အခန်း (၅၁၄)
Vol. 35 Ch. 514
ရွှမ်ယီ အသာအယာပြုံးလိုက်သည်။
ထို့နောက် သူ၏ နောက်ကျောဘက်တွင် ဓားရိပ်တစ်ခု တိတ်တဆိတ်ထွက်ပေါ်လာပြီး အလွန်ထက်ရှသော ဓားချီက ပတ်၀န်းကျင်သို့ ချက်ချင်း ပြန့်ကားထွက်လာ၏။
သို့သော် ရွှမ်ယီက သုံးပေထက်ကျော်မသွားစေရန် ဖိနှိပ်ထားလိုက်သည်။
“ တစ်စုံတစ်ယောက်က ကျုပ်အယောင်ဆောင်ဖို့ သတ္တိရှိလိမ့်မယ်လို့ ကျုပ်တော့မထင်ဘူး…”
ရွှမ်ယီက ဓားချီကို (၉၉)ရာခိုင်နှုန်း ထိန်းချုပ်ထားသော်လည်း လင်းအောင်အပါအ၀င် အကြီးအကဲများ အားလုံး ၎င်းအား တိုက်ရိုက်မကြည့်ဝံ့ကြချေ။
သူတို့အနေဖြင့် ထို ဓားရိပ်အား ကြာကြာစိုက်ကြည့်မိလျှင် အသိစိတ်ပင်လယ်များ ထက်ပိုင်းပြတ်သွားမည်ဟု ခံစားနေရ၏။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ဓားစွမ်းအားကိုမြင်လျှင် ထိုအဖြူ၀တ်လူငယ်က နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ဖြစ်ကြောင်း သူတို့ သံသယမရှိကြတော့ချေ။
လင်းအောင် ချက်ချင်းဦးညွှတ်လိုက်ပြီး
“ စီနီယာရဲ့ အစစ်အမှန်ပုံစံကို ကျုပ်တို့ ဘယ်သူမှမမြင်ဖူးလို့ပါ… တစ်စုံတစ်ခု အမှားလုပ်မိတာ ရှိခဲ့ရင် ဗွေမယူဖို့ တောင်းဆိုပါရစေ…”
ရွှမ်ယီ ပြုံးလျက် လက်ဝှေ့ယမ်းလိုက်ကာ
“ ဘာအမှားမှမရှိပါဘူး.. ခင်းဗျားတို့ဆီကို ကျုပ် ကိုယ့်သဘောနဲ့ကိုယ် ရောက်လာခဲ့တာပါ… ပြီးတော့ ခင်ဗျားသားရဲ့ ပါရမီက အရမ်းကောင်းတယ်.. ဒါကြောင့် ကျုပ် သူ့ကို တပည့်အဖြစ်လက်ခံချင်တယ်.. ဘယ်လိုသဘောရလဲ.. မိသားစုခေါင်းဆောင်လင်း ခင်ဗျား သဘောတူရဲ့လား…”
“ သဘောတူတာပေါ့… သဘောတူတာပေါ့…”
ယင်းက အံ့ဖွယ် အဖြစ်အပျက်တစ်ခုပင်။
ခြေထောက်ပေါက်ကာ ရောက်လာသော ကံကောင်းမှုကြီးတစ်ခုဖြစ်၏။ အဘယ်မှာသာလျှင် ငြင်းနိုင်လိမ့်မည်နည်း။
လင်းအောင် ခေါင်းညိတ်သဘောတူရင်း လင်းရီအား ရှေ့သို့ ဆွဲခေါ်လိုက်သည်။
“ သား… ဒါက အဖေမင်းကို အမြဲပြောပြောနေခဲ့တဲ့ မဟာပျက်စီးခြင်းနယ်မြေရဲ့ ပထမဆုံး မြင့်မြတ်နယ်မြေဖြစ်တဲ့ နက်နဲခြင်းအင်ပါယာဂိုဏ်းက ဂိုဏ်းချုပ်ပဲ… အခု မင်းရဲ့ ဆရာဖြစ်သွားပြီ… ဆရာ့ကို အမြန် အရိုအသေပေးလိုက်…”
ရွှမ်ယီက တုန်လှုပ်နေဆဲဖြစ်သော လင်းရီအား ကြည့်လိုက်ပြီး ဦးခေါင်းအား ညင်သာစွာ တစ်ချက် ပုတ်လိုက်သည်။
“ အခု ကျုပ်ရဲ့ တခြားတပည့်တစ်ယောက်ကို ခေါ်ဖို့အတွက် တောင်ပိုင်းနယ်စပ်ကိုသွားရဦးမယ်… တစ်ခါတည်း တောင်ပိုင်းနယ်စပ်မှာ သင့်တော်တဲ့ တပည့်ရှိမရှိ ထပ်ရှာရင်းပေါ့… ဒါကြောင့် လတ်တလောတော့ လင်းရီက ဒီမှာပဲ ဆက်ရှိနေလိမ့်မယ်… ကျုပ် တောင်ပိုင်းနယ်စပ်ကပြန်လာမှာ ၀င်ခေါ်လိုက်မယ်…”
လင်းအောင် ကြက်အစာကောက်သည့်အလား ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
“ ရပါတယ် ကိစ္စမရှိပါဘူး...”
