အခန်း (၅၂၀)
Vol. 35 Ch. 520
စကားဆုံးသည်နှင့် ရွှမ်ယီ ဝေ့နိုင်ငံ မြို့တော်မှ ချက်ချင်း ထွက်ခွာသွား၏။
ဝေ့ယွဲ့ကမူ ရွှမ်ယီစကားကြောင့် အလွန်အံ့ဩထိတ်လန့်သွားပြီး နောက်မှ အမြန်ပြေးလိုက်သော်လည်း မမှီတော့ချေ။
ကောင်းကင်၌ ဝေးကွာသွားသော အလင်းစက်လေးတစ်ခုကိုသာ မြင်ရတော့၏။
ထို့နောက် မကြာခင် ထိုအလင်းစက်လေးက လေဟာနယ် ခွဲဖွင့်ကာ ပျောက်ကွယ်သွားလေသည်။
“ အဖေ တစ်ခုခုဖြစ်လို့လား…”
အဓိကခန်းမအတွင်းမှ ရုန်းရင်းဆန်ခတ်ဖြစ်မှုက အပြင်ဘက် ဧည့်ခံပွဲမှ လူများစွာတို့၏ အာရုံကို ဆွဲဆောင်မိသွားသည်။
ဝေ့ယွမ်အပါအ၀င် ဝေ့ယွဲ့၏ သားသမီးများစွာတို့ ရှုပ်ထွေးနေသော အမူအရာများဖြင့် ချက်ချင်း၀င်ရောက်လာကြ၏။
နောက်ဆုံးတွင် ဝေ့ယွဲ့တစ်ယောက် ပေါင်ကို ဖြန်းကနဲ ရိုက်လိုက်ပြီး
“ ဂိုဏ်းချုပ်ရွှမ်က လျူယန်မင်းဆက်နဲ့ပတ်သက်ပြီး ဘာမှ မသိထားဘူး… ယွမ်လေးအတွက် လက်စားချေမယ်ဆိုပြီး တစ်ယောက်တည်း ထွက်သွားပြီ… စစ်တပ်ကို မြန်မြန်စုစည်းလိုက်… ဂိုဏ်းချုပ်ရွှမ်နောက် လိုက်ရမယ်…”
“ ဟမ်…”
“ ဂိုဏ်းချုပ်ရွှမ်က လျူယန်မင်းဆက်ကို ထွက်သွားပြီတဲ့လား…?”
“ ဒါက…”
ဝေ့နိုင်ငံမှ ကျင့်ကြံသူများအားလုံး ထိုကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ်မျှ လျစ်လျူမရှုဝံ့ကြချေ။
သူတို့အမြင်တွင် ဂိုဏ်းချုပ်ရွှမ်က လျူယန်မင်းဆက်နှင့်ပတ်သက်ပြီး ဘာမှမသိသောကြောင့် ဤမျှ ရဲရင့်နေခြင်းဖြစ်ရမည်။
သို့သော် ဝေ့နိုင်ငံကမူ တောင်ပိုင်းနယ်စပ် အလယ်ဗဟို၌ရှိသည်။
သို့ဖြစ်ရာ လျူယန်မင်းဆက်နှင့် ဝေးကွာနေသော်လည်း လျူယန်မင်းဆက်၏ ကျော်ကြားမှုက ဝေ့နိုင်ငံသို့တိုင်အောင် ပျံ့နှံ့ရောက်ရှိနေခဲ့သည်။
ကောလဟာလများအရဆိုလျှင် လျူယန်မင်းဆက်က အစစ်အမှန် မြင့်မြတ်နယ်မြေတစ်ခုအဆင့်သို့ မရောက်သေးသော်လည်း ၎င်းတို့ခေါင်းဆောင်အား အရှေ့ပိုင်းနယ်မြေရှိ မြင့်မြတ်နယ်မြေတစ်ခုမှ အကြီးအကဲတစ်ဦးက အလွန်တန်ဖိုးထားနေ၏။
၎င်းက အင်ပါယာလျူယန်ကို တာအိုတစ်၀က်အဆင့် ကျင့်စဉ်တစ်ခု ပေးခဲ့ရုံမျှမက မြင့်မြတ်နယ်မြေ၏ တံဆိပ်ကိုလည်း ပေးအပ်ခဲ့သည်။
