အခန်း (၅၂၃)
Vol. 35 Ch. 523
လေထဲတွင် လှည့်ပတ်ပျံဝဲနေခဲ့သော ဖျက်ဆီးခြင်းမီးလျှံခေါင်းလောင်းမှ ရုတ်တရက် အလင်းတန်းများစွာ ဖြာထွက်လာခဲ့ပြီး အနီရောင်မီးတောက်အားလုံးကို ၎င်း၏ကိုယ်ထည်အတွင်းသို့ စုပ်ယူပစ်လိုက်သည်။
ထို့နောက် အနည်းငယ်တုန်ခါသွား၏။
ထိုအခါ ပတ်ဝန်းကျင်မှ လေဟာနယ်လည်း ကြေးဝါခေါင်းလောင်းနှင့်အတူ လိုက်ပါတုန်ခါသွားခဲ့ပြီး ကြေးဝါခေါင်းလောင်းအတွင်းမှ အနီရောင်နတ်တန်ခိုးတံဆိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ ကောင်းကင်ဘုံလောင်ကျွမ်းခြင်း နတ်ဘုရားဆီးလ်တံဆိပ်...”
တချို့သော ကျင့်ကြံသူများက ထိုအနီရောင်တံဆိပ်၏မူလဇာစ်မြစ်ကို သိရှိထားဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။
၎င်းက အင်ပါယာလျူယန်ကို ကျော်ကြားစေခဲ့သော နတ်တန်ခိုးစွမ်းရည် တစ်ခုဖြစ်ပေသည်။
အင်ပါယာလျူယန်က ဖျက်ဆီးခြင်းမီးလျှံခေါင်းလောင်းကို ပြန်လည်သန့်စင်ခဲ့ချိန်တွင် ထိုနတ်တန်ခိုးစွမ်းရည်အား ကြေးဝါခေါင်းလောင်းအတွင်း၌ တံဆိပ်ခတ်ထားခဲ့၏။
ယခုတွင် ကျင်းယန်နှင့် ကျန်အင်ပါယာအဆင့်ကြီးကဲများက ၎င်းကို ထုတ်ဖော်အသုံးပြုလိုက်ကြချေပြီ။
၎င်း၏စွမ်းအားက အင်ပါယာလျူယန်ကိုယ်တိုင်အသုံးပြုခဲ့ချိန်ကလောက် အစွမ်းထက်ခြင်းမရှိသော်လည်း ဖျက်ဆီးခြင်းမီးလျှံခေါင်းလောင်း၏ ထောက်ပံ့ပေးမှုအောက်တွင် အင်ပါယာအဆင့်ကျင့်ကြံသူများကိုပင် မျက်နှာပျက်သွားစေနိုင်စွမ်းရှိသော စွမ်းအားမျိုးထွက်ပေါ်လာ၏။
သို့သော် ရွှမ်ယီကမူ သူ့ထံသို့ ဦးတည်ဝင်ရောက်လာနေသော အနီရောင်နတ်တန်ခိုးတံဆိပ်အား ကြည့်ရင်း အသာအယာပြုံးလိုက်သည်။
“ ကလေးကလားလှည့်ကွက်လေးတွေနဲ့ ငါ့ကိုတားဆီးချင်နေကြတာလား...”
သူက ညာလက်အား ညင်သာစွာ ဆန့်ထုတ်လိုက်ပြီး အသာအယာ ဝှေ့ယမ်းလိုက်သည်။
ရွှမ်ယီ၏လက်ထဲတွင် အစစ်အမှန်ဓားတစ်လက်မရှိသော်ငြား အဆင့်(၉) ဓားရည်ရွယ်ချက်၏ ထောက်ပံ့ပေးမှုအောက်၌ အစွမ်းထက်သော ဓားချီတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ လေထုအား ဖြိုခွင်းကာ ပြေးထွက်သွား၏။
“ မဖြစ်နိုင်ဘူး...”
