← Chapters

အခန်း (၅၂၄)

Vol. 35 Ch. 524

အခန်း (၅၂၄)

Vol. 35 Ch. 524

အင်ပါယာလျူယန် အပြင်းအထန် ဒေါသပေါက်ကွဲနေချေပြီ။

သူ တံခါးပိတ်ကျင့်ကြံနေရာတွင် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေခဲ့သော်လည်း ကျင်းယန်အသက်ကယ်ကျောက်စိမ်း ချိုးဖျက်လိုက်ခြင်းကို ခံစားမိခဲ့သည်။

ဤသို့ဖြင့် တံခါးပိတ်ကျင့်စဉ်ဝင်နေခြင်းအား ချက်ချင်းရပ်တန်းမှရပ်ပစ်ခဲ့ကာ အလျင်အမြန်ထွက်လာခြင်း ဖြစ်၏။

ထို့နောက် ထွက်ပေါ်လာသည်နှင့် မြင်လိုက်ရသော မြင်ကွင်းက သူ၏နှလုံးသားတစ်ခုလုံးအား ဖိချေပစ်လိုက်သည့်အလားပင်။

“ ကောင်လေး မင်း ဘယ်သူ့တပည့်လဲကွ… မင်းရဲ့ဂိုဏ်းချုပ်ကရော ဘယ်မှာလဲ… ဒီအဘိုးကြီး သူနဲ့ကောင်းကောင်းဆွေးနွေးရမယ်...”

နောက်ဆုံးတွင် ကျင်းယန်၏အနောက်ဘက်မှ ရွှမ်ယီအား အင်ပါယာလျူယန် မြင်လိုက်ပြီး မည်းမှောင်နေသော မျက်နှာထားဖြင့် စကားဆိုလိုက်သည်။

ထိုလူငယ်၏ကျင့်စဉ်က အင်ပါယာတစ်ဝက်အဆင့်၌သာ ရှိနေကြောင်း တွေ့ခဲ့ရပြီး သူ့မျက်ဝန်းရှေ့မှ မြင်ကွင်းက ထိုလူငယ်အနေဖြင့် ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။

ထို့ကြောင့် တွေးကြည့်မည်ဆိုလျှင် ထိုဆန်းကြယ်သော လူငယ်လေး၏ နောက်ကွယ်တွင် လက်မည်းကြီးတစ်ခု ရှိနေသင့်သည်။

သို့သော် သူ၏လျူယန်မင်းဆက်ကလည်း အလွယ်တကူ အနိုင်ကျင့်ခံရမည့် အနေအထားမျိုး မဟုတ်ချေ။

လျူယန်မင်းဆက်က နတ်ဘုရားမင်းဆက် (မြင့်မြတ်နယ်မြေ) အဆင့်သို့ မရောက်သေးသော်လည်း မြင့်မြတ်နယ်မြေတစ်ခုမှ အန္တိမအင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် ကိုယ်တိုင်ရောက်လာလျှင်ပင် လျူယန်မင်းဆက်ထံ၌ တုံ့ပြန်ရန် နည်းလမ်းရှိနေဆဲပင်။

“ ထားလိုက်တော့… မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့လျူယန်မင်းဆက်ကို စော်ကားခဲ့တဲ့အတွက် မင်းကို အရင်သတ်မယ်… ပြီးမှ မင်းနောက်ကွယ်က လူနဲ့ စာရင်းရှင်းရတာပေါ့...”

အင်ပါယာလျူယန် အံကြိတ်ကာ ပြောလိုက်ပြီးနောက် ညာလက်အား ဆန့်ထုတ်လိုက်လျှင် ကောင်းကင်ထက်၌ ဧရာမရွှေရောင်လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ထို့နောက် ရွှမ်ယီထံသို့ ဦးတည်ကာ ရိုက်ချလိုက်တော့၏။

အရှေ့ပိုင်းတိုက်ကြီးက တောင်ပိုင်းတိုက်ကြီးနှင့် ကွဲပြားခြားနားသော အဆင့်တစ်ခု၌ ရှိနေခဲ့ကာ ဤနေရာ၌ စိတ်ဝိညာဉ်စွမ်းအင်များ အလွန်ပေါများပြီး ဥပဒေသစွမ်းအားများကလည်း အလွန်ထင်ရှားလွန်းလှသည်။

