← Chapters

အစစ်အမှန် စွမ်းအားဆိုတာ

Vol. 3 Ch. 237

အစစ်အမှန် စွမ်းအားဆိုတာ

Vol. 3 Ch. 237

ဂျက်ဆန်မှာ သစ်သားဒြပ်စင် ဝိညာဉ်ခန္ဓာပိုင်ရှင် တစ်ယောက် ဖြစ်ကြောင်း သူပြသခဲ့သော စွမ်းရည်က သက်သေခံ နေခဲ့သည်။ သို့သော် ချန်းဖန်၏ အဇူရာ သက်ရှည်ခန္ဓာနှင့် နှိုင်းယှဉ်လျှင်မူ ကလေးကစားစရာ အဆင့်ပင် မရှိပေ။ ချန်းဖန်၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာ သူ့ထက် အဆပေါင်း ရာထောင်ချီ၍ အစွမ်းထက်သည်။ ဓမ္မအစီအရင်များ မသုံးလျှင်ပင် ချန်းဖန်၏ အဇူရာသက်ရှည် ခန္ဓာကိုယ်မှာ မသေမျိုးခန္ဓာများ ကဲ့သို့ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ဝိညာဉ်ခန္ဓာမှာ ယခုမှ အစပျိုး အောင်မြင်ခြင်း အဆင့်သာ ရှိနေသေးသည်။

“မစ္စတာချန်း ... သိုင်းပညာရှင်တွေနဲ့ တာအိုရရှိခြင်း အဆင့် ကျင့်ကြံ သူတွေတောင် အဲဒီလို စွမ်းအားတွေ ရရှိဖို့ အစွမ်းထက်တဲ့ ဆရာသခင်၊ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရယူပြီး လေ့ကျင့်ရတယ်။ ငါတို့လို လူမျိုးတွေ ကတော့ စွမ်းအားတွေကို သဘာဝ အတိုင်း ရရှိနိုင်ကြတယ်။ ငါတို့အလုပ်က စွမ်းအားတွေ ရလာဖို့ ထိုင်စောင့်နေရုံပဲ ...” ဂျက်ဆန်က ယုံကြည်ချက်ရှိသော လေသံဖြင့် ရှင်းပြနေခဲ့သည်။

“ဥပမာ ... ငါဆိုရင် ငါ့ရဲ့ သာမန်မဟုတ်တဲ့ စွမ်းအားတွေကို သုံးပြီး ဆဲလ်တွေရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တယ်။ ခုအချိန်မှာ ငါက ဘုရင်တစ်ပါးလို နေနိုင်တဲ့အပြင် ကြိုက်တဲ့ မိန်းကလေးကိုလည်း ခေါင်းခေါက် ရွေးလို့ ရတယ် ...” ဂျက်ဆန်က တစ်ချက် ရပ်နားကာ ဆက်ပြောလိုက် ပြန်သည်။

“ငါက အဆက်သုံးဆယ်ပဲ ရှိသေးပေမဲ့ အဆင့်‌ A အထိ ရောက်နေခဲ့ပြီ။ အဲဒါက အတွင်းအား ထိပ်သီးအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ အဆင့်တူရှိတယ်။ မင်းတို့ နိုင်ငံမှာ ငါ့လိုငယ်ငယ်နဲ့ အောင်မြင်မှု ရတဲ့သူ လက်တစ်ဆုပ်စာတောင် မရှိဘူး မလား ...”

ချန်းဖန်က အေးဆေးစွာ ‌နားထောင်နေပြီး ဂျက်ဆန်နှင့် ငြင်းခုန်ခြင်း မပြုခဲ့ပေ။

ဂျက်ဆန်ကား အသက်သုံးဆယ် အရွယ်နှင့်ပင် အတွင်းအား ထိပ်သီးအဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားများ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအရာကား တရုတ်နိုင်ငံတွင်ပင် အလွန်ရှား‌ပါးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သူမာနကြီးသည်မှာ ဖြစ်သင့်သည်။

သို့သော်လည်း ဂျက်ဆန် မသိခဲ့သည့် အရာမှာ ချန်းဖန်မှာ သာမန်လူ တစ်ယောက် မဟုတ်ခြင်းပင်။ အဇူရာ သက်ရှည်ခန္ဓာ ပိုင်ဆိုင်ထားသော ချန်းဖန်မှာ ဂျက်ဆန်ထက် အဆပေါင်း ထရီလျံအထိ ပို၍ အစွမ်းထက်သည်။  လွန်ခဲ့သော ဘဝတွင် ချန်းဖန်ကို အနိုင်ရခဲ့သူ တစ်ယောက်မျှပင် မရှိခဲ့ချေ။

