ချန်းမိသားစု၏ အကျပ်အတည်း
Vol. 3 Ch. 234
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင် ချန်းဖန် ခွက်ကို မော့ချလိုက်သည်။ ထိုအရာများမှာ တော်တော်လေး ပြင်းသည့် ဝီစကီများဖြစ်သည်။ သို့သော် ချန်းဖန်ကမူ ထိုအရာများကို ရေကဲ့သို့ပင် တစ်ခါတည်း မော့ချပစ်ခဲ့သည်။ မျက်နှာပင် တစ်ချက် မပျက်ခဲ့ချေ။
"ရှောင်ကျောင်းရေ... နင့်ရဲ့ ကောင်လေးက တကယ့်ကို အရက်အိုးပဲ..."
ကျူးရုံချန်းက ချန်းဖန်ကို ကြည့်ရင်း အံ့အားသင့်စွာ ပြောသည်။
"သူက ငါမြင်ဖူးသမျှထဲမှာ အတော်ဆုံး အရက်သမားပဲ..." လူတိုင်းက ချန်းဖန်ကိုကြည့်ကာ မှတ်ချက် ချကြသည်။ စုကျောင်း ကိုယ်တိုင်ပင်လျှင် အလွန် အံ့အားသင့်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်ကဲ့သို့ အသက်နှစ်ဆယ်အရွယ် သုတေသနပညာရှင် ကောင်လေးမှာ ယခုကဲ့သို့ အရက်ကို သောက်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ခဏကြာပြီးနောက် လူတိုင်းမှာ ချန်းဖန်၏ အရက်သောက်နိုင်သည့် စကေးကို မေ့သွားကြသည်။ သူတို့ပြောနေသည့် ခေါင်းစဉ်မှာလည်း ပြောင်းလဲသွားသည်။
ကျူးရုံချန်းမှာ အတန်းဖော်များထဲတွင် အအောင်မြင်ဆုံးဟု ဆိုရပေမည်။ သူ့အဖေ၏ ထောက်ခံပေးမှုဖြင့် ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ သူ၏ဝင်ငွေမှာ တစ်နှစ်လျှင် ယွမ်သန်းနှင့် ချီသည်။ သို့သော် သူတို့ အားလုံးထဲတွင် အထင်ရှားဆုံး ပုဂ္ဂိုလ်မှာ ဝူယိုရွှေ၏ ခင်ပွန်း ကျန်းပို့ချင်ဖြစ်သည်။
"ယိုရွှေ... နင့်ယောက်ျားက ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာဆို... သူ့ရဲ့ ဝင်ငွေက တစ်နှစ်ကို ယွမ်မီလျံ အနည်းငယ်အထိ ရှိတယ်လို့ ကြားတယ်... ဟုတ်လား..." အသက်လတ် မိန်းမတစ်ယောက်က ယိုရွှေကို မေးလိုက်သည်။ ကျန်းပို့ချင်က ဝိုင်ခွက်ကို လှုပ်ရမ်းရင်း ဘာမှပြန်မပြောခဲ့ချေ။ ဝူယိုရွှေက တောက်ပစွာ ပြုံးရင်း ဝင်ပြောလိုက်သည်။
"အင်း... သူက ချန်းအုပ်စုအတွက် အလုပ် လုပ်ပေးနေတာလေ... သူ့ရဲ့ ရာထူးက CFO..."
အံ့အားသင့်သံများက နားထောင်နေသူများ ထံမှ အစီအရီ ထွက်ပေါ်လာခဲ့သည်။
ချန်းဖန်ပင်လျှင် တောက်ပစွာ တစ်ချက်ပြုံးရင်း ကျန်းပို့ချင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်မှာ သူ၏ မိသားစုကုမ္ပဏီမှ မန်နေဂျာ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"ချန်းအုပ်စု... အဲ့နာမည်ကို ငါကြားဖူးတယ်။ အဲဒါက ကျင်းမြို့တော်ထဲက ကုမ္ပဏီကြီးတွေထဲက တစ်ခုမလား... ကုမ္ပဏီကို စပြီး တည်ထောင်တာ မကြာသေးပေမယ့် သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက မသေးဘူး..."
