မင်းကိုသတ်ရတာ …
Vol. 3 Ch. 230
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ဥယျာဉ်အတွင်း၌ ပဲ့တင်ထပ် ထွက်ပေါ် လာလေသည်။ ကယ်လီဗာ သေနတ်များဖြင့် အနီးကပ် ပစ်ခတ်ရာမှ ထွက်ပေါ်လာသည့် အသံမျိုးပင်။ သေနတ်သံများ ထွက်ပေါ်လာသည်နှင့် မီးခိုးငွေ့များ ထွက်ပေါ်လာလေတော့၏။ သံချပ်ကာကိုပင် ဖောက်ထွင်းနိုင်သည့် ကျည်ဆန်များမှာ သံမဏိ နံရံများကိုပင် ဖောက်ထွင်း ပစ်ခတ်နိုင်သည် အထိ စွမ်းအား ကြီးလှပေသည်။ သံချပ်ကာကြီးများကိုပင် ထိုးဖောက်နိုင်သော အမြှောက် ကျည်ဆန်မှာ တင့်ကားများကိုပင် တစစီ လွင့်စဉ်သွားအောင် ပစ်ခတ်နိုင်စွမ်း ရှိ၏။ လူဆိုလျှင် ပြောစရာပင် လိုမည် မဟုတ်တော့။
သို့သော် ချန်းဖန်၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှသည်။ စနိုက်ပါသမားများ ခလုတ်ကို မဆွဲနှိပ်နိုင်သေးခင် သူတို့ရှေ့သို့ ရောက်သွားလေ၏။
“အခုပစ်”
ဦးလေးနန်က အော်ပြောရင်း စွမ်းအင်များကို စုစည်းကာ လက်သီးမှတဆင့် ချန်းဖန်ထံသို့ ပစ်သွင်းလိုက်၏။ ဖိုက်တာ လေးယောက်မှာလည်း ချက်ချင်းပင် ချန်းဖန်ကို နေရာပေါင်းစုံမှ တိုက်ခိုက် လိုက်လေသည်။ သူတို့အားလုံးပေါင်း တိုက်ခိုက်မှုသည် Lu Tianlong ကို နောက်တကွက် မလှုပ်ရှားမီ နှစ်ခါပြန် စဉ်းစားရလောက်သည် အထိ စွမ်းအား ကြီးလွန်းလှပေသည်။
သို့သော် ချန်းဖန်က သူတို့ကို စိတ်ထဲပင် ထည့်ထားပုံ မရချေ။ သူက ရှေ့သို့ ပြေးတက် သွားလိုက်၏။ ဖိုက်တာများနား ရောက်ပြီး အနည်းငယ်မျှ ကျော်သွားသည်နှင့် သူ့လက်ချောင်းထိပ်တွင် ဓားအော်ရာ တစ်ခု ဖြစ်ပေါ်လာလေသည်။ ပျင်းရိလေးတွဲ ထီမထင်သော အမူအရာနှင့် အဇူရာ လျှပ်စီးဓားသွားကို လွှဲခုတ်ကာ သိုင်းသမားများကို တစ်ယောက်ပြီး တစ်ယောက် ကျော်ြဖတ် နေလေတော့၏။
“အား”
ဦးလေးနန်နှင့် အခြား သိုင်းသမားများမှာ အဇူရာ မီးကြိုးသွား၏ အရိပ်အယောင်ကိုသာ မြင်တွေ့ လိုက်ရသည်။ ထို့နောက် ၎င်းတို့၏ ကမ္ဘာကြီးတစ်ခုလုံး အမှောင် ကျသွားလေတော့၏။ သို့သော် တန်ရီဖေးကတော့ ဖြစ်ပျက်နေသမျှကို အတိုင်းသား မြင်နေရလေသည်။ ချန်းဖန်က ဖိုက်တာများဆီသို့ တဟုန်ထိုး ပြေးသွားရင်း အဇူရာ မိုးကြိုးသွားချီကို ပစ်လွှတ်ကာ သူတို့၏ ခေါင်းများကို ဖြတ်ချခဲ့ခြင်း ဖြစ်သည်။
“မဖြစ်နိုင်ဘူး”
