မိတ်ဆုံစားပွဲ
Vol. 3 Ch. 233
စုကျောင်းပြောပုံအရ ညီလာခံကို ကျော်ကြား၊ ထင်ရှားသည့် ဇီဝဗေဒပညာရှင်များအပြင် ကမ္ဘာတစ်လွှားမှ ဆေးဝါး ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များပါ တက်ရောက် ကြမည်ဖြစ်သည်။ တက်ရောက်မည့် သူများထဲတွင် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်များပင် ပါဝင်နေသည်။
ဤညီလာခံမှာ ဇီဝဗေဒနှင့် ဆေးဝါး ထုတ်လုပ်မှုနယ်ပယ် နှစ်ခုစလုံးကို လွမ်းခြုံနေသည်ဟု ဆိုနိုင်သည်။ ဆေးဝါး ကုမ္ပဏီကြီး များမှာလည်း ထုတ်ကုန်များ ထုတ်လုပ်ရန် ဇီဝဗေဒ ပညာရှင်များ၏ အကူအညီကို ရယူရသလို၊ ဇီဝဗေဒပညာရှင် များမှာလည်း ထိုကုမ္ပဏီကြီးများ၏ ဓာတ်ခွဲခန်းများတွင် အဓိကနေရာမှာ လုပ်ကိုင် ပေးကြရသည်။
ကျင်းမြို့တော် တစ်ခုလုံးတွင် ထိုသို့သော ပညာရှင်ကြီးများနှင့် အဆင့်အတန်း ညီသူဆို၍ ချန်းဖန် တစ်ယောက်သာ ရှိသည်။ ထို့ကြောင့်ပင် ကျင်းတက္ကသိုလ်၏ ခေါင်းဆောင်များမှာ ထိုညီလာခံသို့ တက်ရောက်ရန် ချန်းဖန်ကို တောင်းဆိုကြသည်။ ချန်းဖန်ကလည်း လွယ်ကူစွာပင် သဘောတူ လိုက်သည်။
ဓာတ်ကူ သွေးရည်ကြည် ထုတ်လုပ်ရန် အတွက် လိုအပ်သော အမယ်များ၊ စက်များမှာ ကျင်းတက္ကသိုလ်တွင် လုံလောက်စွာ မရှိချေ။ ထိုကုမ္ပဏီကြီးများမှာ သူလိုအပ်သည့် အရာများကို ထောက်ပံ့ ပေးနိုင်လိမ့်မည်ဟု ချန်းဖန် မျှော်လင့်မိသည်။
"ပါမောက္ခချန်း... ကျွန်မတို့မှာ မိတ်ဆုံစားပွဲပါတီ တစ်ခု ရှိတယ်။ ကျွန်မနဲ့လိုက်ခဲ့ပါလား..."
စုကျောင်းက ချန်းဖန်ကို ပြောသည်။
"မိတ်ဆုံစားပွဲ... ဘာကြောင့် ငါ့ကို သွားစေချင်တာလဲ..." ချန်းဖန်က နားမလည်ဟန် မေးသည်။
"လူတိုင်းက အဲ့ကို အတွဲတွေနဲ့ သွားကြတာလေ... ဒါပေမဲ့ ကျွန်မမှာက မရှိဘူး။ တစ်ယောက်တည်းပဲ အဲ့ကိုသွားရင် ကြောင်တောင်တောင် ဖြစ်နေမှာမလို့..."
စုကျောင်းက ခေါင်းကို အောက်သို့ ငုံ့ရင်း ပြောသည်။ "ဟိုရောက်ရင် ကိုယ့်ဘာသာကို နေလို့ရပါတယ်..."
မဟာတန်း အောင်မြင်ပြီးကတည်းက စုကျောင်းမှာ သူမ၏စိတ်ကို အလုပ်တွင်သာ နှစ်မြုပ် ထားခဲ့သည်။ ယခု အသက် နှစ်ဆယ့်ရှစ်နှစ် ရှိနေသည့်တိုင်အောင် ရည်းစားပင် မထားဖူးသေးချေ။ သူမ၏ သူငယ်ချင်းများမှာ ကိုယ်စီရည်းစားများရှိနေသကဲ့သို့ အချို့ဆိုလျှင် အိမ်ထောင်ကျ၍ ကလေးများပင် ရနေကြပြီ ဖြစ်သည်။
"မစိုးရိမ်နဲ့တော့... ငါလိုက်ခဲ့ပေးမယ် ဟုတ်ပြီလား..." ချန်းဖန်က ပေါ့ပါးစွာပင် ပြန်ပြောလိုက်သည်။
"တကယ်လား..."
