← Chapters

အခန်း (၅၁၉)

Vol. 35 Ch. 519

အခန်း (၅၁၉)

Vol. 35 Ch. 519

ထိုအချိန်တွင် ဝေ့နိုင်ငံ မြို့တော်၌ ပျော်ရွှင်မှုများ ဖုံးလွှမ်းနေ၏။

ဇီရှန်သေဆုံးခဲ့ပြီးနောက် ဝေ့ယွမ်၏ ဆရာရွှမ်ယီက မည်သူဖြစ်ကြောင်း သူတို့ တိတိကျကျသိရှိရခြင်း မရှိသေးသော်လည်း ပထမအတိဒုက္ခအဆင့် ပြီးပြည့်စုံခြင်း၌ရှိသော အင်ပါယာတစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းအား ထောက်ချင့်ကြည့်လျှင် အလွန်အစွမ်းထက်ကြောင်း သေချာပေသည်။

ယင်းက ဝေ့ယွဲ့၏ နှလုံးသားကို နောက်ဆုံးတွင် သက်ပြင်းချနိုင်စေခဲ့သည်။

“ ဆရာရွှမ်ယီ… စီနီယာက ဘယ်သူလဲ နဲ့ ဘယ်ကလာတယ်ဆိုတာ သိခွင့်ရှိမလား...”

ဧည့်ခံပွဲ၌ ဝေ့ယွဲ့က ရွှမ်ယီအား လေးစားစွာ မေးမြန်းလိုက်သည်။

ရွှမ်ယီက ဝေ့ယွဲ့၏ နှိမ့်ချသော သဘောထားအပေါ် အခွင့်ကောင်းယူကာ မောက်မာခြင်း အလျဉ်းမရှိဘဲ အတန်ငယ် ပြုံးလိုက်ပြီး

“ ကျုပ်မှာ ထူးခြားတဲ့ အထောက်အထားတော့ မရှိဘူး… ဒါပေမဲ့ ကျုပ်က နက်နဲခြင်းအင်ပါယာဂိုဏ်းက ဖြစ်ပြီးတော့ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်က ကျုပ်နေထိုင်တဲ့ နေရာပဲ...”

“ အိုး... တကယ်ပဲ နက်နဲခြင်းအင်ပါယာဂိုဏ်း ဖြစ်နေတာကိုး...”

ရွှမ်ယီထံမှ အဖြေကို ကြားခဲ့ရပြီးနောက် ဝေ့ယွဲ့ ချက်ချင်းနားလည်ခြင်း မရှိသေးသော်လည်း မသိစိတ်အရ ယဉ်ကျေးစွာ ချီးမွမ်းခဲ့၏။

သို့သော် သူ၏စကား တစ်ဝက်လောက်သို့ အရောက်တွင် လက်တွင်းမှ ဝိုင်ခွက် မြေပြင်ထက်သို့ ပြုတ်ကျသွားပြီး

“ နက်နဲခြင်းအင်ပါယာဂိုဏ်း... အဲဒါ မဟာပျက်စီးခြင်းနယ်မြေက တစ်ခုတည်းသော မြင့်မြတ်နယ်မြေ မဟုတ်ဘူးလား...”

ဝေ့ယွဲ့၏ စကားသံက တုန်ခါနေခဲ့သည်။

နက်နဲခြင်းအင်ပါယာဂိုဏ်းက မဟာပျက်စီးခြင်းနယ်မြေ၌ တည်ရှိပြီး ဝေ့နိုင်ငံတော်က သတင်းအရင်းအမြစ်များ သိပ်ပြီးမကြွယ်ဝသည့်တိုင်အောင် နက်နဲခြင်းအင်ပါယာဂိုဏ်းဟူသော အမည်ကို ကြားဖူးကြပေသည်။

အဘယ်ကြောင့်ဆိုသော် နက်နဲခြင်းအင်ပါယာဂိုဏ်း ထွန်းကားလာမှုက ဒဏ္ဍာရီဆန်လွန်းသောကြောင့်ပင်။

