← Chapters

သာမန် မဟုတ်သော

Vol. 3 Ch. 236

သာမန် မဟုတ်သော

Vol. 3 Ch. 236

“မဖြစ်နိုင်တာ ... ဒီလို အစွမ်းခက်တဲ့ ကောင်းကင်ရေစင်မျိုးက ကမ္ဘာပေါ်မှာ ရှိနေတယ်လား ...”

ဂျက်ဆန် သူ၏ လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ စိတ်အတွင်းမူ စိတ်လှုပ်ရှားမှု၊ မယုံကြည်နိုင်မှုများက လှိုင်းများသဖွယ် ရိုက်ခတ် နေခဲ့သည်။ ပညာရှင်များစွာ၏ ပုံစံမှာ သူ၏ သက်သေပြချက်ကို ကျေနပ်ပုံ မရသဖြင့် နောက်နှစ်ကြိမ်အထိ အပင်များဖြင့် စုကျောင်းကို ချန်းဖန် သက်သေပြ စေခဲ့သည်။ စုစုပေါင်း သုံးကြိမ်အထိ လက်တွေ စမ်းသပ် ပြပြီးသည်နှင့် များစွာသော ပညာရှင်ကြီးများ၏ မျက်နှာမှ သံသယများ အငွေ့အဖြစ် ပျံထွက်သွားသည်။ ထိုနေရာတွင် မယုံကြည်နိုင်ခြင်းများက အစားထိုး နေရာ ယူလာခဲ့သည်။

ထိုအရာကား မျက်လှည့် မဟုတ်ခဲ့ပေ။ နာရီဝက်ခန့် ကြာသည့် တိုင်အောင် ယုန်ငယ်မှာ အသက်ရှင်လျက် ရှိနေသေးသည်။ သေဆုံးခါနီး အသက်ဓာတ်ကို နှိုးဆွသည့် ဓာတုဆေးဝါး တစ်မျိုးဆိုလျှင် ယခုအချိန်၌ ထိုယုန်ငယ် အသက်ရှင်သန်ရန် မဖြစ်နိုင်ပေ။

“အင်ဒရူးရေ ... အဲဒါက ငါတို့ အမြဲတမ်း အိပ်မက် မက်ခဲ့ရတဲ့ ကုသမှုမျိုးမလား ... အဲဒါကို ငါတို့ရမှ ဖြစ်မယ် ...”

နှာခေါင်းနီနီ အဘိုးအိုက သူ၏လက်ထောက်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာဂရန့် ... ဒါပေမဲ့ အဲဒီဟာကို ရဖို့ ကုန်ကျမဲ့ စရိတ်ကတော့ နည်းမယ် မထင်ဘူးနော် ...”

ဂရန့်နှင့် အခြားသော ပညာရှင်ပေါင်း များစွာမှာ လွန်စွာ စိတ်လှုပ်ရှား နေခဲ့ကြသည်။ သူတို့က ချန်းဖန်ထံသို့ ဆာလောင်နေသော ဝံပုလွေ၏ မျက်လုံးများဖြင့် ကြည့်နေကြသည်။ စမ်းသပ်ပြသမှု အပြီးတွင် ချန်းဖန် စုကျောင်းနှင့်အတူ စင်အောက်သို့ ပြန်လည် ဆင်းလာခဲ့သည်။ ထိုအချိန်တွင် ကျယ်လောင်သော ဆွေးနွေးသံများ၊ အံ့ဩတကြီး ရေရွတ်သံများက ဆူညံစွာ ထွက်ပေါ် နေခဲ့တော့၏။

“အိုးမိုင်ဂေါ့ ... ဒါက အမှန်ကြီးပဲ။ ဒါက သဘာဝရဲ့ နိယာမကိုတောင် ဆန့်ကျင်နေတယ် ...”

“သူက သေနေတဲ့ အပင်တွေကို ပြန်ရှင်အောင် လုပ်နိုင်သလို သေခါနီးယုန် ကိုလည်း ပြန်ရှင်လာအောင် လုပ်ပြခဲ့တယ်။ ဒီလို ဆေးပညာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ဘူး။ ဒါက ကမ္ဘာကြီးကိုတောင် ပြောင်းလဲပစ်နိုင် လောက်တယ် ...”

