စာမေးပွဲအောင်စာရင်းအား လူအများ သိရန် ထုတ်ပြန်ခြင်း
Vol. 01 Ch. 30
ကြယ်တာရာပထမအထက်တန်းကျောင်းမှ ကျောင်းသား၅ရာ၏လပတ်ရမှတ်သည် ကျောင်းသားများ၏သိချင်စိတ်အား နှိုးဆွရန်အတွက် ကျောင်းဂိတ်၏ကြေညာဘုတ်တွင် ကပ်လျက်ရှိသည်။
အမှတ်အများဆုံးရသူအတွက် ယွမ်တစ်သောင်း၊ ဒုတိယနှင့် တတိယအတွက် ယွမ်၆ထောင်၊ စတုတ္ထ မှ ဆဋ္ဌမအထိအား ယွမ်၃ထောင်၊ သတ္တမမှ ဒသမအထိ ယွမ်၁ထောင်၊ ဧကဒသမမှ ၅၀ယောက်မြောက်အမှတ်များသူအထိ ယွမ်၅၀၀နှင့် ၅၁မှ ၁၀၀အထိသည် ယွမ်၁၀၀စီ ရကြမည်ဖြစ်သည်။
၎င်းသည် ကျောင်း၏စည်းမျဉ်းပင်ဖြစ်ပြီး ထိုမြင်ကွင်းအား ကြယ်တာရာပထမအထက်တန်းကျောင်း၌ လအစ၏ပထမဆုံး တနင်္လာနေ့တွင် မြင်နိုင်မည်ဖြစ်သည်။
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ကျောင်းသားများသည် စားသောက်ဆိုင်တန်းသို့ အလျင်စလို မသွားကြဘဲ ထိုကြေညာဘုတ်၏ရှေ့တွင် စုရုံးနေကြသည်။ ထိုအရှေ့တွင် တတိယနှစ်ကျောင်းသားများသာမက အခြားအတန်းများမှ ကျောင်းသားများသည်လည်း သူတို့စီနီယာများ၏ရလဒ်များကို သိချင်ကြသဖြင့် စုရုံးနေကြသည်။ သူတို့အတွက် ထိုတောက်ပပြီး အံ့သြစရာကောင်းသော နာမည်များအား ရင်းနှီးနိုင်ရုံသာမက ထိုသူတို့၏အောင်မြင်မှုများသည် အဆိုပါ ကျောင်းသားငယ်များအတွက် ပန်းတိုင်နှင့် ရည်မှန်းချက်လည်း ဖြစ်သည်။
“ဝိုး…ဒီလရဲ့အမြင့်ဆုံးအမှတ်က ၇၁၂မှတ်တောင်ပါလား။ ငါ မျက်စိမှားတာ မဟုတ်ပါဘူးနော်။”
“ရန်ကျင်းရဲ့လုပ်ဆောင်ချက်တွေက တကယ်ကို တိုးတက်လာတာပဲ။ သူက ကျောင်းရဲ့အတော်ဆုံးကျောင်းသားဂုဏ်နဲ့ ထိုက်တန်ပါပေတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဒီရလဒ်ရခဲ့မယ်ဆိုရင် ဆင်ဟွာမှာ တက်နိုင်လိမ့်မယ်မဟုတ်လား။”
“မဟုတ်ဘူး။ ထိပ်ဆုံးကျောင်းသားက ရန်ကျင်းမဟုတ်ဘူး။ ဒီနာမည်က စိမ်းနေသလိုပဲ။ ပြောကြပါဦး ထန်ရှုဆိုတာ ဘယ်သူလဲလို့။ တစ်ခါမှ သူ့အကြောင်း မကြားဖူးဘူး။ ဒါပေမယ့် သူ့အမှတ်က ရန်ကျင်းထက် ၇၉မှတ်တောင် များတယ်ဟ။”
