မင်းဘဝက ငါ့အပိုင်
Vol. 3 Ch. 231
“မစ္စတာချန်း”
တန်ရီဖေးသည် ကျင်းနန်စီရင်စု မြေအောက်လောက၏ ဘုရင်မတပါး ဖြစ်သည်။ ထို့ကြောင့် မတ်မတ် ရပ်နေနိုင်သေး၏။ အသက်ဆက် ရှင်သန်ရေးအတွက် ကြိုးစား တောင်းပန်နိုင်ခြင်း ဖြစ်၏။
သူမ၏ အာဏာ၊ ပါဝါနှင့် လှည့်ကွက်များ၊ ဩဇာလွှမ်းမိုးနိုင်မှုများ … အားလုံးသည် ချန်းဖန်ရှေ့၌ ဟာသပြက်လုံး တစ်ပုဒ်သာသာပင်။ တန်ရီဖေးသည် သေခြင်း၏ အငွေ့အသက်များ လွှမ်းနေသော ချန်းဖန်ရှေ့၌ ခုခံနိုင်စွမ်း ကင်းမဲ့နေလေပြီ။ အန္တရာယ်မှ လွတ်မြောက်နိုင်မည့် နည်းလမ်း ပေါင်းများစွာကို သူမစိတ်ထဲတွင် အလျင်အမြန် တွက်ချက်နေပြီး ကြိုးစားပမ်းစား တောင်းပန်နေရ၏။
“ငါ ဂရင်းဗိုင်းကလပ်ကို ခြေလှမ်း စဝင်လိုက် ကတည်းက မင်းရဲ့ ခြုံခိုတိုက်ခိုက်မယ့် အကြံကို ရိပ်စားမိတယ်ဆိုတာ မင်း သိလား”
ချန်းဖန်က ဒူးထောက်နေသော လူအုပ်ကြီးရှေ့တွင် မတ်တတ် ရပ်နေဆဲပင်။ သူ့မျက်နှာမှာ တည်ငြိမ်ပြီး အပူအပင် ကင်းမဲ့လွန်းနေသည်။
“ငါ့ကို စိတ်ရှုပ်အောင် မင်းဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာ သိချင်ခဲ့တာ။ ဒါပေမဲ့ ငါ အရမ်း စိတ်ပျက်မိတယ်။ မင်းတို့မိသားစုမှာ အတွင်းအားပညာရှင် အသုံးပြုသူ လက်တစ်ဆုပ်စာပဲ ရှိတာလား။ စနိုက်ပါသမား သုံးယောက်ပဲ ရှိတာလား”
သူက တန်ရီဖေး၏ တုန်ရီနေသော မျက်နှာလေးကို ကြည့်ကာ ခေါင်းခါယမ်း လိုက်သည်။
“အာ … ငါဘာတွေးနေလဲဆိုတော့ … မင်းဆီက သိပ်မမျှော်လင့်သင့်ဘူးလို့ တွေးနေမိတာပဲ။ မင်းဘယ်လောက် တော်ပြီး ဉာဏ်နီဉာဏ်နက် များပါစေ၊ မင်းဟာ သေမျိုး လူတစ်ယောက်ပဲ။ သိုင်းပညာဆိုတာ မသိ၊ ဒါမစ်တာအိုဆိုတာ မသိ။ ဒါကြောင့်လည်း မင်းဒီလောက်ပဲ လုပ်နိုင်ခဲ့တာ”
ထိုသို့ ပြောပြီးသည်နှင့် ချန်းဖန်က လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေသည်။
တန်ရီဖေး၏ မျက်နှာတွင် အသက်ဓာတ်များ ကင်းမဲ့သွားသလိုပင်။
ချန်းဖန်သည် ယခု မြှောက်ထားသော လက်ဖြင့်ပင် သူမသက်တော်စောင့်၏ ဦးခေါင်းကို တစ်ချက်တည်း ရိုက်ပြီး သတ်ဖြတ်ခဲ့သည်။
“မစ္စတာချန်း .. ရှင်ကျွန်မကို သတ်လို့လည်း ဘာမှရမှာ မဟုတ်ဘူး”
အသက် ဘေးအန္တရာယ် ကြုံလာရသည်နှင့် တန်ရီဖေး၏ စိတ်မှာ အပြေးပြိုင်ရသလို လှုပ်ရှားနေလေပြီ။ သူမက အော်ပြောလိုက်၏။