“ဒီကောင်လေးတော့ ဘယ်လောက်တွေတောင် ချမ်းသာလာဦးမယ် မသိဘူးနော် ... သူ့ရဲ့ တီထွင်မှုက ကမ္ဘာတစ်ခုလုံး ကိုတောင် ပျံ့နှံ့သွားတော့မှာ ...”

များစွာသော ပညာရှင်များမှာ တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံ၊ ဆွေးနွေး နေကြသလို၊ အချို့ကလည်း ချန်းဖန်ကို ကြည့်၍ အံ့ဩတကြီး ရေရွတ် နေခဲ့ကြသည်။ အချို့က ချန်းဖန်ထံသို့ သွား၍ မေးခွန်းများ မေးမြန်းနေကြသည်။

“မစ္စတာဂျက်ဆန် ... သူ့ရဲ့ စမ်းသပ်ပြသမှုက အစစ်အမှန်လို့ ထင်လား ...”

ဟန်တုန်းယုက ဂျက်ဆန်ကို မေးသည်။ သူစ စိတ်ထဲတွင် ချန်းဖန်မှ လှည့်ကွက်များကို အသုံးပြုပြီး အခြားသူများကို အရူးလုပ်ခဲ့သည်ဟု သံသယ ရှိနေခဲ့သည်။ ဂျက်ဆန် အနေဖြင့် ချန်းဖန်၏ ဟာကွက်များကို တွေ့မြင်နိုင် လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ သို့သော်လည်း ဂျက်ဆန် ကိုယ်တိုင်ပါ ချန်းဖန်၏ အရူးလုပ်ခြင်းကို ခံလိုက်ရဟန် တူသည်။ ဂျက်ဆန်တွင် သူ၏ မေးခွန်းကို ပြန်ဖြေရန် အချိန်မရှိခဲ့ပေ။ သူ၏ စိတ်အာရုံ တစ်ခုလုံးတွင် ချန်းဖန်နှင့် ထူးဆန်းသော သီအိုရီသာ စွဲထင် နေခဲ့သည်။

ချန်းဖန် ကိုယ်တိုင်မှာမူ မေးခွန်းများစွာကို ဖြေရင်း အလုပ်ရှုပ် နေခဲ့သည်။ ယွင်ဝူကောင်းကင်ရေ ထုတ်လုပ်မှုမှာ အကန့်အသတ် ရှိကြောင်း သိရသည်နှင့် ပညာရှင် တော်တော်များများမှာ စိတ်ပျက်မိကြသည်။ ထို့ပြင် အံဖွယ်ကုသမှု အတွက် လိုအပ်သော ရေပမာဏမှာလည်း အတော်လေး များသည်။

သို့သော် ချန်းဖန်က သူ၏ အစီအစဉ်ကို ထပ်မံ ပြောပြလိုက်သည်။ ထိုအစီအစဉ်အရ ဆိုလျှင် ယွင်ဝူရေနဲ့ အာနိသင် တူသော ရေများကို ပမာဏများစွာ ထုန်လုပ်နိုင် လိမ့်မည် ဖြစ်သည်။