အနောက်ဘက်တွင် ရှိသော လျူယန်မင်းဆက်မှ ကျင့်ကြံသူများအားလုံး မယုံကြည်နိုင်စွာဖြင့် မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရသည်။
ရွှမ်ယီက လက်တစ်ချက်လှုပ်လိုက်ရုံမျှဖြင့် လျူယန်မင်းဆက်မှအကြီးအကဲများ၏ စုပေါင်းတိုက်ခိုက်မှုကို တိုက်ရိုက်ဖျက်ဆီးပစ်ခဲ့သည်။
ကျင်းယန်အပါအဝင် အင်ပါယာအဆင့် (၈)ယောက်တို့၏ အခြေအနေမှာ သနားစရာပင် ကောင်းလှ၏။
၎င်းတို့အားလုံး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
သူတို့၏ ထာဝရနတ်ဘုရားစင်မြင့်များက နတ်အလင်းများဖြင့် တဖျတ်ဖျတ်တောက်ပနေဆဲ ဖြစ်သည့်တိုင်အောင် အလင်းများက အလွန်မှိန်ဖျော့သွားချေပြီ။
အားလုံး အတွင်းဒဏ်ရာများ ရသွားကြောင်း ထင်ရှား၏။
“ တိုက်...”
လျူယန်မင်းဆက် ကျင့်ကြံသူများအားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး ရှေ့သို့ပြေးဝင်ကာ တိုက်ခိုက်လိုက်ကြသည်။
သို့သော် ခါချဉ်တစ်အုပ်က ဧရာမတောင်ကြီးအား ဖြိုလှဲလိုနေသည့်အလားဖြစ်နေခဲ့ကာ မည်သည့်အကျိုးသက်ရောက်မှုမှ မရှိခဲ့ချေ။
ရွှမ်ယီက သူ၏ညာလက်အား ဓားတစ်စင်းပမာ အသုံးပြုနေပြီး လက်ညှိုးဖြင့် ထိုးညွှန်လိုက်တိုင်း ဓားချီအလင်းတစ်ခု ပြေးထွက်သွားကာ လျူယန်မင်းဆက်မှကျင့်ကြံသူများကို ထိုးဖောက်ဖြတ်သန်းသွားခဲ့သည်။
သူ၏ဓားရည်ရွယ်ချက် အဆင့်(၉)သို့ ရောက်သွားပြီကတည်းက သာမန်ဓားချီအလင်းတစ်ခုက အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်အား အလွယ်တကူသတ်ဖြတ်ရန် လုံလောက်၏။
သို့ဖြစ်ရာ လျူယန်မင်းဆက်မှကျင့်ကြံသူများစွာ ပူးပေါင်းတိုက်ခိုက်မှုက ရွှမ်ယီအား အနည်းငယ်မျှ အတားအဆီးမဖြစ်စေဘဲ ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း ဆက်၍တိုးလာခဲ့သည်။
ရွှမ်ယီ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် အလောင်းများ ပြန့်ကျဲကာ ကျန်ရစ်ခဲ့၏။
သူ၏အဖြူရောင်အဝတ်အစားများ၌ သွေးတစ်စက်မှ စွန်းထင်းခြင်းမရှိသည့်အပြင် လျူယန်မင်းဆက်မှ ကျင့်ကြံသူများအနေဖြင့် ရွှမ်ယီအနီး သုံးပေအကွာသို့ပင် ချဉ်းကပ်နိုင်ခြင်း မရှိကြပေ။
ကျင်းယန်နှင့်ကျန်အကြီးအကဲများ ဒဏ်ရာများမှ အနည်းငယ်သက်သာသွားပြီး ကုန်းထကြည့်လိုက်ကြလျှင် နတ်ဆိုးတစ်ပါးကဲ့သို့ဖြစ်နေသော ရွှမ်ယီအား မြင်လိုက်ရ၏။
အားလုံးထဲတွင် အမောက်မာဆုံးဖြစ်သော ကျင်းယန်ပင်လျှင် တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားပြီး နောက်သို့လှည့်ပြေးတော့သည်။
သို့သော် ရွှမ်ယီက အဘယ်မှာလျှင် ၎င်းတို့အား လွှတ်ပေးလိမ့်မည်နည်း။
သူ၏ မှော်ဆေးတာအိုကျင့်ကြံမှုက အင်ပါယာအဆင့်သို့ ရောက်ရှိနေခဲ့သည်ဖြစ်ရာ နတ်အသိကို လျူယန်မင်းနေပြည်တော်တစ်ခုလုံးသို့ ဖြန့်ကျက်နိုင်စွမ်း ရှိသည်။
ဤသို့ဖြင့် ကျင်းယန်နှင့်ကျန်အကြီးအကဲများ ဘိုးဘေးခန်းမအတွင်း ပြောနေသည့်စကားများအားလုံးကို ကြားခဲ့ရ၏။
“ မင်းတို့မှာ မြင့်မြတ်နယ်မြေက စစ်ကူတွေ ရှိတယ်မဟုတ်ဘူးလား… ဘာဖြစ်လို့ အခုထိ လာမကယ်သေးတာလဲ...”