“ကျွန်မက တန်မိသားစုရဲ့ အမွေဆက်ခံသူနော်။ တန့်ယွမ်ချင်းရဲ့ သမီး။ ရှင် ကျွန်မကို သတ်လိုက်ရင် ကျွန်မအဖေနဲ့ တန်မိသားစုက ကျိန်းသေ လက်စားပြန်ချေမှာပဲ”
ချန်းဖန်မှာ သူမ၏ ခြိမ်းခြောက်မှုကို စိတ်မဝင်စားသည့် အလား လက်မှာ ရင်အုပ်နားသို့တိုင် မြင့်တက် လာလေ၏။
“အေးပေါ့ … ငါဘာတွေ တွေးနေတာလဲ။ တန်မိသားစုဆိုတာ ရှင့်မျက်စိထဲမှာ ဘာမှမဟုတ်တဲ့ မိသားစုပဲ။ ရှင်အသာလေး ဖျက်ဆီးနိုင်တဲ့ မိသားစုပဲ”
တန်ရီဖေးက သူမတိုက်ကွက် မအောင်မြင်တော့မှန်း သိလိုက်ရ၍ ကပျာကယာပင် ဗျူဟာ ပြောင်းလိုက်ပြန်၏။
“ဒါပေမဲ့ တန်မိသားစုကို ရှင် ရှင်းထုတ်နိုင်လည်း ကျွန်မတို့ မိသားစုတွင်းက ရှုပ်ထွေးလွန်းတဲ့ အဆက်အသွယ်တွေနဲ့ အရင်းအမြစ် စွမ်းအင်တွေကို အကုန် ရနိုင်မှာ မဟုတ်ဘူး။ ကျွန်မကို အသက်ရှင်ခွင့် ပေးမယ်ဆိုရင် တန်မိသားစုကိုယ်စား ကျွန်မ အညံ့ခံပေးမယ်။ အဲဒီ အခါကျရင် ကျင်းနန်စီရင်စု သာမက ရှင်အလိုရှိရင် ကျွန်မကိုပါ စိတ်ကြိုက် လိုရာ စေခိုင်းနိုင်မယ်”
တန်ရီဖေးက ဆွဲဆောင်မှု အပြည့်ရှိသော မျက်ဝန်းများဖြင့် ချန်းဖန်ကို ကြည့်လိုက်လေသည်။
သူမသည် မိတ်ကပ် မပါဘဲနှင့်ပင် အလွန်တရာ ချောမောလှပသော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သူမ ခန္ဓာကိုယ်လေးမှာလည်း သေလို့ရသည်ဟု ဆိုရလောက်အောင် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ဆွဲဆောင် နိုင်လွန်းသည်။ အလှပဆုံး အသက်အရွယ်နှင့် အတောက်ပဆုံး မိသားစု သမိုင်းကြောင်း တို့ကို ထည့်သွင်း စဉ်းစားမည်ဆိုလျှင် မည်သည့် ယောကျ်ားမှ သူမနှင့် အချစ်ဇာတ်ခင်းဖို့ နှစ်ခါပြန် စဉ်းစားကြမည် မဟုတ်ပေ။
သို့သော် ချန်းဖန်၏ မျက်ဝန်း အတွင်းမှ အေးစက်စက် အမူအရာက တန်ရီဖေးကို စိတ်ပျက် သွားစေပြန်သည်။
ချန်းဖန်မျက်နှာပေါ်မှ အကြည့်မှာ တန်ခိုးကြီးလှသော နတ်ဘုရားတပါးက ဘာမှမဟုတ်သည့် အင်းဆက် ကောင်လေးကို ကြည့်နေသည့် အကြည့်မျိုး ဖြစ်သည်။ သတ်ဖြတ်ခြင်းတွင် အထုံပါရမီ ပါလာသည့် လူမျိုးမှသာလျှင် ထိုကဲ့သို့သော အေးစက်မှုမျိုးနှင့် ခံစားချက်မဲ့သော အကြည့်မျိုး ရှိပေလိမ့်မည်။
ထိုအချိန်တွင် ချန်းဖန်၏ လက်မှာ သူမ၏ သေးသွယ်၍ ကျော့ရှင်းလှသော လည်တိုင် ရှည်လေးများသို့ ရောက်နေပြီ ဖြစ်၏။ နောက်ဆုံးသော လက်နက်သာ မအောင်မြင်လျှင် မြေအောက်လောက ဘုရင်မ၏ လှတပတ ဦးခေါင်းလေးမှာ ပုခုံးမှတဆင့် မြေကြီးပေါ်သို့ ကျဆင်း ရပေတော့မည်။
“မစ္စတာချန်း ..”