"ချန်းအုပ်စုက လွန်ခဲ့တဲ့ နှစ်ဝက်အတွင်း မမျှော်လင့် ထားလောက်တဲ့ ပုံစံမျိုးနဲ့ကို အင်အား ကြီးလာခဲ့တာ။ သူတို့က အိမ်ခြံမြေလုပ်ငန်းမှာလည်း တိုးချဲ့နေတယ်လို့ ကြားတယ်..."
လူတိုင်းက ကျူးပို့ချင်ကို လေးစား အားကျသည့် မျက်လုံးများနှင့် ကြည့်ကြသည်။ ထိုကဲ့သို့သော နေရာမျိုးကား သူတို့အိပ်မက် မက်ခဲ့ရသော နေရာပင် ဖြစ်သည်။
"ဒါက ဘာမဟုတ်သေးဘူး... ဟန်နီက သိပ်မကြာခင်မှာ ခုစီးနေတဲ့ ကားကိုရောင်းပြီး ပေါ်ရှေးတံဆိပ် ကားတစ်စီး ဝယ်တော့မှာတဲ့..."
ဝူယိုရွှေက ဂုဏ်ယူသော မျက်နှာဖြင့် ပြောသည်။ သူမက စုကျောင်းကိုပင် လှောင်ပြောင်ဟန် တစ်ချက် လှမ်းကြည့် လိုက်သေးသည်။
"ယိုရွှေရေ... တော်လောက်ပြီနော်..."
ကျန်းပို့ချင်က ယိုရွှေကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ သို့သော် သူ၏ မျက်လုံးထဲတွင်မူ ဂုဏ်ယူမှုများက ပြည့်နှက် နေခဲ့သည်။ သူ၏ မျက်နှာမှာလည်း ကျေနပ်မှုကြောင့် ပြုံးနေသည်။
"နောက်ကျမှ အစ်ကိုပို့ချင်ဆီက အကူအညီတစ်ခု တောင်းရဦးမယ်... ကျွန်မယောက်ျားက ရိုးရိုးအေးအေး ဆိုတော့ အလုပ်ကလူတွေက သူ့ကိုပဲ ဖိခိုင်းကြတယ်။ အဲဒါနဲ့ သူစိတ်ဆိုးပြီး အလုပ်က ထွက်လိုက်တယ်လေ။ ခု သူအလုပ်ရှာနေတာ။ အဲဒါက အစ်ကိုပို့ချင်ကူညီပေးဖို့ မျှော်လင့်တယ်..."
မိန်းမတစ်ယောက်က ကျန်းပို့ချင်ကို အကူအညီ တောင်းသည့်ဟန် လှမ်းပြောသည်။ သူမ၏ ယောက်ျားမှာ ဘေးတွင်ရှိနေပြီး မျက်နှာ ပျက်နေသည်။ သို့သော်လည်း ထိုစကားကို သူမ ငြင်းပယ်နိုင်ခဲ့ချေ။
"ဒါပေါ့... ကူညီရမှာပေါ့..."
ကျန်းပို့ချင်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။
"အစ်ကိုပို့ချင်... ချန်းဂရုက ဝမ်ရုန်အုပ်စုနဲ့ အရှေ့တောင်ကြား နယ်မြေ အတွက် ပြဿနာ ဖြစ်နေတယ်ဆိုတာ ဟုတ်လားဗျ..." တစ်ယောက်က မေးလိုက်သည်။ ထိုမေးခွန်းက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။
"ရှန်းရုန်ဟွာက ကျန်းပေ့နယ်ရဲ့ အချမ်းသာဆုံး ထဲက တစ်ယောက်ပဲ... ချန်းအုပ်စုက သူတို့ကို ယှဉ်နိုင်လိမ့်မယ်လို့ ထင်လား..."
တစ်စုံတစ်ယောက်ကလည်း ထပ်မေးသည်။
"ဟီးဟီး... ဒါပေါ့... ချန်းအုပ်စုရဲ့နောက်မှာ ကျင်းမြို့တော်ရဲ့ ချန်းမိသားစုရှိနေတာကို မမေ့နဲ့..."