ရွှမ်ယီ လှောင်ရယ်လိုက်ပြီး သူ၏စကားသံများက ရေခဲတမျှ အေးစက်နေခဲ့သည်။
တစ်ဖက်တွင် သူ့ခန္ဓာကိုယ်ကမူ အတောင်ပံဆန့်တန်းထားသော ဖီးနစ်တစ်ကောင်ကဲ့သို့ဖြစ်နေပြီး အတားအဆီးဟူသမျှကို ဖြိုခွင်းကာ ရှေ့သို့ ဆက်လက်တိုးဝင်သွားနေလေသည်။
“ ငါ့ကို ခွင့်လွှတ်ပေးပါကွာ...”
ရွှမ်ယီနှင့် အနီးဆုံးတွင်ရှိသော အင်ပါယာအဆင့်အကြီးကဲတစ်ဦးက အသက်ချမ်းသာပေးရန်အလို့ငှာ ရွှမ်ယီအား တောင်းပန်လိုက်သော်လည်း ရွှမ်ယီက သူ့အား လှည့်ပင်မကြည့်ခဲ့ချေ။
ညာလက်အား အသာအယာဝှေ့ယမ်းလိုက်လျှင် ဓားချီတစ်စင်း ထွက်ပေါ်လာပြီး ထိုအကြီးကဲအား ထိုးဖောက်ဖြတ်သန်းသွားလေသည်။
“ တား… သူ့ကို တားကြ...”
ကျင်းယန် အလွန်ကြောက်ရွံ့နေပြီး ထိတ်လန့်တကြား အော်ဟစ်ကာ သူ့ အနောက်ဘက်၌ ရှိသော ကျင့်ကြံသူများအား ရှေ့တက်တားဆီးရန် အမိန့်ပေးလိုက်၏။
ထိုအခါ တိုက်ပွဲဝင်သံချပ်ကာများ ဝတ်ဆင်ထားကာ တောက်ပသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ကျင့်ကြံသူများ ရှေ့သို့ပြေးထွက်လာကာ ရွှမ်ယီအား ပိတ်ဆို့တားဆီးရန် ကြိုးစားလိုက်ကြသည်။
၎င်းတို့အားလုံး လျူယန်မင်းဆက်မှ ပျိုးထောင်ပေးထားသည့် အလွန်သစ္စာစောင့်သိသော စစ်သည်တော်များဖြစ်ကြ၏။
ထို့အပြင် ၎င်းတို့ထံတွင် အထူးအစီအရင်များကို ပိုင်ဆိုင်ထားကာ အဆင့်မြင့်မှော်ရတနာများနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်အစွမ်းထက်လာကြသည်။
သစ္စာရှိစစ်သည်တော်ထောင်ပေါင်းများစွာ ရွှမ်ယီအား တိုက်ခိုက်ရန် ပူးပေါင်းပြေးဝင်သွားချိန်တွင် ကျင်းယန်နှင့်ကျန်အကြီးအကဲများ အနည်းငယ် စိတ်သက်သာရာရသွားခဲ့ကြသော်လည်း ဤနေရာ၌ ဆက်မနေရဲကြပေ။
ဤသို့ဖြင့် သူတို့၏သွေးအဆီအနှစ်များကိုပင် လောင်ကျွမ်းစေပြီး အဝေးသို့ ထွက်ပြေးလိုက်ကြသည်။