ထိုအခိုက်မှပင် ချန်းဖန်ကို စည်းရုံးသိမ်း သွင်းနိုင်ရန် သူမတွင် ဘာမှ မရှိမှန်း တန်ရီဖေး နားလည် လိုက်ရ၏။ သူမ၏ လှပချောမောသော မျက်နှာလေး၊ တန်မိသားစု၏ ဘီလီယံချီပိုင်ဆိုင်မှု … မည်သည့် အရာမှ ချန်းဖန်၏ စိတ်ကို တားဆီး နိုင်တော့မည် မဟုတ်ပေ။
“ရှင် ကျွန်မကို သတ်နိုင်တယ်။ ဒါပေမဲ့ ဥယျာဉ်ထဲမှာရှိတဲ့ လူတိုင်းကို သတ်မလို့လား။ တစ်ယောက်ယောက်က ရဲကိုခေါ်ပြီး သတင်းပေးလိုက်တဲ့ အခါ ရှင် ဘယ်လိုလုပ်မလဲ”
တန်ရီဖေးမှာ အဆုတ်တစ်ခုလုံး ပွင့်ထွက် သွားတော့မတတ် အော်ပြောလိုက်သည်။
“ပြီးတော့ ကျွန်မသေသွားရင် ဖန့်ချုံး ကို ဘယ်လို ရှင်းပြမလဲ”
“ရှောင်ချုံး ဟုတ်လား”
ချန်းဖန်မှာ ခေတ္တမျှ ငြိမ်ကျသွားပြီး ပတ်ပတ်လည်ကို နတ်ဘုရား ဆန္ဒသုံး၍ ရှာဖွေ ကြည့်လိုက်သည်။ အဝင်ပေါက်ကို တန်မိသားစု ကိုယ်ရံတော်များက ပိတ်ဆို့ထားရာ သူမသည် ဥယျာဉ်ထဲသို့ မဝင်နိုင်ဘဲ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ချန်းဖန် တစ်ယောက် တွေဝေသွားသည်။ ကျင့်ကြံသူတို့၏ ကမ္ဘာနှင့် မတူသည်က ကမ္ဘာမြေတွင် ပြစ်မှုနှင့် ပြစ်ဒဏ်ဟူ၍ ရှိသည်။ တန်ရီဖေးကို သူသတ်လိုက်လျှင် မျက်မြင်သက်သေ အဖြစ် ကျန်နေသေးသည့် သက်တော်စောင့် ရာကျော်ကို သူဘယ်လို ရှင်းမည်နည်း။ အားလုံး သတ်ရမည်လား။ ဤမျှ သွေးပျက်ဖွယ် မြင်ကွင်းကို သူ့အတွက် မည်သူမျှ ဖုံးထားနိုင်မည် မဟုတ်ပေ။
လူပေါင်းများစွာကို ချန်းဖန် နောက်ဆုံးအကြိမ် သတ်ဖြတ်ခဲ့စဉ်က ရာဇဝတ်သားများကို သတ်၍ တရားမျှတမှုကို ဖော်ဆောင်ရန် ဖိအားပေးခံရ၍ ဖြစ်သည်။ သို့သော် ယခု ဥယျာဉ်တွင်းမှ သက်တော်စောင့်များမှာ အပြစ်မဲ့သူများ ဖြစ်သည်။ ထိုလူများကိုသာ သတ်လိုက်ပါက ရေခြား မြေခြားတွင် အချိန်အတော်ကြာ ပုန်းအောင်း နေရပေလိမ့်မည်။
ဖန့်ချုံးနှင့် ပတ်သက်သည့် တန်ရီဖေး၏ မှတ်ချက်စကားက ပစ်မှတ်ကို တည့်တည့် ထိမှန် သွားလေသည်။ တန်ရီဖေး သေသွားလျှင် ဖန့်ချုံးကို သူ ဘယ်လို ရှင်းပြရမည်နည်း။ ယခုထိ သူ့ဘဝ အစစ်အမှန်ကို ဖန့်ချုံး သိအောင် ထုတ်မပြောနိုင်သေး။