ကျန်းပို့ချင်က ပြောသည်။ သူ၏စကားတွင် မထီမဲ့မြင် အသံပါနေကြောင်း ချန်းဖန် သတိပြုမိလိုက်သည်။ မကြာခင် လူများက ချန်းမိသားစုနှင့် ရှန်းမိသားစု ကြားမှ ပြဿနာအကြောင်း ဆက်မပြောရန် ဆုံးဖြတ် လိုက်ကြသည်။ ထိုပြသနာမှာ သူတို့နားလည်နိုင်သော အရာမဟုတ်ပေ။
ကျန်းပို့ချင်မှာလည်း ဆက်မပြောပဲ တစ်ခွက်ပြီး တစ်ခွက်သာ သောက်နေတော့သည်။ မကြာခင်မှာပင် တော်တော်လေး မူးလာပုံရသည်။ ကျန်းပို့ချင် ထိုင်နေရာမှထရပ်ကာ ချန်းဖန်ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
"ပါမောက္ခချန်း... အားမနာတမ်းပြောရရင် ခင်ဗျားတို့လိုလူမျိုးကို ကျွန်တော် တကယ် အထင်သေးတယ်ဗျာ။ ခင်ဗျားတို့ ဘယ်လို သုတေသနတွေပဲ လုပ်လုပ် နောက်ဆုံးတော့ ကျွန်တော်တို့ ဆီကပဲ ရန်ပုံငွေလာပြီး အလှူခံကြတာမလား..."
"အစ်ကိုပို့ချင်... ခင်ဗျားမူးနေပြီ..."
တစ်ယောက်က ပြောလိုက်သည်။
"မဟုတ်ဘူး... ငါမမူးဘူး... ရှင်းရှင်းပဲ ပြောမယ်ကွာ။ ပါမောက္ခတွေရဲ့ ဝင်ငွေက နည်းနည်းပဲ ရှိတာ။ သူတို့က ငါတို့ရဲ့ငွေတွေကို အမြဲမျက်စ ပစ်နေကြတာ သိရဲ့လား...။ အာ့ကြောင့် သူတို့က အမျိုးမျိုး ခေါင်းစဉ်တပ်ပြီး လာအလှူခံနေကြတာ။ သူတို့အားလုံးက လောဘကြီးတဲ့ လူတွေချည်းပဲ..."
ကျန်းပို့ချင်မှာ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ပုံ မရတော့ချေ။
"ငါ့ကိုကြည့်စမ်း... ငါက ကောလိပ်တောင် မအောင်ခဲ့ပေမယ့် တစ်နှစ်ကို ယွမ်သန်းနဲ့ချီပြီး ရှာနိုင်တယ်... အဲဒါတွေက ငါ့ကိုယ်ပိုင်ငွေနော်... ဘယ်သူ့ဆီကမှ လက်ဖြန့် မတောင်းခဲ့ဖူးဘူး..."
"တော်လောက်ပြီ... ကျန်းပို့ချင်... ခင်ဗျား တော်တော်လေး မူးနေပြီ..." ကျူးရုံချန်းက ဝင်ထိန်းသည်။ ထိုအချိန်ကျမှ ကျန်းပို့ချင် သတိဝင်လာသည်။ သူပြောသည်မှာ အတော့်ကို များသွားပုံ ရသည်။
"ငါသူ့ကို အပြင်ကို လေညင်းခံဖို့ ခေါ်သွားလိုက်ဦးမယ်နော်... မင်းတို့ အေးအေးဆေးဆေး စားကြ..."
ကျူးရိုချန်းက ကျန်းပို့ချင်ကို ဆွဲကာ ခန်းမထဲမှ ထွက်ခွာ သွားတော့သည်။
"ပို့ချင်က တကယ်ပဲ မမှားပါဘူး။ ချန်းပေ့ရွှမ်းက ပါမောက္ခ တစ်ယောက် ဆိုပေမယ့်လည်း သူက Audi A4 ကားကိုပဲ စီးနိုင်တယ်။ စုကျောင်းရေ ငါ့ကို ပြောစမ်းပါ။ နောက်နှစ် အနည်းငယ်အတွင်း နင်တို့ လက်ထပ်ဖို့ သူပိုက်ဆံစုနိုင်မလား ဆိုတာ..."
ဝူယို့ရွှေက စုကျောင်းကို မေးလိုက်သည်။
"နင့်အလုပ် မဟုတ်ဘူး..."