ကျင့်ကြံခြင်း ခရီးလမ်းမှာ အမြဲတမ်း အခက်အခဲများ၊ ကြမ်းတမ်းမှုများ၊ ဆင့်ကဲ ပြောင်းလဲမှုများဖြင့် ပြည့်နှက် နေသည်။

ဂျက်ဆန်‌တို့ လိုက်စားသော လမ်းကား ကျင့်ကြံခြင်း လမ်းစဉ်ကို သစ္စာဖောက်သည့်လမ်း ဖြစ်သည်။ အဆုံးစွန်သော ကြိုးစား အားထုတ်မှု မရှိဘဲ တာအိုကို ရရှိရန် မဖြစ်နိုင်ပေ။ ကျင့်ကြံခြင်း လမ်းစဉ်ကို ပိုမို ရှည်လျားစွာ လျောက်လှမ်းရန် မဖြစ်နိုင်ပေ။ သစ္စာဖောက်သော လမ်းကြောင်းကို ဖြတ်သန်းပြီး အင်မော်တယ် ဉာဏ်အလင်း ရရှိခဲ့သူ တစ်ယောက်မျှပင် မရှိခဲ့ချေ။

“မစ္စတာ ဂျက်ဆန် ...” စုကျောင်းက မယုံကြည်နိုင်သော ပုံစံဖြင့် ဂျက်ဆန်ကို ကြည့်သည်။

ဂျက်ဆန် ကဲ့သို့သော နိုဗယ်ဆုရှင်တစ်ဦး အနေဖြင့် ယခုမြင်တွေ့ နေရသောသူမျိုး ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

“မင်းရဲ့ အစေခံ မိန်းကလေးက အမှန်တရားကို လက်ခံဖို့ ခက်ခဲနေပုံပဲ ...” ဂျက်ဆန်က ပြုံးကာ ပြောသည်။ ဂျက်ဆန်မှာ အခြားသိုင်းပညာရှင်များ၊ တာအိုရရှိခြင်း အဆင့်ကျင့်ကြံ သူများထက် ပိုမို မြင့်မြတ်သည်ဟု သူ့ကိုယ်သူ ခံယူထားခဲ့သည်။ သူကား ကမ္ဘာပေါ်ရှိ အရာအားလုံး၏ အထက်တွင် ရှိကာ သူ၏ တည်ရှိမှုက သီးခြားဆန်သည်။

“ချန်းပေ့ရွှမ်း ... ငါကတော့ ငါပြောစရာ ရှိတာ ပြောပြီးပြီ ... ခုက မင်းပြောရမဲ့ အလှည့်ပဲ ...”

ဂျက်ဆန်က ချန်းဖန်ကို စူးစိုက် ကြည့်ရင်း ပြောလိုက်သည်။

“ငါက ငြင်းမယ် ဆိုရင်ရော ...” ချန်းဖန်က တည်ငြိမ်စွာ မေးလိုက်သည်။

“ဟီးဟီး ... မင်းက သာမန် မဟုတ်တဲ့ သူတွေရဲ့ စွမ်းအားကို မပြည့်အဝ မလေးစားသေးဘူး ထင်တယ် ...”

ဂျက်ဆန်၏ မျက်နှာတွင် အပြုံးတစ်စ ပေါ်လာကာ ကြမ်းပြင်ကို ခြေတစ်ချက် စောင့်ချလိုက်သည်။ ရုတ်တရက် အခန်း၏ ပြတင်းပေါက်မှန်များ ကွဲထွက်သွားကာ အပြင်ဘက်ရှိ ဂျင်ကို သစ်ပင်အိုကြီးမှ အကိုင်းအခက်များက ထွက်ပေါက်များကို ပိတ်ဆို့ လိုက်သည်။

ထို့နောက် အိတ်ထဲမှ အစေ့များကို ထုတ်ယူပြီး စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းလိုက်သည်။ အစိမ်းရောင် စပျစ်နွယ်ပင်များက ကြမ်းပြင် တစ်လျှောက် ခဏအတွင်းပင် ကြီးထွားလာကာ သူတို့ကို ဝါးမျိုဟန် ပြင်သည်။ ထိုနွယ်ပင်များမှာ ဓားများကဲ့သို့ ချွန်ထက်နေပြီး လူသား ခန္ဓာကိုယ်ကို လွယ်ကူစွာ ဖြတ်သန်းနိုင်သည့် ပုံရှိသည်။

“အ ...” စုကျောင်းကား ထိုအဖြစ်အပျက် များကြောင့် အလွန် ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ အေးခဲနေသည့် အတိုင်း လှုပ်ရှားမှု တစ်ခုပင် မပြုရဲချေ။