တစ်ဖက်တွင်မူ အံ့အားသင့်နေခဲ့သော လင်းရီ ပြန်လည်သတိဝင်လာခဲ့ပြီး စူးစမ်းလိုစိတ်ပြည့်နေသော မျက်ဝန်းများဖြင့် ရွှမ်ယီအား မော့ကြည့်လိုက်သည်။
“ အစ်ကိုကြီး... အာ... ဆရာ... ဆရာက နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ပေါ့… အကြီးအကဲပိုင်လင်းက ဆရာ ကောင်းကင်ကို ဓားတစ်ချက်တည်းနဲ့ ခွဲထုတ်နိုင်တယ်လို့ ခဏခဏပြောဖူးတယ်… ကျွန်တော့်ကိုရော အဲ့လိုမျိုးဓားပညာ သင်ပေးမှာလား...”
လင်းရီ၏ မေးခွန်းကို ကြားလျှင် ရွှမ်ယီ၏စိတ်ထဲ၌ ရီဟန်အား ရဲ့ချင်းစုန် သင်ကြားပေးနေသည့်မြင်ကွင်း ပြန်လည်မြင်ယောင်လာခဲ့ပြီး ထူးဆန်းသော ခံစားချက်များ စိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းပြလိုက်ရင်း
“ ကောင်လေး… မင်းရဲ့ခန္ဓာကိုယ်နဲ့ ပါရမီက အရမ်းထူးခြားတယ်… ဓားပညာကို သင်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး… ဒါပေမဲ့ မင်းအတွက် ပိုပြီးသင့်တော်တဲ့ တခြားနည်းစနစ်တွေ ရှိသေးတယ်… ဂိုဏ်းကို ပြန်ရောက်ပြီးတဲ့အချိန်မှ ငါ ရွေးချယ်စီစဉ်ပေးမယ်...”
လင်းရီ ခေါင်းညိတ်ပြလိုက်သည်။
နောက်ဆုံးတွင် ရွှမ်ယီ စနစ်မျက်နှာပြင်သို့ ကြည့်လိုက်လျှင် လင်းရီ၏နာမည်ပေါ်လာကြောင်း တွေ့လိုက်ရ၏။
ရွှမ်ယီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် လင်းအောင်ဘက်သို့ လှည့်ကြည့်လိုက်ကာ လက်အတွင်း၌ သိုလှောင်အိတ်တစ်ခုပေါ်လာပြီး ကမ်းပေးလိုက်သည်။
“ ဒီသိုလောင်အိတ်ထဲမှာ အရင်းအမြစ်တချို့ ပါဝင်တယ်… တချို့ကို ခင်ဗျားတို့ မျိုးနွယ်စုအတွက် သိမ်းထားပြီး တချို့ကို ကျုပ်တပည့်ကို ပေးလိုက်ပါ… ဒါကို ခေါင်းဆောင်လင်း သိမ်းထားပေးစေချင်တယ်...”
