အခန်း (၅၁၆)
Vol. 35 Ch. 516
ဝေ့ယွမ်နှင့် ရှုယွမ်တို့ အစီအစဉ်များ ချနေကြစဉ်
ဝေ့နိုင်ငံတော် နန်းတွင်း၌
“ အာလုံး စီစဉ်ပြီးသွားပါပြီ အရှင်မင်းကြီး…”
ဝေ့နိုင်ငံဘုရင် ဝေ့ယွဲ့ ပလ္လင်ထက်၌ ထိုင်နေခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက် နောက်ကျောဘက်၌ လူတစ်ယောက် တိတ်တဆိတ်ပေါ်လာပြီး တိုးညှင်းစွာ ပြောလိုက်၏။
ဝေ့ယွဲ့ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ၀မ်းနည်းမှုများ ပြည့်နေသော မျက်၀န်းများဖြင့် ဝေ့ယွမ် အိမ်တော်ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။
အစောပိုင်းတွင် နောက်ဘက်မှ တီးတိုးလာပြောလိုက်သူက ဝေ့ယွဲ့နံဘေး၌ နှစ်ပေါင်း (၁)သောင်းတိုင်အောင် အမှုထမ်းခဲ့သူဖြစ်ပြီး ဝေ့ယွမ်၏ အမူအရာမှတဆင့် ခံစားနေရမှုများကို နားလည်ပေသည်။
ယနေ့တွင် န၀မမင်းသမီးစံအိမ်မှ လူတစ်ယောက်ထွက်လာပြီး ထွက်ပြေးလွတ်မြောက်ရာ လမ်းကြောင်းများကို စုံစမ်းနေကြောင်း သူလည်းသိထား၏။
အမှန်တွင် ထိုကိစ္စများအားလုံး ဝေ့ဘုရင် စီစဥ်ထားခဲ့ခြင်းဖြစ်သည်။
ရည်ရွယ်ချက်မှာ ကင်းလှည့်ရာ၌ ဟာကွက်များ ဖန်တီးပြီး န၀မမင်းသမီးလေး အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ရန်ဖြစ်၏။
သို့သော် ထိုကိစ္စက သူ့အား ပို၍ စိတ်ရှုပ်သွားစေခဲ့သည်။
“ လီဝူ.. ဒီဘုရင်ရဲ့ လုပ်ရပ်တွေ မှားနေတယ်လို့ မင်း ထင်လား…”
လီဝူ အမည်ရသော အမျိုးသားက အလျင်စလို ခေါင်းယမ်းလိုက်ပြီး
“ ဒီငယ်သားက အရှင်မင်းမြတ်ကို မဝေဖန်ရဲပါဘူး… ဒါပေမယ့် န၀မမင်းသမီးလေးက အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တပည့်ဖြစ်ခွင့်ရတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား…”
“ ကောင်းတဲ့ကိစ္စတဲ့လား… ဟီးဟီ…”
ဝေ့ယွဲ့ မချိပြုံးပြုံးကာ ခေါင်းယမ်းလိုက်ရင်း
“ လီ၀ူ… မင်း နားမလည်တာတွေ ရှိသေးတယ်… တကယ်လို့ ဇီချန်သာ ဝေ့ယွမ်ကို စိတ်ရင်းနဲ့ တပည့်လက်ခံချင်တာဆိုရင် ငါ ဝေ့ယွမ်ကို အတင်းအကြပ် တိုက်တွန်းမှာ မဟုတ်ပေမယ့်.. အခုလို ထွက်ပြေးနိုင်ဖို့တော့ စီစဉ်ပေးမှာမဟုတ်ဘူး…”
“ ဒါပေမယ့် ဇီချန်ကိုကြည့်ရတာ စိတ်ရင်း ဟုတ်ပုံမရဘူး…”
ထိုကိစ္စနှင့် ပတ်သက်ပြီး ဝေ့ယွဲ့ (၁၀၀)ရာခိုင်နှုန်း မခန့်မှန်းနိုင်သော်လည်း တစ်စုံတစ်ခုအား ခံစားမိနေခဲ့သည်။
ထို ဇီချန်ဆိုသူထံ၌ ရည်ရွယ်ချက်ကောင်းများ ရှိဟန်မတူပေ။
ကြည့်ရသည်မှာ ထိုကိစ္စနောက်ကွယ်တွင် ဝေ့ယွမ်၏ အင်မော်တယ်ခန္ဓာ ရှိနေရန် ဖြစ်နိုင်ချေများသည်။
“ ဒါပေမယ့် နောက်ဆုံးတော့ အဲ့လူက ဆန်းကြယ်အင်ပါယာတွေ နောက်ခံရှိတဲ့ အင်ပါယာ အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ…”
ဝေ့ယွဲ့ ခါးသီးစွာ ခေါင်းယမ်းလိုက်၏။
သူ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးပြီးချေပြီ။
သို့သော် ၎င်းနှင့် မလုံလောက်သေးလျှင်….