အမှတ်စာရင်းထဲရှိ အမှတ်အများဆုံးရသူသည် လူကြည့်အများဆုံးခံရပြီး ထိုသူ၏အကြောင်းသာ လူအများက ပြောနေကြသည်။ လပတ်စာမေးပွဲအမှတ်စာရင်းတွင် ရန်ကျင်း ဗိုလ်စွဲနေခဲ့သည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်ပြီး ယခုလတွင် မမျှော်လင့်စွာဖြင့် တစ်စုံတစ်ယောက်မှ အစားထိုးနေရာယူလိုက်ပြီဖြစ်သောကြောင့် လူတိုင်းသည် သူတို့၏မျက်စိများ ပြသနာရှိလေရော့သလားဟု ထင်မြင်နေကြသည်။ ထိုလုပ်ဆောင်ချက်တိုးတက်လာမှုသည် ထိပ်ပိုင်း၁၀ယောက်တွင် မဝင်ခဲ့ပါဘဲနှင့် ရုတ်တရက်ကြီး ပထမနေရာယူလိုက်သောကြောင့် လူတိုင်းသည် ဘာလဲ၊ ဘယ်လိုလဲနှင့် မေးခွန်းများစွာအား ဖြစ်စေသည်။
“ထန်ရှုကို ငါ သိတယ်။ အဲ့ဒါ ငါတို့တန်းခွဲ-၅ကလေ။ သူ ဒီကျောင်းဝင်ခွင့်ဖြေတုန်းကတောင် တစ်မြို့လုံး ပထမ ရခဲ့တာကွ။ စာမေးပွဲတွေနဲ့ ပြိုင်ပွဲတွေအားလုံးမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာချည်းပဲ။ ဘာသာရပ်အားလုံးမှာလည်း ပထမဖြစ်ခဲ့တယ်။”
“ဟေး… ထန်ရှုက သိသိသာသာ တန်းခွဲ-၁၀ကပဲ။ သူ့နာမည်ဘေးမှာ တန်းခွဲ-၁၀ပါနေတာကို ဘယ်လိုလုပ် နင်တို့ရဲ့တန်းခွဲ-၅က ဖြစ်သွားတာလဲ။”
“ထန်ရှုရဲ့မှတ်ဉာဏ်က ပျက်သွားတာမဟုတ်ဘူးပေါ့။ နို့မို့ဆို သူ ဘယ်လိုလုပ် ရုတ်တရက် အမှတ်တွေ တိုးလာမှာတဲ့လဲ။ ကောလဟလတွေ မှားနေတာပဲဖြစ်ရမယ်။ ထန်ရှုက ဒီ၂နှစ်မှာ ကျားကိုစားမယ့်ဝက်ကလေးလို နေခဲ့ပြီး အခုကျမှ အစွမ်းပြတာပေါ့လေ။”
ကျောင်းသားအများစုသည် ထန်ရှုအခြေအနေနှင့်ပတ်သက်ပြီး သဲလွန်စမရှိဖြစ်နေသော်လည်း တန်းခွဲ-၅နှင့် တန်းခွဲ-၁၀မှ ကျောင်းသားအချို့ကတော့ ထန်ရှုအကြောင်း သိကြသည်။
သည်တန်းခွဲ၂ခုမှ ကျောင်းသားများသည် ထန်ရှု၏အမှတ်သည် အမှန်တကယ် ၇၁၂မှတ်ရရှိသည်ကို မြင်ရသောအခါ အံ့သြကြသည်သာမက လေးစားခြင်းနှင့် ချစ်ခင်ခြင်းတို့နှင့်အတူ တုန်လှုပ်ကြရပေသည်။
****
“ဒါ မဖြစ်နိုင်ဘူး။ ထန်ရှုက ဒီလိုအမှတ်မြင့်မြင့်မားမား မရနိုင်ဘူး။ သူ့အမှတ်က အမှန်တကယ် အမှားကြီးပဲ။”
ရန်ကျင်းသည် ထန်ရှု၏အမည်နှင့်ရမှတ်အား ကြည့်ပြီး မျက်ဝန်းများနီရဲလာကာ အော်ဟစ်လိုက်မိသည်။
“ဟေး.. ရန်ကျင်း.. မင်းရဲ့ကံကို လက်ခံလိုက်စမ်းပါကွ။ အစ်ကိုကြီးသာ လိမ်ညာရိုးမှန်ရင် ကျားကြီးဟူက အစောကြီးကတည်းက ထွက်လာပြီး ပြသနာရှာမှာပေါ့။ ဒါပေမယ့် ငါ တစ်ခုတော့ မင်းကို ပြောရဦးမယ်။ ဒီမနက်ပဲ အစ်ကိုကြီးက စာမေးပွဲ ပြန်ဖြေဖို့ ရုံးခန်းထဲကို အခေါ်ခံရတယ်။ ဖြေပြီးတဲ့အချိန်မှာ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေအားလုံးက သူ့အမှတ်က မှန်ကန်သေချာတယ်ဆိုပြီး အတည်ပြုခြင်းခံရတာ။” ရန်ကျင်း၏စကားအဆုံးတွင် ရယ်မောသံနှင့်အတူ ယွမ်ချူးလင်သည် သူ၏အနောက်တွင် ရပ်နေသည်။
