မှားခဲ့သောအရာများ
Vol. 3 Ch. 241
“ဘာ ...”
ချန်းဖန်၏ မျက်နှာက မည်းမှောင်သွားသည်။ ဒေါသတရားက သူ့စိတ်နှလုံးမှ ပျံ့နှံ့လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကိုပါ တုန်ခါစေသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ အပူချိန် မြင့်တက် လာခဲ့ပြီး အနားတွင် ရှိသော သစ်ပင်မှ သစ်ရွက်များပင် တဖြုတ်ဖြုတ် ကြွေကျ လာကြသည်။ ချန်းဖန် ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို သတိမထားမိချေ။ သူပြန်လည် မွေးဖွား လာပြီး ကတည်းက ယခုကဲ့သို့ ဒေါသ မထွက်ဖူးခဲ့ပေ။ ယခင်ဘဝက အဖြစ်အပျက်များက သူ့ခေါင်းအတွင်းသို့ အစီအရီ ဝင်ရောက် လာသည်။ သူ၏ ဖခင်မှာ ထိုအဖြစ်အပျက်ကြောင့် ညတွင်းချင်းပင် ဆံပင်များ ဖြူသွားခဲ့ရသည်။
ဝမ်ရှောက်ယွင်မှာ သူတို့မိသားစု၏ ကျောရိုး ဖြစ်သည်။ အရင်ဘဝ၌ သူမ၏ သေဆုံးမှုက ချန်းကောရှင်း၊ ချန်းဖန်နှင့် အန်ရာတို့ကို ဘဝပျက်သည်အထိ ဖြစ်သွားစေခဲ့သည်။
ချန်းဖန် သူ၏ ဒေါသများကို တည်ငြိမ်အောင် ထိန်းရင်း တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
“အမေ ဘယ်လိုနေလဲ ...”
ချန်းဖန် မေးခွန်းကို မေးနေစဉ်မှာပင် သူ၏ နတ်ဘုရား စိတ်အာရုံက ကျောက်စိမ်း အဆောင်များထံ ပို့လွှတ်လိုက်သည်။ ကျောက်စိမ်း အဆောင်များကို အန်းရာ၊ ဝမ်ရှောက်ယွင်၊ ချန်းကောရှင်းနှင့် ဖန့်ချုံးတို့ကို တစ်ခုစီ ပေးထားခဲ့သည်။ ထိုအဆောင်များမှာ ထိခိုက်မှုများကို ကာကွယ် ပေးနိုင်သလို ချန်းဖန် အနေဖြင့်လည်း အချိန်မရွေး အာရုံခံနိုင်သည်။
“ကောင်းတယ်။ နင်ပေးတဲ့ အဆောင်လေးက အလုပ်လုပ်တာ ဖြစ်ရမယ်။ ငါတို့ စီးလာတဲ့ ကားကို ကျောက်စရစ်တွေ အပြည့်တင်လာတဲ့ ကားတစ်စီးက ဝင်တိုက်ခဲ့တာ။ အမေရော ငါရော ကြီးကြီးမားမား ထိခိုက်မှု မရှိဘူး။ အစ်မကတော့ ခုထိ ရှော့ခ်ရနေတုန်းပဲ။ နင်ပေးထားတဲ့ အဆောင်လေး ကတော့ ပျက်စီးသွားပြီ ...” အန်းရာက ပြန်ဖြေလိုက်သည်။
ချန်းဖန် အန်းရာနှင့် ဝမ်ရှောက်ယွင်တို့ ရှိရာနေရာသို့ လျင်မြန်စွာ အာရုံခံ လိုက်သည်။ အန်းရာ၏ အခြေအနေမှာ အတော်လေး ပြန်လည် တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။
ချန်းဖန် မတော်တဆ ဖြစ်သည့် အခြေအနေကို သေချာစွာ စစ်ဆေးလိုက်သည်။ ကျောက်စရစ်များ အပြည့်တင် လာသည့် ထရပ်ကား တစ်စီးက ဝမ်ရှောက်ယွင်၏ မာစီဒီး ဘန့် S 600 ကားကို နောက်မှ ဝင်တိုက်ခဲ့ပုံ ရသည်။ ကား၏ နောက်ခန်း ထိုင်ခံများမှာ လုံးဝ ပိပြား သွားခဲ့ပြီး ထိုနေရာတွင် ထိုင်နေသည့် မည်သူမဆို သေဆုံးရမည့် အခြေအနေ ဖြစ်သည်။ သို့သော် ကံကောင်းစွာပင် ဝမ်ရှောက်ယွင်၌ ကြီးကြီးမားမား မထိခိုက်ခဲ့ပေ။ ချန်းဖန် ပေးခဲ့သော အဆောင်လေးမှာမူ အင်အား တစ်ခုခု၏ အတင်းအကျပ် ဖိနှိပ်ခြင်း ခံရသည့် ပုံစံမျိုးဖြင့် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
“တော်လေးတာပေါ့။ အမေနဲ့ အစ်မ ဘေးကင်းလို့ ...”
