← Chapters

အခန်း (၅၁၅)

Vol. 35 Ch. 515

အခန်း (၅၁၅)

Vol. 35 Ch. 515

ဝုန်း…

ဝေ့ထန်၏ စကားဆုံးသည်နှင့် အချိန်အတန်ကြာအောင် တိတ်ဆိတ်နေခဲ့သော ဝေ့ယွမ် ရုတ်တရက် ထရပ်လိုက်ပြီး သူမထံမှ စိတ်ဝိညာဉ်စွမ်းအင်များ တဟုန်ထိုးထွက်ပေါ်လာခဲ့သည်။

ထို့နောက် ပြင်းထန်သော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာ၏။

ဝေ့ထန် မှင်သက်နေခဲ့ပြီး ပြန်လည်သတိဝင်လာချိန်တွင် ဝေ့ယွမ်၏ဓားက သူ့လည်ပင်းထက်၌ ရောက်နေခဲ့ချေပြီ။

“ ဝေ့ထန်… ကျွန်မ ရှင့်ကို နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးမယ်… ရှင် ကျွန်မကို ကြိုက်တာပြောလို့ရတယ်… ဒါပေမဲ့ ကျွန်မဆရာကိုတော့ မစော်ကားနဲ့… တကယ်လို့ နောက်တစ်ကြိမ်ဆိုရင် ရှင့်ကို ချက်ချင်းသတ်ပစ်မယ်… ပြီးမှ အဖေ့ကို တောင်းပန်လိုက်မယ်…”

“ မင်း… မင်း… ငါ မင်းရဲ့အစ်ကိုလေ…”

ဝေ့ယွမ်၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ဝေ့ထန် အံ့အားသင့်သွားကာ အလွန်ထိတ်လန့်သွားခဲ့ရပြီး နောက်ကျော၌ ချွေးအေးများ ရေချိုးထားသည့်အလား စီးကျလာခဲ့သည်။ ထိတ်လန့်နေသည်ဖြစ်ရာ သူ၏စကားသံများကလည်း တုန်ယင်နေခဲ့၏။

“ အစ်ကိုလား…”

ဝေ့ယွမ် အေးစက်စွာပြုံးလိုက်ပြီး သူမ၏ဓားအား ပြန်လည်ရုပ်သိမ်းလိုက်ကာ လှပသော မျက်ဝန်းတစ်စုံဖြင့် ဝေ့ထန်အား တစ်ချက်စိုက်ကြည့်လိုက်သည်။

“ မှန်တယ်… ရှင်က ကျွန်မအစ်ကိုဖြစ်တဲ့အတွက် ကျွန်မ ရှင့်ကို တကယ်သတ်မှာ မဟုတ်ဘူး… ဒါပေမဲ့ တတိယအစ်ကိုလိုဖြစ်အောင်တော့ လုပ်လို့ရတယ်…”

တတိယမင်းသားအကြောင်း ဝေ့ယွမ်၏ နှုတ်ခမ်းဖျားမှ ထွက်လာချိန်တွင် ဝေ့ထန် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

သူ၏ညီမငယ်က မဟာပျက်စီးခြင်းလွင်ပြင်မှ ပြန်လာပြီးကတည်းက ရုတ်တရက် အလွန်သန်မာလာခဲ့သည်။

သူမ၏ ကျင့်ကြံမှုက လျင်မြန်စွာ တဟုန်ထိုးတိုးတက်လာခဲ့ပြီး ယခင်တုန်းကကဲ့သို့ လိပ်တစ်ကောင်နှင့်မတူတော့ချေ။

နှစ်ဝက်အတွင်း သူမက အခြေတည်ဝိညာဉ်အဆင့်မှ မူလဘုရင်အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်ခုန်ပျံကျော်လွှားရောက်ရှိလာခဲ့ကာ ယခုအချိန်တွင် လူသားဘုရင်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ ဝေးတော့၏။

သူမ ပြောသော ဆရာဆိုသူက မည်ကဲ့သို့နည်းလမ်းများ သင်ကြားပေးလိုက်ကြောင်း မည်သူမှ မသိရပေ။