တန်ရီဖေးမှာ မယုံနိုင်ခြင်းများစွာနှင့် ကျောက်ရုပ် တစ်ရုပ်ပမာ ထိတ်လန့် သွားလေတော့သည်။
ဦးလေးနန်နှင့် အခြား ဖိုက်တာများမှာ တန်မိသားစု၏ အဆင့်မြင့် တိုက်ခိုက်ရေး သမားများ ဖြစ်၏။ အယောက်ချင်းစီသည် မြို့တမြို့ကို သိမ်းပိုက် နိုင်ကြသူများ ဖြစ်၏။ ဦးလေးနန်သာ ဟိုင်တုန်မြို့တွင် နေလိုလျှင် တန့်ယွမ်ချင်း၏ အကူအညီမပါဘဲ ဟူအိုနှင့် တိုက်ရိုက် ယှဉ်ပြိုင်နိုင်သူ ဖြစ်၏။
သို့တိုင် စွမ်းအားကြီးလှသော ဖိုက်တာ ငါးယောက်မှာ ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုကိုမျှ မရှောင်တိမ်း နိုင်ကြချေ။ ချန်းဖန်၏ စွမ်းအားမှာ အဘယ်မျှအထိ ကြောက်စရာ ကောင်းနေပါသနည်း။
ဖခင်ဖြစ်သူ ထံတွင်ပင် ထိုကဲ့သို့သော စွမ်းအားမျိုး တခါမှ မမြင်ဖူးခဲ့ချေ။ တန့်ယွမ်ချင်း တံခါးပိတ် မလေ့ကျင့်ခင် သူ့အစွမ်းအစမှာ ချန်းဖန် သတ်ဖြတ်ခဲ့သော ဖိုက်တာ ငါးယောက် စုပေါင်း တိုက်ခတ်သည်နှင့် ညီမျှလေသည်။
“သတိထား သခင်မလေး”
တန်ရီဖေးနောက်မှ အဘိုးအိုက ရှေ့သို့ ထွက်လာပြီး သူမကို ကာကွယ် လိုက်လေသည်။ အဘိုးအို၏ မျက်ဝန်းတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက် နေလေသည်။
“ဒီကောင်လေးက ချီဓားသွားကိုတောင် ထုတ်လွှင့်နိုင်တယ်။ သေလွန် အဆင့်ကိုတောင် ရောက်နေလောက်ပြီ”
“ကျုပ်လည်း ကြားစက မယုံဘူး။ အသက် ၂၀ ပဲရှိသေးတဲ့ ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် ဂရန်းမာစတာ တစ်ယောက် ဖြစ်နိုင်မှာလဲလို့။ အခုတော့ ကြားရတဲ့ သတင်းက မှန်နေတဲ့ပုံပဲ”
“ဂရန်းမာစတာ ဟုတ်လား”
တန်ရီဖေးမှာ နောက်ဆုတ် သွားမိလေသည်။
ဂရန်းမာစတာ ဂုဏ်ပုဒ် အကြောင်းကို သူမ ကြားဖူးသော်လည်း သူမသည် သိုင်းသမား တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ဂရန်းမာစတာ တစ်ယောက်၏ စွမ်းဆောင်ရည်ကို သူမအနေဖြင့် မခန့်မှန်းနိုင်ပေ။ ဂရန်းမာစတာသည် အတွင်းအား အသုံးပြုသူ ထိပ်တန်း တိုက်ခိုက်ရေး သမားများထက် မဆိုစလောက်လေး စွမ်းအားကြီးမည်ဟုသာ ထင်မှတ်ခဲ့သည်။ ဂရန်းမာစတာ တစ်ယောက်သည် အတွင်းအား အသုံးပြုသူ ငါးယောက်ကို ဤမျှ လွယ်လွယ်ကလေးနှင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု တခါမှ မတွေးဘူးခဲ့ချေ။
“သူသာ ဂရန်းမာစတာ တစ်ယောက် ဆိုရင်တော့ ကျုပ်တို့ ပြဿနာ အကြီးအကျယ် တက်ပြီ”