ချန်းဖန်က အန်းရာကို နှစ်သိမ့်ရန် ကြိုးစား နေခဲ့သည့်တိုင် သူ့မျက်လုံးထဲတွင် အေးစက်မှု တစ်ခုက နေရာယူ နေခဲ့သည်။ ထိုအရာကား ကျိန်းသေ မတော်တဆမှု တစ်ခု မဟုတ်ချေ။ အရင်ဘဝတွင်လည်း ချန်းဖန်၏ မိခင်မှာ ထိုသို့သော ပုံစံမျိုးဖြင့် သေဆုံးခဲ့ရသည်။
ထိုစဉ်က ထရပ်ကားမောင်း သူမှာ အရက်အလွန်အကျွံ သောက်ထားသော ကြောင့်ဟု ထွက်ဆိုခဲ့သည်။ ထို့အပြင် အခြားအင်အားကြီး အဖွဲ့တစ်ခု၏ ဝင်ရောက် စွက်ဖက်မှုကြောင့် အမှုမှာ မည်သို့မျှ မထူးခြားဘဲ ပြီးဆုံးခဲ့ရသည်။
“ရှန်းမိသားစု ... ရှန်းချန်ဝမ်နဲ့ ရှန်းရုန်ဟွာ ...”
ချန်းဖန်၏ မျက်လုံးတွင် အဇူရာ မီးတောက် တစ်ခုက ဒေါသတကြီး တောက်လောင်လျက် ရှိနေခဲ့တော့သည်။
ယခုတစ်ကြိမ်ကား ချန်းဖန် ပထမဆုံး အမှားတစ်ခုကို လုပ်မိခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ရှန်းမိသားစုကို အထင်မသေးခဲ့သင့်ပေ။ ရှန်းမိသားစု အနေဖြင့် မြို့တော်ထဲမှ ချန်းမိသားစုကို မရှင်းထုတ်နိုင်သေးသ၍ လက်လျှော့လိမ့်မည် မဟုတ်ပေ။ ချန်းမိသားစု၏ အောင်မြင်မှုက လူသုံးယောက် အပေါ်တွင် အခြေခံ ထားသည်။ ထိုသုံးယောက်မှာ ချန်းကျန်းရှင်း၊ ဝမ်ရှောက်ယွင်နှင့် ချန်းဖန်တို့ပင်။ အကယ်၍ ထိုသုံးယောက်ကိုသာ ဖယ်ရှား ပစ်နိုင်ခဲ့လျှင် ချန်းမိသားစုမှာ အလိုအလျောက် ကျဆင်း သွားလိမ့်မည် ဖြစ်သည်။
“ဒီဘဝမှာ သေမျိုးတွေကို ငါ တစ်ခါမှ အလေးအနက် မထားခဲ့ဘူး။ သူတို့အားလုံးကို ပိုးကောင်လေးတွေလိုပဲ မှတ်ယူထားခဲ့တာ။ လဲ့ချန်းကျွယ်လို လူမျိုးတောင် ငါ့မျက်လုံးထဲမှာ ဘာမှ မဟုတ်ခဲ့ဘူး ...” ချန်းဖန် တွေးနေမိခဲ့သည်။
သို့သော် ယနေ့တွင် ရှန်းရုန်ဟွာက သူ့ကို သင်ခန်းစာ တစ်ခု ပေးခဲ့သည်။ ထိုအရာကား အင်းဆက် ပိုးကောင်ပင်လျှင် အထင်သေးမိပါက လူကို သေအောင် ကိုက်တတ်သည် ဟူ၍ပင်။
ရှန်းရုန်ဟွာ၏ ရက်စက်သော လုပ်ရပ်များက ကျန်းပေ့နယ်တွင် မည်သည့် နည်းလမ်းဖြင့် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာသည်ကို သိသာစေခဲ့သည်။