ထိုအစီအစဉ်က ဇီဝဗေဒ အဖွဲ့အစည်းကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။ ကမ္ဘာ့အဆင့် ဆေးကုမ္ပဏီကြီးများမှ ကိုယ်စားလှယ် များစွာမှာလည်း ချန်းဖန် လိုအပ်သည့် အရင်းအမြစ်များကို ကူညီထောက်ပံ့ ပေးပါမည်ဟု ကတိပြုကြသည်။ ချန်းဖန်ကလည်း အကျိုးအမြတ်များကို ခွဲဝေပေးရန် သဘောတူညီ လိုက်သည်။ ညီလာခံကို ညအချိန်ထိရောက်မှ ပိတ်သိမ်းခဲ့သည်။ ကိုယ်စားလှယ် များစွာမှာလည်း သူဌေးထံ အစီအရင်ခံရန် လျင်မြန်စွာပင် ပြန်သွားကြတော့သည်။ အချိန်ကား အတော်လေး မှောင်နေပြီ ဖြစ်သောကြောင့် ညီလာခံ အနီးရှိ တိုက်ခန်းတွင်သာ နေရန် ချန်းဖန် ဆုံးဖြတ်လိုက်သည်။ သူ၏ အခန်းသို့ ပြန်ရန် စိတ်မပါတော့ပေ။ စုကျောင်းမှာလည်း ချန်းဖန်ကို တစ်နေ့လုံး ဘာသာ ပြန်ပေးနေရသည့် အပြင် စာရွက်စာတမ်း များနှင့်လည်း လုံးပန်း နေရသောကြောင့် ချန်းဖန် တည်းခိုမည့် အခန်းသို့ ရောက်သည်နှင့် ဆိုဖာပေါ် ခြေပစ်လက်ပစ် ကျသွားတော့သည်။

“ဟေ့ ... ဒီမှာ မင်းအိပ်လို့ မရဘူးနော် ...”

ချန်းဖန်က ခေါင်းကို ခါရမ်းရင်း သူမကို ပြောသည်။

“ပါမောက္ခချန်း ... ရှင့်ရဲ့ ကောင်မလေးက ချောလား ...”

စုကျောင်းက ဆို‌ဖာပေါ်တွင် လဲလျောင်းရင်း ချန်းဖန်ကို မေးသည်။ သူမ၏ ပုံစံကား အပျင်းထူသည့် ပန်ဒါဝက်ဝံ တစ်ကောင် ကဲ့သို့ပင်။ လေထု၏ အခြေအနေကား တဖြည်းဖြည်း နွေးထွေး လာသလို ချန်းဖန် ခံစားနေရသည်။ စုကျောင်းမှာမူ သူမ မစဉ်းစားဘဲ မေးမိသော မေးခွန်းကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ရုတ်တရက် ချန်းဖန် မျက်မှောင်တစ်ချက် ကြုတ်ကာ ဆိုဖာပေါ်မှ စုကျောင်းကို ဆွဲထူလိုက်သည်။

“မြန်မြန်ထ ... ဧည့်သည်တွေ လာနေပြီ ...”

“ဟုတ်လား ...”

စုကျောင်း ဆိုဖာပေါ်မှ ထရပ် ပြီးပြီးချင်းပင် တံခါးရှိ ခေါင်းလောင်းမှ အသံကြားလိုက် ရသည်။ စုကျောင်း တံခါးရှိရာသို့ သွားပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးဝတွင် ဟန်တုန်းယုနှင့် မစ္စတာဂျက်ဆန် နှစ်ယောက်သား မတ်တတ် ရပ်နေခဲ့သည်။

“မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ ...”

စုကျောင်းကို မြင်သည်နှင့် ဟန်တုန်းယု၏ မျက်နှာ တစ်ချက် ပျက်သွားသည်။ စုကျောင်းက သူ၏ မေးခွန်းကို ပြန်မဖြေသဖြင့် ဟန်တုန်းယု ချန်းဖန်ဘက်သို့ လှည့်လိုက်သည်။

“သူက စတန်းဖို့ဒ် တက္ကသိုလ်က အသက်အငယ်ဆုံး ပါမောက္ခ တစ်ယောက်ပဲ ... မစ္စတာ မိုက်ဂျက်ဆန်လို့ ခေါ်တယ် ...”

သူ မိတ်ဆက်၍ မပြီးသေးခင်မှာပင် ဂျက်ဆန်က ရှေ့သို့ အနည်းငယ် တိုးရင်း ချန်းဖန်ကို တရုတ်ဘာသာ စကားဖြင့် ပြောလိုက်သည်။

“မစ္စတာချန်း ... ကျွန်တော်က အမှောင်တိုတမ်က ဂျက်ဆန်ပါ ... တွေ့ရတာ ဝမ်းသာပါတယ် ...”

