အခန်း (၅၁၁)
Vol. 35 Ch. 511
“ အဆင့်(၇) ဇီရှီပန်း၊ အဆင့်(၇) နဂါးခြောက်ကောင် ပုန်းကွယ်ခြင်းမြက်…”
ပိုင်ရှုရှုတစ်ယောက် လမ်းလျှောက်ရင်း သူမဘာသာ အဆက်မပြတ် ရေရွတ်နေခဲ့သည်။
ထိတ်လန့်ဖွယ် မြင်ကွင်းများကြောင့် သူမ မျက်လုံးများပင် မှုန်ဝါးလာခဲ့ကာ ဦးတည်ချက် ပျောက်ဆုံးမတတ်ဖြစ်နေခဲ့၏။
နံဘေးတွင်ရှိသော ပိုင်လီလီကမူ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိနေဆဲဖြစ်ပြီး ညီမဖြစ်သူအား လက်တစ်ဖက်ဖြင့် ဆွဲထားရသည်။
ပိုင်ရှုရှုတစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ ပြေးထွက်ကာ ထိုဆေးပင်များအကြား ပစ်လှဲလိုက်မည်ကို အလွန်စိုးရိမ်နေမိ၏။
အမှန်အတိုင်းဆိုရမည်ဆိုလျှင် သူမတို့နှစ်ဦးစလုံး ထိုဆေးပင်များအား မမြင်ဖူးခြင်း မဟုတ်ချေ။
တောင်ပိုင်းကောင်းကင်တံခါးမှ မင်းသမီးနှစ်ယောက်အနေဖြင့် အဆင့်(၇) ဆေးပင်များစွာကို မြင်ဖူး အသုံးပြုဖူးသည်။
သို့သော် ရာနှင့်ချီသော အဆင့်(၇) စိတ်ဝိညာဉ်ဆေးပင်များ တစ်စုတစ်စည်းတည်း ရှိနေသည့် မြင်ကွင်းကိုမူ အဘယ်မှာလျှင် မြင်ဖူးလိမ့်မည်နည်း။
အစပိုင်းတွင် အကြီးအကဲကျူးယွဲ့က သူမတို့နှစ်ယောက်အား စကားတစ်ချို့ ပေါ့ပေါ့ပါးပါးပြောကြားခဲ့သည်။
“ တောင်နောက်ဘက်မှာ ဆေးစိုက်ခင်း နှစ်ခုရှိတယ်… တစ်ခုက အဆင့်(၆)ဖြစ်ပြီး နောက်တစ်ခုက အဆင့်(၇)ပဲ… တကယ်လို့ အဆင့်(၇)ဆေးပင်တွေ အသုံးလိုတယ်ဆိုရင် ငါ့ဆီလာပြော… အဆင့်(၆)ဆေးပင်တွေကိုတော့ မင်းတို့စိတ်ကြိုက်အသုံးပြုနိုင်တယ်…”
ထိုစကားအား ကြားချိန်တွင် ပိုင်ရှုရှုတစ်ယောက် နှလုံးသားထဲ၌ အော်ဟစ်နေခဲ့သည်။
‘ အဆင့်(၆)ဆေးပင်တွေကို စိတ်ကြိုက်အသုံးပြုနိုင်တယ်လား…’
ထို အကြီးအကဲကျူးယွဲ့ဆိုသူက သူမတို့ ဆေးစိုက်ခင်းတစ်ခုလုံး မျိုးသုဉ်းအောင် လုပ်လိုက်မည်ကို အမှန်တကယ် မကြောက်ခြင်းပေလော။
သူမ၏ ဆေးအင်ပါယာခန္ဓာကိုယ်က မှော်ဆေးလုံးများနှင့်ပတ်သက်၍ တကယ်ကို မွန်းစတားတစ်ကောင်ဟု မှတ်ယူနိုင်သည်။
အဆင့်(၆)ဆေးပင်များမှ စွမ်းအားကို ချေဖျက်ရန်အတွက် သာမန်လူများ အချိန်တစ်လဝန်းကျင် ကြာနိုင်သော်လည်း သူမအတွက်မူ အချိန်တစ်နာရီလောက်သာ လိုအပ်၏။