“အမအန်းနဲ့ အမေတို့က ခုတစ်ကြိမ်မှာ ကျောက်စိမ်း အဆောင်ကြောင့် မသေခဲ့ဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်ပြီး လုပ်ကြံမယ် ဆိုရင်ရော ...” ချန်းဖန် သူ၏ တွက်ချက်မှုများမှာ လွဲမှားနေကြောင်း သဘောပေါက် လိုက်မိသည်။
စီးပွားရေး ပြိုင်ဆိုင်မှုများကား အပေါ်ယံ ကစားပွဲများ မဟုတ်ချေ။ သေခြင်း၊ ရှင်ခြင်းများပင် ပါဝင် ပတ်သက်နေသည်။ ရှန်းရုန်ဟွာမှာ ထိုအရေးအခင်းကို အစီအစဉ် ဆွဲကာ စနစ်တကျ လုပ်ဆောင်ခဲ့ဟန် ရသည်။ သူကိုယ်တိုင်ကမူ ပြိုင်ဘက်အပေါ်အထင်သေးကာ လျှော့တွက်ခဲ့မိသည်။ အရေးအခင်း အတွင်းတွင်ပင် ညီလာခံသို့ သူတက်ရောက်ခဲ့သည်။
ဝမ်ရှောက်ယွင်မှာ ယခုတစ်ကြိမ်တွင် ထိခိုက်ခဲ့ခြင်း မရှိခဲ့သော်လည်း သူမကို အကြိမ်တိုင်း လိုက်၍ ကယ်တင်ရန် ချန်းဖန်အတွက် မဖြစ်နိုင်ပေ။ အကယ်၍ ရှန်းရုန်ဟွာသာ ကျောက်စိမ်း အဆောင်အကြောင်း စုံစမ်းသိရှိသွားခဲ့လျှင် ပိုမိုသေချာသော နည်းလမ်းများဖြင့် ပြင်ဆင် လာလိမ့်မည် ဖြစ်သည်။
“ငါချစ်ရတဲ့ သူတွေကို ကာကွယ်ဖို့ ငါ ပိုပြီး အစွမ်းထက်မှ ဖြစ်မယ်။ သူတို့ အားလုံးကို ငါသတ်ရမယ် ...” ချန်းဖန်၏ မျက်လုံးနှစ်ဖက်၌ အဇူရာ မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့ပြီး ကောင်းကင်ကိုပင် ပြာကျသွားဟန် ခြိမ်းခြောက်လျက် ရှိသည်။
“ငါသာ သူတို့ကို သတ်လိုက်ရင် လူတွေက ငါ့ကို ကြောက်လာလိမ့်မယ်။ နောက်ပြီး ငါမိသားစုနဲ့ ငါချစ်ရတဲ့ လူတွေကို တစ်ခုခု ကြံစည်ရဲတော့မှာ မဟုတ်ဘူး။ ခုအချိန်ကစပြီး ငါ့မိသားစုကို ထိရဲတဲ့ ဘယ်သူမဆို သေရမယ် ...”
ချန်းဖန် ထိုစကားလုံးများကို နှလုံးသားထဲမှ နက်ရှိုင်းစွာ ရေရွတ် လိုက်သည်။ မြောက်ပိုင်းကောင်းကင် အရှင်သခင်၏ ရက်စက်ခြင်း၊ ပြတ်သားခြင်းများကား ပြန်လည် မွေးဖွား လာခဲ့လေပြီ ဖြစ်၏။ ရုတ်တရက် ချန်းဖန် ပြုံးလိုက်ရင်း ...
“ရှန်းရုန်ဟွာက ငါ့ဆီကို အားနည်းတဲ့ ကောင်လေးတွေလည်း လွှတ်လိုက်တယ်ပေါ့ ...”
ချန်းဖန်၏ စကား ဆုံးသည်နှင့် သစ်ပင်တစ်ခု၏ နောက်မှ လူသုံးယောက် ထွက်ပေါ် လာခဲ့တော့သည်။
***
ထိုအချိန် ကျင်းမြို့တော်မြစ်၏ ကမ်းခြေ တစ်နေရာ၌ ...