အဘိုးအိုက တည်ငြိမ်သော မျက်နှာနှင့် ပြောလိုက်သည်။ သူ့မျက်လုံးများကတော့ ချန်းဖန်ကိုသာ ကြည့်နေဆဲ။ အဘိုးအိုက “အခုလက်ရှိ စနိုက်ပါသမား သုံးယောက်ဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ သူတို့ကိုပေးရတဲ့ ဒေါ်လာ ဆယ်သန်းနဲ့ ထိုက်တန်ပါစေလို့ မျှော်လင့်ရမှာပဲ”
တန်ရီဖေး၏ မျက်နှာတွင် မျှော်လင့်ချက် ရောင်ခြည်တချို့ ဖြတ်သန်းသွားလေသည်။
ထိုစနိုက်ပါ သမားများမှာ သူမ၏ နိုင်ဖဲ ဖြစ်သည်။ များပြားသော ငွေကြေး ပမာဏနှင့် သူတို့ကို နိုင်ငံခြား တိုင်းပြည်များမှ ငှားရမ်းထားခြင်း ဖြစ်သည်။ သူတို့ဘဝတွင် ပစ်မှတ်တစ်ခုကို ဘယ်တုန်းကမှ မလွဲချော်ခဲ့သလို လှုပ်ရှားနေသော ပစ်မှတ်ကိုပင် အတိအကျ ထိမှန်အောင် ပစ်ခတ်နိုင်သည်ဟု တညီတညွတ်တည်း ဆိုခဲ့ကြသူများလည်း ဖြစ်သည်။
ထိုအခိုက် ချန်းဖန်က ခေါင်းမပါတော့သည့် လူသေကောင် ငါးယောက်၏ ခန္ဓာကိုယ်ကို ကျော်ပြီး လူလုပ် ကျောက်တောင်များဆီသို့ တဟုန်ထိုး ပြေးသွားပြန်၏။ ထို့နောက် တောင်ထိပ်ပေါ်သို့ ခုန်တက် လိုက်သည်။
“အား”
အနက်ရောင် ပြောက်ကျား ဝတ်စုံနှင့် ခေါင်းမပါတော့သည့် ခန္ဓာကိုယ်ကြီးတစ်ခု တောင်ထိပ်ပေါ်မှ ရေအိုင်အတွင်းသို့ ပြုတ်ကျလာပြီး ရေပွက်ကြီး တစ်ခု ဝုန်းခနဲ တက်သွား လေတော့သည်။
“ဝုန်း”
“ဝုန်း”
ကျန်နေသေးသည့် စနိုက်ပါ သမားနှစ်ယောက်က ပစ်ခတ်လိုက်သည်။ ကျည်ဆန်များက ကျောက်တုံးများကို ထိမှန်သွားပြီး ကျောက်တုံးစများ ပဲ့ထွက် သွားလေ၏။ ကျည်ဆန်များ ဥယျာဉ်အတွင်း ပျံဝင်လာသည်နှင့် လေထုတစ်ခုလုံး မွန်းကျပ်သွားပြီး မိုးခြိမ်းသံကဲ့သို့ တုန်ခါ နေတော့၏။ လက်ဖက်ရည် အိမ်မှ ဧည့်သည်တော်များပင် ကျယ်လောင်လှသော သေနတ်သံကြီးများကို ကြားလိုက်ရလေသည်။
“ဘာတွေဖြစ်နေတာလဲ”
စွန်းဟီက ထိုင်ခုံမှ ထလာပြီး ပြတင်းပေါက်မှတဆင့် ဥယျာဉ်အား ကြည့်ကာ ပြောလိုက် လေသည်။
“သေနတ် ပစ်သံတွေလိုပဲ။ ငါသွားနေကျ သေနတ်ပစ်တဲ့ ကလပ်တွေမှာလည်း ဒီလိုအသံမျိုးတွေ ငါကြားဖူးတယ်”
လျူတယွမ်၏ မျက်လုံးအစုံမှာ ပြောရင်းနှင့် မြင့်တက် သွားလေသည်။
“ဂရင်းဗိုင်း ဥယျာဉ်ထဲမှာ ဘာဖြစ်လို့ သေနတ်သံ ထွက်နေရတာလဲ။ လူသတ်သမား ရှိလို့လား”
ဟွာကျီချန်း ၏ စကားကြောင့် အားလုံး တုန်လှုပ် သွားကြလေသည်။