စုကျောင်း၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။ သူမ၏ ဖိတ်ခေါ်မှုကို ချန်းဖန် လက်ခံလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ မိတ်စုံစားပွဲ ကဲ့သို့သော ပါတီမျိုးကို ခန့်ညား၊ ချောမောသည့် လူငယ်လေးနှင့် အတူတက်ရောက် ရမည်ဆိုသော အသိကြောင့် သူမ၏ မျက်နှာကား ပန်းပွင့် နေတော့သည်။
"ညနေ ခြောက်နာရီ၊ အရှေ့ဟွာစားသောက်ဆိုင်... မမေ့နဲ့နော်..."
ချန်းဖန်ကို ပြောပြီးသည်နှင့် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရန် စုကျောင်း ထွက်ခွာ သွားတော့သည်။
"ဟင်း..." လက်ထောက်မလေး၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ရင်း ချန်းဖန် ခေါင်းကို ဘယ်ညာ ခါရမ်းမိတော့သည်။
***
ညနေခြောက်နာရီ...
Audi A4 ကားကို ကိုယ်တိုင်မောင်းကာ အရှေ့ဟွာ စားသောက်ဆိုင်သို့ ချန်းဖန် ထွက်လာခဲ့သည်။ ထိုကားလေးမှာ ကျင်းတက္ကသိုလ်က သူ့အတွက် စီစဉ်ပေးထားခြင်း ဖြစ်၏။ မကြာခင် ချန်းဖန် မောင်းလာသော ကားလေးမှာ အရှေ့ဟွာ စားသောက်ဆိုင်သို့ ရောက်လာခဲ့တော့သည်။
ရုတ်တရက်... မာစီတီး-Benz S300 ကားတစ်စီးထဲမှ အသက်သုံးဆယ်ခန့် လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ အနက်ရောင်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည့် သူ၏ ပုံသဏ္ဍာန်က အထက်တန်းစား လူတစ်ယောက်မှန်း သိသာစေသည်။ ထို့နောက် ကားနောက်ခန်း၏ တံခါးပွင့်လာပြီး အနီရောင် ဝတ်စုံနှင့် ကောင်မလေး တစ်ယောက် ပေါ်ထွက်လာသည်။ ထိုမိန်းကလေးက ချန်းဖန်၏ ကားကို အထင်သေးသည့် မျက်နှာဖြင့် တစ်ချက် လှမ်းကြည့်သည်။
ယခုကဲ့သို့ မိတ်ဆုံစားပွဲသို့ လာကြသူ အများစုမှာ အကောင်းဆုံး ဇိမ်ခံကားများ၊ ပြိုင်ကားများဖြင့် များသည်။ သို့သော် ချန်းဖန်၏ မျက်နှာကို မြင်လိုက်သည်နှင့် မျက်လုံးတွင် အံ့အားသင့်ခြင်းများ ပြည့်နှက်လာသည်။ ထိုမြင်ကွင်းမှာ အဘိုးအို တစ်ယောက်က ကောလိပ် ကျောင်းသူလေး တစ်ယောက်နှင့် တွဲနေသကဲ့သို့ပင်။
"ယိုရွှေ... ဘာတွေငေးနေတာလဲ.. သွားရအောင်..."
ဝတ်စုံနက်နှင့် လူငယ်က သူမကို စိတ်မရှည်သလို ပြောလိုက်သည်။
"အိုခေ ဟန်နီ..." မိန်းကလေးက ပြောရင်း လူငယ်နှင့်အတူ လှည့်ထွက် လာခဲ့သည်။ လှည့်ထွက် လာရင်းပင် ချန်းဖန်ကို တစ်ချက် ကြည့်ဖြစ်အောင် ကြည့်လိုက်သေးသည်။ ချန်းဖန် အေးဆေးစွာပင် ပွဲကျင်းပရာ ခန်းမထံသို့ လျှောက်လာခဲ့သည်။ ခန်းမအဝင်ဝတွင်မူ စုကျောင်းက သူ့ကို အဆင်သင့် စောင့်နေခဲ့သည်။ သူ၏ လက်ထောက်မလေးကား အပြစ်ရှာမရအောင် ချောမောနေခဲ့သည်။ သူမက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ မိတ်ကပ်ကိုလည်း သေချာ ပြင်ဆင်ထားသည်။
"အိုး... နင် စုကျောင်း မဟုတ်လား။ နင်မိတ်ကပ် လိမ်းထားတဲ့ ပုံစံကို ငါ တစ်ခါမှတောင် မမြင်ဖူးဘူး။ နင့်မှာ ခုရည်းစား ရှိပြီလား..."
ချန်းဖန်၏ ရှေ့မှသွားသော အနီရောင်ဝတ်စုံနှင့် မိန်းကလေးက စုကျောင်းကို မေးလိုက်သည်။
စုကျောင်းက အဖြေမပေးပဲ သူမတို့နောက်နားမှ ပါလာသော ချန်းဖန်ထံ လျှောက်လာသည်။ သူမက ချန်းဖန်၏လက်ကို ချိတ်လိုက်ရင်း တောက်ပစွာ ပြုံးပြကာ ပြောလိုက်သည်။
"ရှောင်ကျော"ပါမောက္ခချန်း... ရောက်လာပြီလား။ သွားကြမယ်လေ..
"အင်း... သူက နင့်ကောင်လေးလား..."
ဝူယိုရွှေ၏ ပုံစံက အံ့အားသင့် နေပုံရသည်။ သူမ၏ သူငယ်ချင်းအပျိုကြီးကား နောက်ဆုံးတွင် သူမ၏ မင်းသားလေးကို ရှာတွေ့သွားပုံရသည်။ ကျောင်းတက်စဉ်က သူမနှင့် စုကျောင်း နှစ်ယောက်မှာ အလှဆုံးမိန်းကလေးများ အဖြစ် ကျော်ကြားခဲ့သည်။ သူမမှာ ရည်းစားများ တစ်ယောက်ပြီး တစ်ယောက် ထားခဲ့သော်လည်း စုကျောင်းမှာမူ ထိုသို့ မဟုတ်ခဲ့ချေ။ အမြဲတမ်း တည်ငြိမ်နေတတ်သော မိန်းကလေး ဖြစ်သည်။
"မဟုတ်ပါဘူး... ငါတို့က ရိုးရိုးသားသားပါ..."
စုကျောင်းက အပြုံးကလေးနှင့် ပြန်ပြောလိုက်သည်။
"အာဟ... ငါတို့ရဲ့ အလှဆုံး အတန်းဖော် နှစ်ယောက်တော့ ရောက်လာခဲ့ပြီ..."
ပါတီခန်းမထဲက တစ်ယောက်က ထွက်လာရင်း ပြောသည်။ ဝူယိုရွှေက တောက်ပစွာ ပြန်လည် ပြုံးပြလိုက်ရင်း သူမယောက်ျား၏ လက်ကို ချိတ်ကာ အထဲသို့ ဝင်သွားလိုက်သည်။ စုကျောင်းက ချန်းဖန်၏ လက်ကို ကပြာကယာလွှတ်ကာ ပြောလိုက်သည်။
"ပါမောက္ခချန်း... စိတ်မရှိပါနဲ့နော်..."
"ဘာမဖြစ်ဘူး..."
ချန်းဖန်က သူမကို ပြန်လည် ပြုံးပြလိုက်သည်။ ထိုမိန်းကလေး နှစ်ယောက် ဒရမ်မာခင်းကာ ပြိုင်ဆိုင် နေကြခြင်းကို သူစိတ်ထဲမထားခဲ့ပေ။ ချန်းဖန် စုကျောင်းနှင့်အတူ ခန်းမထဲသို့ ဝင်လာခဲ့သည်။ စုကျောင်းမှာ ဘွဲ့ရပြီးကတည်းက သုံးနှစ်လုံးလုံး ထိုမိတ်ဆုံစားပွဲသို့ မတက်ခဲ့ပေ။ ယခုတစ်ကြိမ်မှာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ခန်းမထဲသို့ ဝင်လာသည်နှင့် လူများစွာက စုကျောင်းကို နှုတ်ဆက်ကြသည်။
"ဟေး... မိန်းကလေးစု... မတွေ့ရတာ ကြာပြီနော်... အရင်ကထက် ပိုလှလာတယ်..."
"မိန်းကလေး... မဟာဘွဲ့ရပြီးတည်းက ကျင်းတက္ကသိုလ်မှာ အလုပ်လုပ် နေတယ်လို့ ကြားတယ်... အဆင်ပြေရဲ့လား..."
"စုကျောင်း... သူက နင့်ရဲ့ ရည်းစားလား... အရမ်းချောတာပဲနော်..."
လူတော်တော်များများက ချန်းဖန်ကို အကဲခပ်ရင်း စုကျောင်း၏ ကောင်လေးဟု မှတ်ချက် ချကြသည်။ တက္ကသိုလ်တက်စဉ်က စုကျောင်းမှာ ပေါ်ပြူလာဖြစ်သော ကျောင်းသူ တစ်ယောက်ဖြစ်ပြီး သူမကို လိုက်သူများစွာ ရှိသည်။ ယခုကဲ့သို့ ပြန်လည်စုံစည်းကြသည့် အချိန်မျိုးတွင် သူတို့အတွက် အခွင့်အရေး တစ်ခုခု ပေါ်လာရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် စုကျောင်းကို ချန်းဖန်နှင့် တွဲ၍ တွေ့ရခြင်းက သူတို့၏ စိတ်နှလုံးများကို အောက်ဆုံးသို့ ဆွဲချနေသည်။ သူမဘေးနားမှ ထိုကောင်လေးမှာ အပြစ်ရှာရက်စရာ မရှိအောင် ချောမောသည် မဟုတ်ပါလား...။
"စုကျောင်း... ငါတို့ကို သူနဲ့ မိတ်ဆက်ပေးပါလား..."
ကြည့်ကောင်းသည့်ရုပ်ရည်နှင့် လူတစ်ယောက်က စုကျောင်းကို ပြောသည်။
"သူက ငါတို့ကျောင်းသားသမဂ္ဂခေါင်းဆောင် ကျူးရုံချန်တဲ့... သူက မိသားစုကြီး တစ်ခုကပဲ။ သူ့အဖေက အစိုးရပိုင်းမှာ အကြီးအကဲတစ်ယောက်လေ..."
စုကျောင်းက ပြုံးပြရင်း မိတ်ဆက် ပေးလိုက်သည်။
"သူကတော့ ငါသူငယ်ချင်း ဆိုလည်းဟုတ်၊ အထက်အရာရှိဆိုလည်း ဟုတ်တဲ့ ပါမောက္ခချန်းပါ..."
"ပါမောက္ခချန်း..." လူတိုင်းလိုလို အံ့အားသင့် သွားကြသည်။ ထိုကောင်လေးမှာ အသက် နှစ်ဆယ်ပင် ပြည့်ပုံ မရသေးချေ။
"သူက ကျင်းတက္ကသိုလ်ရဲ့ လက်ထောက် ပါမောက္ခလား..."
တစ်ယောက်က ဝေခွဲမရသည့် ဟန်ဖြင့် မေးသည်။
"မဟုတ်ပါဘူး... သူက ငါတို့ကျောင်းရဲ့ ဧည့်သည်ပါမောက္ခလေ..."
စုကျောင်းက ဂုဏ်ယူစွာပြုံးရင်း ပြောလိုက်သည်။
"ဧည့်သည် ပါမောက္ခ..."
အဖြေက လူတိုင်းကို ဆွံ့အစေသည်။ ဧည့်သည် ပါမောက္ခ၏ အဆင့်အတန်းမှာ လက်ထောက် ပါမောက္ခများထက် များစွာပိုမြင့်သည်။ ထိုကောင်လေးတွင် အခြားလူများထက် များစွာ ထူးချွန်သော အရည်အချင်းများ ပိုင်ဆိုင် ထားဟန်ရသည်။ ထို့ကြောင့်သာ ဤမျှ ငယ်ရွယ်သော အသက် အရွယ်လေးနှင့် ဧည့်သည် ပါမောက္ခဟူသော ရာထူးကို ရရှိထားခြင်း ဖြစ်ရမည်။ လူတိုင်းက ချန်းဖန်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ကိုယ်စီ ချလိုက်မိသည်။ အနီရောင် ဝတ်စုံနှင့် မိန်းကလေး၏ မျက်လုံးများမှာ အံ့ဩမှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ စုကျောင်း၏ ကောင်လေးကား တကယ့်ကို သာမန် မဟုတ်ချေ။ ရုပ်ရည်အပြင် သူ၏ အဆင့်အတန်းကလည်း အသက်အရွယ်နှင့် မလိုက်အောင် မြင့်မား လွန်းနေခဲ့သည်။ ထိုကဲ့သို့သော ကောင်လေးကား မိန်းကလေးတိုင်း၏ အိပ်မက်ထဲမှ မင်းသားလေးပင် ဖြစ်သည်။
"စုကျောင်းက အချိန်အကြာကြီး တစ်ကိုယ်တည်းနေခဲ့တာ အံ့ဩစရာ မရှိဘူးပဲ..." ကျူးရုံချန်း တစ်ချက်ပြုံးကာ ဝိုင်ခွက်ကို မော့သောက်လိုက်သည်။
"ကမ်းပေ့ ပါမောက္ခချန်း... ဒီလိုအချိန်မျိုးက အပိုစကားတွေ မပြောပဲ သောက်ပြီး အချိန်ဖြုန်းသင့်တာ... ဟား... ဟား..."
"မှန်တယ်... သောက်ကြစို့..."
တစ်ယောက်တစ်ပေါက် အော်ဟစ်သံများနှင့် ချက်ချင်း ရိုက်ခတ်သံများ ဆူညံ သွားတော့သည်။
စုကျောင်းက ချန်းဖန်ကို အားနာစွာ တစ်ချက် ကြည့်သည်။ များစွာသော သိပ္ပံပညာရှင်များမှာ အရက်မသောက် တတ်သည်ကို သူမသိသည်။ သို့သော် ချန်းဖန်ကမူ ကောင်တာမှ ခွက်တစ်ခွက်ကို ပေါ့ပါးစွာပင် ယူလိုက်သည်။ သူမ အံ့အားသင့် နေစဉ်မှာပင် ချန်းဖန်က ခွက်ကိုမြှောက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"သောက်ကြစို့..."
***