လင်းအောင် ခေါင်းညိတ်ပြပြီး ရွှမ်ယီထံမှ သိုလှောင်အိတ်အား လက်ခံလိုက်သည်။
ရွှမ်ယီအနေဖြင့် ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဆက်မနေတော့ဘဲ ကိုးကောင်းကင်မျိုးနွယ်စုမှ ထွက်ခွာလာခဲ့သည်။
ရွှမ်ယီ၏ပုံရိပ် ပျောက်ကွယ်သွားမှ လင်းအောင်အပါအဝင် ကိုးကောင်းကင်မျိုးနွယ်စုမှ အကြီးအကဲများအားလုံး သက်ပြင်းချနိုင်ကြတော့၏။
ဖြစ်စဉ်အစမှအဆုံးထိ ရွှမ်ယီက သူတို့အား ဖော်ရွေစွာ ဆက်ဆံခဲ့သည့်တိုင် နောက်ဆုံးတွင် ၎င်းက မြင့်မြတ်နယ်မြေတစ်ခု၏ ခေါင်းဆောင်ဖြစ်ဆဲပင်။
ထိုကဲ့သို့ ဖြစ်တည်မှုတစ်ခုက သူတို့ ကိုးကောင်းကင်မျိုးနွယ်စုထံသို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။
လင်းအောင်တစ်ယောက် အိပ်မက်မက်နေသည့်အလား ခံစားနေရသော်လည်း လက်တွင်းရှိ ရွှမ်ယီပေးထားခဲ့သော သိုလှောင်အိတ်ကြောင့် အိပ်မက်မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့၏။
“ ဟုတ်ပြီ… သိုလှောင်အိတ်...”
နောက်ဆုံးတွင် လင်းအောင် ပြန်လည်သတိဝင်လာခဲ့ပြီး ရွှမ်ယီပေးထားခဲ့သော သိုလှောင်အိတ်အတွင်းသို့ နတ်အသိ ပို့လွှတ်ကြည့်လိုက်သည်။
ထို့နောက် ချက်ချင်းအေးခဲသွားခဲ့၏။
“ ခေါင်းဆောင်...”
လင်းအောင်၏ အပြုအမူကြောင့် ပိုင်လင်းအပါအဝင် ကျန်အကြီးအကဲများအားလုံး ထူးဆန်းသွားသလို ခံစားလိုက်ရသည်။
သူတို့ လင်းအောင်အား အကြိမ်ပေါင်းများစွာ အော်ခေါ်ခဲ့ကြသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ဤသို့ဖြင့် ပိုင်လင်း သိချင်စိတ်အား မထိန်းနိုင်တော့ဘဲ သိုလှောင်အိတ်အတွင်းသို့ နတ်အသိ ပို့လွှတ်ကြည့်လိုက်၏။ ထို့နောက် သူလည်း အေးခဲသွားလေသည်။
ဘုရားရေ...!
သူတို့ ဘာမြင်လိုက်ရသနည်း...?
ရွှမ်ယီက မြင့်မြတ်နယ်မြေတစ်ခု၏ ခေါင်းဆောင်ဖြစ်ကြောင်း သူတို့ သိရှိထားခဲ့ပြီးဖြစ်သော်လည်း သူတို့အား ပေးအပ်ခဲ့သော ပစ္စည်းများမှာ အမှန်တကယ် ရက်ရောလွန်းလှသည်။
သိုလှောင်အိတ်အတွင်း၌ ပါဝင်သော ပစ္စည်းများကို မြင်ပြီးနောက် လူတိုင်း အလွန်တုန်လှုပ်သွားကြရ၏။
ထိုအထဲတွင် နတ်ဘုရားအရင်းအမြစ် ဂျင်တစ်သိန်းခန့် ပါဝင်သည်။
ထို့အပြင် တာအိုအရင်းအမြစ် ဂျင်တစ်သောင်းနှင့် အဆင့်(၅)၊ အဆင့်(၆) ဆေးလုံးများစွာလည်း ပါဝင်နေသည်။
“ ဒါက... တချို့မြင့်မြတ်နယ်မြေတွေက အကြီးအကဲတွေမှာတောင် ဒီလောက်များတဲ့ အရင်းအမြစ်တွေ မရှိနိုင်ဘူး မဟုတ်လား...”