တန်ရီဖေး၏ အင်အားကြီး ပြိုင်ဘက် တစ်ယောက်က လူသတ်သမား တစ်ယောက်ကို ငှားရမ်းပြီး သူမကို လုပ်ကြံဖို့ ဆိုသည်မှာလည်း လုံးဝကို မဖြစ်နိုင်ချေ။
“ရှောင်ဖန်းလည်း အဲဒီမှာ ရှိနေတယ်”
ဖန့်ချုံးက အခန်းအပြင်ဘက်မှ တစ်ဆင့် ဥယျာဉ်ဝင်းရှိရာသို့ စိတ်မောနေသော မျက်နှာလေးနှင့် ပြေးထွက် သွားလေ၏။ ဖန့်ချုံး နောက်သို့ မလိုက်ခင် ရှန်းချန်ဝမ်မှ တပါး အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။ ဥယျာဉ်ထဲ ဘာဖြစ်နေသည်ကို ရှန်းချန်ဝမ်က သိသည်။ အဘယ့်ကြောင့် ဆိုသော် သူကိုယ်တိုင် စီမံထား၍ ဖြစ်သည်။ ချန်းဖန်၏ သရုပ်မှန်ကို တန်ရီဖေး သိရှိသွားသည်နှင့် ယခုလို အခိုက်အတန့်မျိုး ကျိန်းသေ ရောက်လာ လိမ့်မည်ကိုလည်း သူ သိလေသည်။
ရှန်း မိသားစုသည် ချန်းဖန်နှင့် ချန်းမိသားစုတို့ကို တိုက်ရိုက်ယှဉ်ပြိုင်ပြီး အောင်မြင်မှု သရဖူ ဆောင်းနိုင်လျှင်လည်း အရင်းအနှီး များသော အောင်မြင်မှုသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှန်းချန်ဝမ်နှင့် သူ့ဖခင်တို့က ချန်းဖန်နှင့် တန်မိသားစုကို တစ်ဖက်လှည့်နှင့် ရန်တိုက် ပေးလိုက်ခြင်း ဖြစ်သည်။ ချန်းဖန်မရှိလျှင် ချန်မိသားစုသည် ဝမ်ရုန်အဖွဲ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
“ချန်းဖန် . မင်းဟာ ထူးခြားတဲ့ လူတစ်ယောက် ဆိုတာတော့ ငါ သဘောတူတယ်။ မင်းကို ငါမနိုင်နိုင်ဘူး။ ဒါပေမဲ့ တခြား တစ်ယောက်ကတော့ နိုင်လိမ့်မယ်”
ရှန်းချန်ဝမ်၏ မျက်လုံးအစုံမှာ ဆိုးညစ်သော အရိပ်အယောင်များ ဖြတ်သန်း သွားလေသည်။
“ရုပ်ပိုင်းဆိုင်ရာ ခွန်အားဆိုတာ မင်းကို ဝေးဝေး ရောက်အောင်တော့ ပို့နိုင်တယ်။ အေး .. ဒါပေမဲ့ ပြကွက်တွေ နောက်မှာ အကွက်ချရင်း ကိုယ်လိုချင်တဲ့ အရာကို အရယူနိုင်တဲ့ လူကမှ အမြင့်ဆုံးကို တက်လှမ်း နိုင်တဲ့လူပဲကွ”
သူက ပြုံးရင်း လက်ကျန် လက်ဖက်ရည်ကို လည်ချောင်း တစ်လျှောက် မော့သောက် လိုက်လေ၏။
သေနတ်သံများကို ကြားလိုက် ရကတည်းက စကားနှင့်ပြော၍ အလုပ် မဖြစ်တော့ကြောင်း ရှန်းချန်ဝမ် နားလည် သဘောပေါက်လိုက်သည်။ ယနေ့ ဥယျာဉ်ထဲတွင် ချန်းဖန်တစ်ယောက် သေဆုံး ရတော့မည်ကိုလည်း သူ စိတ်ချ ယုံကြည် ထားလိုက်သည်။
“ဒိုင်း ဒိုင်း”