“ခင်ဗျားက သာမန် မဟုတ်တဲ့လူ တစ်ယောက်လို့ မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ ကျွန်တော့ အမြင်အရ ဆိုရင် ခင်ဗျားက သာမန် မဟုတ်ဘူး ဆိုတဲ့ အဆင့်ကို ရောက်ဖို့ အတွက် ခုမှစတဲ့ လူတစ်ယောက်ပဲ ...”

“ဂျက်ဆန် ... မင်း တရုတ်စကား ပြောတတ်တာလား ...”

ဟန်တုန်းယုက ဂျက်ဆန်ကို အံ့အားသင့်စွာ မေးသည်။

သို့သော်လည်း ဂျက်ဆန်က သူ့ထံ တစ်ချက်ပင် ပြန်မကြည့်ချေ။ ဂျက်ဆန်၏ ပုံစံကား မည်သည့် အရာကိုမှ ဂရုစိုက်စရာ မလိုသည့် ပုံစံမျိုးပင် ဖြစ်သည်။

“မစ္စတာ ဂျက်ဆန် ... ရှင့်ရဲ့ အပြုအမူတွေက တော်တော်လေး ရိုင်းတယ် ... ရှင်ခုရောက်နေတာက ပါမောက္ခချန်းရဲ့ အခန်းမှာနော် ...”

စုကျောင်း၏ မျက်နှာက ဒေါသကြောင့် နီရဲနေသည်။ ဂျက်ဆန်မှာ သူမ၏ ငယ်ဘဝ အိုင်ဒေါ ဖြစ်သော်လည်း ချန်းဖန်နှင့် ယှဉ်လျှင်မူ ဘာမှ မဟုတ်တော့ချေ။

“မစ္စတာချန်း ... ခင်‌ဗျားရဲ့ အစေခံ မိန်းကလေးကို ပါးစပ်ပိတ်ထားဖို့ ပြောပေးပါလား ... ငါတို့လို သာမန် မဟုတ်တဲ့ လူတွေ စကားပြောနေတဲ့ အချိန်မှာ သူမလို သေမျိုး တစ်ယောက်က ပါးစပ်ပိတ်ပြီး တိတ်တိတ်ပဲ နေသင့်တာ ...”

ဂျက်ဆန်‌က ပြောရင်း စုကျောင်းကို အထင်သေးသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

“မင်းက ဘဝင်မြင့်ပြဖို့ ဒီကို လာတာလား ...”

ချန်းဖန် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူတို့၏ စကားများက မယဉ်ကျေးတော့ပေ။

“မဟုတ်ဘူး ... ငါ ဒီကိုလာတာက အမှောင်တိုတမ်ရဲ့ ကိုယ်စား မင်းကို ဖိတ်ဖို့လာတာ ...”

ဂျက်ဆန်က တစ်ချက်ရပ်နားကာ ဆက်ပြောသည်။

“ငါတို့ရဲ့ အမှောင်တိုတမ်အဖွဲ့ကို ဝင်ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်။ မင်းကို ကမ္ဘာပေါ်မှာ အသန်မာဆုံးထဲက တစ်ယောက်လို့ မယူဆရင် မင်းကို ဝင်ဖို့ ဖိတ်မှာ မဟုတ်ဘူးနော် ...”

“ငါက ငြင်းမယ် ဆိုရင်ရော ...”

ချန်းဖန်က ပြုံးလျက် ပြန်မေးလိုက်သည်။

“ဟဟ ... အဲဒီလိုဆိုရင် မင်းအဆင်ပြေနေနိုင်ဖို့ ငါစိတ်ပူမိတယ် ...”

ဂျက်ဆန်က သူ၏ မျက်လုံးစိမ်းများကို ပင်တင့်ရင်း ဆက်ပြောသည်။

“ကုမ္ပဏီကြီးတွေက မင်းနဲ့ သဘောတူထားတဲ့ အတိုင်း လုပ်မယ်လို့ မင်း‌ထင်နေလား။ သူတို့က ရလာမဲ့ အကျိုးအမြတ်ကို အခြားလူတွေနဲ့ ခွဲဝေချင်မယ်လို့ မင်းထင်နေတာလား ...”