ရုံးခန်းမတွင် ဖြစ်ပျက်ခဲ့သည်များအား ထန်ရှုသည် ယွမ်ချူးလင်နှင့် ချန်းယန်နန်အား ဖုံးကွယ်မထားဘဲ ပြောပြခဲ့သော်လည်း ထိုအချိန်က ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့သည် ထန်ရှုပြောပြသည့် အမှတ်၇၁၂မှတ်ရသည်ဟူသောအချက်အား မယုံကြည်ခဲ့ကြဘဲ အောင်စာရင်းထွက်လာမှပင် လက်ခံလိုက်ရလေသည်။
စာသင်ခန်းများဆီသို့ လာရောက်သင်ကြသော ဆရာအများစုသည် ထန်ရှုအကြောင်း ချီးမွမ်းကြသည်။ အချို့ဆရာများသည် သူ့အား စင်မြင့်ထက်သို့ ဖိတ်ပြီးလျှင် သည်လ လပတ်စာမေးပွဲ၏မေးခွန်းများအား ရှင်းပြစေသည်။
တန်းခွဲ-၁၀မှ ကျောင်းသားများ၏ရလဒ်များသည် အနည်းငယ် ဆိုးရွာနေသေးသော်လည်း ထိုအရာသည် ၎င်းတို့၏လေ့လာသင်ယူမှုထဲတွင် အရေးကြီးသည်ဟု သဘောမထားခြင်း အာရုံမစူးစိုက်ခြင်းကြောင့် မဟုတ်ဘဲ သူတို့၏ပြသာနာရှာမှုအိုင်ကျူကြောင့်သာ ဖြစ်ပေါ်ရခြင်းဖြစ်သည်။
ဆရာတစ်ယောက်က ထန်ရှုအား သူ၏အသိအမှတ်ပြုမှုကို ဖော်ပြပါက သည်ဟာသည် မတော်တဆမှုဟုဆိုနိုင်သည်။
ဆရာနှစ်ယောက်က ထန်ရှုအား သူတို့၏အသိအမှတ်ပြုမှုကို ဖော်ပြပါကလည်း သည်ဟာသည် တိုက်ဆိုင်မှုဟု ဆိုနိုင်ပါသေးသည်။
သို့သော် ဆရာများအားလုံးမှ သူတို့၏အသိအမှတ်ပြုမှုကို ဖော်ပြခဲ့ရင်ဖြင့် ဖြစ်နိုင်ခြေမှာ တစ်ခုတည်းသာရှိသည်။ ထန်ရှု၏ဖြေဆိုမှုကို သဘောကျနှစ်သက်သဖြင့် သူတို့ရင်တွင်းမှလာသော အသိအမှတ်ပြုမှုပင်ဖြစ်သည်။
“အစ်ကိုကြီးရဲ့ မိုးလောက်မြင့်တဲ့အမှတ်တွေက ဆိုးဆိုးရွားရွား ကျလာတဲ့နောက်မှာ သူ့ရဲ့အစစ်အမှန်စွမ်းရည်က ကျလာတယ်တယ်လို့ မင်း တကယ်ထင်နေတာလား။ သူက စာမေးပွဲတွေ ပြိုင်ပွဲတွေ ဖြေရတာ ပျင်းလာတာကြောင့် သူ့ရဲ့စွမ်းရည်အမှန်ကို မပြတေ့ာတာ။ သူက မင်းကို ပထမနေရာ ပေးထားခဲ့တာတောင် မင်းက ကျေးဇူးမတင်ဘဲ တအား ရင့်သီးတဲ့စကားတွေ ပြောခဲ့တယ်။ အစ်ကိုကြီးက အခုကစပြီးတော့ အပြင်းအထန် လုပ်တော့မှာကို ငါ ကြည့်ချင်နေပါပြီ။ အဲ့ဒီအခါကျရင် မင်းတို့ကောင်တွေ ငါ့အစ်ကိုကြီးကို တစ်ယောက်မှ ယှဉ်ရဲမှာ မဟုတ်ဘူး။”