သူမက မူလဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသေးသည့်တိုင် လူသားဘုရင်အဆင့် တိုက်ခိုက်နိုင်စွမ်း ပိုင်ဆိုင်ထား၏။

ဝေ့ယွမ်တို့အဖွဲ့ ဝေ့နိုင်ငံတော်သို့ပြန်ရောက်ပြီး၌ မဟာပျက်စီးခြင်းနယ်မြေ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများနောက်ကွယ်မှ လက်သည်မှာ တတိယမင်းသားဖြစ်ကြောင်း သိခဲ့ရသည်။

ထိုအခါ ဝေ့ယွမ်က သူမ၏အဖွဲ့ကို ခေါ်ဆောင်ပြီး တတိယမင်းသားအိမ်တော်သို့ တိုက်ရိုက်သွားကာ စိန်ခေါ်ခဲ့သည်။

သူမတို့နှစ်ယောက်ကြားမှ လောင်းကြေးမှာ ထီးနန်းအတွက် ယှဉ်ပြိုင်ခြင်းကို လက်လျှော့ရန်ဖြစ်သည်။

သူတို့ ခမည်းတော်ကလည်း ထိုလောင်းကြေးအား အမှန်တကယ် သဘောတူခဲ့သည်။

ထို့အပြင် တတိယမင်းသားကိုယ်တိုင်ကလည်း မောက်မာသူတစ်ဦးဖြစ်ကာ သူ၏လူသားဘုရင်အဆင့်ကျင့်ကြံမှုအပေါ် လွန်စွာယုံကြည်မှုရှိပေသည်။

ဝေ့ယွမ်ထံတွင် ဝှက်ဖဲများ ရှိကောင်းရှိနိုင်သော်လည်း သူ အနည်းငယ်မျှ ဂရုမစိုက်ပေ။

အမှန်တွင် သူတို့နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တတိယမင်းသားမဆိုထားနှင့် ကျန်မင်းသား၊ မင်းသမီးများပင်လျှင် ဝေ့ယွမ်ဘက်မှ မျှော်လင့်ချက်မရှိကြပေ။

သို့သော် တိုက်ပွဲအပြီးတွင် ထွက်ပေါ်လာခဲ့သော ရလဒ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

ဝေ့ယွမ်က တတိယမင်းသားကို အနိုင်ယူရန်အတွက် ဓားသုံးချက်သာ အသုံးပြုခဲ့ပြီး တတိယမင်းသား၏ စိတ်ဝိညာဉ်သွေးကြောများကိုပါ တစ်ခါတည်း ဖြတ်တောက်ပစ်ခဲ့၏။

သို့ဖြစ်ရာ တတိယမင်းသားအနေဖြင့် သူ၏ကျင့်ကြံမှု ထိုနေရာ၌သာ ထာဝရရပ်တန့်သွားတော့မည်ဖြစ်ပြီး ထီးနန်းအတွက် ဆက်လက်ယှဉ်ပြိုင်လိုလျှင်တောင် ယှဉ်ပြိုင်နိုင်ခြင်း ရှိတော့မည်မဟုတ်ပေ။

ယခုတွင် ဝေ့ယွမ်က တတိယမင်းသားအကြောင်း ထည့်ပြောလိုက်သည်။

အစပိုင်းတွင် မိမိ၏ အစ်ကိုကြီးဖြစ်သည်ဟူသော အဆင့်အတန်းအား အသုံးပြုကာ ဝေ့ယွမ်အပေါ် ဖိအားပေးလိုခဲ့သော ဝေ့ထန် ဘာမှဆက်မပြောဝံ့တော့ဘဲ စိတ်ဓာတ်ကျစွာဖြင့် ဝေ့ယွမ်အိမ်မှ ပြန်လည်ထွက်ခွာလာခဲ့ရသည်။