“ရှင် သိပြီလား။ ကျွန်မပြောတာ ရှင် မြင်ပြီလား။ ကျွန်မကို သတ်လို့ ရှင်ဘာမှရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မကို လွှတ်ပေးမယ် ဆိုရင် တန်မိသားစုက ရှင့်ကို ကျေးဇူး ကြီးကြီးမားမား ဆပ်မှာပါ”
တွေဝေ စဉ်းစားနေသော ချန်းဖန်ကို မြင်လိုက်ရုံဖြင့် တန်ရီဖေးမှာ စိတ်သက်သာရာ ရသွားသလို ပြုံးရင်း ပြောလိုက်လေသည်။
“ဟားဟား ..အရူးမလေး.. မင်းကို ငါမသတ်ဘူးများ ထင်နေသလား”
ချန်းဖန်က ရုတ်တရက် ကျယ်လောက်စွာ ရယ်မောလိုက်၏။
“ငါ့စွမ်းရည် အဆင့်က မင်းထင်ထားတာထက် ပိုပြီး မြင့်မားတယ်။ မင်းစဉ်းစားနိုင်တာထက် ပိုတဲ့ နည်းလမ်းတွေနဲ့ မင်းကို သတ်ပစ်လို့ရတယ်။ ရဲအရာရှိတွေတောင် သေနေတဲ့မင်းကိုကြည့်ပြီး အကြောင်းရင်းကို ပြောနိုင်မှာ မဟုတ်ဘူး။ သာမန် နှလုံးဖောက်သေတာပါလို့တောင် ရေးကြဦးမယ်။ ဘယ်သူမှ ငါ့ကို သံသယ ဖြစ်မှာ မဟုတ်ဘူး”
ချန်းဖန်က အေးစက်စက် ပြုံးရင်း ခေါင်းကို ခါယမ်းလိုက်လေသည်။
မည်သည့်နည်းနှင့်မျှ မသိနိုင်လောက်အောင် လူများကို သတ်ပစ်နိုင်သည့် ကျိန်စာနှင့် နတ်ဘုရားစွမ်းအား အမြောက်အမြား ရှိပေသည်။
ချန်းဖန်က Din Peng ကို လင်မြို့တော်တွင် ရှိစဉ်က နှလုံးဖောက်ခွဲဓားကျိန်စာကို သုံး၍ သတ်ပစ်ခဲ့သည်။ ရဲသားများမှာ သေဆုံးရသည့် အကြောင်းရင်းကိုပင် မသိခဲ့ကြ။ တချို့သာ ချန်းဖန်ကို သံသယ ဝင်ခဲ့ကြ၏။ သက်သေသက္ကာယ မရှိလျှင် ဉပဒေဆိုသည်မှာ စာရွက်ပေါ်မှ စာသား တချို့မျှသာ ဖြစ်၏။
တန်ရီဖေး၏ မျက်နှာမှာ နောက်ထပ် တစ်ကြိမ် ဖျော့တော့သွားပြန်သည်။
ထိုအခါမှ ချန်းဖန်သည် ဓမ္မအင်းများကို သိရှိသေးကြောင်း သတိရမိလိုက်သည်။ သူသည် မိုးကြိုးကို ထိန်းချုပ်ကာ သတိမမူမိခင်မှာပင် လူများကို သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။
“အတော်သတ္တိ ကောင်းနေပါလား”
တန်ရီဖေး၏ မျက်လုံးမှာ ကြောက်ရွံ့ ထိတ်လန့်မှုကြောင့် ပြူးကျယ် သွားလေသည်။