“ကောင်းကင်ရေမျိုးက ချီစွမ်းအင် ထူထပ်‌တဲ့ နေရာမျိုးမှာပဲ ထုတ်လုပ်နိုင်တာ။ နောက်ပြီးတော့ ကောင်းကင်ရေက သေမျိုးတွေအတွက် ဘာမှ အကျိုးမရှိဘူး။ အဲဒါကိုသာ အကျိုးရှိရှိ အသုံးပြုမယ် ဆိုရင် စွမ်းအားကြီးတဲ့ လူတွေ ထပ်ပြီး ပေါ်ထွက်လာနိုင်တယ် ...”

“ဂျက်ဆန် ... မင်းဘာတွေ ပြောနေတာလဲ ...”

ဟန်တုန်းယု၏ ပုံစံမှာ ဘာမှ နားမလည်နိုင်သည့် အူကြောင်ကြား တစ်ယောက်လိုပင်။

“မင်းက သူ့ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ဖို့လာတာ မဟုတ်ဘူးလား။ ယုန်ကို အသက်သွင်းတာ၊ သေနေတဲ့ အပင်ကို ရှင်စေတာ အဲဒီဟာတွေက မျက်လှည့်ပြကွက် တစ်ခုဆိုတာ ဖော်ထုတ်မလို့ မဟုတ်ဘူးလား ...”

“အလိမ်အညာလား ...”

ဂျက်ဆန်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာ စားပွဲပေါ်မှ အလှဆင်ထားသည့် နှင်းဆီပွင့်ဆီသို့ တိုးဝင်သွားသည်။ ထိုနှင်းဆီပန်းမှာ တစ်ပတ်ခန့် ကြာနေပြီ ဖြစ်သောကြောင့် ပွင့်ဖတ်များမှာ ကြွေလွင့်နေပြီ ဖြစ်ပြီး အရိုးတံပင် ညှိုးခြောက်နေပြီ ဖြစ်သည်။ သို့သော်လည်း အစိမ်းရောင် အလင်းတန်းနှင့် ထိတွေ့သည်နှင့် သစ်ရွက်များ ပြန်လည် ပေါ်ထွက်လာကာ အပွင့်မှာလည်း တဖြည်းဖြည်း ဖူးငုံလာပြီး နောက်တစ်ကြိမ် လန်းဆန်းစွာ ပြန်လည် ပွင့်ဝေ လာတော့သည်။

“ဒါ ... ဒါက ...”

ဟန်တုန်းယုနှင့် စုကျောင်းတို့ နှစ်ယောက်လုံးမှာ ထိုမြင်ကွင်းကြောင့် ‌ကြက်သေသေ နေကြတော့သည်။

“ဒါက သာမန် မဟုတ်တဲ့ လူတွေရဲ့ စွမ်းအားပဲလေ ...”

ဂျက်ဆန်က သူ၏ လက်ကို ပြန်လည် ရုပ်သိမ်းရင်း မာနကြီးစွာ ပြောသည်။

“ငါ့လို သာမန်မဟုတ်တဲ့ လူတိုင်းက သေမျိုးတွေ နားမလည်နိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ကြတယ်။ ငါတို့က ကမ္ဘာကြီးရဲ့ ဘုရားသခင်တွေပဲ။ ချန်းပေ့ရွှမ်း ... မင်း အဲဒီ ကောင်းကင်ရေကို တွေ့တဲ့နေရာ ငါတို့ကို ပြောပြစမ်း။ အဲဒီလို ဆိုရင် မင်းကို ငါ့လို သာမန်မဟုတ်တဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်ပေးမယ် ...”

“တစ်နေ့ကျရင် မင်း ငါနဲ့ ငါတို့အဖွဲ့က လူတွေလိုမျိုး အစွမ်းထက် လာလိမ့်မယ်။ ငါတို့က လျှပ်စီးတွေကိုတောင် ထိန်းချုပ်နိုင်ပြီး ပင်လယ်ကိုတောင် ဇောက်ထိုး လုပ်ပြနိုင်တယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်သား တွေတောင် ငါတို့ကို ကြောက်ရတယ်။ ကောင်းကင်ရေရဲ့ အကူအညီနဲ့ဆိုရင် ငါတို့က ကမ္ဘာပေါ်မှာ အသန်မာဆုံး အဖွဲ့ကို ဖွဲ့နိုင်လိမ့်မယ်။ မင်းသာ ငါတို့နဲ့ ပူးပေါင်းရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး ...”