ဘုရင်အဆင့်ကျင့်ကြံသူဆိုသည်မှာ ဤနေရာတွင် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်ပြီး ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်မှာလည်း ချီးကျူးခံထိုက်သော အဆင့်မျိုးမဟုတ်ပေ။

ဆန်းကြယ်ပလ္လင်အဆင့်သို့ ရောက်မှသာ အစစ်အမှန်ပညာရှင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်၏။

သို့သော် ထိုအဆင့်ကျင့်ကြံသူများထဲတွင်ပင် ကွဲပြားခြားနားမှုများ ရှိနေခဲ့သည်။

မင်းဆက်တစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုအား ထူထောင်နိုင်စွမ်းရှိသော ကျင့်ကြံသူတစ်ယောက်မှာ တူညီသော အဆင့်၌ပင် ရှားပါးသော ဖြစ်တည်မှုတစ်ခု ဖြစ်ပေသည်။

၎င်းတို့အသီးသီးတွင် ဆန်းကြယ်သော ဝှက်ဖဲကိုယ်စီ ပိုင်ဆိုင်ထားပြီး တိုက်ခိုက်နိုင်စွမ်းများကလည်း အလွန်ထူးခြားလှ၏။

ထို့အပြင် အရှေ့ပိုင်းနယ်မြေရှိ မြင့်မြတ်နယ်မြေတစ်ခုမှ အကြီးအကဲတစ်ဦးက ၎င်း၏ နောက်လိုက်ရာထူးအတွက် ကတိပေးထားခဲ့သော အင်ပါယာလျူယန်အတွက်ဆိုလျှင် ပို၍ပင်အားကောင်းပေသည်။

အင်ပါယာလျူယန်က လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းမတိုင်ခင်ကတည်းက တောင်ပိုင်းနယ်စပ်တွင် သူ၏အမည်နာမကို ခိုင်မြဲအောင် ထူထောင်နိုင်ခဲ့သည်။

သူက နှစ်ထောင်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော်လည်း သူ၏စွမ်းအားက လူများစွာတို့အား ထိတ်လန့်စေဆဲပင်။

သို့သော် ရွှမ်ယီ ဖျက်ဆီးခြင်းမီးလျှံခေါင်းလောင်းအား ဖျက်ဆီးခဲ့သည့် မြင်ကွင်းမှတစ်ဆင့် သင်္ခန်းစာရသွားခဲ့သော ပတ်ဝန်းကျင်မှ တိုက်ပွဲအား ကြည့်ရှုနေကြသူများအနေဖြင့် ဤတစ်ကြိမ်တွင် တိုက်ပွဲအပေါ်၌ အလွယ်တကူ အကဲမဖြတ်ဝံ့ကြတော့ချေ။

ယခင် ရွှမ်ယီအား ချီးကျူးခဲ့သော လူငယ်ကမူ ရွှမ်ယီ၏ လှုပ်ရှားမှုတိုင်းကို တောက်ပသော မျက်ဝန်းများဖြင့် အနည်းငယ်မျှ မလွတ်သွားအောင် စိုက်ကြည့်နေခဲ့သည်။

မကြာခင်တိုက်ခိုက်ကြတော့မည့် သူများထဲတွင် တစ်ဦးက ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာတစ်ဦးဖြစ်ကာ အန္တိမအင်ပါယာအဆင့်သို့ အချိန်မရွေးတက်လှမ်းနိုင်သူဖြစ်၏။

ကျန်တစ်ဦးကမူ မြင့်မြတ်နယ်မြေအသစ်တစ်ခု၏ ခေါင်းဆောင်ဖြစ်ကာ အရှေ့ပိုင်းတိုက်ကြီးမှ ပါရမီရှင်အားလုံးကို နင်းချေခဲ့သူလည်းဖြစ်သည်။