ဗစ်တိုးရီးယားဟု ခေါ်သော စားသောက်ဆိုင်ကြီး တစ်ခုအတွင်းတွင် ရှေးဟောင်း ဖယောင်းတိုင်ကြီးများကို ထွန်းညှိ ထားခဲ့သည်။ များစွာသော ဝိတ်တာများ မှာလည်း စားသောက်သူများ အဆင်ပြေစေရန် အလုပ်ရှုပ် နေကြသည်။ ထိုဆိုင်ကား ကျင်းမြို့တော်၏ ဈေးအကြီးဆုံးသော ဆိုင်ကြီး ဖြစ်သည်။ ထိုစားသောက်ဆိုင်ကို အင်္ဂလန် တော်ဝင်မင်းသား တစ်ယောက် ပိုင်ဆိုင်ပြီး ဟင်းလျာတစ်ပွဲ၏ ဈေးပင်လျှင် ယွမ်တစ်သောင်းခန့် တန်ကြေး ရှိသည်။
ထိုစားသောက်ဆိုင်၏ သီးသန့်ခန်း တစ်ခုတွင်မူ ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ရှိနေကြသည်။
“အခြားလူတွေရော ...”
“ဒီနေ့တော့ ငါတို့ နှစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ် ...”
ထိုနှစ်ယောက်မှာ အခြားလူ မဟုတ်ချေ။ ရှန်းချန်ဝမ်နှင့် ဖန့်ချုံးတို့ပင် ဖြစ်၏။
“ငါက အစ်မရီဖေးနဲ့ အခြားလူတွေပါ ရှိလိမ့်မယ်လို့ ထင်နေတာ။ ဘာပြောမလို့လဲ။ ငါ့မှာ အချိန် သိပ်မရှိဘူး ...” ဖန့်ချုံးက ထိုင်နေရာမှ။ထကာ အေးစက်သည့် လေသံဖြင့် မေးလိုက်သည်။
“ရှောင်ချုံး ... ချန်းဖန် ပေါ်လာတည်းက ငါတို့ ပိုပိုပြီး ဝေးသွားတယ် ဆိုတာ နင် သတိထားမိရဲ့လား ...”
ရှန်းချန်ဝမ်က သက်ပြင်း တစ်ချက်ချရင်း သူမကို မေးလိုက်သည်။
“ငါ့ကို ရှောင်ချုံးလို့ မခေါ်ပါနဲ့ ... ငါ့မှာ နာမည်ရှိတယ်။ ငါ့ရဲ့ နာမည်ကိုပဲ ခေါ်ပါ ...”
ဖန့်ချုံးက ပြန်ပြောလိုက်သည်။
“နင်က ငါ့ရဲ့ သူငယ်ချင်းရော ဟုတ်သေးရဲ့လား။ နင်က အစ်မရီဖေးကိုတောင် လုပ်ကြံဖို့ လူတွေ လွှတ်ရဲသေးတာပဲ ...”
“ချန်းဖန် နင့်ကို ပြောပြတာလား ...” ရှန်းချန်ဝမ်က မဲ့ပြုံး ပြုံးကာ ဆက်ပြောသည်။
“သူက ဘယ်သူလဲ ဆိုတာ နင့်ကို မပြောပြသေးဘူးလား ...”
“နင် ဘာကို ပြောချင်တာလဲ ...” ဖန့်ချုံးက မေးသည်။
“သူ့အဖေက ချန်းဟွိုက်အန်းရဲ့ တတိယသား။ သူ့အမေက ချန်းအုပ်စုရဲ့ CEO ဖြစ်သလို ကျင်းရှို့အုပ်စုရဲ့ ပိုင်ရှင်ဆိုလည်း ဟုတ်တယ် ...”
“ကျင်းမြို့တော်ရဲ့ ချန်းမိသားစု ... ကျင်းရှို့အုပ်စု ...”
ဖန့်ချုံး အံ့ဩမှုကြောင့် နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသည်။ သူမ၏ ငယ်ချစ်ကောင်လေးတွင် ယခုကဲ့သို့ နောက်ခံ ရှိလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ချန်းဖန်မှာ အဘယ်ကြောင့် သာမန် မိသားစုမှ လူတစ်ယောက် ကဲ့သို့ ပြုမူနေသည်ကို သူမ စဉ်းစား မရခဲ့ချေ။
“နေပါဦး ... ချန်းမိသားစုက ရှန်းမိသားစုနဲ့ ပြဿနာတွေ ဖြစ်ပြီး အကျပ်အတည်းထဲကို ရောက်နေခဲ့တာ မလား။ ချန်းဖန် ခုရက်ပိုင်း အတွင်း ပျောက်နေတာ မထူးဆန်းဘူးပဲ ...”