ဂျက်ဆန်က ချန်းဖန်ကို အေးဆေးစွာ ရှင်းပြနေခဲ့သည်။

“မင်းပြောချင်တာက ကောင်းကင်ရေကို မသုံးရင် မင်းပြောတဲ့ သာမန် မဟုတ်တဲ့လူ မဖြစ်လာနိုင်ဘူးပေါ့ ...”

ချန်းဖန်က အေးဆေးစွာ မေးသည်။

“အဲဒါမရှိရင်တော့ ... နည်းနည်းတော့ ခက်မှာပေါ့။ လုံလောက်တဲ့ ပါရမီတွေရှိတဲ့ လူတစ်ယောက် ဆိုရင်တော့ ဖြစ်နိုင်ပါတယ် ...”

“ကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ လူတွေက သူတို့ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေနဲ့ စွမ်းအားတွေ ရဖို့ ကျင့်ကြံကြတယ်။ ဒါပေမဲ့ ငါတို့ အဆင့်ကို ရောက်ဖို့ဆိုရင်တော့ လုံးဝပဲ ...”

“ဒါပေမဲ့ အဲဒီ နည်းလမ်းတွေက ပိုပြီး သန့်ရှင်းတယ် ...”

ချန်းဖန်က လူငယ်စကားကို ဖြတ်ကာ ပြောလိုက်သည်။

“မင်း ဆိုလိုချင်တာက ...”

ဂျက်ဆန်က မေးသည်။

“မင်းတို့ရဲ့ အရည်အချင်းက မဆိုးပါဘူး။ ဝိညာဉ်ခန္ဓာတောင် ရအောင် ကျင့်ကြံနိုင်ခဲ့တာပဲ။ ဒါပေမဲ့ တကယ့် ဝိညာဉ်ခန္ဓာနဲ့ ယှဉ်ရင်တော့ အပုံတစ်ထောင်ပုံ၊ တစ်ပုံတောင် အစွမ်းမထက်ဘူး။ ပျက်စီးလွယ်တဲ့ ဝိညာဉ်ခန္ဓာလေးပဲ ...”

ဂျက်ဆန်ခေါ်သည့် သာမန်မဟုတ်သော လူပေါင်းများစွာကို ချန်းဖန် တွေ့မြင်ခဲ့ဖူးသည်။ ဂျက်ဆန် ပြသခဲ့သော ဝိညာဉ်ခန္ဓာမှာ အဆင့်အနိမ့်ဆုံး ဗားရှင်းတစ်ခု ဟုပင်ဆိုနိုင်သည်။

ထိုခန္ဓာပိုင်ရှင်များမှာ မီး၊ ရေ၊ လေ၊ မြေကြီး၊ လျှပ်စီး စသည်များကို ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း မြင့်မားသည့် ကျင့်ကြံခြင်း အဆင့်ကို ရောက်မှသာ စစ်မှန်သော ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

ထိုသို့သော ကျင့်ကြံသူများကို ဂြိုလ်ကမ္ဘာပေါင်း များစွာတွင် ကွဲပြားခြားနားသော နာမည်ပေါင်း များစွာဖြင့် ခေါ်ဆိုကြသည်။ ဝိညာဉ်ဆင့်ခေါ်သူ၊ ဝိညာဉ်ကျင့်ကြံသူ၊ ဘုရားလက်ဆောင် မည်သို့ပင် ခေါ်စေကာမူ ထိုအရာများမှာ ဝိညာဉ်ခန္ဓာကိုယ်မှ ဆင်းသက်လာခြင်းပင် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်၏ အမြင်တွင်မူ ထိုကျင့်ကြံသူ လူတန်းစားမှာ အနည်းငယ်သာ အစွမ်းထက်သည်။

***

All Chapters