စုကျောင်းက ခပ်တည်တည် ပြန်ပြောလိုက်သည်။ သူမက ချန်းဖန်ကို တစ်ခုခု ပြန်ပြောစေချင်မိသည်။ ချန်းဖန်မှာ ယွင်ဝူ ကောင်းကင်ရေ၏ ဖန်တီးသူ ဖြစ်သလို သူ၏ ပိုင်ဆိုင်မှုများမှာလည်း မရေတွက်နိုင်အောင် ရှိသည်။ သို့သော် ချန်းဖန်၏ အမူအရာမှာ မည်သို့မှ မပြောင်းလဲခဲ့ပေ။ ချန်းဖန် သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ကျူးရိုချန်းနှင့် ကျန်းပို့ချင်တို့ထံ ပို့လွှတ် လိုက်သည်။ ထိုနှစ်ယောက်မှာ လမ်းလျှောက်နေကြပြီး ကျန်းပို့ချင်က သူ့မျက်နှာကို ရေခဲထုတ်ဖြင့် ကပ်နေခဲ့သည်။ ကျူးရုံချန်းက စီးကရက် တစ်လိပ်ကို ဖွာရင်း အေးစက်စွာ ပြောလိုက်သည်။
"မင်းလုပ်ပုံက အားလုံးပေါ်လုနီးပါးပဲ..."
"ကိစ္စမရှိဘူး... သူတို့ထဲမှာ ချန်းအုပ်စုကလူ တစ်ယောက်မှ မရှိဘူး... ငါနှစ်ကုန် ဘွန်းနက် ရတယ်လို့ပဲ သူတို့တွေးကြမှာပါ..."
ကျန်းပို့ချင်က ပြုံးရင်း ပြောသည်။
"ငါမင်းကိုရှာခိုင်းထားတဲ့ ပစ္စည်းရော ဘယ်မှာလဲ..."
ကျူးရုံချန်းက မေးသည်။
"စိတ်မပူနဲ့... ငါက ချန်းကျန်းရှင်းအောက်မှာ လုပ်တာ ရှစ်နှစ်လောက်ရှိပြီ။ သူက ငါ့ကို လုံးဝ ယုံကြည်တယ်။ ကုမ္ပဏီရဲ့ ဝင်ငွေဝင်ထွက်ပုံတွေ၊ အခွန်ဆောင်ရတာတွေ အားလုံးကို ငါသိတယ်..."
ကျန်းပို့ချင်က နှာခေါင်းတစ်ချက် ရှုံ့ကာ ဆက်ပြော လိုက်သည်။
"ဝမ်ရှောက်ယွင်က ငါ့ဆီကို လက်ထောက် အသစ်တစ်ယောက် လွှတ်လိုက်တယ်။ သူမ ဘာလုပ်နေလဲဆိုတာ ငါသိတာပေါ့။ သူမက ငါ့ရဲ့ လုပ်ငန်းတာဝန်တွေကို တစ်ခုချင်းစီ လိုက်ယူနေတာ။ တကယ်လို့ သူမသာ ငါ့ရုံးခန်းကို ထိန်းချုပ်နိုင်တာနဲ့ ငါ့ကို ကန်ထုတ် လိုက်တော့မှာ... ဟ..ဟ.. ဒါပေမဲ့ သူမ မသိတာက ငါ့မှာ ပလန်ဘီ ရှိနေသေးတယ် ဆိုတာပဲ..."
"စိတ်မပူနဲ့... ငါ ဝမ်ရုန်အုပ်စုနဲ့ ပြောပြီးပြီ။ မင်းဘက်က သေချာတာနဲ့ မင်းရဲ့ ဘဏ်အကောင့် ထဲမှာ ဒေါလာမီလျံနဲ့ချီပြီး ဝင်နေစေရမယ်..."
ကျူးရုံချန်းက ဆေးလိပ် မီးခိုးများကို တိမ်များကဲ့သို့ မှုတ်ထုတ်ရင်း ပြောသည်။
"ချန်းမိသားစုမှာ ရန်သူတွေမှ အများကြီးပဲ။ ရှန်းမိသားစုက အဲဒီအထဲက တစ်ခုလောက်ပဲ ရှိတာ။ အဲဒီအလုပ်က မင်းမြန်မြန် နှုတ်ထွက်လိုက်တာလည်း ကောင်းသားပဲ..."
"လူငယ်ခေါင်းဆောင်ကျူး... မင်းအဖေနဲ့ ချန်းကျန်းရှင်းက ချင်ဟိုင်အတွက် အတူ အလုပ်လုပ် ပေးနေတယ်လို့ ငါကြားတယ်... အဲဒါကို မင်းက ဘာကြောင့်..." ကျန်းပို့ချင်က ကျူးရိုချန်း၏ မျက်နှာကို ကြည့်ရင်း ဂရုတစိုက်မေးသည်။
"ဟီးဟီး..."