အင်ပါယာ လျူယန်သာ အန္တိမအင်ပါယာအဆင့်သို့ ချိုးဖျက်ပြီးသည်နှင့် ထို တံဆိပ်အားကိုင်ဆောင်ကာ အရှေ့ပိုင်းနယ်မြေသို့ သွားရောက်၍ ထို မြင့်မြတ်နယ်မြေဖြစ်သော ဂိုဏ်းသို့ ၀င်ရောက်ကာ ထိုအကြီးအကဲ၏ နောက်လိုက် ဖြစ်လာပေလိမ့်မည်။
ထိုအပြင် ထိုတံဆိပ်ပြားက လျူယန်မင်းဆက် ရန်သူများအား ကြောက်လန့်စေရုံသာမက ၎င်းက ကြောက်မက်ဖွယ် လျှို့ဝှက်ရတနာတစ်ခုလည်းဖြစ်၏။
၎င်းက မည်မျှအစွမ်းထက်ကြောင်း မည်သူမှ တိတိကျကျမသိကြသော်လည်း ကောလဟာလများအရဆိုလျှင် အင်ပါယာလျူယန်က တစ်ချိန်တုန်းက ထိုတံဆိပ်အား အသုံးပြုကာ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် အဆင့်တူ နတ်ဆိုးအင်ပါယာတစ်ဦးအား အပြင်းအထန် ဒဏ်ရာရစေခဲ့သည်ဟု ဆိုကြသည်။
ရွှမ်ယီကကော မည်သို့နည်း..?
သူ မည်မျှ အစွမ်းထက်နေစေကာမူ အန္တိမအင်ပါယာတစ်ယောက်နှင့် ယှဉ်နိုင်ဦးမည်တော့မထင်ပေ။
၎င်းက ဝေ့နိုင်ငံမှ လူများချည်းသာမဟုတ်ချေ။
ရွှမ်ယီ၏ ခွန်အားပြည့်တိုက်ခိုက်မှုကို မြင်ဖူးသူ အနည်းငယ်မှလွဲ၍ တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူများအားလုံး အမြင်တွင် ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်း အလွန်မြင့်မားနေစေကာမူ အန္တိမအင်ပါယာအဆင့်တစ်ယောက်နှင့် ယှဉ်နိုင်ရန် အလှမ်းဝေးနေဆဲပင်။
နက်နဲခြင်း အင်ပါယာဂိုဏ်း၏ အစစ်အမှန်စွမ်းအားမှာ ဂိုဏ်ချုပ်ဖြစ်သည့် ရွှမ်ယီမဟုတ်ဘဲ အကြီးအကဲ ရဲ့ချင်းစုန်သာဖြစ်သည်ဟု ထင်မြင်နေကြ၏။
ဝေ့ယွဲ့ပြောကြားသော လျူယန်မင်းဆက်၏ ဝှက်ဖဲများအကြောင်းကြားလျှင် ရွှမ်ယီအပေါ်၌ အလွန်ယုံကြည်သော ဝေ့ယွမ်ပင်လျှင် စိုးရိမ်ပူပန်လာခဲ့သည်။
မကြာမီ ဝေ့နိုင်ငံမြို့တော်အတွင်းမှနေပြီး နတ်အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာပြီး လျူယန်မင်းဆက်ရှိရာသို့ ဦးတည်လိုက်ကြ၏။
သို့သော် ထိုအဖွဲ့အတွင်း ဝေ့ယွမ် ၊ ဝေ့ယွဲ့နှင့် ရှုယွမ်တို့မှလွဲပြီး လူမည်မျှ ရွှမ်ယီအား စိုးရိမ်နေကာ လူမည်မျှက ကြိတ်ကာ ၀မ်းသာနေကြောင်း မသိရပေ။
….
