← Chapters

အခန်း (၅၁၈)

Vol. 35 Ch. 518

အခန်း (၅၁၈)

Vol. 35 Ch. 518

ကံကောင်းထောက်မစွာနှင့် သူ လေဟာနယ်အက်ကြောင်းအတွင်းသို့ ထွက်ပြေးနိုင်ခဲ့သည်။

ထိုဓားချက် မည်မျှ ပြင်းထန်သည်ဖြစ်စေ သူ့အား ဘာမှ လုပ်နိုင်တော့မည်မဟုတ်ချေ။

သို့သော် ဇီချန်၏ အတွေးများ လမ်းခုလတ်၌ ရပ်တန့်သွားခဲ့ရသည်။

ရုတ်တရက် နောက်ကျောဘက်မှ လေဟာနယ် ကွဲအက်သွားပြီး အလွန်ထက်ရှသော ဓားချီတစ်ခု ထိုးဖောက် ၀င်ရောက်လာ၏။

ထို့နောက် ဓားချီက ဇီချန်၏ ခန္ဓာကိုယ်အား ထက်ပိုင်းဖြတ်ရုံသာမက ထာ၀ရ နတ်ဘုရားစင့်မြင့်ကိုပါ တည်ခါတည်း ပိုင်းဖြတ်သွားခဲ့သည်။

ဇီချန်က ပထမအတိဒုက္ခ ပြီးပြည့်စုံခြင်းအဆင့် အင်ပါယာ တစ်ဦးဖြစ်သော်ငြား ရွှမ်ယီ၏ သာမန်ဓားတစ်ချက် အောက်၌ ပြန်လမ်းမရှိ အဆုံးသတ်သွားခဲ့ရ၏။

ဇီချန် သေဆုံးသွားချိန်..

အလွန်ကျယ်ပြန့်သော တောင်ပိုင်းနယ်စပ် ၊ အရှေ့ပိုင်းနယ်မြေနှင့် ထိပ်စပ်ရာ ၊ ကိုးကွေ့မြစ်၏ အဆုံးပိုင်း၌….

ဤ‌ဒေသက အရှေ့ပိုင်းနယ်မြေနှင့် ထိစပ်နေသည်ဖြစ်ရာ တောင်ပိုင်းနယ်စပ် တစ်ခုလုံး၌ စိတ်ဝိညာဉ်စွမ်းအင် အကြွယ်၀ဆုံး ဒေသဖြစ်လာခဲ့သည်။

သို့သော် ဤ‌ဒေသက အလွန်ကျယ်ပြောသော တောင်ပိုင်းနယ်စပ်နှင့် နှိုင်းယှဉ်ပါက သေးငယ်သော အစိတ်အပိုင်းလေးတစ်ခုမျှသာ။

သို့သော် မိုင်သန်း(၁၀၀)၀န်းကျင်သာ ရှိသော ဤနေရာလေး၌ မရေမတွက်နိုင်သော ဂိုဏ်းများ ၊ မင်းဆက်များရှိနေခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းလှ၏။

အဆင့်မြင့်အင်ပါယာ များစွာတို့က ဤနေရာ၌ အင်အားစုများ တည်ထောင်ပြီး အမွေအနှစ်များ ချန်ထားခဲ့ကြသည်။

လျူယန်မင်းဆက်က ဤနေရာရှိ အင်အားအတောင့်တင်းဆုံး အင်အားစုများထဲ ပါ၀င်သည်။

အဘယ်ကြောင့်ဆိုသော် လျူယန် မင်းဆက် ခေါင်းဆောင်က လွန်ခဲ့သော နှစ်ပေါင်း(၅၀၀၀၀)ကျော်ကတည်းက ဆန်းကျယ်ပလ္လင်အဆင့်သို့ ရောက်ရှိခဲ့သောကြောင့်ပင်။

ထိုအချိန်ကတည်းကစပြီး သူက တောင်ပိုင်းနယ်မြေမှ တိုက်ပွဲများတွင် အကြိမ်ပေါင်းများစွာ ပါ၀င်ဆင်နွှဲခဲ့ပြီး တောင်ပိုင်းကောင်းကင်တံခါး၌ ကြီးကျယ်သော အောင်မြင်မှုများ ရရှိခဲ့၏။