သို့သော် တစ်ဖက်တွင်မူ ဝေ့ထန်အား နှင်ထုတ်လိုက်ပြီးဖြစ်သည့်တိုင်အောင် ဝေ့ယွမ်အနေဖြင့် ပျော်ရွှင်မှုအား မခံစားခဲ့ရပေ။

ဝေ့ယွမ်တစ်ယောက် ဓားအား ခါးမှဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အပြာရောင်ကောင်းကင်ကြီးအား မော့ကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် သတင်းစုံစမ်းရန် ထွက်ခွာသွားခဲ့သော ရှုယွမ်ပြန်ရောက်လာခဲ့ပြီး ဝမ်းနည်းနေသော ဝေ့ယွမ်ကို မြင်လိုက်ရ၏။

တစ်ဖက်တွင်မူ ရှုယွမ်ပြန်လာသည်ကိုမြင်လျှင် ဝေ့ယွမ်၏မျက်နှာက ရွှင်လန်းလာခဲ့ပြီး ချက်ချင်းပြေးသွားကာ

“ ရှုချီ… အခြေအနေ ဘယ်လိုလဲ…”

သူမ အလောတကြီးမေးလိုက်၏။

ရှုယွမ်က

“ မင်းသမီး… လမ်းကြောင်းကို စစ်ဆေးခဲ့ပါပြီ… မြို့တော်ကို ကင်းလှည့်တဲ့ အဖွဲ့ရဲ့ လမ်းကြောင်းအရဆိုရင် ဒီနေ့ည ဟာကွက်တစ်ခု ရှိလိမ့်မယ်… အဲ့အချိန်ကျရင် ဘဏ္ဍာတိုက်က ငှားထားတဲ့ ရတနာကိုအသုံးပြုပြီး မြို့တော်ကနေ ထွက်ပြေးလို့ရတယ်… ဘယ်သူမှ သတိမပြုမိလောက်ဘူး…”

ရှုယွမ်၏ စကားကြောင့် တစ်ချိန်လုံး တင်းကြပ်နေခဲ့သော ဝေ့ယွမ်၏ မျက်ခုံးများ ပြေလျော့သွားတော့သည်။

သို့သော် မကြာခင်မှာပဲ ဝေ့ယွမ် ခေါင်းငုံ့လိုက်ပြီး

“ ဒါပေမယ့်.. ခမည်းတော်ကို ဘယ်လို ရှင်းပြရမလဲ မသိဘူး…”

တိုးညှင်းစွာ ပြောလိုက်၏။

ရှုယွမ် သက်ပြင်းချလိုက်ပြီး စိတ်ဓာတ်ကျနေသော ဝေ့ယွမ်အားကြည့်လိုက်သည်။

သူမလည်း ဤကိစ္စများနှင့်ပတ်သက်ပြီး မည်သို့ပြောရမည်မှန်း မသိတော့ပေ။

ဇာတ်လမ်းအစမှာ လွန်ခဲ့သော လ၀က်ခန့် တောင်ပိုင်းနယ်စပ်သို့ အင်အားစုကြီးများမှ သံတမန်များရောက်လာချိန်၌ ဖြစ်၏။

လျူယန်မင်းဆက်မှ ဇီချန်ဟူသော အင်ပါယာတစ်ဦး ဝေ့နိုင်ငံတော်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် အင်ပါယာ ဇီချန်က ဝေ့ယွမ်အား တွေ့မြင်ကာ နှစ်ခြိုက်သွားခဲ့ပြီး တပည့်လက်ခံလိုကြောင်း ပြောကြားခဲ့၏။

သံတမန်များတွင် တောင်ပိုင်းနယ်စပ်မှ ပါရမီရှင်များအား ဆွဲဆောင်ရန် တာ၀န်ရှိသော်လည်း ရွေးချယ်ခံရသူများအနေဖြင့် မိမိကိုယ်တိုင် သဘောရှိသလို ဆုံးဖြတ်နိုင်သည်။