ဟန်တုန်းယုမှာလည်း အလွန် ကြောက်ရွံ့နေခဲ့ပြီး နံရံထောင့် တစ်ခုသို့‌ နောက်ဆုတ်ကာ တိုးကပ် နေသည်။ ထိုမြင်ကွင်းမှာ ရုပ်ရှင်များထဲတွင်သာ တွေ့မြင်ဖူးသော အရာဖြစ်သည်။ ဂျက်ဆန်၏ အသွင်သဏ္ဌာန်ကား သစ်ပင်များကို ထိန်းချုပ်နိုင်သည့် မွန်းစတား တစ်ကောင် အလားပင်။

သူ၏ အမိန့်အောက်တွင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သော သစ်ပင်များက မိစ္ဆာများအဖြစ် ပြောင်းသွားကာ သူ့အလိုကျ လှုပ်ရှားရသည်။

“ငါက အမှောင်တိုတမ်ဂိုဏ်းက သစ်ပင်မိစ္ဆာပဲ။ ခင်ဗျားကို တွေ့ရတာ တကယ်ပဲ ဝမ်းသာမိပါတယ် မစ္စတာချန်းပေ့ရွှမ်း ...” ဂျက်ဆန်က ယဉ်ကျေးသည့် အင်္ဂလိပ် လူကြီးလူကောင်း တစ်ယောက်ပုံစံဖြင့် ချန်းဖန်ကို နောက်တစ်ကြိမ် မိတ်ဆက်လိုက်သည်။

“မင်းက တာအိုရရှိခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ထက်တော့ ပိုပြီး အစွမ်းထက်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ စွမ်းအားတွေက မသန့်စင်ဘူး ...” ချန်းဖန်က ခေါင်းကို ခါရမ်းရင်း ပြောသည်။

“ကမ္ဘာပေါ်မှာရဲ့ နန်ထင်းတို့၊ လဲ့ချန်းကျွယ်တို့လို အစွမ်းထက်တဲ့ လူတွေ အများကြီး ရှိတယ်။ သာမန်မဟုတ်တဲ့ ငါတို့လို လူမျိုးတွေ ထဲမှာလည်း သူတို့နဲ့ ယှဉ်တိုက်ခိုက်နိုင်တဲ့ လူတွေ ရှိတယ်။ ဒါပေမဲ့ ခြားနားချက်က ... သိုင်းပညာရှင်တွေ၊ ကျင့်ကြံသူတွေက အဲဒီလို စွမ်းအားတွေ ရလာဖို့ အသေအလဲ လေ့ကျင့်ကြရတယ်။ ငါတို့ကတော့ သိပ်အား မစိုက်ရဘဲနဲ့ အဲဒီလို အဆင့်ကို ရောက်နိုင်တယ် ...”

“ချန်းပေ့ရွှမ်း ... ဒါက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ။ မင်းသာ ငါတို့နဲ့ မပူပေါင်းရင် အရင်ဆုံး မင်းရဲ့ လက်ထောက်ကို သတ်မယ်။ နောက်ပြီး ကောင်းကင်ရေရှိတဲ့ နေရာကို မပြောမချင်း မင်းကို နှိပ်စက်မယ် ...”

ဂျက်ဆန် ပြောပြီးသည်နှင့် နွယ်ပင်များက စုကျောင်းထံ ဖြည်းဖြည်းချင်း တိုးဝင် လာတော့သည်။

“မလာနဲ့ ...” စုကျောင်းမှာ ကြောက်ရွံ့မှုကြောင့် တုန်နေခဲ့ပြီ ဖြစ်သည်။ ထိုနွယ်ပင်များမှာ စတီးထက်ပင် ပိုမို မာကျောပုံရပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အပိုင်းပိုင်း ဖြတ်ရန် ခြိမ်းခြောက် နေခဲ့သည်။ ထိုကဲ့သို့သော ပုံစံမျိုးဖြင့် သူမ မသေလိုခဲ့ပေ။

“ဟန်တုန်းယု ... ပါမောက္ခချန်း ... ကျွန်မကို ကယ်ပါဦး ...”

မိန်းကလေးကား သွေးရူးသွေးတန်း အော်ဟစ် နေခဲ့သည်။ ဟန်တုန်းယုမှာ သူမကို ကယ်ရန် မဆိုထားနှင့်၊ သူကိုယ်တိုင်ပင် ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်နေခဲ့သည်။

စုကျောင်းက ချန်းဖန်ထံ အကူအညီ ကင်းမဲ့သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ချန်းဖန်ကမူ ဆိုဖာပေါ်တွင် တည်ငြိမ်စွာ ထိုင်လျက်ပင် ရှိနေသေးသည်။

“ပါမောက္ခချန်း ...”