သို့သော် ပိုင်ရှုရှုတစ်ယောက် အဆင့်(၇) ဆေးခင်းကို ကျော်ဖြတ်ပြီး အကြီးအကဲကျူးယွဲ့ ပြောခဲ့သော အဆင့်(၆) ဆေးစိုက်ခင်းအား မြင်လိုက်လျှင် သူမ မျက်လုံးများပင် လည်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
တောင်ခြေတွင် အဆုံးမရှိသော အဆင့်(၆)ဆေးပင်များနှင့် ပြည့်နှက်နေသည့် မြင်ကွင်းကို မြင်လိုက်ရသောကြောင့်ပင်။
ပိုင်ရှုရှုတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် တစ်ခဏမျှ မှင်တက်သွားခဲ့လေသည်။
အချိန်အတန်ကြာပြီးနောက်မှ ပြန်လည်သတိဝင်လာခဲ့ပြီး မိုင်ထောင်ချီကျယ်ဝန်းသော အဆင့်(၆) ဆေးခင်းကြီးအား ကြည့်လျက်
“ နက်နဲခြင်းအင်ပါယာဂိုဏ်းရဲ့ နောက်ခံက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ…”
သူမ တိုးညင်းစွာ ရေရွတ်လိုက်မိ၏။
….
ထိုအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၌ ရွှမ်ယီတစ်ယောက် ရဲ့ချင်းစုန်စကားကို ကြားပြီးနောက် အတွေးနယ်ချဲ့နေလေသည်။
“ မြင့်မြတ်ခြင်း ညီလာခံလား…”
ရဲ့ချင်းစုန်က အနည်းငယ် ဦးညွှတ်လိုက်ပြီး
“ ဟုတ်ပါတယ်… တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ဆောင်းဦးအမဲလိုက်ပွဲ မစတင်ခင် တောင်ပိုင်းနယ်မြေက မြင့်မြတ်နယ်မြေတွေအားလုံးကို စုစည်းပြီး အစည်းအဝေးပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားတယ်… အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်ကို ဦးဆောင်မယ့် ခေါင်းဆောင်နဲ့ တပ်ဖွဲ့အသီးသီးအတွက် ခေါင်းဆောင်တွေ ရွေးချယ်ဖို့အတွက်ပဲ…”
“ ပြီးတော့ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ဒီတစ်ကြိမ် ဆောင်းဦးအမဲလိုက်ပွဲမှာ ဂိုဏ်းချုပ်ကို ရှေ့တန်းတပ်မှူးအဖြစ် ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်…”
ရွှမ်ယီက တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ် ရေးထွင်းပေးလိုက်သည့် စာပါဝင်သော ကျောက်စိမ်းပြားလေးအား ရဲ့ချင်းစုန်ထံမှ လှမ်းယူလိုက်သည်။
၎င်းအတွင်းသို့ နတ်အသိထည့်သွင်းကာ ဖတ်ရှုကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
ဤတစ်ကြိမ် ရောက်ရှိလာသော သံတမန်အဖွဲ့၌ ပိုင်ညီအစ်မနှစ်ယောက်သာမက မြင့်မြတ်နယ်မြေလေးခုမှ ကျင့်ကြံသူများလည်း ပါဝင်ခဲ့သည်။
တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ဆောင်းဦးအမဲလိုက်ပွဲ၌ ရှေ့တန်းတွင် ထိုအင်အားစုလေးခုအား သူ့အား ခေါင်းဆောင်စေလိုနေခဲ့သည်။