ကိုးကောင်းကင်မျိုးနွယ်စုမှ ထွက်ခွာလာပြီးနောက် ရွှမ်ယီ ကျန် မဟာပျက်စီးခြင်းနယ်မြေတစ်လျှောက် ဆက်လက်ရှာဖွေကြည့်လိုက်သည်။
သို့သော် လေဟာနယ်နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်အား တွေ့ရှိပြီးနောက် သူ၏ ကောင်းမွန်သော ကံတရားများအားလုံး ကုန်ဆုံးသွားဟန်တူသည်။
ရက်အနည်းငယ်ကြာအောင် မဟာပျက်စီးခြင်းနယ်မြေ၌ ဆက်လက်ရှာဖွေခဲ့သော်လည်း သူ၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော တပည့်တစ်ယောက်မှ ထပ်မံတွေ့ရှိခဲ့ရခြင်း မရှိပေ။
“ ကောင်းပြီလေ… ဒါဆိုလည်း ဝေ့နိုင်ငံကို အရင်သွားရတာပေါ့… ဝေ့ယွမ်ကိုခေါ်ပြီးမှ တောင်ပိုင်းနယ်စပ်မှာ ဆက်ပြီးရှာကြည့်ရမယ်...”
ရွှမ်ယီ ခေါင်းယမ်းလိုက်ပြီး ဂျီကျူးယွဲ့ထံမှ ယူလာခဲ့သော တည်နေရာကူးပြောင်းခြင်းအစီအရင် ပါဝင်သည့် တာအိုအရင်းအမြစ်အား ထုတ်ယူလိုက်သည်။
ထို့နောက် ကောင်းကင်ထက်၌ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ခင်းကျင်းလိုက်၏။
ထို့နောက် တဖျတ်ဖျတ်နှင့် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှမ်ယီ၏ပုံရိပ်က မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းတစ်သိန်းကျော် ဖြတ်သန်းကာ ဝေ့နိုင်ငံရှိရာဘက်သို့ ရောက်ရှိသွားသည်။
ရွှမ်ယီ ဝေ့နိုင်ငံသို့ ထွက်လာစဉ်တွင်
လွန်ခဲ့သော ရက်များစွာအတွင်း နက်နဲခြင်းအင်ပါယာဂိုဏ်း ထွန်းတောက်လာချိန်၌ ဝေ့နိုင်ငံတော်တွင်လည်း အပြောင်းအလဲများစွာ ကြုံတွေ့နေရသည်။
“ ညီမလေး မင်းကို အင်ပါယာဇီချန်က အရမ်း တန်ဖိုးထားနေတယ်… အဲဒါက မင်းအတွက်တင် မဟုတ်ဘူး… ငါတို့ ဝေ့နိုင်ငံတော်အတွက်ပါ ကောင်းချီးတစ်ခုပဲ… မင်း ဘာဖြစ်လို့ တုံ့ဆိုင်းနေသေးတာလဲ…”
ဝေ့နိုင်ငံတော် အင်ပါယာမြို့တော်ရှိ နဝမမြောက်မင်းသမီးဖြစ်သော ဝေ့ယွမ်၏အိမ်၌ ဖြစ်သည်။
ဝေ့ယွမ်၏ အစ်ကိုတစ်ယောက်ဖြစ်သော ဒုတိယမင်းသား ဝေ့ထန်က ဝေ့ယွမ်အား စိတ်ရှည်စွာ ဆွဲဆောင်နေခဲ့သည်။
သို့သော် အစမှအဆုံး ဝေ့ယွမ်၏အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး ဝေ့ထန်၏ သွေးဆောင်ဖြားယောင်းမှုကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။
ဝေ့ယွမ်၏ အမူအရာကြောင့် နောက်ဆုံးတွင် ဝေ့ထန် ဒေါသထွက်လာခဲ့ပြီး အံကြိတ်ကာ
“ငါ တကယ်နားမလည်နိုင်ဘူး… မင်း မဟာပျက်စီးခြင်းလွင်ပြင်ကို ခရီးတစ်ခေါက်ထွက်ခဲ့တာ ဘယ်လိုဆရာမျိုးနဲ့ တွေ့လာခဲ့တာလဲ… သူက ဘယ်လောက်တောင် အစွမ်းထက်လို့လဲ… ဟမ့်… ကောင်းကင်ဘုရင်တစ်ယောက်က အင်ပါယာတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ… ဟာသပဲ…”