ချန်းဖန်၏ လက်ချောင်းထိပ်တွင် အဇူရာအရောင်ရှိ အလင်းတန်းတစ်ခု လတ်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။ လက်ကို လေထဲတွင် လွဲပြီး တန်ရီဖေး၏ လည်ပင်းရှိရာသို့ ဓားစလွယ် ခုတ်ပုံစံ ပိုင်းလိုက်လေသည်။ တန်ရီဖေးမှာ မည်သည့် နာကျင်မှုကိုမျှ မခံစားရ။ သို့သော် သူမ လည်ပင်းနှင့် ရင်အုပ်မှနေ၍ အစိမ်းရောင် မျဉ်းကြောင်းများ ထွက်လာသည်ကို တွေ့လိုက်ရ၏။ မျဉ်းကြောင်းများသည် သူမခန္ဓာကိုယ် တစ်ခုလုံးသို့ ပင့်ကူအိမ်တစ်ခုပမာ အလျင်အမြန် ပျံ့နှံ့ သွားလေတော့၏။
မျက်စိတစ်မှိတ် ကာလအတွင်း အစိမ်းရောင် မျဉ်းကြောင်းများသည် ခေါင်း၊ ခြေနှင့် လက်တို့မှ လွဲ၍ တန်ရီဖေး၏ ကျန်ခန္ဓာကိုယ် တစ်ခုလုံးသို့ ဖုံးအုပ် သွားလေတော့သည်။ ခန္ဓာကိုယ် အနှံ့ တက်တူး ထိုးထားသည့်ပမာ ပျံ့နှံနေသော အစိမ်းရောင် မျဉ်းကြောင်းများနှင့် စူးရှရှ အလင်းရောင် တို့ကြောင့် မိန်းမလှလေးမှာ တစ္ဆေသရဲ တစ်ကောင်ပမာ အရုပ်ဆိုး အကျဉ်းတန် သွားလေတော့၏။ ထို့နောက် အရေပြားပေါ်မှ မျဉ်းစိမ်းများမှာ ရုတ်ချည်း ပျောက်ကွယ် သွားလေတော့၏။
“ဘာတွေလဲ”
တန်ရီဖေးမှာ စိတ်ကို မထိန်းနိုင်တော့ဘဲ ငိုတော့ မလိုလေသံကြီးနှင့် မေးလိုက်လေသည်။
သူမ ခန္ဓာကိုယ်တွင် အတွင်းအင်္ဂါ အစိတ်အပိုင်းများစွာတိုင် ထိုးဖောက် ဝင်ရောက်နေသော ကြီးမားလှသည့် အားအင် တစ်ခုကို ခံစားနေရလေသည်။ ထိုအားအင်များသည် သူမအသွေး၊ အသား၊ နှလုံးသားတို့တိုင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်လျက် ရှိနေ၏။ သို့သော် သူမအနေဖြင့် ၎င်းကို ဘာမှ မလုပ်နိုင်။ အကြောက်တရားကြီး လွှမ်းမိုး လာချေသည်။ အမျိုးအမည် မယ်မယ်ရရ မသိသော အားအင်တစ်ခု သူမကို ရစ်သိုင်းနေသည့် အကြောက်တရားက သေလုအောင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
“ဒါ ရီသစ်သားဝိညာဉ်ချီပဲ။ အသက်တွေကို ရှင်စေနိုင်သလို အသက်ကိုလည်း နှုတ်ယူနိုင်တယ်”
ချန်းဖန်က ပေါ့ပေါ့းပါးပါးပင် ပြောလိုက်၏။
“မင်းသေနေရင်တောင် မျက်စိတစ်မှိတ်အတွင်း အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်။ အဲဒီလိုပဲ မင်းရဲ့ အသွေး၊ အသား၊ အရိုးနဲ့ နှလုံးတစ်ခုလုံး အပ်အစင်းပေါင်း မြောက်မြားစွာနဲ့ ထိုးဆွနေသလို ခံစားရအောင်လည်း လုပ်နိုင်တယ်။ နောက်ဆုံးကျတော့ မင်းဟာ အသိစိတ်ရှိနေတဲ့ သစ်သားတုံး တစ်တုံးသာသာ ဖြစ်သွားလိမ့်မယ်”