သို့သော် သူတို့ ဝေးကွာသောအရပ်သို့ မရောက်သေးခင်မှာပင် နောက်ဘက်မှ ပြင်းထန်သော ဓားချီစွမ်းအင်ကို ခံစားမိလိုက်သဖြင့် မသိစိတ်အရ နောက်လှည့်ကြည့်လိုက်မိကြသည်။
ထိုအခါ ကျင်းယန်တို့အဖွဲ့ နှလုံးသားတစ်ခုလုံး တုန်ခါသွားရလေသည်။
ထောင်နှင့်ချီသော သစ္စာရှိစစ်သည်တော်များအားလုံး ရွှမ်ယီထံမှ သာမန်ဓားတစ်ချက်ကိုပင် တားဆီးနိုင်ခြင်း မရှိကြချေ။
ရွှမ်ယီထံမှ ဓားချီစွမ်းအင်တစ်ခုက အလျားလိုက် ထွက်ပေါ်လာကာ တပ်ဖွဲ့ကြီးတစ်ခုလုံးအား ချက်ချင်းသတ်ဖြတ်ပစ်လိုက်သည်။
၎င်းတို့အနေဖြင့် ရွှမ်ယီအား အနည်းငယ်မျှ နှောင့်နှေးစေနိုင်ခြင်း မရှိခဲ့ပေ။
“ သေလိုက်တော့...”
ရွှမ်ယီက အေးစက်စွာ ပြောလိုက်ပြီး ညာလက်အား ဝှေ့ယမ်းလျက် ဓားချီအလင်းများ ထုတ်လွှတ်ကာ လျူယန်မင်းဆက်မှ ကျန်အင်ပါယာအဆင့်အကြီးအကဲအနည်းငယ်အား ချက်ချင်းသတ်ဖြတ်ပစ်လိုက်သည်။
“ အိုး… မင်းက ဒီလောက်လည်း မဟုတ်ပေမယ့် မင်းအသက်ကို ကာကွယ်ပေးမယ့် အရာတွေတော့ အများကြီးရှိသားပဲ...”
ရွှမ်ယီက ဆန့်တန်းထားသော ညာလက်အား ပြန်လည်ရုတ်သိမ်းလိုက်ကာ သူနှင့် မိုင်တစ်ရာအကွာသို့ တည်နေရာကူးပြောင်းသွားသည့် ကျင်းယန်အား ကြည့်ကာ အပြုံးတစ်ခုနှင့် ပြောကြားလိုက်သည်။
သို့သော် ကျင်းယန်၏အမြင်တွင်မူ နတ်ဆိုးတစ်ကောင် သူ့အား ပြုံးပြနေသည့်အလားပင်။
အစောပိုင်း၌ ခံစားခဲ့ရသော သေမင်းအငွေ့အသက်ကြောင့် ကျင်းယန် အလွန်ကြောက်လန့်သွားပြီး အသက်ကယ်ကျောက်စိမ်းကို ချက်ချင်းချိုးပစ်ခဲ့၏။
ယင်းက အင်ပါယာလျူယန် တံခါးပိတ်ကျင့်စဉ် မဝင်ခင် သူ့အသက်အား ကယ်တင်နိုင်ရန်အလို့ငှာ ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရုတ်တရက် လေဟာနယ် ခုန်ကူးနိုင်သည့် အသက်ကယ်အစီအရင်များမှာ တောင်ပိုင်းနယ်စပ်တွင်ပင် အများအပြားမရှိပေ။
ထို့အပြင် ထိုကျောက်စိမ်းပြားလေးတွင် တခြားလုပ်ဆောင်မှုတစ်ခုလည်း ရှိနေသေး၏။
“ ငါ့မြေးကို ဘယ်ကောင် ထိရဲတာလဲကွ...”