၎င်းစတင်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့၏။

လူတိုင်းအမြင်တွင် ၎င်းတို့နှစ်ဦးကြား ထိပ်တိုက်တွေ့ဆုံမှုက ကမ္ဘာတုန်စေမည့်တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။

သို့သော်

ရွှမ်ယီက ဧရာမ လက်ဖဝါးကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဓားမထုတ်ခဲ့ပေ။

နီဗားနားကျင့်စဉ်ကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်လိုက်၏။

ထိုအခါ (၈၁)ခုသော စိတ်ဝိညာဉ်ဒြပ်စင်များကလည်း အဆုံးမဲ့သော နတ်ဘုရားအလင်းများဖြင့် တောက်ပလာလေသည်။

ထို့နောက် အရှိန်ကို အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်ပြီး အသက်တစ်ရှိုက်ဖြင့် ရွှမ်ယီ၏ ပုံရိပ် မိုင်(၁၀၀)ကျော်သို့ ရောက်ရှိသွား၏။

သူက ဧရာမလက်ဖဝါးကြီးအား ရှောင်တိမ်းဖြတ်သန်းခဲ့ကာ အင်ပါယာလျူယန်ရှေ့သို့ ရောက်ရှိလာသည်။

နောက်ဆုံးတွင် အင်ပါယာလျူယန်၏ တည်ငြိမ်သော မျက်နှာထက်တွင် ထိတ်လန့်သော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုမျှ ကြောက်မက်ဖွယ် အရှိန်အဟုန်မျိုးအား ဘ၀တစ်လျှောက်လုံး တစ်ကြိမ်မှ မြင်ဖူးခဲ့ခြင်းမရှိချေ။

ထို့အပြင် ဤကဲသို့ အရှိန်အဟုန်မျိုးအား လူသားမျိုးနွယ်မှ အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူများ နှင့် နတ်ဆိုးမျိုးနွယ်မှ ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်ပေလိမ့်မည်။

သို့သော် သူ့ရှေ့မှ အဖြူ၀တ်လူငယ်ကမူ အင်ပါယာ တစ်၀က်အဆင့်သာ ရှိသေးသည်။

ရွှစ်…

လက်ညှိုးတစ်ချောင်း လေထုအား ထိုးခွင်းကာ ထွက်ပေါ်လာ၏။

ထို့နောက် အင်ပါယာ လျူယန်၏ ရင်ဘတ်၌ အပေါက်တစ်ခု ဖြစ်ပေါ်လာပြီး သွေးများ ရေတံခွန်ပမာ စီးကျလာပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။

သို့သော် ထာ၀ရနတ်ဘုရားပလ္လင်၏ ကုသပေးမှုအောက်၌ ဒဏ်ရာက ချက်ချင်း ကောင်းမွန်သွား၏။

ရွှမ်ယီအား ကြည့်နေသော အင်ပါယာ လျူယန်၏ အကြည့်များ ပြောင်းလဲသွားချေပြီ။

ယခင်ကဲ့သို့ အထင်သေးမှုများမရှိတော့ချေ။

သူ၏ တွက်ချက်မှု မှားယွင်းသွားကြောင်း နားလည်သွားခဲ့သည်။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ကြောက်မက်ဖွယ်ခွန်အား…!

သူ တံခါးပိတ်ကျင့်စဉ်၀င်‌နေသော နှစ်(၁)သောင်းအတွင်း ထွက်ပေါ်လာသည့် မဟာဂိုဏ်းကြီးတစ်ခုမှ အမွေဆက်ခံသူပေလော...?

လျူယန်၏ အမြင်တွင် ထိုမျှ အစွမ်းထက်သော ပါရမီရှင်မှာ မဟာဂိုဏ်းကြီးတစ်ခုမှ အမွေဆက်ခံသူသာ ဖြစ်နိုင်သည်။

ထိုသို့သာ အမှန်တကယ်ဖြစ်ပါက ယနေ့ပြသနာများက ဖြေရှင်းရန် ခက်ခဲပေတော့မည်။

လျူယန် အတွေးများ လွန်ဆွဲပြီး စိတ်ကျဉ်းကြပ်နေစဉ် ကျင်းယန်ထံမှ သတိပေးသံကို ကြားလိုက်ရ၏။

“ နက်နဲခြင်းအင်ပါယာဂိုဏ်း…! ဂိုဏ်းချုပ် ရွှမ်ယီ…!”