အရှေ့ပိုင်းတိုက်ကြီးသမိုင်းမှတ်တမ်းများထဲ၌ပင် နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်က ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံမှုမျှဖြင့် အင်ပါယာအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း ကောလာဟလများ ရှိပေသည်။

ထို့အပြင် နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်နှင့် သူ၏တပည့်များအားလုံး မြင့်မြတ်နယ်မြေမှ မြင့်မြတ်သားတော်၊ သမီးတော်များနှင့် ယှဉ်နိုင်စွမ်းရှိပြီး ၎င်းတို့ထက်ပင် ပို၍ အရည်အချင်းရှိသည်ဟု ကောလာဟလများလည်း ထွက်ပေါ်နေခဲ့၏။

ထို့အပြင် နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်က အင်ပါယာအဆင့်သို့ မရောက်ရှိသေးသော်ငြား သူ၏ဓားဖြင့် ကောင်းကင်နှင့်မြေပြင်အား ထိုးဖောက်နိုင်သည်ဟူ၍လည်း ကောလာဟလများ ရှိနေသေးသည်။

နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်၏ နံဘေးတွင် ရှိနေသော တာအိုကာကွယ်သူ အင်ပါယာရဲ့ချင်းစုန်ကလည်း မြင့်မြတ်နယ်မြေတစ်ခု၏ ဌာနခွဲတစ်ခုအား အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်ခန့်လောက်သို့ ပြန်ကြည့်မည်ဆိုလျှင် နက်နဲခြင်းအင်ပါယာဂိုဏ်းဆိုသည်မှာ တောင်ပိုင်းနယ်မြေမှကျင့်ကြံသူများ၏ ပါးစပ်ဖျား၌ ဟာသတစ်ပုဒ်ပမာဖြစ်နေခဲ့၏။

သို့သော် ယခုအချိန်တွင်မူ လူတိုင်းက နက်နဲခြင်းအင်ပါယာဂိုဏ်းဆိုသည်မှာ အစစ်အမှန်မြင့်မြတ်နယ်မြေတစ်ခုဖြစ်ကြောင်း လက်ခံသွားခဲ့ကြချေပြီ။

ထို့အပြင် နက်နဲခြင်းအင်ပါယာဂိုဏ်းက အရှေ့ပိုင်းတိုက်ကြီး သမိုင်းတွင် အချိန်တိုအတွင်း လျင်မြန်စွာ အားကောင်းလာသည့် ပထမဆုံးသော မြင့်မြတ်နယ်မြေတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

သို့သော် သူ၏သမီးဖြစ်သူက နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်၏ တပည့်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဝေ့ယွဲ့ အိပ်မက်ထဲ၌ပင် ထည့်မက်ဖူးခြင်း မရှိချေ။

ဝေ့ယွဲ့ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီးသည့်တိုင်အောင် စိတ်နှလုံးအား တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။

တစ်ဖက်တွင်မူ ရွှမ်ယီက သာမန်အတိုင်း တည်ငြိမ်စွာ ရှိနေခဲ့သည်။

ဝေ့ယွဲ့၏ တုံ့ပြန်မှုနှင့် ပတ်သက်၍လည်း အံ့ဩခြင်း အလျဉ်းမရှိပေ။

အမှန်အတိုင်း ဆိုရမည်ဆိုလျှင် နက်နဲခြင်းအင်ပါယာဂိုဏ်းအမည်နှင့် နှိုင်းယှဉ်ပါက သူ၏ကိုယ်ပိုင်နာမည်မှာ တောင်ပိုင်းကောင်းကင်ဘုံတံခါးနှင့် မဟာပျက်စီးခြင်းနယ်မြေ၌သာ ပျံ့နှံ့ခဲ့သည်။

ထို့အပြင် တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူများကလည်း နက်နဲခြင်းအင်ပါယာဂိုဏ်းအား လေးစားသမှုပြုသည့်အနေဖြင့် ရွှမ်ယီ၏အမည်အား ပြောဆိုရာတွင် အမည်ကို တိုက်ရိုက်ခေါ်ခြင်း မရှိဘဲ ဆရာသခင်ရွှမ်၊ ဂိုဏ်းချုပ်ရွှမ် စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြ၏။

သို့ဖြစ်ရာ သတင်းအရင်းအမြစ် နည်းပါးသော နိုင်ငံတစ်ခုဖြစ်သည့် ဝေ့နိုင်ငံအနေနှင့် သူ၏အမည်အား တရင်းတနှီးမသိခြင်းမှာ ထူးဆန်းသောအရာတော့ မဟုတ်ပေ။

ဝေ့ယွဲ့တစ်ယောက် အလွန်အံ့အားသင့်သွားခဲ့သည်ဖြစ်ရာ သူ၏စကားသံအား ထိန်းချုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် သူ၏ စကားသံများက အဓိကခန်းမ အပြင်ဘက်မှ ဧည့်ခံပွဲသို့ ပျံ့နှံ့သွားခဲ့သည်။

ဧည့်ခံပွဲ၌ သောက်စားပျော်ပါးကာ ရယ်မောပျော်ရွှင်နေကြသော ဝေ့နိုင်ငံတော်မှ အကြီးအကဲများ၊ တော်ဝင်မိသားစုဝင်များအားလုံး ဝေ့ယွဲ့၏စကားသံကြောင့် မှင်သက်သွားပြီး ထိတ်လန့်တကြား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ဂိုဏ်းချုပ်ရွှမ်…

မည်သည့်ဂိုဏ်းချုပ်ရွှမ်နည်း…?

ဖြစ်နိုင်တာက…..!

လူတိုင်း စိတ်ထဲ၌ လျှပ်စီးလက်သွားသည့်အလား ခံစားလိုက်ရပြီး ရုတ်တရက် မတ်တတ်ရပ်ကာ အဓိကခန်းမ ရှိရာသို့ ငေးကြည့်လိုက်ကြသည်။

ဧည့်ခံပွဲ၏ အဓိကနေရာတွင်မူ ရွှမ်ယီ အကြောင်းကို သိရှိပြီးနောက် ဝေ့ယွဲ့က မတ်တတ်ရပ်လိုက်ပြီး ရွှမ်ယီရှေ့သို့ လျှောက်လှမ်းသွားကာ ဦးညွှတ်လိုက်လေသည်။

“ ဝေ့နိုင်ငံတော်က ဝေ့ယွဲ့… နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်… မတော်တဆ ရိုင်းစိုင်းခဲ့တာတွေရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”

ဘုန်း…

ဝေ့နိုင်ငံ မြိုတော်သို့ ဧရာမမိုးကြိုးတစ်စင်း ပစ်ခွင်းလိုက်သည့်အလားပင်။

ဝေ့နိုင်ငံတော်မှ ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြ၏။

အချိန်အတန်ကြာမှ ပြန်လည် သတိ၀င်လာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ထပ်မံ ကြည့်လိုက်ကြပြန်သည်။

ဝေ့ယွမ်ကိုယ်တိုင်လည်း သူမဆရာဖြစ်သူ၏ အစစ်အမှန်ပုံရိပ်ကို ယခုမှသာ သိရှိရခြင်းဖြစ်၏။

တစ်ဖက်တွင်မူ ဝေ့ထန်အပါအဝင် ဝေ့ယွမ်၏ ကျန်မွေးချင်းမောင်နှမများအားလုံး၏ မျက်ဝန်းများထဲ၌ မနာလိုမှုများ ပြည့်နှက်သွားသည်။

သူတို့ညီမငယ်ထံတွင် နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်၏ တပည့်တစ်ယောက်ဖြစ်လာစေရန် မည်သို့အရည်အချင်းမျိုးအား ပိုင်ဆိုင်ထားလေသနည်း။

ရွှမ်ယီက အပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်နေမှုများအား အနည်းငယ်မျှ ဂရုမစိုက်ပေ။