ဝေ့ယွဲ့၏ မျက်၀န်းများက သေခြင်းကို အံတုလိုဟန်ဖြင့်တောက်ပလာခဲ့သည်။
သူ၏ ဝေ့နိုင်ငံတော်က နှစ်ပေါင်း (၁)သိန်းကျော် အမွေအနှစ်များရှိခဲ့သော်လည်း နှစ်ပေါင်း သန်းနှင့်ချီ တည်ရှိနေခဲ့သော မြင့်မြတ်နယ်မြေများနှင့် ယှဉ်နိုင်ခြင်းမရှိပေ။
သို့သော် ဝေ့ယွဲ့၏ အစီအစဉ်ထဲ၌ ဖုံးကွယ်ထားသော မြှုပ်ကွက်များ ရှိနေဆဲပင်။
ည အချိန်သို့ရောက်လျှင်…
ဝေ့နိုင်ငံ မြို့တော် ၊ န၀မ မင်းသမီး နန်းဆောင်ထဲ၌ ပုံရိပ်နှစ်ခုက အမှောင်ထုအတွင်း တိုး၀င် ပျောက်ကွယ်သွားလေသည်။
အနီးကပ်ကြည့်လိုက်မည်ဆိုလျှင် ဝေ့ယွမ်လက်ထဲ၌ ဆန်းကျယ်သော မျဉ်းကြောင်းများနှင့် ပြည့်နေသည့် ကျောက်စိမ်းပြားလေးတစ်ခု ကို မြင်နိုင်မည်ဖြစ်ပြီး ၎င်းက သူမအား အမှောင်ထုနှင့် ရောထွေးနေစေရန် ကူညီပေးနေ၏။
ရှုယွမ်က အနောက်မှ မည်သူမှ ပါမလာကြောင်း အတည်ပြုလိုက်ပြီးနောက် ဝေ့ယွမ်အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
ထို့နောက် ဝေ့ယွမ်အား ခေါင်းညိတ် အချက်ပြလိုက်၏။
ဝေ့ယွမ်ကလည်း နားလည်ပြီဖြစ်ကြောင်း ခေါင်းတစ်ချက် ပြန်ညိတ်ပြကာ
အံတင်းတင်းကြိတ်လိုက်ပြီး ရှုယွမ်အား နောက်ချန်ထားလျက် မြို့ပြင်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။
တခဏအကြာတွင် ဝေ့ယွမ်၏ ပုံရိပ် မြို့ပြင်၌ ထွက်ပေါ်လာလေသည်။
သူမ လက်ထဲမှ ရတနာအကူအညီဖြင့် မြို့စောင့်တပ်စက်ကွင်းအတွင်းမှ အမှားအယွင်းမရှိ လွတ်မြောက်နိုင်ခဲ့၏။
ကြည့်ရသည်မှာ အင်ပါယာ ဇီချန်ပင်လျှင် သူမ ထွက်ခွာလာသည်ကို သတိမထားမိဟန် တူသည်။
နောက်ဆုံးတွင် ဝေ့ယွမ်မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာတော့၏။
သူမအနေဖြင့် ရွှမ်ယီထံမှ အနီးကပ်သင်ကြားပေးမှုနှင့် ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓားကျင့်စဉ်ကို လက်ခံရရှိခဲ့သည်။
ယခုတွင် သူမက မူလဘုရင်အထွတ်အထိပ်အဆင့်သို့ရောက်နေခဲ့ပြီဖြစ်ကာ လူသားဘုရင်အဆင့်သို့ ချိုးဖျက်ရန်သာ လိုတော့၏။
ရက်အနည်းငယ်ကြာ တံခါးပိတ်ကျင့်ကြံပြီးသည်နှင့် အဆင့်ချိုးဖျက်နိုင်သွားပေလိမ့်မည်။