ကျင်းယန်၏ ရှင်းပြမှုကိုကြားပြီးနောက် လျူယန် စိတ်အေးသွားခဲ့ရသည်။

ထို အဖြူ၀တ်လူငယ်က မဟာဂိုဏ်းကြီးတစ်ခုမှ ဖြစ်မည်ကို စိုးရိမ်ပြီး သူ အလွန်တုန်လှုပ်သွားခဲ့၏။

ထိုသို့ အမှန်တကယ်ဖြစ်နေလျှင် အဖြူ၀တ်လူငယ်အား သူ အနိုင်ယူနိုင်သော်လည်း သတ်ဖြတ်၍ မရချေ။

တိတိကျကျဆိုရမည်ဆိုလျှင် ဒဏ်ရာ ရစေရန်ပင် မစွမ်းသာချေ။

လျူယန်က မဟာဂိုဏ်းကြီးများကို ကိုယ်တိုင်မြင်ဖူးသူဖြစ်ပြီး ၎င်းတို့၏ ကြောက်မက်ဖွယ် စွမ်းအားက စိတ်ကူးပင် ယဉ်နိုင်သောအရာ မဟုတ်ပေ။

“ ကောင်လေး…မင်း အရမ်းလွန်နေပြီ…”

ရွှမ်ယီကို ကြည့်နေသော လျူယန်၏မျက်၀န်းများအတွင်း ဂရုမစိုက်ဟန်များ ပြန်လည်ရောက်ရှိလာ၏။

ယခုတွင် နက်နဲခြင်းအင်ပါယာဂိုဏ်းအကြောင်း သူသိသွားချေပြီ။ ၎င်းက အသစ်ဖြစ်ပေါ်လာသော မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည်။

ထို့အပြင် ၎င်းတို့ထံ၌ တစ်ခုတည်းသော အားကိုးရာမှာ ဂိုဏ်းချုပ်၏ တာအိုကာကွယ်သူ အင်ပါယာ ရဲ့ချင်းစုန်သာဖြစ်၏။

အနည်းငယ် ရှိန်လောက်သော်လည်း လျူယန် ကြောက်ရွံ့ခြင်းတော့မရှိချေ။

စကားဆုံးသည်နှင့် လျူယန်၏ အရှိန်အဝါများ မြင့်တက်လာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

နောက်ကျောဘက်တွင် ထာ၀ရ နတ်ဘုရားစင်မြင့်လည်း ထွက်ပေါ်လာကာ ၎င်းအထက်မှ နတ်ဘုရားအမှတ်အသား (၅)ခုက တစ်ခုနှင့် တစ်ခု လိမ်ယှက်နေပြီး လျူယန်ရှေ့၌ အနီရောင်မီးတောက်များနှင့် ဆီးလ်တံဆိပ်တစ်ခု ဖြစ်ပေါ်လာစေ၏။

၎င်းက ကျင်းယန်တို့အဖွဲ့ မီးလျှံခေါင်းလောင်းအား အသုံးပြုခဲ့စဉ် ထွက်ပေါ်လာသော အသေးစား နတ်တန်ခိုးစွမ်းရည်ဖြစ်ပေသည်။

ကောင်းကင်ဘုံလောင်ကျွမ်းခြင်း နတ်ဘုရား ဆီးလ်တံဆိပ်…!

သို့သော် လျူယန်ရှေ့၌ ဖြစ်ပေါ်လာသော ဆီးလ်တံဆိပ်ကမူ ကျင်းယန်တို့အဖွဲ့ အသုံးပြုခဲ့စဉ်ကထက် များစွာ အစွမ်းထက်နေ၏။

၎င်းထံမှ အဆုံးမရှိသော အရှိန်အဝါများ ဖြာထွက်နေခဲ့ကာ ဖွဲ့စည်းခြင်းဖြစ်စဉ်ကလည်း အလွန်ချောမွေ့လှသည်။

All Chapters