“မင်းဘဝ တစ်လျှောက်လုံး မသေမချင်း မင်းခန္ဓာကိုယ်ထဲက စွမ်းအင်တွေ တဖြည်းဖြည်း ကုန်ဆုံး နေတာကို ခံစားရလိမ့်မယ်”
ချန်းဖန်က ဖြည်းဖြည်းနှင့် မှန်မှန် ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ့ပါးစပ်မှ ထွက်လာသည့် စကားလုံးတိုင်းသည် တန်ရီဖေး၏ ကျောရိုးတစ်လျှောက် စိမ့်တက် သွားလောက်အောင် ကြောက်စရာ ကောင်းလှပေသည်။
“ရှင်က မကောင်းဆိုးဝါးပဲ”
တန်ရီဖေးက ကျိန်ဆဲ လိုက်လေ၏။
သူမစိတ်မှာ အဆုံးတွင် တည်ငြိမ်မှု ကင်းမဲ့ သွားချေပြီ။ သူမကိုယ်သူ ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိတော့။ အခြေအနေသည် သူမအား ကျန်းနန်မြို့၏ ရက်စက်သော အလှဘုရင်မလေး အဖြစ်မှ အဝတ်မပါသော ကောင်မလေး တစ်ယောက်အဖြစ် တစ်လွှာပြီး တစ်လွှာ ခွာချ ပစ်နေသလိုပင်။
စစ်မှန်သော သတ္တိရှိသူများသာ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်၏။ သို့သော် တန်ရီဖေးကတော့ ထိုလူမျိုးထဲတွင် မပါဝင်ချေ။
“ရှူး … ရှူး … ရှူး”
တန်ရီဖေးက ချန်းဖန်ကို အော်ဟစ်လိုက်သည်နှင့် အစိမ်းရောင် မျဉ်းကြောင်းများသည် သူမအရေပြားတလျှောက် ပြန်လည် ပေါ်ထွန်းလာတော့၏။ မျဉ်းကြောင်းများမှာ သူမ အရေပြားအောက်မှ အပြင်သို့ တိုးထွက်ကာ ပေါက်ကွဲတော့မည့် အလားပင်။
“အား”
တန်ရီဖေးမှာ နာကျင်လွန်း၍ အော်ဟစ်လိုက်သည်။ မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ် လဲကျ သွားပြီးနောက် ရှေ့မှနောက်သို့ လူးလိမ့်ကာ အော်ဟစ်နေတော့၏။ ထောင်ပေါင်း များစွာသော ဓားတို့သည် သူမအား အဆက်မပြတ် ထိုးနှက် နေသကဲ့သို့ နာကျင်လွန်းလှပေသည်။ ထိုသေးသွယ်၍ ထက်မြက်လှသော ဓားဖျားလေးများသည် သူမ၏ အရေပြားမှသည် အသွေး၊ အသားနှင့် အရိုးထိတိုင် ထိုးဖောက် နေသလိုပင်။
“နှလုံးသားအား မြားရာထောင် ထိုးဖောက်ခြင်း”