ဝေ့ယွဲ့နှင့် စက္ကန့်အနည်းငယ်မျှ စကားပြောခဲ့ပြီးနောက် အင်ပါယာဇီချန် ဆိုသူ၏ နောက်ကွယ်မှ အင်အားစုအကြောင်း တိုက်ရိုက် မေးမြန်းလိုက်သည်။

အစပိုင်းတွင် ဝေ့ယွဲ့အနေဖြင့် ဇီချန်ကို ရွှမ်ယီ သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တော်တော်လေး စိတ်ပူနေခဲ့၏။

အနာဂါတ်တွင် ဇီချန် နောက်ကွယ်မှ အင်အားစု ရောက်ချလာပြီး ဝေ့နိုင်ငံတော်အပေါ် ဒေါသ ပုံချနိုင်သည် မဟုတ်ပေလော။

သို့သော် ‌ရွှမ်ယီက နက်နဲခြင်း အင်ပါယာဂိုဏ်းချုပ်ဖြစ်ကြောင်း သိရှိပြီးနောက် ဝေ့ယွဲ့ စိတ်အေးသွားခဲ့ရသည်။

ဤသို့ဖြင့် ချက်ချင်း ဦးညွှတ်ကာ ‌ဇီချန်၏ နောက်ခံကို ပြောကြားလိုက်၏။

“ လျူယန် မင်းဆက်တဲ့လား…?”

ရွှမ်ယီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး

“ လျူယန် မင်းဆက် ဘယ်မှာရှိမှန်း ကျုပ်မသိဘူး… အဆင်ပြေရင် ကျုပ်ကို ‌မြေပုံတစ်ခု ဖန်တီးပေးလို့ရမလား…”

ဝေ့ယွဲ့ ချက်ချင်း အစောင့်များကို ဆင့်ခေါ်လိုက်ပြီး လျူယန်မင်းဆက်သို့ မြေပုံတစ်ခု ရေးဆွဲခိုင်းလိုက်သည်။

ထို့နောက် ဝေ့ယွဲ့ နားမလည်စွာနှင့်

“ ဂိုဏ်းချုပ်ရွှမ်က လျူယန်မင်းဆက်နဲ့ ပြေလည်အောင် ဖြေရှင်းချင်လို့လား…”

“ ပြေလည်အောင်လုပ်ရမှာလား…?”

ရွှမ်ယီ ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး

“ မလိုပါဘူး… ဒီတိုင်း သာမန်မင်းဆက်လေးတစ်ခုပဲကို.. ကျုပ်တပည့်တွေကို ထိရင် ပေးဆပ်ရမယ့် တန်ရာတန်ကြေးက ဘာလဲဆိုတာ သိအောင် ပြပေးရမှာပေါ့…”

ရွှမ်ယီစကားကြောင့် ဝေ့ယွဲ့အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးစွာနှင့် ထပ်‌မေးရန် ပြင်လိုက်သည်။

သို့သော် ရွှမ်ယီက ရုတ်တရက် ထရပ်လိုက်ပြီး

“ ကျုပ်မှာ အရေးကြီးကိစ္စတစ်ခု ရှိသေးလို့ အခုသွားရတော့မယ်… ဝေ့ယွမ်ကို ဂိုဏ်းဆီခေါ်သွားဖို့ လာခဲ့ပေမယ့် ကိစ္စလေးတွေ နည်းနည်းရှုပ်ထွေးသွားလို့ ထပ်ပြီး နည်းနည်းလောက် ကြာဦးမယ်ထင်တယ်…”

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်း၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာကာ

“ ဒါကြောင့် ဝေ့ယွမ်ကို ရက်နည်းနည်းလောက် ဒီမှာပဲ ထားခဲ့ပါရစေ… လျူယန်မင်းဆက်ကို ဖျက်ဆီးပြီးမှ နက်နဲခြင်းအင်ပါယာဂိုဏ်းကိုသွားဖို့ ပြန်လာခေါ်လိုက်တော့မယ်…”

All Chapters