စုကျောင်း မျက်ရည်တောင် ကြည်လယ်နှင့် ချန်းဖန်ကို ခေါ်လိုက်သည်။ သူ၏ အသက်မှာ ချန်းဖန်ပေါ်တွင် မူ‌တည်နေသည် မဟုတ်ပါလား …။

“ချန်းပေ့ရွှမ်း ... မင်းငါ့ကို အဖြေမပေးရင် မင်းလက်ထောက်ကို သတ်လိုက်တော့မယ် ...”

ဂျက်ဆန်က ရက်စက်သည့် အပြုံးဖြင့် ချန်းဖန်ကို ပြောလိုက်သည်။ သူကား သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိသည်။ သစ်ပင်မိစ္ဆာ ဟူသော အမည်မှာ ရာဇဝတ်သားများပင် ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသော အမည်ဖြစ်သည်။

“ဟင်း ...”

ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။

“မင်းက ရဲ့နန်ထင်းနဲ့ လဲ့ချန်းကျွယ် တို့ကိုတော့ သိပြီး ငါ့ကို မသိဘူးလား ...”

“မင်း ...” ဂျက်ဆန်က တစ်ချက် စဉ်းစားဟန်ပြုသည်။

“မင်းက ငါ့နာမည်ကိုသာ ခဏခဏ ခေါ်နေပြီး ငါဘယ်သူလဲ ဆိုတာတော့ မတွေးမိဘူးပေါ့လေ ...”

“မင်းက ဘယ်သူလဲ ... မင်းက ကျင်းတက္ကသိုလ်ရဲ့ ချန်းပေ့ရွှမ်း မလား ...” ဂျက်ဆန်က ပြုံးလျက်ပင် ပြန်မေးလိုက်သည်။ သို့သော် ထိုအပြုံးကား တစ်စက္ကန့်ပင် မခံချေ။ ကြောက်ရွံ့မှုနှင့် အံ့ဩမှုများက သူ့မျက်နှာတွင် အစားထိုး ဝင်ရောက် လာခဲ့တော့သည်။

“မင်း ... မင်းက ချန်းပေ့ရွှမ်း ... တရုတ်ပြည်ရဲ့ ချန်းပေ့ရွှမ်းလား ...”

သူ၏ အသံများကား ခြောက်ခြားမှုဖြင့် တုန်ခါ နေခဲ့တော့သည်။

ဂျက်ဆန် ထို ချန်းပေ့ရွှမ်း ဆိုသော နာမည်ကို လွန်ခဲ့သည့် လအနည်းငယ်ကပင် ကြားဖူးခဲ့သည်။ ထိုမကောင်းဆိုးဝါးကား လဲ့ချန်းကျွယ်ကို သတ်ခဲ့သည့်အပြင် ‌လုပ်ကြံသူပေါင်း များစွာကိုလည်း သတ်ဖြတ်ခဲ့သည်။ ထိုလုပ်ကြံ သူများထဲတွင် လုပ်ကြံခြင်း လောက၏ ဘုရင် အနက်ရောင်မြွေ ကဲ့သို့သော လူများပင် ပါဝင်ခဲ့သည်။

“မင်း ... မင်းက  ... တကယ်ပဲ ချန်းပေ့ရွှမ်းပဲပေါ့ ... မင်းမှာ ဘာကြောင့် ယွင်ဝူရေ ပိုင်ဆိုင်ထားတာလဲ ...”

ဂျက်ဆန်၏ မောက်မာသော အပြုအမူများကား လွင့်ပျောက် သွားပြီ ဖြစ်၏။ သူ၏ နှလုံးသားတွင်မူ ကြောက်ရွံ့မှုများက အစားနေရာ ယူနေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုးထံမှ လွတ်မြောက်နိုင်ရန် သူ့အတွက် အခွင့်အရေး မရှိချေ။

“ရှဲ ... ရှဲ ... ရှဲ ...” စပျစ်နွယ်ပင်များက ချန်းဖန်ထံ စတီးကြာပွတ်များ ကဲ့သို့ တိုးဝင် သွားသည်။ စုကျောင်း၏ အံ့အားသင့် နေသော အကြည့်များ အောက်တွင်ပင် ချန်းဖန်က အေးဆေးစွာ မတ်တတ် ရပ်လိုက်သည်။ အရှိန်ပြင်းစွာ ‌ပြေးဝင်လာသော စတီးနွယ်ပင်များကား ချန်းဖန်ကို မည်သို့မျှ ပြုလုပ်နိုင်ပုံ မရချေ။

“သွားစမ်း ...”

