေခဲ့တာ။ ရှင့်ကို ပြန်တိုက်ဖို့ သူ့အာဏာတွေကို စုစည်းနေခဲ့တာ။ သိပ်မကြာခင် တံခါးပိတ် ကျင့်ကြံတဲ့နေရာကနေ ထွက်လာတော့မှာ”
“သူ့ကို မြင်ဖို့အထိ ရှင် အသက်မရှည်တော့မှာ ကျွန်မ စိုးရိမ်မိတာ”
တန်ရီဖေးက ဂုဏ်ယူ ဝံ့ကြွားဟန်ဖြင့် ပြောလိုက်လေသည်။
ဖခင်ဖြစ်သူ ခေါင်းကိုက်ရသည့် တစုံတစ်ယောက်ကို အနိုင်တိုက်နိုင်မည် ဆိုလျှင် သူမအတွက် ရလာမည့် အခွင့်အရေးများကလည်း မနည်းမနောပင်။
သို့သော် ချန်းဖန်၏ တုံ့ပြန်ပုံကို ကြည့်ပြီး သူမမှာ စိတ်ပျက်နေမိသည်။ ချန်းဖန်သည် ကျန်းပေ့နယ်မှ ဆရာတဆူလိုမျိုး မဟုတ်။ ထိုအစား နမော်နမဲ့ နိုင်တတ်သည့် ကောင်လေး တစ်ယောက်လိုမျိုး ပြုမူနေသည်။ သူမသည် တန့်ယွမ်ချင်း၏ သမီးမှန်းလည်း သူသိသည်။ သို့တိုင် သူမ ဆင်ထားသည့် ထောင်ချောက် တွင်းသို့ ဝင်ရောက် လာခဲ့ပြန်သည်။
“ဒီလောက် သာမန် အရည်အသွေးရှိတဲ့ လူတစ်ယောက်က ဟူအိုနဲ့ တခြားတိုင်ကွန်းတွေကို ဘယ်လို အလဲထိုး လိုက်တာလဲ”
တန်ရီဖေးက သူမကိုယ်သူမ မေးကြည့်လိုက်သည်။
“သူ တံခါးပိတ် ကျင့်နေတာ နှစ်ဝက်ရှိပြီပေါ့” ချန်းဖန်က ရပ်တန့်ပြီး မေးလိုက်လေသည်။ “အခုမှပဲ သိတော့တယ်။ ကျုပ်ရောက်ကတည်းက ဘာဖြစ်လို့ သူ ထွက်ပြီး လာမနှုတ်ဆက် ရသလဲဆိုပြီး အံ့ဩနေမိတာ။ အဆိုးဆုံး ကျုပ်ကိုရင်ဆိုင်ဖို့ ချန်းရှောင်နဲ့ မင်းရဲ့ အကြံကို သူ သဘောတူခဲ့တယ်လို့တောင် ကျုပ်က ထင်နေတာ”
“ရှင် ဘာစကားပြောတာလဲ”
တန်ရီဖေးက ဒေါသတကြီး အော်ဟစ်ကာ မေးမြန်းလိုက်လေ၏။
သူမစိတ်ထဲတွင် တန့်ယွမ်ချင်းသည် ပြိုင်ဘက်ကင်း နတ်ဘုရား တစ်ပါး ဖြစ်သည်။ ဖခင်ကို စော်ကားလိုက်သည့် ချန်းဖန်၏ စကားကြောင့် စနိုက်ပါသမားများကို ပစ်ခိုင်းရန် ဆုံးဖြတ် လိုက်လေတော့၏။
“မင်းက သိုင်းသမား တစ်ယောက် မဟုတ်တော့ ငါနဲ့ပတ်သက်ပြီး မင်း ဘာမှ မသိသေးဘူးပဲ”
ချန်းဖန်က တစ်ဖက်သို့ လှည့်ကာ တန်ရီဖေးအား ကြည့်လိုက်သည်။ ပြီးလျှင် ဖြည်းညင်းစွာဖြင့် “မင်းအဖေသာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းအသက်ကို ချမ်းသာပေးဖို့ တောင်းပန်မှာပဲ”
“မင်းသာ သိုင်းသမားဆိုရင် ငါ့ကို စော်ကားဖို့ ဘယ်တော့မှ စဉ်းစားမိမှာ မဟုတ်ဘူး”
ချန်းဖန်သည် ကောင်းကင် စာရင်းတွင် ထိပ်ဆုံးဝင်ရောက်ခဲ့သူ ဖြစ်သည်။ ကမ္ဘာကြီး၏ စွမ်းအားအကြီးဆုံး ဂရန်းမာစတာ တစ်ပါးအဖြစ်ပင် မှတ်ယူခြင်း ခံရသူ ဖြစ်၏။ သိုင်းပညာ လေ့လာသူ မည်သူမဆို သို့မဟုတ် ခန္ဓာကိုယ် အတွင်းအား လေ့ကျင့်သူ မည်သူမဆို သူ့အမည်ကို ကြားဖူးကြသည်သာ ဖြစ်၏။ စနိုက်ပါသမားဆိုသည်မှာ သာမန် ဂရန်း မာစတာများကိုသာ အနိုင်ယူ နိုင်လိမ့်မည်။ ချန်းဖန် သို့မဟုတ် လဲ့ချန်းကျွယ် ကဲ့သို့ ခန္ဓာကိုယ် သန့်စင်ထားသော ဂရန်းမာစတာ များကိုတော့ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
လွန်ခဲ့သော ဆယ်စုနှစ်ခန့်က စိန်ကျောင်းတော်မှ ချန်းလုံရှင်းသည် သံချပ်ကာ အင်္ကျီကိုပင် မဝတ်ဘဲ တိုက်ပွဲထဲသို့ ပြေးဝင်ကာ စစ်သားရာပေါင်း များစွာကို သတ်ဖြတ်ခဲ့၏။ အဆုံး၌ ရန်သူများသည် အမြှောက်ကြီးများကို သုံးကာ သူ့ကို ရပ်တန့်ရန် ကြိုးစားခဲ့ရ၏။ ချန်းလုံရှင်းမှာ ခန္ဓာကိုယ် သန့်စင်ထားခါစ ဂရန်းမာစတာ တစ်ပါးမျှသာ ဖြစ်သည်။ ချန်းဖန်၏ စွမ်းအားနှင့် နှိုင်း၍ပင် မရပေ။
တန်ရီဖေးမှာ သိုင်းလောကတွင် ကျင်လည် ကျက်စားနေသူ တစ်ယောက် မဟုတ်ပေ။ နယ်ပယ်ဒေသ တစ်ခုမှ တိုင်ကွန်းတပါး၏ သမီးတစ်ယောက် အနေဖြင့် သူမသည် စီးပွားရေး၊ လျှို့ဝှက် အစီအမံများနှင့် လူမှုဆက်ဆံရေးများတွင်သာ အာရုံစိုက်ထားသူ ဖြစ်သည်။ သူမဖခင်ကိုယ်တိုင် သင်ပေးသည့် သိုင်းပညာများကိုပင် အမည်မှန်အောင် ပြောတတ်သည် မဟုတ်ပေ။
“ဒါကြောင့်လည်း တန်မိသားစုရဲ့ ကျော်ကြားမှုက တဖြည်းဖြည်းနဲ့ ယုတ်လျော့ လာတာကိုး။ ပြောရရင် ဂူမိသားစု ဒါမှမဟုတ် လုမိသားစုနဲ့တောင် ယှဉ်လို့မရတော့ဘူး”
“ချန်းဖန် .. ရှင် သေချင်နေတာပဲ”
တန်ရီဖေးမှာ ဒေါသကို မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူမက ချန်းဖန်အား ဒေါသတကြီး အော်ဟစ်လိုက်၏။ ဖန့်ချုံး မျက်နှာကြောင့် ချန်းဖန်ကို အသက်ချမ်းသာပေးရန် ပထမတော့ စဉ်းစား ခဲ့သေးသည်။ သို့သော် ချန်းဖန်၏ စော်ကားမှုကြောင့် သူမစိတ်ကို ပြောင်းလဲလိုက်ပြီ ဖြစ်၏။
“သခင်မလေး … ကျွန်တော်မျိုး သူ့ရဲ့ ခွန်အားကို စမ်းကြည့်ပါရစေ”
ဦးလေးနန်က ရှေ့သို့ ထွက်လာပြီး ချန်းအန်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။ သူ သတ်ဖြတ်ရန် အသင့်ဖြစ်နေချေပြီ။
ချန်းဖန်သည် အတွင်းအား ပညာရှင် ထိပ်ပိုင်းအဆင့် ပညာရှင်များကို သတ်ဖြတ်နိုင်ကြောင်း သူ သိသည်။ ထိုအောင်မြင်မှုကြောင့်လည်း သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေရခြင်း ဖြစ်ပေလိမ့်မည်။
“သနားစရာပဲ”
ချန်းဖန်က သူတို့အတွက် ဆက်လက် အချိန်မပေးလိုတော့။ ရုတ်ချည်း လှုပ်လိုက်သည်နှင့် နဂိုရ်နေရာမှ ပျောက်ကွယ် သွားပြီး ဦးလေးနန်၏ ရှေ့တွင် ပြန်ပေါ်လာလေသည်။ အဇူရာ မိုးကြိုးကဲ့သို့ သူ့လက်တွင် လျှပ်စီး အလင်းရောင်များ တလက်လက် တောက်ပ သွားလေသည်။ လျှပ်စီး အလင်းတန်းမှာ အလျင်အမြန်ပင် ဓားရှည် တစ်ချောင်းပမာ ကြီးထွားလာပြီး လေထုကို ထိုးခွင်းသွားပြီး ဦးလေးနန်၏ ခါးရှိရာသို့ ပြေးဝင် သွားလေတော့၏။
***