သေနတ်သံနှစ်ချက် ထွက်ပေါ် လာပြန်သည်။ သေနတ်သံမှာ ကျယ်လောင် လွန်းလှ၍ မိုးကောင်းကင် ကိုပင် ထက်ခြမ်း ကွဲထွက်စေတော့မည့် အလားပင်။ အနက်ရောင် ဝတ်စုံနှင့် လူအများစုမှာ တန်ရီဖေးရှိရာသို့ တစ်ဟုန်ထိုး ပြေးလာကြရင်း သူမကို ဝန်းရံ ကာကွယ်လိုက်သည်။ သူတို့အားလုံးသည် တန်မိသားစု၏ အသေခံ သစ္စာရှိ တပ်သားများ ဖြစ်ကြ၏။ သူတို့၏ ကာကွယ်မှုကြောင့် တန်ရီဖေး၏ တင်းမာနေသော စိတ်မှာ အနည်းငယ် ငြိမ်ကျ သွားလေတော့သည်။
လေထဲသို့ ပျံတက် သွားသော ချန်းဖန်ကို သူမ ကြည့်လိုက်သည်။ ချန်းဖန်၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ခေါင်မိုးထိပ်သို့ သက်ဆင်း သွားလေသည်။
“အား”
နောက်ထပ် အော်သံကြီး တစ်ခု ထွက်ပေါ် လာပြန်သည်။ သွေးစက်များနှင့် အတူ ကိုယ်တစ်ပိုင်း ပြတ်နေသော ခန္ဓာကိုယ်ကြီးတစ်ခု ခေါင်မိုးပေါ်မှ ပြုတ်ကျ လာလေတော့၏။
“နှစ်ယောက် ကျသွားပြီ”
တန်ရီဖေးမှာ ပြန်လည်စိုးရိမ်စ ပြုလာသည်။ သူမ ငှားရမ်းထားသော စနိုက်ပါသမား သုံးယောက် အနက် နှစ်ယောက် သေဆုံး သွားခဲ့လေပြီ။ တစ်ယောက်သာ အသက်ရှင် ကျန်ရစ်တော့၏။
“ဘယ်သူက ဒီလောက် စွမ်းအားကြီးတာလဲ”
နောက်ဆုံးတွင် သူမမျက်နှာပြင်၌ နောင်တ အရိပ်အယောင်များ ယှက်သန်း လာတော့၏။ သံချပ်ကာများပင် ဖောက်ထွင်း နိုင်သည့် စွမ်းအားကြီး လက်နက်များ ယူလောရန် စဉ်းစားမိသေးသည်။ သို့သော် ထိုကျည်ဆန်များက ချန်းဖန်၏ အင်္ကျီစကိုပင် ထိအောင် မပစ်နိုင်ဟု တစ်ခါမှ မထင်မှတ်ခဲ့ချေ။
“အား...”
နောက်ထပ် ခန္ဓာကိုယ်တစ်ခု မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ နောက်ဆုံး ကျန်ရစ်သော စနိုက်ပါ သမား၏ ခန္ဓာကိုယ်ကြီးမှာ ချန်းဖန်၏ တိုက်ခိုက်မှုကြောင့် ဦးခေါင်းခွံ ကွဲကြေကာ သေဆုံးသွားပြီ ဖြစ်၏။
ဥယျာဉ်တစ်ခုလုံး ရုတ်တရက် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ် သွားလေသည်။
တန်မိသားစု ဝင်များ၏ တော်ဝင်ဖိုက်တာများပင် စတင် ထိတ်လန့်ကာ အခြေအနေကို မထိန်းနိုင် ဖြစ်လာကြ၏။ မိစန်ဝက်အတွင်း ချန်းဖန်က လူရှစ်ယောက် သတ်ပြီး နေလေပြီ။
အဆိုးဆုံးမှာ ချန်းဖန်သတ်လိုက်သော လူရှစ်ယောက်သည် သူတို့၏ ကြောက်စရာ ကောင်းသော စွမ်းအားကြောင့် ကျန်လူများကို အမိန့်ပေးစေခိုင်းနိုင်သူများ ဖြစ်နေခြင်း ဖြစ်၏။ သို့သော် ယခု၌ အားလုံး သေဆုံးခဲ့ရချေပြီ။
“ချပ်… ချပ်…ချပ်”
ချန်းဖန်က ကျောက်သား လမ်းမထက် ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူ့ဖိနပ်မှာ ကျောက်သားများကို ရိုက်နှက်ပြီး ဥယျာဉ်တလျှောက် ပဲ့တင် ထွက်နေ၏။ စက္ကန့် ၃၀ ခန့်မကြာခင် အချိန်လေးအတွင်း ခန္ဓာအတွင်းအား အသုံးပြုသူ ငါးဦးနှင့် အီလစ် စနိုက်ပါသမား သုံးယောက်ကို သတ်ဖြတ် ခဲ့လေသည်။ လူတစ်ယောက်၏ အမြင်၌ ယင်းကိစ္စမှာ မယုံကြည် နိုင်လောက်အောင် ထူးဆန်းကောင်း ထူးဆန်းနေနိုင်သည်။ သို့သော် ချန်းဖန်ကတော့ ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ မစဉ်းစားတော့သလို အပူအပင် ကင်းကင်းနှင့် လျှောက်လာလေ၏။
သူဝတ်နေကျ မီးခိုးရောင် အင်္ကျီလေးပင် ပွန်းရာမရှိ၊ သွေးရာမရှိ နဂိုရ်အတိုင်း ရှိနေဆဲပင်။
“ဆရာချန်း”
တန်ရီဖေး၏ ယုံကြည်မှုအားလုံး အရည် ပျော်ကျသွားလေပြီ။ သူမကိုယ်လေးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီ နေပြီ ဖြစ်၏။ သူမက ကြိုးစား ပြုံးပြလိုက်လေသည်။
ချန်းဖန်က ဘာစကားမှ မပြောဘဲ သူမ ရှိရာသို့သာ လျှောက်လာလိုက်၏။
“ဆရာ … ကျေးဇူးပြုပြီး ရပ်ပါ။ နောက်ထပ် ခြေတစ်လှမ်း တိုးမယ်ဆိုရင် ကျွန်တော်တို့ ပစ်ရပါလိမ့်မယ်” တန်မိသားစုရဲ့ သက်တော်စောင့် အချို့က တုန်ရီနေသော လက်အစုံဖြင့် သေနတ်များကို ကိုင်ထားရင်း ချန်းဖန်ကို ပြောလိုက်လေသည်။ သူတို့အားလုံး ကြောက်နေသော်လည်း ဆယ်စုနှစ် တစ်ခုကြာ သိုင်းပညာ လေ့လာထားသူများ ပီပီ နေရာတွင်တော့ မြဲအောင် ရပ်နေ နိုင်ကြသေးသည်။ သက်တော်စောင့်ခေါင်းဆောင်က ချန်းဖန်အား ကြည့်ကာ အော်ဟစ်လိုက်လေ၏။
“ရှူး”
ချန်းဖန်က လက်ကို ဆန့်တန်းလိုက်ရာ လေထဲ၌ အလင်းတန်း တစ်ခု တိုးထွက်လာလေ၏။
ရုတ်တရက် သူ့လက်ချောင်းထိပ်မှ ချီစွမ်းအင် စီးကြောင်း တစ်ခု ထွက်ပေါ် လာလေတော့သည်။ အားလုံးက ဘာဖြစ်တော့မည်ကို သိလိုက်ကြသည်။ ချီစွမ်းအင်သည် ကိုယ်ရံတော် ခေါင်းဆောင်ကို သတ်ဖြတ် လိုက်ချေပြီ။
“ခင်ဗျား… ခင်ဗျား ဘာလိုချင်တာလဲ”
နောက်ထပ် ကိုယ်ရံတော် တစ်ယောက် လဲကျသွားပြန်သည်။ သူက ခလုတ်ဆွဲမည် ကြံရုံ ရှိသေးသည်။ ချန်းဖန်က ရှေ့သို့ တိုးလာပြီး လေထဲတွင် လက်ချောင်းကို ဝှေ့ယမ်းလိုက်၏။ သက်တော်စောင့်၏ ခန္ဓာကိုယ်တွင် အပေါက်ကြီး ဖြစ်သွားပြီး သွေးများ တရစပ် စီးကျ သွားလေတော့၏။
အားလုံးမှာ ရှေ့မှ အဖြစ်အပျက်ကို ကြည့်ရင်း ဆွံ့အ သွားကြလေသည်။
“ဖူး”