ဖန့်ချုံး တွေးနေခဲ့မိသည်။
“ရှောင်ချုံး ... အရာရာကို နင်နားလည်ဖို့ ငါမျှော်လင့်ပါတယ် ...”
ဖန့်ချုံးက သူ့ကို အဖြေပြန်မပေးဘဲ အခန်းအပြင်သို့ ထွက်လာခဲ့သည်။
ရှန်းချန်ဝမ်၏ စကားကို သူမ နားလည်သည်။ ဤကဲ့သို့ စီးပွားရေး ပြိုင်ဆိုင်မှုများတွင် အမှန်၊ အမှား မရှိချေ။ မည်သို့ပင် ဖြစ်စေ သူမကမူ ချန်းဖန်ဘက် ကသာ ရပ်တည်လိမ့်မည် ဖြစ်သည်။
“ချန်းဝမ် ... သူမကို အားလုံး ပြောပြလိုက်တာလား ...” စွန်းဟီက အခန်းအတွင်း ဝင်လာကာ မေးလိုက်သည်။
“သူမက မကြာခင်မှာ အမှန်ကို မြင်မှာပါ။ ရှောင်ဖန်က တကယ် တော်တဲ့ မိန်းကလေးပဲလေ ... သူမ ငါ့ကို နားလည်နိုင်မှာပါ ...”
ရှန်းချန်ဝမ်က သက်ပြင်း တစ်ချက်ချကာ ပြောသည်။
“ချန်းဖန် ... မင်းသေပြီးရင် ရှောင်ချုံးက ငါ့အတွက်ပဲ။ မင်းပေါ်မလာခင်အထိ သူမက ငါနဲ့ပဲ အမြဲတမ်း အတူတူ ရှိခဲ့တာ။ မင်းသာ ပေါ်မလာရင် ရှောင်ချုံးက ငါ့အချစ်ကို လက်ခံပြီး လောက်ပြီ ...”
အစောပိုင်းကပင် ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့ထံမှ မက်ဆေ့ချ် တစ်စောင် သူလက်ခံ ရရှိခဲ့သည်။ ထိုအကြောင်းကို ပြန်တွေးမိသည်နှင့် ရှန်းချန်ဝမ် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်မိသည်။
ထိုအခိုက်အတန့်ကား အချိန်ကြာမြင့်စွာ သူစောင့်ဆိုင်း နေခဲ့ရသော အခိုက်အတန့်ပင် ... ။
***
ထိုအချိန် ကျင်းမြို့တော် စီးပွားရေးတက္ကသိုလ်၏ လမ်းသွယ် တစ်ခုတွင် ...
အနက်ရောင် ဝတ်စုံများနှင့် လူရိပ်သုံးခုက ချန်းဖန်၏ လမ်းကို ပိတ်ကာ ဝန်းရံလိုက် ကြသည်။
သူတို့၏ကိုယ်မှ ရေခဲကဲ့သို့ အေးစက်သော အငွေ့အသက်များ စိမ့်ထွက်နေကာ ထိုအချက်က လူများစွာ သတ်ခဲ့ဖူးကြောင်း သိသာနေခဲ့သည်။ ထိုသူများမှာ တရုတ်နိုင်ငံ၏ ထိပ်တန်း လုပ်ကြံသူများ ဖြစ်ကြပြီး သူတို့ သက်တမ်း တစ်လျှောက် လူပေါင်းရာကျော်အထိ သတ်ဖြတ်ဖူးခဲ့သည်။
ထိုလူသုံးယောက်မှာ ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့၏ ခေါင်းဆောင် သုံးယောက်ပင် ဖြစ်၏။ ယခု သူတို့ သုံးယောက် ပူးပေါင်းပြီး ဆယ်ကျော်သက် လူငယ် တစ်ယောက်ကို လုပ်ကြံ ကြတော့မည်ဟန် ရှိသည်။
ထူးဆန်းစွာပင် လူငယ်လေးကား သူတို့ကို ကြောက်ဟန်မရချေ။ ထိတ်လန့်နေရမည့် အစား သူ၏မျက်နှာတွင် မထီပြုံး တစ်ခုပင် ပေါ်နေခဲ့သည်။ လူငယ်လေးကို ကြည့်ရင်း လုပ်ကြံသူများမှာ ကြက်သီးများ ထမိသွားသည်။
ရုတ်တရက် ချန်းဖန်၏ မျက်လုံးမှ ရွှေရောင် မီးတောက်များ ထွက်ပေါ်လာကာ သူတို့အထဲမှ တစ်ယောက်ထံ တိုးဝင် လာသည်။
“အား ...”