ထို့အပြင် ယခင်တုန်းက တောင်ပိုင်းနယ်စပ်သို့ ရောက်ရှိလာသော ထိပ်တန်း ဆရာသခင်တစ်ဦးထံမှ တာအိုတစ်၀က်အဆင့် ကျင့်စဉ်ကိုပင် လက်ခံရရှိခဲ့သည်။

၎င်းကို လက်ခံရရှိခဲ့ပြီးကတည်းက အင်ပါယာလျူယန် တံခါးပိတ် ကျင့်စဉ်၀င်သွားသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း(၁၀၀၀၀) ကျော်သွားခဲ့ချေပြီ။

သို့သော် လျူယန်မင်းဆက်၏ စွမ်းအားများကမူ လျော့ကျမသွားပဲ တိုးပင် တိုးလာခဲ့၏။

အဘယ်ကြောင့်ဆိုသော် အင်ပါယာ လျူယန် တံခါးပိတ်ကျင့်စဉ်၀င်နေသော နေရာက လျူယန် မင်းဆက် မြို့တော် အထက်၌ ရှိနေသောကြောင့်ပင်။

ထိုနေရာမှ ထွက်ပေါ်နေသည့် အင်ပါယာ လျူယန်၏ အရှိန်အဝါက တဖြည်းဖြည်း ပို၍ အားကောင်းလာနေခဲ့သည်။

တိုးတက်မှုနှုန်း နှေးကွေးသော်လည်း မြင့်တက်လာနေသည်က အမှန်ပင်။

အင်ပါယာ လျူယန် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာချိန်တွင် အန္တိမအင်ပါယာအဆင့်သို့ ရောက်သွားလိမ့်မည်ဟု ထင်ကြေးပေးနေကြ၏။

ထိုအချိန်တွင် လျူယန် အင်ပါယာက မြင့်မြတ်နယ်မြေ တစ်၀က်အဆင့်မှ အစစ်အမှန် မြင့်မြတ်နယ်မြေအဆင့်သို့ ရောက်သွားပေလိမ့်မည်။

သို့သော် လက်ရှိအချိန်တွင် လျူယန်မင်းဆက် မြို့တော်ရှိ လေထုက မှုန်မှိုင်းနေပေသည်။

လျူယန်မင်းဆက်မှ အကြီးအကဲများဖြစ်သော အင်ပါယာအဆင့်ကျင့်ကြံသူများ ပျက်ယွင်းနေသော မျက်နှာများဖြင့် လျူယန် မင်းဆက် ဘိုးဘေးခန်းမအတွင်း၌ ရပ်နေကြ၏။

လျူယန်မင်းဆက်တွင် အင်ပါယာအဆင့် အကြီးအကဲ (၉)ယောက်သာမက အင်ပါယာ လျူယန်၏ မျိုးဆက် ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူလည်းရှိသည်။

အင်ပါယာ လျူယန်ကိုပါ ထည့်တွက်မည်ဆိုလျှင် အင်ပါယာအဆင့်ကျင့်ကြံသူ (၁၁)ဦး ပိုင်ဆိုင်ထား၏။

ထို့ကြောင့် ဘိုးဘေး ခန်းမအတွင်း၌ စိတ်ဝိညာဉ် အသက် ကျောက်စိမ်း (၁၁)ခု ‌လေထဲ၌ မျောလွင့်နေခဲ့ပြီး တောက်ပသော အလင်းများ ထုတ်လွှတ်နေကာ ဘိုးဘေး ခန်းမအား ပို၍ ဆန်းကြယ်သယောင် ဖြစ်နေစေခဲ့သည်။

သို့သော် ယခုအချိန်တွင် လျူယန်ဘိုးဘေးခန်းမအတွင်းရှိ စိတ်ဝိညာဉ်အသက်ကျောက်စိမ်း (၁၁) ခုအနက် (၁၁)ခုမြောက် စိတ်ဝိညာဉ်ကျောက်စိမ်းကမှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏။