လျူယန်မင်းဆက် ဘိုးဘေးခန်းမအတွင်း အနက်ရှိုင်းဆုံးနေရာမှနေ၍ အိုမင်းသော ကြုံးဝါးသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထို့နောက် ၎င်းအတွင်းမှနေ၍ ပုံရိပ်တစ်ခု ကောင်းကင်ထက်သို့ ဝုန်းခနဲထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်သို့ ကြည့်လိုက်လျှင် အပျက်အစီးဖြစ်လုနီးပါးဖြစ်နေသော လျူယန်မင်းနေပြည်တော်နှင့် ကြောက်လန့်တကြား ပြေးလွှားနေသည့် ကျင်းယန်ကို မြင်လိုက်ရ၏။
ထိုအခါ ရုတ်တရက်ထွက်ပေါ်လာသည့် ခမ်းနားသော အရှိန်အဝါများနှင့် အဘိုးအို၏မျက်နှာက ဒေါသများနှင့် ပြည့်နှက်သွားလေသည်။
“ ဘယ်သူလဲ... လျူယန် မင်းဆက်ကို ဘယ်သူ တိုက်ခိုက်တာလဲ...”
…
[ ကျေးဇူးပြုပြီး Note ဖတ်ပေးပါ ]
[ Note. အရှေ့ပိုင်းမှာ ကျင့်ကြံခြင်းအဆင့်တွေ ရှုပ်နေတယ်လို့ ကျွန်တော်ရေးခဲ့ဖူးပါတယ် ။ အဲ့ ကိစ္စ အခုထပ်ရှင်းပါမယ်ခင်ဗျာ ။ အရှေ့မှ ပြောခဲ့ဖူးတဲ့အတွက် Eng Translator က အင်ပါယာ (၇) ဆင့်ကို ရှင်းလင်းရေးခဲ့ပြီး နောက်ပိုင်း အဲ့တာတွေ မသုံးတော့တာ သိပြီးသာဖြစ်မှာပါ ။
Eng မှာ ဘယ်လိုတွေ သုံးထားသလဲဆိုရင် ပထမ ၊ ဒုတိယ ၊ တတိယ ၊ စတုတ္ထ အတိဒုက္ခ ၊ Profound Emperor ( ထာ၀ရနတ်ဘုရားစင်မြင့်မှာ နတ်ဘုရားအမှတ်အသား ၅ ခု ) ၊ ပြီးရင် Holy Emperor လို့ သုံးထားပါတယ် ။ လက်ရှိ အချိန်ထိ အဲ့ (၆)ဆင့်ပဲရှိပါတယ် ။ ဒါပေမယ့် အရှေ့မှာ Saint Emperor လို တစ်မျိုးရှိခဲ့ပါတယ် နောက်ပိုင်းထပ်မပါတော့ပါ ။
ကြည့်ရတာ Saint Emperorကို Holy Emperor ပြောင်းလိုက်ပုံပါပဲ ။
ကျွန်တော်က Holy Emperorကို အန္တိမ အင်ပါယာအဆင့်ဆိုပြီး ပြန်ထားခဲ့ပါတယ် ဘာမှမဆိုင်ပေမယ့် စစချင်း ပေးထားခဲ့တာ နာမည်တွေပဲ ဆက်သုံးချင်လို့ပါ ။
ဒါပေမယ့် Holy Emperor က 7ဆင့်မြောက်မဟုတ်ဘဲ 6ဆင့်မြောက်ဖြစ်နေပါတယ်
ဒီတော့ ပထမ ၊ ဒုတိယ ၊ တတိယ ၊ စတုတ္ထ ( ကောင်းကင်ပလ္လင် ) ၊ ဆန်းကြယ်ပလ္လင် နဲ့ အန္တိမ အင်ပါယာ လို့ အစဉ် လိုက် ဆက်သုံးသွားပါမယ်။
နောက်အဆင့်တွေ မပါသေးတာမို့ အခု ဒီလောက်သိထားရင် ရပါပြီ ။
…
Engမှာ ရှုပ်ယှက်ခတ်အောင်ရေးထားတာမို့ပါ ။ နားလည်ပေးစေချင်ပါတယ် ။
အကောင်းဆုံးကြိုးစားပြီး ဆက်လက်ဘာသာပြန်ပေးသွားပါမယ် ။ စိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ )