အခန်း (၅၁၇)
Vol. 35 Ch. 517
ရုတ်တရက် ဝေ့ယွမ်၏ နောက်ဘက် အမှောင်ထုထဲမှ လူတစ်ယောက် ပြေးထွက်လာပြီး ဝေ့ယွမ်အား ကာကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် ဇီချန်၏ တိုက်ခိုက်မှုကို တားဆီနိုင်ခဲ့ခြင်းမရှိချေ။
သွေးများ ပန်းထွက်ကာ လေပေါ်သို့ လွင့်ပျံသွားပြီးနောက် မြေပြင်ထက်သို့ ပြုတ်ကျသွားခဲ့သည်။
“ အဖေ…”
မြေပေါ်သို့ လွင့်စင်သွားသူက ဝေ့ယွမ်၏ ဖခင် ဝေ့နိုင်ငံဘုရင် ဝေ့ယွဲ့ဖြစ်နေသည်။
ဝေ့ယွမ် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ဇီချန်အား အမုန်းတရားများပြည့်နေသည့် မျက်၀န်းများဖြင့် ကြည့်လိုက်၏။
“ ကိုင်း.. မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်… ငါနဲ့လိုက်ခဲ့… အဲ့လိုဆို မင်းအဖေ ဆက်ပြီး အသက်ရှင်ခွင့်ရမယ်… အဲ့လိုမှမဟုတ်ရင် ဒီနေ့ မင်းအဖေ မင်းရှေ့မှာ သေရမယ်…”
ဇီချန်က ဝေ့ယွမ်၏ အကြည့်များကို ဂရုမစိုက်သည့်အလား ပြုံးယောင်ယောင်ဖြင့်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ငါက မြင့်မြတ်နယ်မြေ သံတမန်ဖြစ်နေတုံးပဲ… ဒါကြောင့် မလိုအပ်ဘဲ သတ်ဖြတ်တာတွေ မလုပ်ချင်ဘူး..”
ဇီချန်၏ စကားသံများက အောင်ပွဲရ စစ်သူကြီးတစ်ဦးအလား ဂုဏ်ယူမှု ၊ မောက်မာမှုများနှင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် သူ့နောက်ကျောဘက်မှ အေးစက်သော စကားသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“ အိုး… မြင့်မြတ်နယ်မြေတွေရဲ့ သံတမန်တွေက ခင်ဗျားလို ချည်းပဲလား...? ကြည့်ရတာ တောင်ပိုင်းကောင်းကင်တံခါးကိုရောက်တဲ့အခါ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်ကို မေးကြည့်ရတော့မယ်နဲ့တူတယ်…”
“ ဘယ်သူလဲ…”
ဇီချန် အထိတ်တလန့် နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ သူနှင့် (၃)မီတာအကွာ၌ ရပ်နေသော ဓားတစ်လက်လွယ်ထားသည့် အဖြူ၀တ်လူငယ်တစ်ဦးကို မြင်လိုက်ရ၏။
အစကနေအဆုံးအထိ ထိုဆန်းကျယ်သော လူငယ်ရောက်ရှိလာခြင်းကို သူ သတိပြုမိခဲ့ခြင်းမရှိချေ။
သို့သော် ထိတ်လန့်သွားသော ဇီချန်နှင့်ယှဉ်လျှင် ဝေ့ယွမ်ကမူ အလွန် အံ့ဩကာ ၀မ်းသာသွားခဲ့၏။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် လှမ်းခေါ်လိုက်သည်။
“ ဆရာ…”
ဆရာလား…?
ဝေ့ယွမ်စကားကြောင့် ဇီချန် သာမက ဝေ့ယွဲ့ပါ အံ့အားသင့်သွား၏။
ဇီချန်၏ အကြည့်များ ရွှမ်ယီထံသို့ကျရောက်သွားပြီးနောက် နှုတ်ခမ်းထောင့်စွန်း၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ဖက်တွင်မူ ဝေ့ယွဲ့လည်း ရောက်ရှိလာသော အဖြူ၀တ်လူငယ်၏ ကျင့်ကြံမှုက သူနှင့် အဆင့်တူသာဖြစ်ကြောင်း ရိပ်မိခဲ့သည်။
ထို့နောက် ချက်ချင်း နတ်အသိဖြင့် ရွှမ်ယီ ပတ်၀န်းကျင်သို့ စူးစမ်းလိုက်၏။
ထို အဖြူ၀တ်လူငယ်၌ အကာအကွယ်ပေးရန် တာအိုကာကွယ်သူများ ပါလာရန် အလွန်မျှော်လင့်နေခဲ့သည်။
သို့သော် ရလဒ်က သူ့အား အလွန်စိတ်ပျက်သွားစေ၏။
အဖြူ၀တ်လူငယ်ကား တစ်ယောက်တည်း ရောက်ရှိလာခြင်းဖြစ်သည်။
စိတ်ဓာတ်ကျသွားသော ဝေ့ယွဲ့နှင့် ယှဉ်ပါက ဇီချန်၏ အကြည့်များက အလွန်တောက်ပနေသည်။
“ အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူတစ်ယောက်က ရှေ့ထွက်လာပြီး ငါ့ကို တားဆီးရဲတယ်လား… ကောင်လေး မင်း ကြည့်ရတာ တော်တော် သတ္တိကောင်းပုံပဲ…”
သူက ရွှမ်ယီ၏ ကျင့်ကြံဆင့်အား သိရှိပြီးဖြစ်သည့်အပြင် ၎င်းနောက်ကွယ်၌ မည်သူမှ ပါမလာကြောင်းကိုလည်း အတည်ပြုပြီးချေပြီ။
အစပိုင်းတွင် အလွန်ထိလန့်သွားခဲ့သော မိမိကိုယ်ကိုယ် ပြန်လည်မြင်ယောင်ရင်း အလွန်ရှက်မိသွားခဲ့၏။
“ သေစမ်း…”
ဇီချန် ရှက်စိတ်ဖြင့် ကြုံးဝါးလိုက်ပြီး လက်ဟန်တစ်ခု ပြုလုပ်ကာ ရွှမ်ယီထံသို့ အနီရောင် မီးလုံးတစ်လုံး ပစ်လွှတ်လိုက်သည်။
ယင်းက ရွှမ်ယီရှိရာသို့ တန်းတန်းမတ်မတ် တိုး၀င်သွား၏။
ထိုအခါ ရွှမ်ယီ၏ လက်က နောက်ကျောမှ ဓားထံသို့ ရောက်သွားပြီး တားဆီးရန်ပြင်လိုက်သည်။
သို့သော် ရွှမ်ယီ၏ တုံ့ပြန်မှုကြောင့် ဇီချန်မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
ရွှစ်..
ဇီချန် ချက်ချင်း လက်ဟန်ပြောင်းလဲလိုက်၏။
ထိုအခါ မူလက တစ်ခုတည်းသာရှိသည့် အနီရောင် မီးလုံးလေးက ချက်ချင်း ဘေးသို့ ပြန့်ကားထွက်ကာ (၈၁)ခုအထိ ပွားသွားလေသည်။
ထို့အပြင် အရေအတွက်များစွာ တိုးသွားခဲ့သော်လည်း အနီရောင် မီးလုံးလေးများ အတွင်း၌ ပါ၀င်သော စွမ်းအားများက အားလျော့မသွားဘဲ ပို၍ပင် အားကောင်းလာခဲ့၏။
“ ဝေ့ယွမ်… မျက်စိကျယ်ကျယ်ဖွင့်ထားပြီး မင်း ဆရာ ငါ့လက်ထဲ ဘယ်လိုသေမလဲ ကြည့်နေ.. ဟားဟား ပြီးရင်တော့ မင်း ငါနဲ့လိုက်ကို လိုက်ရမယ်…”
ဇီချန်က ရွှမ်ယီ သေဆုံးတော့မည့် မြင်ကွင်းကို ကြိုမြင်နေသည့်အလား အားရပါးရ ရယ်မောလိုက်၏။
ဇီချန် တိုက်ခိုက်မှု ပြောင်းလဲလိုက်သည့်မြင်ကွင်းကြောင့် ဝေ့ယွဲ့၏ နှလုံးသားတစ်ခုလုံး ချောက်နက်ကြီးအတွင်း ထိုးကျသွားခဲ့ရသည်။
ထိုတိုက်ခိုက်မှုက နတ်တန်ခိုးစွမ်းရည်တစ်ခု မဟုတ်သော်ငြား အင်ပါယာအဆင့်၌ တော်တော်လေး အားကောင်းနေချေပြီ။
ပထမအတိဒုက္ခ ပြီးပြည့်စုံခြင်းအဆင့်မှ ဇီချန် အသုံးပြုလိုက်သဖြင့် ပို၍ပင် အားကောင်းသွားခဲ့သည်။
၎င်းနှင့် အဆင့်တူကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက တော်တော်လေးသတိထားရပေမည်။
အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူ ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ချေ။
ထို အနီရောင် မီးလုံးများက လမ်းခုလတ်၌ ပိုက်ကွန်တစ်ခု သဖွယ်ပြောင်းလဲသွားပြီး ရွှမ်ယီအား ထွက်ပေါက်မရှိစေရန် အဘက်ဘက်မှ ဝိုင်းရံထားလိုက်သည်။
ရွှမ်ယီထံ၌ အစွမ်းထက် လှုပ်ရှားမှုပညာရပ်တစ်ခု ရှိနေလျှင်ပင် ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်မည် မထင်ချေ။
ဤသို့ဖြင့် ဝေ့ယွဲ့တစ်ယောက် စိတ်ဓာတ်ကျစွာဖြင့် မျက်လုံးမှိတ်ထားလိုက်တော့သည်။
သို့သော် တစ်ဖက်တွင် ဝေ့ယွမ်ကမူ အနည်းငယ်မျှ ပူပန်ခြင်းမရှိဘဲ ရွှမ်ယီအား မျှော်လင့်ချက်များ ပြည့်နေသည့် မျက်၀န်းများဖြင့် ကြည့်နေခဲ့၏။
ယခင်တုန်းကလည်း ယခုကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေများ တွေ့ကြုံခဲ့သည့်တိုင်အောင် သူမ ဆရာက အေးဆေး ကျော်ဖြတ်နိုင်ခဲ့သည်။
ထိုမြင်ကွင်းများက သူမ နှလုံးသားထဲ၌ စွဲထင်နေခဲ့၏။
သို့ဖြစ်ရာ ဝေ့ယွမ်၏ နှလုံးသားထဲ၌ ရွှမ်ယီက ဘယ်တော့မှ မရှုံးနိုင်သည့် အောင်နိုင်ခြင်း နတ်ဘုရားတစ်ပါးအလားပင်။
ဝေ့ယွမ်၏ အကြည့်များ နှင့် အမူအရာများကို ဇီချန် မြင်သော်လည်း အနည်းငယ်မျှ ဂရုမစိုက်ပေ။
သေးငယ်သော နေရာလေးမှ အင်မော်တယ်ခန္ဓာပိုင်ရှင်က မည်သို့နည်း…?