ဂျက်ဆန် နွယ်ပင်များကို ကြီးမားသည့် တူကြီးတစ်ခု အသွင်ပြောင်းလဲကာ ချန်းဖန်ကို ရိုက်ချသည်။ ထိုသို့ ပြင်းထန်သော တိုက်ခိုက်မှုကို ချန်းဖန်က လက်ညှိုး တစ်ချောင်းကို ဆန့်ထုတ်လျက် တားဆီးသည်။ ထိုတိုက်ခိုက်မှုကား ချန်းဖန်၏ လက်တစ်ချောင်းကိုပင် ကျော်ဖြတ်နိုင်ခြင်း မရှိချေ။

“သူ့ရဲ့ စွမ်းအားက မယုံနိုင်စရာဘဲ။ သူက ငါတို့အဖွဲ့ထဲက အစွမ်းအထက်ဆုံး လူတွေထက်တောင် ပိုသန်မာပါလား ...”

ဂျက်ဆန်ကား လုံးဝ ရူးသွပ်နေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်ကမူ အေးဆေးစွာနှင့်ပင် သူ့ထံသို့ လျှောက်လာခဲ့သည်။

“ချန်းပေ့ရွှမ်း ... ငါက အမှောင်တိုတမ် အဖွဲ့ရဲ့ မန်နေဂျာပဲ။ မင်း ငါ့ကို သတ်ရင် အမှောင်တိုတမ် အဖွဲ့က လက်စားချေမှာ မကြောက်ဘူးလား။ ငါတို့ ခေါင်းဆောင်က အရမ်း အစွမ်းထက်တဲ့ သခင်ကြီးပဲ။ ငါတို့အဖွဲ့မှာ အဆင့် A ပညာရှင်တွေ အများကြီး ရှိတယ်နော် ...” ဂျက်ဆန်က သွေးရူးသွေးတန်း အော်ဟစ်နေသည်။

“အိုး ... တကယ်ကြီးလား။ အဲဒီလိုဆိုလည်း သူတို့ကို ငါသတ်ပေးရမှာပေါ့ ...”

ချန်းဖန်က တည်ငြိမ်စွာ ပြောရင်းပင် သူ့ထံသို့ တိုးလာခဲ့သည်။

ယခု ချန်းဖန်နှင့် ဂျက်ဆန်မှာ ခြေဆယ်လှမ်းမျှသာ ကွာဝေးတော့သည်။ ထိုအကွာအဝေးမှာ အထွတ်အထိပ် ပညာရှင်အဆင့် တစ်ယောက် အနေဖြင့် သတ်ဖြတ်ရန် လုံလောက်သော အကွာအဝေးပင်။

“ရပ်စမ်း ... မင်း ထပ်တိုးလာရင် မင်းရဲ့ လက်ထောက်ကို သတ်မှာနော် ...”

ဂျက်ဆန်၏ မျက်လုံးများကား နီရဲနေခဲ့ပြီ ဖြစ်၏။

ချန်းဖန်က သူ့ကို သေလူတစ်ယောက် ကဲ့သို့ ကြည့်ရင်း ရပ်လိုက်သည်။

ဂျက်ဆန် စိတ်သက်သာရာ ရဟန်ဖြင့် တစ်ချက် သက်ပြင်းချ လိုက်ကာ တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။

သို့သော် သူမပြောရသေးခင်မှာပင် ချန်းဖန်၏ ကိုယ်မှ အဇူရာ အလင်းတစ်ခု ပေါ်ထွက်သွားပြီး စုကျောင်းထံ ဝန်းရံနေသော နွယ်ပင်များကို ဖြတ်တောက်သည်။

“မင်း ...”

ဂျက်ဆန် စကားပင် မစရသေးချေ။ ချန်းဖန်ထံမှ အစိမ်းရောင် အလင်းတန်း တစ်ခု နောက်တစ်ကြိမ် ပြေးထွက်လာပြီး ဂျက်ဆန်ကို ဖြတ်တောက် လိုက်ပြန်သည်။

ဘန်း ...

ပြိုလဲကျသံ အဆုံးတွင် အရာအားလုံး တိတ်ဆိတ်သွားသည်။

သစ်ပင်မိစ္ဆာ သို့မဟုတ် မစ္စတာဂျက်ဆန်ကား သေဆုံးသွားပြီ ဖြစ်သည်။

ထိုအရာကား အစစ်အမှန် စွမ်းအားပင် ဖြစ်တော့၏။

***

All Chapters