ဤသို့ဖြင့် သူမ အစီအစဉ်မှာ ပထမဆုံးအနေဖြင့် မိမိကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းရှိစေရန်အတွက် လုံခြုံသော နေရာတစ်ခု ရှာဖွေကာ တံခါးပိတ်ကျင့်ကြံရန်ဖြစ်ပြီး ထို့နောက်မှ ရွှမ်ယီအား ရှာဖွေရန် ထွက်ခွာမည်ဖြစ်သည်။
သို့သော် ဝေ့ယွမ် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင်
ရွှစ်…
ညအမှောင်ထုထဲမှ အရိပ်တစ်ခု လေတိုးသံနှင့်အတူ သူမရှေ့သို့ ရောက်ရှိလာသည်။
ထို့နောက် အနက်ရောက် မြူခိုးများ ပတ်၀န်းကျင်သို့ ပျံ့နှံ့လာပြီး ဝေ့ယွမ်အား နေရာ၌ အနည်းငယ်မျှ မလှုပ်ရှားနိုင်အောင် ချုပ်ထားလိုက်၏။
ထို့နောက် အနက်ရောင်မြူခိုးများအတွင်းမှ ပြင်းထန်သော ဖိအားများနှင့် လူတစ်ယောက် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထိုလူက အင်ပါယာ ဇီချန်မှလွဲပြီး တခြားမဟုတ်ချေ။
“ အင်ပါယာ ဇီချန်လား…? ရှင် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ…”
ဝေ့ယွမ် ရုတ်တရက်မို့ ထိတ်လန့်သွားခဲ့သော်လည်း အံတင်းတင်းကြိတ်လိုက်ပြီး ခါးထက်မှ ဓားရိုးပေါ်သို့ လက်တင်ကာ မေးလိုက်သည်။
ဇီချန်ရောက်ရှိလာသည်ကိုမြင်လျှင် ယနေ့ည သူမ လွတ်မြောက်ရန် မမျှော်လင့်တော့ပေ။
ယခုချိန်တွင် သူမ ထံ၌ အတွေးတစ်ခုသာရှိတော့၏။ ရွှမ်ယီအား သစ္စာဖောက်မည့်အစား အသက် အသေခံလိုက်တော့မည်။
ဝေ့ယွမ်၏ မေးခွန်းအားကြားလျှင် ဇီချန် မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
“ ကောင်းပြီလေ.. ငါ မင်းကို စိတ်၀င်စားတာကလည်း မင်းပါရမီကြောင့် မဟုတ်ဘူး… မင်းရဲ့ အင်မော်တယ် ခန္ဓာကြောင့်ပဲ… ဒါကြောင့်မို့ သေမယ်ဆိုလည်း သေလို့ရပြီ…”
ဇီချန်၏ စကားသံက အလွန်အေးစက်နေခဲ့သည်။
ယခင် အစောပိုင်းနှစ်များ၌ သူ လျှို့ဝှက်နယ်မြေတစ်ခုအား စူးစမ်းရာတွင် အကြီးအကျယ် ဒုက္ခရောက်ခဲ့ပြီး သူ၏ ထာ၀ရ နတ်ဘုရားပလ္လင်ပင် ထက်ပိုင်းကွဲလု မတတ်ဖြစ်ခဲ့ရသည်။
ထိုနေရာမှ လွတ်မြောက်ပြီး နောက်ပိုင်းတွင် သူက လျူယန် မင်းဆက်၌ အကြီးအကဲတစ်ဦးဖြစ်လာခဲ့ပြီး ဒဏ်ရာများကုသရန် လျူယန်မင်းဆက်မှ ပစ္စည်းများကို အားကိုးခဲ့သော်လည်း ဒဏ်ရာများက အရှင်းမပျောက်ဘဲ ဆက်လက်တည်ရှိနေဆဲပင်။