တစ်ရက်အကြာတွင်…
ဂျီကျူးယွဲ့၏ တည်နေရာကူးပြောင်းခြင်း အစီအရင်က အစွမ်းထက်သည် မှန်သော်လည်း ၎င်းအား အကြိမ်ပေါင်းများစွာ ဆက်တိုက် အသုံးပြုနိုင်ခြင်းတော့မရှိချေ။
ရွှမ်ယီ ဝေ့နိုင်ငံမှ လျူယန်မင်းဆက်သို့ရောက်ရှိရန် အချိန်တစ်ရက် ကြာမြင့်ခဲ့သည်။
ရွှစ်…
ကောင်းကင်နှင့် မြေပြင်အကြားတွင် ဧရာမ မြို့ကြီးတစ်မြို့ ခမ်းနားစွာ တည်ရှိနေခဲ့ပြီး တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်း၏ အဆုံးသတ်ကို မြင်နိုင်ခြင်းမရှိပေ။
နက်မှောင်သော မြို့ရိုးထက်တွင် ဆန်းကျယ်သော ရုန်းများရေးထွင်းထားပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည့် အနီရောင် မီးတောက်ပုံစံများ ပြေးလွှားနေသည်။
၎င်းက ဤ ခမ်းနားသော မြို့ကြီးအား ကာကွယ်ထားသည့် အစီအရင်ဖြစ်ပေသည်။
ကြောက်မက်ဖွယ် နတ်တန်ခိုးများ လှိုင်းထကာ ထွက်ပေါ်နေသည့် ထိုအစီအရင်အား လျှော့တွက်၍ မရချေ။
ပထမအတိဒုက္ခအဆင့် အင်ပါယာများမဆိုထားနှင့် စတုတ္ထအတိဒုက္ခအဆင့် အင်ပါယာများပင် ၎င်းအား ချိူးဖျက်ရန် မလွယ်ကူပေ။
သို့သော် ရွှမ်ယီကမူ မြို့ရိုးအား ကာကွယ်ထားသည့် အစီအရင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန်ဂျီဓားကိုပင် အသုံးပြုရန် စိတ်မ၀င်စားချေ။
လက်ချောင်းများကို ဓားအဖြစ်သုံးပြုလိုက်၏။
ချက်ချင်း ကောင်းကင်နှင့် မြေပြင်အကြား ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခု ပဲ့တင်ထပ်ကာ မြည်ဟည်းလာသည်။
ရွှမ်ယီ၏ လက်ညှိုးနှင့် လက်ခလယ် ထိပ်ဖျား၌ စုစည်းနေသည့် ဓားချီစွမ်းအင်က အလင်းတန်းတစ်ခုအဖြစ် ပြေးထွက်သွားပြီး ဧရာမ မြို့တော်ကြီးရှိရာသို့ တိုက်ရိုက်ကျဆင်းသွား၏။
“ မြို့ပြင်မှ ဘယ်ကောင်က ရုန်းရင်းဆန်ခတ်ဖြစ်အောင် လာလုပ်နေတာလဲကွ…”
လျူယန်မင်းဆက် မြိုတော် အပြင်ဘက်၌ ကင်းလှည့်သော အစောင့်များ ကောင်းကင်ထက်သို့ ပျံတက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ဘုန်း…
သွေးများ ပတ်၀န်းကျင်သို့ ပြန့်ကျဲသွား၏။
ဘုရင်အဆင့်ကျင့်ကြံသူများက ရွှမ်ယီ၏ ဓားချီအလင်းအောက်၌ စက္ကူရွက်များအလား ထင်မှတ်ရသည်။
“ ဒီကောင် ရူးနေပြီ…”
မြို့ရိုးပေါ်၌ ကင်းလှည့်နေသည့် အစောင့်များ ထိတ်လန့်သွားကြ၏။
ထို့နောက် ၎င်းတို့အနက်မှ တော်တော်လေး အစွမ်းထက်သူတစ်ဦး ကောင်းကင်သို့ ခုန်တက်ကာ မြို့ရိုးထက်မှ ကာကွယ်ရေး အစီအရင်အား လှုံ့ဆော်လိုက်သည်။