ထို့နောက် အင်ပါယာအဆင့်ကျင့်ကြံသူ (၉)ယောက်တို့၏ အကြည့်များအောက်တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော စိတ်ဝိညာဉ်ကျောက်စိမ်းပြားက အက်ကွဲကာ မြေပြင်ထက်သို့ ပြုတ်ကျသွားလေသည်။

၎င်းက လျူယန်မင်းဆက်မှ အကြီးအကဲဇီချန်၏ စိတ်ဝိညာဉ်အသက်ကျောက်စိမ်းပြားဖြစ်၏။

“ ဘယ်သူလုပ်လိုက်တာလဲကွ...”

ဘိုးဘေးခန်းမ အပြင်ဘက်မှ ကျယ်လောင်သော အသံနက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက် အနီရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး မည်းမှောင်နေသော မျက်နှာထားဖြင့် ဘိုးဘေးခန်းမအတွင်း ဝင်ရောက်လာ၏။

သူက ခန်းမအတွင်းမှ အင်ပါယာ (၉)ယောက်ကို စိုက်ကြည့်လိုက်ပြီး အေးစက်သော လေသံဖြင့် မေးလိုက်သည်။

ထိုအနီရောင်ချပ်ဝတ်တန်ဆာဖြင့်ပုဂ္ဂိုလ် စကားပြောသောအချိန်တွင် သူ့ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်နေခဲ့ကာ အလွန်ဒေါသထွက်နေကြောင်း ထင်ရှား၏။

၎င်းထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော ဖိအားအောက်တွင် ဘိုးဘေးခန်းမအတွင်းမှ လူတိုင်း၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ထိုဝင်ရောက်လာသူက လျူယန်မင်းဆက်၌ ဒုတိယမြောက်အသန်မာဆုံးဖြစ်ပြီး အင်ပါယာလျူယန်၏ စတုတ္ထမြေးဖြစ်ကာ ကောင်းကင်ပုလ္လင်အဆင့် (စတုတ္ထအတိဒုက္ခအဆင့် )ကျင့်ကြံသူ ဖြစ်၏။

အင်ပါယာ ကျင်းယန်...!

“ ဇီချန်ဆီမှာ မြင့်မြတ်နယ်မြေရဲ့ သံတမန်တံဆိပ် ရှိတယ်… ပြီးတော့ သူ့ခွန်အားကလည်း မဆိုးဘူး…” ဒါကြောင့် သူ့ကို ထိရဲတဲ့လူ သိပ်မရှိလောက်ဘူး...”

ဘိုးဘေးခန်းမအတွင်းမှ အကြီးအကဲတစ်ဦးက သူ၏ ထာဝရနတ်ဘုရားစင်မြင့် တုန်ခါနေခြင်းကို တွန်းလှန်ရင်း တိုးညင်းစွာ ပြောလိုက်သည်။

ထိုအခါ ကျင်းယန်၏ မျက်လုံးများက စကားပြောလိုက်သော အကြီးအကဲထံသို့ ကျရောက်လာ၏။

“ အကြီးအကဲ စီဝူ… ဇီချန်ကို ကျုပ်တို့ လျူယန်မင်းဆက်ရဲ့ ရန်သူအင်အားစုတစ်ခုက သတ်လိုက်တာလို့ ခင်ဗျားဆိုလိုချင်တာလား...”

အကြီးအကဲစီဝူဆိုသူက အလျင်စလိုဦးညွှတ်လိုက်ပြီး

“ အဲဒါက ကျုပ်ရဲ့ မှန်းဆချက်တစ်ခုသက်သက်ပါပဲ… ပြောရမယ်ဆိုရင် အင်ပါယာမင်းမြတ် တံခါးပိတ်ကျင့်ကြံနေတာ နှစ်တစ်သောင်းကျော်သွားပြီ…

အပြင်ကို ပြန်ထွက်လာဖို့ မကြာလောက်တော့ဘူး… ဒါပေမဲ့ အဲဒါက ကျုပ်တို့ လျူယန်မင်းဆက်ရဲ့ ရန်သူအင်အားစုတွေ မမြင်ချင်ဆုံး မြင်ကွင်းတစ်ခုပဲ… ဒါကြောင့်မို့လို့ အဲဒီအချိန်မတိုင်ခင် ကျုပ်တို့ရဲ့ စုပေါင်းအင်အားကို ချိနဲ့သွားစေချင်နေကြတယ်...”