အတင်းအကြပ် ဖိအားပေးခိုင်းစေ၍မရချေ။

သို့သော် မည်သို့သော အကြောင်းအရင်းကြောင့်မသိ အင်ပါယာဇီချန်ဆိုသူက ဝေ့ယွမ်အား တပည့်အဖြစ် ရရှိရန် လုံး၀ စိတ်ပိုင်းဖြတ်ထားဟန်တူသည်။

ဝေ့ယွမ်က အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့ပြီး ဖြစ်သည့်တိုင် ထိုလူက ထွက်မသွားသေးဘဲ ရှိနေဆဲဖြစ်ကာ ဝေ့ယွမ်အပေါ် ဖိအားပေးနေခဲ့၏။

ဝေ့နိုင်ငံမှ ကျင့်ကြံသူများအမြင်တွင်တော့ ဝေ့ယွမ်က တုံးအသူတစ်ယောက်သာဖြစ်သည်။

သို့သော် ဝေ့ယွမ်အတွက်မူ ရွှမ်ယီဆိုသည်မှာ သူမ၏ ဆရာဖြစ်ရုံသာမက အသက်သခင်ကျေးဇူးရှင်လည်းဖြစ်ပေသည်။

ဝေ့ယွမ်က ဆရာပြောင်းလဲ လက်ခံလိုက်လျှင်ပင် ဝေ့နိုင်ငံမှ လူများက နားလည်ပေးနိုင်ကြသည့်တိုင်အောင် သူမအတွက်မူ လုံး၀ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။

“ ထားလိုက်တော့… အခု အဖေ့မှာ ဆရာပေးလိုက်တဲ့ အသက်(၁၀၀၀)ဆွဲဆန့်ပေးနိုင်တဲ့‌ ဆေးလုံးရှိနေပြီပဲ…”

“ နောက်ထပ် နှစ်(၁၀၀၀)ကြာသွားရင် ကျွန်မ ကျင့်ကြံမှုကလည်း တော်တော်လေး ခရီးရောက်နေလောက်ပြီ… အဲ့အချိန်ကျမှ ဝေ့နိုင်ငံတော်ကိုပြန်လာပြီး အဖေ့ကိုယ်စား စောင့်ရှောက်ပေးတော့မယ်…”

‌ကံကောင်းထောက်မစွာနှင့် ရွှမ်ယီ၏ သင်ကြားပေးခဲ့မှုကြောင့် ဝေ့ယွမ်ထံတွင် ယခင်ကဲ့သို့ ပျော့ညံ့မှုများ မရှိတော့ပေ။

တစ်ခဏမျှ စိတ်ဓာတ်ကျသွားပြီးနောက် သူမ မျက်လုံးအကြည့်များ ပြတ်သားလာခဲ့ပြီး လက်သီးတင်းတင်းဆုပ်ကာ မိမိကိုယ်ကိုယ်အားပေးစကားဆိုလိုက်၏။

ဝေ့ယွမ်အား ကြည့်နေသော ရှုယွမ်လည်း ပြုံးလိုက်မိသည်။

ထို့နောက် ရှုယွမ်၏ အကြည့်များ ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများထံသို့ ရောက်ရှိသွားသည်။ သူမ နှလုံးသားထဲတွင် မမြင်နိုင်သော အခိုးအ‌ငွေ့များ ရှိနေခဲ့၏။

ဇီချန်ဆိုသည်မှာ ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်မျှသာ ဖြစ်သော်ငြား အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။

သို့ဖြစ်ရာ ၎င်းက ဝေ့နိုင်ငံတော်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပမာ ဖြစ်နေခဲ့၏။

သူက မည်သည့်စကားမှ မဆိုလျှင်တောင် ဝေ့ထန်ကဲ့သို့ ဖားယားချင်သူများ ဝေ့ယွမ်ထံသို့ အဆက်မပြတ်ရောက်လာနေပေလိမ့်မည်။

ယင်းက ‌ရှုယွမ်အား စိတ်မအေးနိုင် ဖြစ်နေစေခဲ့သည်။

‘ ဒီည.. အရာအားလုံး အဆင်ပြေချောမွေ့ပါ့မလား…’

All Chapters