ဤသို့ဖြင့် အစီအရင်မှ စွမ်းအားများကိုပါ ပေါင်းစပ်ပြီး စွမ်းအားများ တစ်ဟုန်ထိုး တိုးတက်လာကာ ၀င်ရောက်လာသော ဓားချီအလင်းအား တားဆီးရန်ကြိုးစားလိုက်၏။
သို့သော် အချည်းအနှီးသာ။
မျက်စိတ်တစ်မှိတ်အတွင်း လျူယန်မင်းဆက်မှ အစောင့်တပ်သား ရာကျော် ပေါက်ကွဲသေဆုံးသွားလေသည်။
ဓားချီအလင်းတန်းက သေမင်းအလား ၎င်းတို့ အသက်များကို နှုတ်ယူသွားခဲ့၏။
“ မကောင်းတော့ဘူး… ရန်သူ ကျူးကျော်လာပြီ… အထက်ပိုင်း အရာရှိတွေဆီကို မြန်မြန်သတင်းပို့… ရန်သူက ငါတို့ ကိုင်တွယ်နိုင်တဲ့အဆင့်မဟုတ်ဘူး…”
ထိပ်တိုက်တွေ့ဆုံမှု၌ ကံကောင်းစွာဖြင့် အသက်ရှင် လွတ်မြောက်သွားသည့် မြိုးရိုးပေါ်မှ အစောင့်များ အထိတ်တလန့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
ရွှမ်ယီကမူ ၎င်းတို့ သတင်းပို့နေခြင်းအား တားဆီးခဲ့ခြင်းမရှိချေ။
ထိုအစား ဓားချီအလင်းဖြင့် မြို့ရိုးကြီးကို တိုက်ရိုက် ထိခတ်စေလိုက်၏။
ထိုအခါ ကမ္ဘာမြေတစ်ခုလုံး တုန်ဟီးသွားခဲ့ပြီး ကျယ်လောင်သော အချက်ပေး ခေါင်းလောင်းသံလည်း တစ်ပြိုင်နက်တည်း မြည်ဟီးလာလေသည်။
ဂျုန်း…
မြို့ရိုးတံတိုင်းကြီး ပြိုကျသွားမှုကြောင့် လျူယန်မြို့တော် တစ်ခုလုံး တုန်ခါသွားကာ မြေကြီးများ လည်းအက်ကွဲပြီး တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွား၏။
ထို့အပြင် အဆက်မပြတ် မြည်ဟီးနေသော သတိပေးခေါင်းလောင်းသံကြောင့် လူတိုင်း ထိတ်လန့်နေကြချေပြီ။
အဆင့်မြင့်ကောင်းကင်ဘုရင်များအားလုံး ပျံသန်းထွက်ပေါ်လာကြ၏။
၎င်းတို့အားလုံး မြို့ရိုးရှိရာဘက်သို့ လှမ်းကြည့်လိုက်လျှင် မြင့်လိုက်ရသော မြင်ကွင်းကြောင့် အလွန် အံ့အားသင့်သွားကြသည်။
သူတို့ နှလုံးသားထဲ၌ ဖျက်ဆီးရန် မဖြစ်နိုင်ဟု သတ်မှတ်ထားသော နှစ်ပေါင်းသောင်းနှင့်ချီ သက်တမ်းရှိသည့် မြို့ရိုးကြီးအား ကျူးကျော်လာသူက အမှန်ပင် ဖျက်ဆီးပစ်လိုက်၏။
တောင်တန်းကြီးအလား အခိုင်မာတည်ဆောက်ထားသည့် မြိုးရိုးကြီးကား အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားချေပြီ။
အစပိုင်းတွင် ကံကောင်းစွာ လွတ်မြောက်ခဲ့သည့် မြို့ရိုးအထက်မှ အစောင့်တပ်ဖွဲ့များလည်း မြိုးရိုးကြီး ပျက်စီးမှုနှင့်အတူ သွေးအိုင်များအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။