ရှောင်တိမ်းခြင်း မပြုနိုင်ခင်မှာပင် မီးတောက်က သူ၏ အသက် ရှင်သန်ခြင်းကို ယူဆောင် သွားတော့သည်။ အတွင်းအား ထိပ်သီး အဆင့်ရှိသော စွမ်းအားမြင့် လုပ်ကြံသူကား မျက်စိတစ်မှိတ် အတွင်းမှာပင် သေဆုံး သွားခဲ့ရပြီ ဖြစ်သည်။
“ညီလေး ...”
“ဒါ ... ဒါက မဖြစ်နိုင်တာ ...”
အခြားလုပ်ကြံသူ နှစ်ယောက်မှာ အသက်ကို ပြင်းပြင်းရှူလိုက် မိကြသည်။
သူတို့ သုံးယောက်မှာ သေခြင်း၊ ရှင်ခြင်းများကို အတူတကွ ဖြတ်ကျော်ခဲ့ဖူး သူများ ဖြစ်ကြသည်။ သူတို့ သုံးယောက် ပူးပေါင်း၍ အထွတ်အထိပ် တစ်ပိုင်း အဆင့်ပညာရှင် များကိုပင် လုပ်ကြံခဲ့ ကြဖူးသည်။ သို့သော်လည်း သူတို့အထဲမှ တစ်ယောက်မှာ လူငယ်လေး တစ်ယောက်၏ အကြည့် တစ်ချက်နှင့်ပင် သေဆုံး သွားခဲ့ရပြီ ဖြစ်သည်။
“မင်းတို့ အလုပ်ကို လက်မခံခင် ငါဘယ်သူလဲဆိုတာ မစုံစမ်းခဲ့ကြဘူးလား ...”
ချန်းဖန်မှာ စကား ပြောနေရင်းနှင့်ပင် နေရာမှ ပျောက်သွားကာ အခြားလုပ်ကြံသူ တစ်ယောက်၏ ရှေ့၌ ပြန်ပေါ်လာခဲ့သည်။ သူက လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်ရင်း လုပ်ကြံသူ၏ ဝမ်းဗိုက်ကို ဖောက်လိုက်သည်။ သူ၏ လက်ကို ပြန်ရုပ်လိုက်သည်နှင့် တဆတ်ဆတ် တုန်နေသော နှလုံးသား တစ်ခု သူ၏ လက်ထဲတွင် ပါလာခဲ့သည်။ သွေးများ စိုရွှဲနေသော ခန္ဓာကိုယ်မှာမူ မြေပြင်ပေါ်သို့ အတားအဆီးမရှိ လဲကျ သွားတော့သည်။ ကျန်ရစ်သော လုပ်ကြံသူမှာ ချန်းဖန်ကို ကြည့်ရင်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။
“အထွတ်အထိပ် ... အထွတ်အထိပ် ပညာရှင် ...”
သူက တုန်ရီစွာ ရေရွတ်သည်။
“နောက်ပြီး သူက အရမ်း ငယ်တယ် ... မင်းက ချန်းပေ့ ...”
သူစကား မဆုံးခင်မှာပင် ဒွါရပေါက်များမှ သွေးများ စီးကျလာကာ မြေပြင်ပေါ်သို့ လဲကျ သွားတော့သည်။
“နောက်ကျသွားပြီ ...”
ချန်းဖန် ပေါ့ပါးစွာ ပြောရင်း လေထဲ၌ ပျောက်ကွယ် သွားတော့သည်။ မှားနေသော အရာများကို အမှန်ဖြစ်အောင် သူပြင်ဆင် ရပေလိမ့်မည်။ ရန်သူများကို သူသတ် ရပေလိမ့်မည်။
***