ဘုန်း…
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ဇီချန်အား အတွေးများကြားမှ လှုပ်နှိုးပစ်လိုက်၏။
ဇီချန် ခေါင်းမော့ကြည့်လိုက်လျှင် မျက်၀န်းများထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။
ဖြစ်စဉ် အစမှအဆုံး ရွှမ်ယီ နောက်သို့ အနည်းငယ်မျှ ဆုတ်မသွားခဲ့ပေ။
ထို့အပြင် ဓားကိုလည်း ဓားအိမ်အတွင်းမှ ဆွဲမထုတ်ခဲ့ပေ။
ဓားအိမ်သက်သက်ဖြင့်သာ ကာကွယ်ခဲ့၏။
အနီရောင်မီးလုံး (၈၁)လုံးတို့ ဓားအိမ်ပေါ်သို့ ကျရောက်သွားခဲ့သော်လည်း သစ်ပင်ကြီးတစ်ပင်ကို လှုပ်ရှားစေရန် ကြိုးစားနေသော ပုရွက်ဆိတ်များပမာ ဖြစ်နေခဲ့သည်။
‘ ဘယ်လို ဖြစ်နိုင်မှာလဲ…’
ဇီချန် စိတ်ထဲ၌ အော်ဟစ်လိုက်၏။
ထို့နောက် နှလုံးသားထဲမှ ထိတ်လန့်မှာအား ဖိနှိပ်ကာ တံတွေးတစ်လုပ်မြိုချလိုက်ပြီး ရွှမ်ယီအား ထိတ်လန့်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်သည်။
ဖြစ်နိုင်ချေ နှစ်ခုသာရှိ၏။
နံပါတ်(၁) မှာ ထို အဖြူ၀တ်လူငယ်ထံ၌ သူတော်စင်အဆင့်လက်နက် သို့မဟုတ် တာအိုတစ်၀က်အဆင့် လက်နက်အား ပိုင်ဆိုင်ထားခြင်းဖြစ်ရမည်။
နောက်တစ်ချက်မှာ ထို လူငယ်၏ တိုက်ခိုက်နိုင်စွမ်း အလွန်မြင့်မားနေသောကြောင့် သူ၏ တိုက်ခိုက်မှုအားလုံးကို လျစ်လျူ ရှုနိုင်နေခြင်းပင်။
မည်သို့ပင်ဖြစ်စေ အဆုံးသတ်၌ ရလဒ်က တစ်ခုတည်းသာဖြစ်၏။
ဤတစ်ကြိမ်၌ သူ သံပြားကို ကန်မိချေပြီ။
“ မင်း ဘယ်သူလဲ.. ငါက လျူယန်မင်းဆက်ရဲ့ သံတမန်ပဲ… ဒီ ကောင်မလေးကို တောင်ပိုင်းကောင်းကင်တံခါးဆီ ခေါ်သွားမလို့ လုပ်နေတာ… မင်း ငါ့ကို ဟန့်တားရဲတာလား…? ဟမ့် အဲ့တာက လျူယန် မင်းဆက်ကိုတင်မဟုတ်ဘူး တောင်ပိုင်းကောင်းကင်တံခါးကိုပါ စော်ကားနေတာကွ…”
“ နားညီးတယ်…”
ရွှမ်ယီ စိတ်မရှည်စွာနှင့် ဓားအိမ်အား လွှဲယမ်းလိုက်သည်။
ချက်ချင်း ဓားချီ တစ်ခုဖြစ်ပေါ်လာပြီး ဇီချန်ရှိရာသို့ တိုး၀င်သွား၏။
“ ပြေး…”
သူ့ထံသို့ ၀င်ရောက်လာသော ဓားချီမှ စွမ်းအားကို ခံစားမိလျှင် ဇီချန် ဦးရေးပြားများပင် ထုံကျဉ်သွားပြီး ခုခံရန် သတ္တိများလည်း ပျောက်သွားဆုံးသွားလေသည်။
ချက်ချင်း နောက်လှည့်ကာ အဝေးသို့ ထွက်ပြေးချင်နေ၏။
ဝုန်း…
ဇီချန်ထံမှ ပြင်းထန်သောစွမ်းအားများပေါက်ကွဲ ထွက်လာခဲ့သည်။
ချက်ချင်း နောက်သို့လှည့်ကာ လေဟာနယ်ကို လူတစ်ယောက် ဖြတ်သန်းရန်လုံလောက်သော ပမာဏခန့် ခွဲချလိုက်၏။
ထို့နောက် ချက်ချင်း လေဟာနယ်အက်ကြောင်းအတွင်း ပြေး၀င်လိုက်သည်။
“ ချီးဘဲ… သူ ဘယ်သူများလဲ…”
လေဟာနယ်အက်ကြောင်းအတွင်းသို့ ရောက်ရှိပြီးနောက် ဇီချန် သက်ပြင်းမောကြီးချလိုက်ကာ တုန်ယင်နေသော နှလုံးသားကို ပြန်လည် ထိန်းချုပ်လိုက်၏။