ကျန်နေသေးသော ကိုယ်ရံတော်များမှာ ကြောက်ရွံ့မှု၏ ဒဏ်ကို မခံစားနိုင်တော့။ ထို့ကြောင့် သေနတ်များကို ပစ်ချပြီး မြေကြီးပေါ်သို့ မှောက်ကာ ခေါင်းများကို ပြားပြားဝပ် ထားကြ၏။ သူတို့သည် သက်တော်စောင့်များ ဖြစ်သည် ကာမီကာဇေ စစ်သည်တော်များ မဟုတ်ကြ။ ချန်းဖန်၏ သေလောက်အောင် စွမ်းအားကြီးလှသော စွမ်းအားက သူတို့၏ သတ္တိနှင့် စိတ်ဓာတ် ဟူသမျှကို အရည်ဖျော်ချ လိုက်ချေပြီ။ သူတို့အားလုံး လူ့လောကတွင် အသက်ရှည်ရှည်နှင့် နေသွား လိုကြသေးသည်။
ချန်းဖန်က သက်တော်စောင့် အုပ်စုကို အကဲခတ်ကြည့်ရင်း သူ၏ စွမ်းအားများ သူတို့ကြား ပျံ့နှံ့သွားအောင် လုပ်လိုက်လေသည်။
“ထန်း ထန်း ထန်း”
သေနတ်မဟုတ်ဘဲ ဓားများကို ကိုင်ထားသည့် သက်တော်စောင့် တချို့သည်လည်း လက်နက်များကို ချလိုက်ကြသည်။ တစ်ယောက်ပြီး တစ်ယောက် လက်နက်များကို ချပြီး သူတို့ အသက်အတွက် ဒူးထောက်ကာ ချန်းဖန်အား တောင်းပန် နေကြတော့၏။ ချန်းဖန်ထံမှ အကြည့် တစ်ချက်သည် မိုက်မိုက်မဲမဲ ဘယ်လုပ်ရပ်မျိုးမှ မလုပ်ရဲတော့အောင် လုံလောက် လွန်းနေသည်။
ရုတ်ချည်း မတ်တတ် ရပ်နေသူဟူ၍ ချန်းဖန်၊ တန်ရီဖေးနှင့် အဘိုးအို သုံးဦးသာ ရှိကြတော့၏။
“မစ္စတာ ချန်း …”
တန်ရီဖေးမှာ အနိုင်နိုင် မတ်တတ် ရပ်နေရ၏။ သူမက အက်ကွဲနေသော လေသံဖြင့် ခေါ်လိုက် လေသည်။
စွမ်းအားကြီးသော မိသားစုတစု၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် အခက်အခဲ ဒုက္ခမျိုးစုံကို သူမ ကြုံတွေ့ ဖြတ်ကျော်ဖူးပါသည်။ ချန်းဖန်၏ ပြိုင်စံကင်းသော စွမ်းအားအောက်တွင် ပြန်လည် တိုက်ခိုက် လိုစိတ်နှင့် ယုံကြည်စိတ်တို့ ပျောက်ဆုံး နေသည်ကို သူမ မြင်တွေ့လိုက်ရ၏။
“ငါမင်းကို ပြောခဲ့ပါတယ်။ ငါဘယ်သူလဲဆိုတာ မင်းမသိပါဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ မင်းက သိုင်းသမား တစ်ယောက် မဟုတ်လို့ပဲ” ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
“မင်းသာ သိုင်းသမားဆိုရင် ငါနဲ့ တိုက်ခိုက်တာ ဘယ်လောက် ရူးမိုက်ရာကျတယ် ဆိုတာ သဘောပေါက်မှာပဲ”
“တရုတ်ပြည်က တိုက်ခိုက်ရေး သမားတွေ အားလုံးထဲမှာ ငါနဲ့ မျက်နှာချင်းဆိုင် ရပ်ပြီး တိုက်ခိုက်နိုင်တာ လက်တစ်ဆုပ်စာ လူတချို့ပဲ ရှိတယ်။ မင်းရဲ့မိသားစုထဲမှာ အဲဒီလူတွေ တစ်ယောက်မှ မရှိဘူး”