သူ့အနေဖြင့် ပထမအတိဒုက္ခ အင်ပါယာအဆင့်၌ပင် ရှေ့တစ်လှမ်းတိုးနိုင်ရန် တော်တော်လေး ခက်ခဲနေခဲ့သည်။ ထိုထက်ပို၍ တိုးတက်ရန်မှာမူ စိတ်ကူးယဉ်ဇာတ်လမ်း သက်သက်သာဖြစ်တော့၏။
“ အစက ငါ အရာအားလုံးကို လက်လျှော့လိုက်တော့မလိုဘဲ… ဒါပေမယ့် မိုးကောင်းကင်က ငါ့အပေါ် အရမ်းကြင်နာလိမ့်မယ်လို့ မထင်ထားဘူး… ဒီလို ချောင်ကျတဲ့နေရာမှာ အင်မော်တယ် ခန္ဓာပိုင်ရှင်တစ်ယောက်နဲ့ ဆုံဆည်းခွင့်ပေးခဲ့တယ်လေ…”
စကားဆုံးသည်နှင့် ဇီချန် လောဘမီးတောက်များ လောင်မြိုက်နေသည့် မျက်၀န်းများဖြင့် ဝေ့ယွမ်အား စိုက်ကြည့်လိုက်သည်။
ထိုလျှို့ဝှက်နယ်မြေတွင် ဇီချန် အင်ပါယာအဆင့် ခွန်အားရှိသော ရုပ်သေးတစ်ရုပ်နှင့် တိုက်ခိုက်ခဲ့ရသည်။
ထိုရုပ်သေးအား လူသားတစ်ဦး၏ ခန္ဓာကိုယ်မှ ဖန်တီးထားခြင်းဖြစ်ကာ ၎င်း အသက်ရှင်နေစဉ်က ဝေ့ယွမ်ကဲ့သို့ ခန္ဓာကိုယ်အမျိုးအစားကို ပိုင်ဆိုင်ခဲ့၏။
ယခုတွင် ဝေ့ယွမ်နှင့် ဆုံတွေ့ခြင်းက သူ့အတွက် အခွင့်ရေးကြီးတစ်ရပ်ပင်။
သူ သံတမန်ရာထူး လက်ခံခဲ့ပြီး ပါရမီကောင်းသူများ ရှာဖွေရန် ထွက်လာခဲ့စဉ် ဝေ့နိုင်ငံတော်သို့ ရောက်ရှိပြီးနောက် ဝေ့ယွမ်အား တွေ့တွေ့ခြင်း ရင်းနှီးသော စွမ်းအင်တစ်ရပ်ကို ခံစားခဲ့ရ၏။
အင်မော်တယ်ခန္ဓာဆိုသည်မှာ သက်တမ်းအရာ၌ အလွန်ရှည်လျားပြီး လူသားပုံစံ နတ်ဆေးတစ်လုံးနှင့် မခြားပေ။
ထိုခန္ဓာပိုင်ရှင်အား ဆေးအဖြစ် သန့်စင်လိုက်ပါက သူ၏ ဒဏ်ရာများအား ပျောက်ကင်းစေရုံသာမက ကျင့်ကြံခြင်းလမ်းကြောင်းတွင်လည်း များစွာ တိုးတက်လာမည်ဖြစ်ကာ ဆန်းကျယ်အင်ပါယာအဆင့်သို့ရောက်ရှိရန်မှာ စိတ်ကူးသက်သက်မဟုတ်တော့ချေ။
သို့ဖြစ်ရာ ဇီချန်အနေဖြင့် ဝေ့ယွမ်အား အဘယ်သို့ အလွတ်ပေးနိုင်တော့မည်နည်း။
“ ဟမ့်… လူသားဘုရင်တစ်ယောက်ကများ ငါ့ရှေ့မှာ လှည့်ကွက်တွေ လာသုံးချင်နေသေးတယ်… အခုချိန်မှာ ငါက လျူယန် မြင့်မြတ်နယ်မြေရဲ့ သံတမန်ဖြစ်နေလို့ပေါ့… အဲ့လိုမှမဟုတ်ရင် မင်း အခုလိုတောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး… ဟမ့်…”
ဇီချန်၏ မျက်၀န်းများအတွင်း အထင်သေးမှုများ ပြည့်နှက်နေခဲ့သည်။
ထို့နောက် ခြေတစ်ချက်ဆောင့်ကာ ကောင်းကင်သို့ ခုန်တက်လိုက်ပြီး ပတ်၀န်းကျင်သို့ ပြင်းထန်သော စွမ်းအားများ ပျံ့နှံ့စေလိုက်သည်။
ဘုန်း…