ရွှမ်ယီအနေဖြင့် ဤအစီအစဉ်အား လက်မခံနိုင်စရာ အကြောင်းမရှိပေ။
မည်သို့ပင်ဖြစ်စေကာမူ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ထံမှ စာရောက်မလာလျှင်ပင် နက်နဲခြင်းအင်ပါယာဂိုဏ်းအား ဦးဆောင်ကာ နတ်ဆိုးများအား တိုက်ခိုက်သွားမည်ဖြစ်သည်။
နောက်ဆုံးတွင် ရွှမ်ယီက တောင်ပိုင်းတိုက်ကြီး၌ မွေးဖွားခဲ့ခြင်းဖြစ်ကာ တောင်ပိုင်းတိုက်ကြီး၏ သမိုင်းထဲတွင် နတ်ဆိုးများက လူသားများကို အုပ်စိုးခဲ့သည့် အခြေအနေများ ရှိခဲ့၏။
မမျှော်လင့်ထားစွာနှင့် သူ အရှေ့ပိုင်းတိုက်ကြီးသို့ ရောက်လာသည့်တိုင်အောင် လူသားမျိုးနွယ်နှင့် နတ်ဆိုးများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေဆဲပင်။
ယင်းက ရွှမ်ယီအား တော်တော်လေး မကျေမနပ် ဖြစ်သွားစေခဲ့သည်။
ထို့အပြင် နတ်ဆိုးအင်ပါယာများ၌ လူသားအင်ပါယာများတွင် ရှိသော ထာဝရနတ်ဘုရားစင်မြင့်နှင့် ဆင်တူသည့် နတ်ဘုရားအရိုးများကို ပိုင်ဆိုင်ထား၏။
၎င်းတွင် နတ်ဆိုးများ၏ အစွမ်းထက်သော မွေးရာပါ ပညာရပ်များကို ရေးထွင်းထားပေသည်။
၎င်းတို့အား အသုံးပြုကာ လူသားများ လေ့ကျင့်ရန် သင့်လျော်သော ပညာရပ်များအဖြစ် ပြုပြင်ပြောင်းလဲနိုင်သည်။
တိုက်ဆိုင်စွာနှင့် သူ၏နတ်တန်ခိုးစွမ်းရည်ခန်းမတွင် ပညာရပ်များ တော်တော်လေး လစ်လပ်နေသေးသည်။
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
သူ့အား ရှေ့ပြေးတပ်ဖွဲ့၌ တပ်မှူးအဖြစ် ခန့်အပ်ခြင်းအပြင် သံတမန်အဖွဲ့က နောက်ထပ်သတင်းတစ်ပုဒ် ယူဆောင်လာခဲ့သေးသည်။
ဆောင်းဦးအမဲလိုက်ပွဲ မစတင်မီ တောင်ပိုင်းနယ်မြေရှိ မြင့်မြတ်နယ်မြေများက တောင်ပိုင်းနယ်စပ်မှ ကျန်အဓိကအင်အားစုကြီးများထံ သံတမန်များ စေလွှတ်လေ့ရှိကြသည်။
ထို့နောက် ၎င်းတို့က တောင်ပိုင်းနယ်စပ်ရှိ လူသားမျိုးနွယ်မှ အဓိကအင်အားစုကြီးများကို စစ်ဆေးကာ ပါရမီထူးချွန်သူများ ရှာဖွေပြီး တောင်ပိုင်းကောင်းကင်တံခါးသို့ ခေါ်ဆောင်သွားတတ်ကြ၏။
ထို့နောက် ၎င်းတို့အား ဆောင်းဦးအမဲလိုက်ပွဲ၌ ပါဝင်စေလိမ့်မည်။
တစ်ဖက်တွင် ထိုပါရမီထူးချွန်သူများအား ပို၍ထူးချွန်ထက်မြက်လာစေရန်ဖြစ်ပြီး ကျန်တစ်ဖက်တွင် ဆုံးရှုံးမှုကြီးမားနိုင်သော စစ်ပွဲ၌ မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များ ကျဆုံးသွားလျှင် အရံအနေဖြင့် အစားထိုးရန် ဖြစ်ပေသည်။
ယခုအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းက တောင်ပိုင်းနယ်မြေမှ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေပြီဖြစ်လေရာ ထိုသို့ဆောင်ရွက်နိုင်စွမ်း ရှိနေချေပြီ။
ရွှမ်ယီ၏ အဓိကတာဝန်မှာ ပါရမီရမှတ် (၄၀၀)ကျော်ရှိသည့် တပည့်(၁၀)ယောက် လက်ခံရန် ဖြစ်သည်။
ယခုအချိန်တွင် သူ့လက်အောက်၌ ဝေ့ယွမ်၊ လီလန်၊ ဒေါင်ရွှမ်၊ ပိုင်ရှုရှု၊ ပိုင်လီလီနှင့် ရီဟန်တို့သာ ရှိသေး၏။
သို့ဖြစ်ရာ ဤကိစ္စက ပြဿနာများကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ထို့အပြင် ပါရမီထူးချွန်သူ ရှာဖွေရင်း သူ၏ ပထမတပည့်ဖြစ်သော ဝေ့ယွမ်အား တစ်ခါတည်း သွားရောက်ခေါ်ဆောင်နိုင်မည်ဖြစ်သည်။
ရွှမ်ယီက လက်တွင်းမှ ကျောက်စိမ်းပြားလေးအား သိမ်းဆည်းလိုက်ပြီး ရဲ့ချင်းစုန်အား ကြည့်ကာ
“ ဒါဆိုရင် ကျုပ် တောင်ပိုင်းနယ်စပ်ကို လှည့်ပတ်ပြီး ကြည့်လိုက်မယ်… မြင့်မြတ်ခြင်းညီလာခံအတွက်တော့ အကြီးအကဲချင်းစုန် သွားလိုက်ပါ…”
မြင့်မြတ်ခြင်းညီလာခံတွင် ခေါင်းဆောင်ပိုင်းများသာ တက်ရောက်နိုင်သည်ဟု သတ်မှတ်ထားသော်လည်း ရွှမ်ယီအနေဖြင့် ထိုနေရာသို့သွားကာ ၎င်းတို့၏ အခြေအမြစ်မရှိသော စကားများအား နားထောင်ရန် အမှန်တကယ် စိတ်မဝင်စားပေ။
ရဲ့ချင်းစုန်အနေဖြင့်လည်း ထိုကဲ့သို့ကိစ္စရပ်များအပေါ် စိတ်မဝင်စားသည့်တိုင် ခေါင်းညိတ် လက်ခံလိုက်၏။င
“ အမ်... ဂိုဏ်းချုပ်ရွှမ်က မြင့်မြတ်ခြင်းညီလာခံကို မသွားဘူးလား… တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ဂိုဏ်းချုပ်ရွှမ်နဲ့ တကယ်တွေ့ချင်နေတာ…”
ရွှမ်ယီ၏ အဖြေကြောင့် သံတမန်အဖွဲ့အား ဦးဆောင်လာသော မြင့်မြတ်နယ်မြ်လေးခုမှ အကြီးအကဲလေးယောက်တို့ အံ့အားသင့်သွားခဲ့ကြသော်လည်း အနည်းငယ်မျှ မထီမဲ့မြင်မပြုဝံ့ကြချေ။
ထို့အပြင် ရွှမ်ယီအား ဖိနှိပ်ရန်အတွက် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ နာမည်ကိုလည်း အသုံးပြုဝံ့ခြင်း မရှိပေ။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ထိုဆန်းကြယ်သော ဂိုဏ်းချုပ်က မြင့်မားသော ကျင့်ကြံမှုမရှိသည့်တိုင်အောင် တိုက်ခိုက်နိုင်စွမ်းကမူ ကြောက်မက်ဖွယ်ကောင်း၏။