ထိုနည်းလမ်းသည် ဒဏ္ဍရီလာ တန်ခိုးရှင်များသာ ပိုင်ဆိုင်သော နည်းလမ်း ဖြစ်သည်။ တန်ရီဖေးမှာ ကံဆိုးလွန်း၍သာ ယခုဘဝ ထိုအရသာကို ခံစားနေရခြင်း ဖြစ်၏။ နာကျင်မှုသည် သူမအား တဖြည်းဖြည်းနှင့် လူရူး တစ်ယောက်ပမာ အလူးလူး အလိမ့်လိမ့် ခံစားစေ၏။ သူမအသက်ကို ချန်းဖန်ကိုယ်တိုင် သတ်ပေးပါရန် တောင်းပန် တိုးလျှိုးတော့မည်အထိ နာကျင်ရ၏။ သေခြင်းပင်လျှင် ယခုနာကျင်မှုနှင့် ယှဉ်လျှင် ချိုမြိန်သော လွတ်မြောက်ခြင်း တစ်မျိုး ဖြစ်နေနိုင်တော့၏။
ဥယျာဉ်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် နှုတ်ဆိတ် သွားပြန်သည်။ မြေကြီးပေါ်တွင် ဒူးထောက် ထိုင်နေသော လူတိုင်းမှာ တန်ရီဖေး၏ အော်ဟစ် ညည်းတွားသံကြီးကို နားထောင်ရင်း ထိန်းချုပ် မရနိုင်လောက်အောင် တုန်လှုပ်နေကြ၏။
“မကောင်းဆိုးဝါးပဲ။ သူက တကယ့် မကောင်းဆိုးဝါး”
လူတိုင်း၏ ရင်ထဲတွင် ထိုစကားသံ ပဲ့တင်ထပ်သွားလေသည်။
သူတို့အားလုံး သတ်ဖြတ်မှုများနှင့် မစိမ်းကြ။ အများစုမှာ အကြောက်တရား ကင်းမဲ့သည့် စစ်သူကြီးများ ဖြစ်ကြသည်။ သို့သော် မျက်စိရှေ့မှ ရက်စက်လှသော ညှဉ်းပန်း နှိပ်စက်မှုကို သူတို့ဘဝတွင် တခါမျှ မမြင်ဖူးခဲ့ချေ။ သူမအတွက် သေသည်ကမှ ကောင်းဦးမည်။ ဒဏ္ဍရီထဲမှ မကောင်းဆိုးဝါးများသာ ထိုအရာမျိုး လုပ်နိုင်ပေလိမ့်မည်။ ထိတ်လန့် တုန်လှုပ်စရာ မျက်စိရှေ့မှ မြင်ကွင်းသည် သေရာပါသည် အထိ သူတို့အားလုံး၏ မှတ်ဉာဏ်ထဲ၌ ခိုအောင်းကာ ကျန်နေသည့် ဘဝ တစ်လျှောက်လုံးကို နှိပ်စက်နေတော့မည်သာ ဖြစ်၏။
“ဖတ်”
တန်ရီဖေး၏ အရေပြားများ စတင်ပြီး အက်ကွဲလာသည်ကို မြင်လိုက်ရသည်နှင့် ချန်းဖန်က သူ့လက်နှင့် ရိုက်ချလိုက်သည်။ တစာစာ အော်ဟစ်နေသော သူမ၏ အသံလေးမှာ တုန်ရီအက်ကွဲကာ တိုးဝင် သွားလေတော့၏။ သူမ မျက်ဝန်းတစ်ခုလုံး သွေးများ ပြည့်လျှံသလို ရဲရဲနီနေ၏။ ဆံပင်မှာ ပြေလျော့နေပြီး မျက်နှာတွင် မိတ်ကပ်ဟူ၍ ဘာမှမရှိတော့ရာ သရဲတစ်ကောင်နှင့်ပင် တူနေတော့၏။ ရုတ်တရက် ရီသစ်သား ဝိညာဉ်ချီက သူ၏ လုပ်ငန်းဆောင်တာကို ပြောင်းပြန် လည်ပတ်လိုက်ကာ မိန်းကလေး၏ ခန္ဓာကိုယ်ကို စတင် ကုစားပေးလိုက်လေ၏။ တန်ရီဖေး၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော အသက်ဓာတ် စွမ်းအင်များ စီးဆင်းသွားပြီး အစိမ်းရောင် မျဉ်းကြောင်းများကြောင့် ဖြစ်ပေါ်နေသည့် ဒဏ်ရာများ ကျက်သွား လေတော့သည်။