အကြီးအကဲစီဝူ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်လျှင် ကျင်းယန်မျက်နှာထက်မှ နက်မှောင်နေမှုများ တဖြည်းဖြည်းပြေလျော့လာခဲ့သည်။

သူက အကြီးအကဲစီဝူအား ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ကျန်အကြီးအကဲများကို လှည့်ကြည့်လိုက်သည်။

အကြီးအကဲများအားလုံး ဇီချန်သေဆုံးသွားသည့် ကိစ္စအပေါ် လျစ်လျူမရှုဝံ့ကြချေ။ သို့ဖြစ်ရာ ကျင်းယန် ပြန်ရောက်မလာခင်ကတည်းက သူတို့အားလုံး တိုင်ပင်ဆွေးနွေးထားခဲ့ပြီးသားပင်။

ထို့အပြင် အကြီးအကဲစီဝူ၏ ကောက်ချက်ချမှုက တော်တော်လေး ကျိုးကြောင်းဆီလျော်လှသည်။

တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျင်းယန်က အေးစက်စွာ ပြောလိုက်သည်။

“လက်တလောမှာတော့ ဒီသတင်းကို ဖိနှိပ်ထားရမယ်…

မကြာခင် ဘိုးဘေးက တံခါးပိတ်ကျင့်ကြံရာက ထွက်လာတော့မယ်… ဘိုးဘေးကို အနှောင့်အယှက်ဖြစ်စေလို့မရဘူး…”

ကျင်းယန်က ဆက်လက်ပြီး

“ ဒါပေမဲ့ ဇီချန် သေဆုံးသွားတဲ့ကိစ္စကို ဒီအတိုင်းတော့ လျစ်လျူမရှုလိုက်နိုင်ဘူး…”

ကျင်းယန် ဘိုးဘေးခန်းမအတွင်းသို့ ရောက်လာပြီးချိန်တွင် ဇီချန်၏အငွေ့အသက်က ဝေ့နိုင်ငံတော်ဟုခေါ်သော နိုင်ငံလေးတွင် နောက်ဆုံး တည်ရှိခဲ့ကြောင်း စိတ်ဝိညာဉ်အသက်ကျောက်စိမ်းမှတစ်ဆင့် သိရှိပြီးချေပြီ။

“ အင်ပါယာအဆင့်ကျင့်ကြံသူတောင် မရှိတဲ့ နိုင်ငံငယ်လေးတစ်ခုပဲ… သူတို့အနေနဲ့ ဇီချန်ကိုသတ်ဖို့ မဖြစ်နိုင်ပေမယ့် ဇီချန်သေဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းတချို့တော့ သိထားမှာ သေချာတယ်...”

ကျင်းယန်၏ မျက်ဝန်းများထဲတွင် ရက်စက်လိုသော အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး

“ ဒီနေ့ကစပြီး သုံးရက်မြောက်နေ့ကျရင် တပ်ဖွဲ့ကို ကျုပ်ကိုယ်တိုင်ဦးဆောင်ပြီး သတင်းတောင်းယူဖို့ ဝေ့နိုင်ငံတော်ကို သွားမယ်… တကယ်လို့ ဘာသတင်းမှမရဘူးဆိုရင် အဲဒီဝေ့နိုင်ငံကို ချေမှုန်းပစ်ခဲ့မယ်… သူတို့ကို ဇီချန်နဲ့အတူ သင်္ဂြိုလ်ပေးပြီး ကျုပ်တို့ လျူယန်မင်းဆက်ရဲ့ အာဏာကို ပြသရမယ်...”

လျူယန်မင်းဆက်အနေဖြင့် ဇီချန်သေဆုံးခဲ့ရသည့် အကြောင်းရင်းအစစ်အမှန်ကို သဘာဝအတိုင်း သိရှိခဲ့ခြင်းမရှိပေ။

…

All Chapters