ကျူးရိုဟန် ရယ်မောလိုက်သည်။
"ချန်းမိသားစု ခုထက်ပိုပြီး အင်အား ကြီးလာမှာ ဘယ်သူမှ မမြင်ချင်ကြဘူးလေ..."
"စိတ်ဝင်စားစရာပဲ..."
ချန်းဖန်တွေးရင်း သူ၏ နတ်ဘုရား စိတ်အာရုံကို ပြန်လည် ရုတ်သိမ်း လိုက်သည်။ သူအမှတ်မထင် ချလိုက်သော ဆုံးချက်လေး တစ်ခုကြောင့် ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို သိရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"ချန်းမိသားစု ရုတ်တရက် အင်းအားကြီးလာတာက ချင်ဟိုင်ကို မသက်မသာ ဖြစ်စေတာ ဖြစ်ရမယ်..."
ချင်ဟွာက ချန်းမိသားစုအပေါ် ယခုကဲ့သို့ သဘောထားလိမ့်မည်ဟု ချန်းဖန် ယုံကြည်ရန် ခက်ခဲနေခဲ့သည်။
"ငါ့ဦးလေး ချန်းကျန်းရှင်းရဲ့ လုပ်ဖော် ကိုင်ဖက်တွေထဲမှာ ကျူးဂီမင်ဆိုတဲ့ တစ်ယောက် ရှိတယ်။ သူက ချင်ဟိုင်ရဲ့ အကြံပေး အရာရှိပဲ။ သူနဲ့ ကျူးရိုချန်းက မျိုးရိုးနာမည်ချင်း တူနေတယ်ဆိုတော့ ကျူးဂီမင်က ကျူးရိုချန်းရဲ့ အဖေဖြစ်လိမ့်မယ် ထင်တယ်..."
ချင်ဟိုင်အနေဖြင့် ချန်းမိသားစုကို ပွင့်ပွင့်လင်းလင်း ဖိနှိပ်ရန်မှာ မသင့်တော်ပေ။ ထို့ကြောင့် ချန်းမိသားစု တဖြည်းဖြည်း အင်အားနည်းသွား စေရန်သာ သူကြံစီခဲ့ခြင်း ဖြစ်ရမည်။
ကျန်းပို့ချင်မှာ ချန်းကျန်းရှင်း၏ လူယုံတစ်ယောက် ဖြစ်သည်။ ချန်းဖန်၏ မိခင်က သူ့ကို ဖယ်ရှား ပစ်ချင်သည့် တိုင်အောင် မအောင်မြင်ခဲ့ပေ။
ဝမ်ရုန်အုပ်စုကား ချင်ဟိုင်၊ ကျူးဂီမင်၊ ကျန်းပို့ချင်စသည့် အရေးပါသည့် လူများကို စည်းရုံး နိုင်ခဲ့ပုံရသည်။ သို့မဟုတ်လျှင်လည်း ချန်းမိသားစု၏ အင်အားမှာ ထိန်းမရအောင် ကြီးထွားလာတော့မည် ဖြစ်သည်။ ထို့ကြောင့်ပင် ယခုကဲ့သို့ အလျင်စလို လှုပ်ရှားလာခြင်း ဖြစ်ရမည်။
"မင်းတို့ ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့..."
ချန်းဖန် ဝိုင်ခွက်ကို လှုပ်ရမ်းရင်း ဖြည်းညင်းစွာ သောက်လိုက်သည်။
"ကျန်းပို့ချင် ပြောပုံအရ အမေက သူ့ဆီကို လက်ထောက် အသစ်တစ်ယောက် ပို့လိုက်တယ်တဲ့... အဲဒါ အစ်မအန်း ဖြစ်နေမလား..."
ချန်းဖန် ရုတ်တရက် တွေးမိလိုက်သည်။ အစ်မအန်းနှင့် မတွေ့ရသည်မှာ နှစ်ဝက်ခန့် ရှိနေပြီ ဖြစ်သည်။ သူမ မည်သည့် အရာများလုပ်နေသည်ကို သူမသိရသေးပေ။
***