များမကြာမီ တန်ရီဖေးမှာ မူလပုံစံ အတိုင်း ပြန်ဖြစ်လာတော့၏။ သို့သော် မောပန်းနွမ်းနယ်ပြီး ဆံပင်များ ပြေလျော့နေသော သူမပုံစံကို ကြည့်ရုံဖြင့် သွေးပျက် ထိတ်လန့်စရာ အဖြစ်ဆိုးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရမှန်း အတပ် ပြောနိုင်ပေသည်။
“အခုကစပြီး မင်းအသက်ကို ငါပိုင်သွားပြီ”
တန်ရီဖေးက ကြိုးစား ရပ်လိုက်သည်။ ချန်းဖန်က လက်ကို နောက်ပစ်ရင်း ပြောလိုက်လေ၏။ “ဒါ ငါ့အမိန့်ကို မနာခံလို့ ပေးတဲ့ အပြစ်သေးသေးလေး တစ်ခုပဲ။ ဒီသင်ခန်းစာကနေ မင်း သင်ယူနိုင်ပါစေလို့ ငါ မျှော်လင့်တယ်”
“ဟုတ်ကဲ့ ဆရာ”
တန်ရီဖေးက ခေါင်းညိတ်ရင်း ကပျာကယာ အဖြေပြန်ပေးလိုက်၏။
ထိုနှိပ်စက်မှုမျိုး မည်သည့်အခါမျှ ပြန်လည် မခံစားလိုတော့။ ထိုနာကျင်မှုသာ နောက်တကြိမ် ခံစားရမည်ဆိုလျှင် ရေကန်ထဲ ခေါင်းနှစ်ပြီး ကိုယ့်ကိုကိုယ် သတ်သေ ပစ်နိုင်ပါစေဟု ဆုတောင်း မိလေသည်။
သို့သော် အံ့ဩထိတ်လန့်မှုနှင့် အတူ သူမ၏ တစစီ ပြိုကွဲသွားပြီဟု ထင်ရသော ကိုယ်တွင်း အင်္ဂါများမှာ ပြန်လည် ကောင်းမွန်လာပြီး ဒဏ်ရာများလည်း သက်သာလာချေ၏။ သူမတစ်ကိုယ်လုံး ဘာမှ မဖြစ်ခဲ့သလိုပင်။
လူသတ်သမားဟူသော အဖြစ်မှ ကယ်တင်ရှင်ဟူသော အဖြစ်သို့ ပြောင်းရန် ချန်းဖန်အတွက် အချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ဤမျှ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးကို ကြည့်ရင်း လက်စား ချေချင်စိတ်များပင် ပျောက်ကွယ် သွားရလောက်အောင် တန်ရီဖေး၏ စိတ်နှလုံး တစ်ခုလုံး တုန်လှုပ် သွားမိလေသည်။
သူမကို လှောင်ပြောင်ခဲ့သည့် ချန်းဖန်ကို စိတ်ဆိုး ဒေါသ ထွက်ရမည့်အစား တန်ရီဖေးမှာ အနည်းငယ် ကျေနပ် သွားမိလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ စိတ်အနက်ရှိုင်းဆုံး နေရာ၌ နတ်ဘုရားတစ်ပါးမျှ တန်ခိုးကြီးလှသော စွမ်းအားရှင် တစ်ယောက်၏ ခြေဖဝါးတွင် ဝပ်တွား ခယလိုစိတ်များ အမြဲတမ်း ရှိခဲ့သည် မဟုတ်လော။
***