တန်ရီဖေး၏ ကိုယ်လေးမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ခါနေလေပြီ။ သူမမှာ ပြောစရာ စကား မရှိတော့သလို ဆွံ့အနေလေ၏။
သူမစိတ်ထဲတွင်လည်း နောင်တနှင့် ဝမ်းနည်းမှုတို့ ပြည့်လျှံနေလေပြီ။
ချန်းဖန်က လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် လူဆယ်ယောက်ကျော်ကို အသာလေး သတ်နိုင်ခဲ့သည်။ ထိုထဲမှ ငါးယောက်မှာ ခန္ဓာကိုယ် အတွင်းအား အသုံးပြုသူများ ဖြစ်ပြီး သုံးယောက်မှာ ထိပ်တန်း အဆင့်ရှိ အီလစ် စနိုက်ပါများ ဖြစ်ကြ၏။ တန်မိသားစု၏ သက်တော်စောင့် နှစ်ယောက်မှာလည်း သူမရှေ့တွင် သေဆုံးနေလေပြီ။ ကျန်လူများမှာလည်း ဖြစ်ပျက်သမျှကို မြင်တွေ့ရုံနှင့် အသက်ဆက်ရှင်နိုင်ရန် ဒူးထောက်ခါ တောင်းပန်နေရပြီ။
မယုံကြည်နိုင်လောက်အောင် ကြောက်စရာ ကောင်းလွန်းလှသည့် စွမ်းအားပင်။
ဟူအို ဒူးထောက် တောင်းပန်ရန် ချန်းဖန်မည်သို့ ပြုလုပ်ခဲ့မှန်း တန်ရီဖေးမှာ နောက်ဆုံးတွင် နားလည် လိုက်ရသည်။ ချန်းဖန်ကဲ့သို့ စွမ်းအားကြီးမားသူ တစ်ယောက်၏ ရှေ့မှောက်၌ သူမ၏ အကြံအစည် ဆိုသည်မှာ ဘာမှ အသုံးမဝင်သည့် အရာမျှသာ ဖြစ်တော့သည်။
“မစ္စတာချန်း … တန်မိသားစုဟာ ကျင်းနန်မြို့မှာ တည်ရှိခဲ့တာ ရာစုနှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ကျုပ်တို့နဲ့ တကယ့်စစ်ပွဲ ဖြစ်ချင်လို့လား”
အဘိုးအိုက ရှေ့သို့ တိုးထွက်လာရင်း စိုးရိမ်နေသည့် ဟန်နှင့် မေးမြန်းလိုက်၏။
“ကျွန်တော်တို့ရဲ့ မမလေးကို ဒီနေ့ ခွင့်လွှတ်ပေးမယ် ဆိုရင် ဒီနေ့ ဖြစ်ခဲ့သမျှကို ကျွန်တော်တို့ မေ့လိုက်ပါ့မယ်။ တန်မိသားစုက ဘယ်တော့မှ …”
“အရှက်မရှိလှချည်လား...”
ချန်းဖန်က အဘိုးအိုကို လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ ဆံပင် အဖြူရောင်နှင့် အဘိုးအိုမှာ မမြင်နိုင်သော အားတစ်ခုက ရစ်သိုင်းသွားပြီး ခန္ဓာကိုယ်ကို မတင်ကာ နံရံနှင့် ရိုက်ချ လိုက်လေ၏။ နံရံနှင့် ရိုက်လိုက်သည့် အရှိန်ကြောင့် အဘိုးအိုမှာ ပွဲချင်းပြီး သေဆုံး သွားခဲ့ချေသည်။
ချန်းဖန်သည် အဘိုးအို တစ်ယောက်၏ အသက်ကိုပင် ညှာတာပေးခဲ့ခြင်း မရှိပေ။ သူက တန်ရီဖေးထံသို့ ဘာမှမဖြစ်ခဲ့သလို လျှောက်လာလေ၏။
သည့်နောက် တန်ရီဖေးသည် ချန်းဖန်၏ ကြောက်စရာ ကောင်းသော အကြည့်စူးစူးကို တစ်ကိုယ်တည်း ရင်ဆိုင်ရလေတော့၏။
***