“မင်းရော ကျားကြီးဟူရော တစ်ယောက်မှ မကောင်းဘူး။ ဟမ့်….။ အစ်ကိုကြီးက သူ့ရဲ့စွမ်းရည်အမှန်ကို ကောလိပ်ဝင်ခွင့်စာမေးပွဲမှ ပြဖို့ ရည်ရွယ်ထားခဲ့တာ။ မင်းတို့တွေက တန်းခွဲ-၅ကနေ ထုတ်ရုံတင်မဟုတ်ဘူး ကျောင်းကပါ ထုတ်ချင်နေသေးတာ။ အဲ့ဒီတော့ အစ်ကိုကြီးက ထုတ်ပြရပြီပေါ့။ မင်းရဲ့အတွေးအခေါ်ဟောင်း စိတ်ဓာတ်မကောင်းတာတွေကို ထုတ်ပစ်လိုက်စမ်းပါ။”
****
ရန်ကျင်း၏ဒွိဟဖြစ်နေသော မျက်နှာအမူအရာအား ကြည့်ပြီး ယွမ်ချူးလင်၏စိတ်ထဲတွင် အလွန်အမင်း ပျော်ရွှင်လာကာ ရန်ကျင်းတုံ့ပြန်သည့်အထိ မစောင့်တော့ဘဲ သူ့ရင်ခဲ၌ ကာလရှည်ကြာစွာ သိမ်းဆည်းထားရသည့်စကားများအား စက်သေနတ်ပစ်သည့်ပမာ တရစပ် ပြောတော့သည်။
ယွမ်ချူးလင်၏ပြောဆိုမှုကို ခံနေရသော ရန်ကျင်းသည် ယွမ်ချူးလင်အား စကားအနည်းငယ်ဖြင့် တုံ့ပြန်ကာ အထိနာစေချင်သည်။ သို့သော် သူ၏အတွေ့အကြုံအရ ယွမ်ချူးလင်၏လျှာအား တုံ့ပြန်နိုင်မည်မှာ ပညာရေးအောင်မြင်မှုနှင့်ပင်ဖြစ်သည်။ ထို့ကြောင့် ယွမ်ချူးလင်အား အနိုင်ပိုင်းနိုင်မည့်စကားအား ရွေးချယ်ကာ သူပြောလိုက်သည်။
“ပထမရတဲ့သူက ထန်ရှုလေ. မင်းမှ မဟုတ်တာ။ မင်းက ဘယ်သူ့ကို ပါဝါလာပြနေတာလဲ။” သည်အနီးတစ်ဝိုက်တွင် ထန်ရှု ရှိ၊မရှိအား ကြည့်လိုက်ပြီးမှ ရန်ကျင်းသည် ထီမထင်သောလေသံဖြင့် ပြောကာ ထွက်ခွာသွားတော့သည်။
“ငါ… ထန်ရှုက ငါ့အစ်ကိုကြီးလေ။ ငါက သူ့ကိုယ်စား ပျော်လို့မရဘူးလားဟ။” ရန်ကျင်း၏စကားသည် ယွမ်ချူးလင်အား ဆက်မပြောနိုင်ရန် ရပ်တန့်သွားစေပြီး တစ်ခဏကြာအောင် ငိုင်တွေသွားစေသည်။ ရန်ကျင်း လူအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့မှပင် သတိပြန်ဝင်လာကာ အော်ဟစ်လိုက်တော့သည်။
လူအုပ်ထဲတွင် ရှိသော စုရှန်ဖေးသည် ယွမ်ချူးလင်နှင့် ရန်ကျင်တို့ပြောသည့်စကားများအား ရှင်းရှင်းလင်းလင်း ကြားပြီး သူ၏မျက်နှာသည် အရုပ်ဆိုးသွားအောင် မဲ့လိုက်မိသည်။
အောင်စာရင်းကြေညာချက်မထွက်မီ သည်မနက်အစောကပင် စုရှန်ဖေးသည် ထန်ရှု ပထမရသည့်အကြောင်းအား သိရှိနှင့်ပြီးဖြစ်သည်။ သည်မနက်ခင်းသည် စုရှန်ဖေးအတွက် နာကျင်စရာဖြစ်ခဲ့သည်။ ပုံမှန်အားဖြင့် သူနှင့်တစ်ဖက်တည်းရှိခဲ့သောသူများသည် ထန်ရှုနှင့် ယွမ်ချူးလင်တို့ဘေးတွင် ရှိနေခဲ့ကြပြီး သူ့အား ဆက်ဆံမှုမရှိသောကြောင့် အထီးကျန်စေခဲ့သည်။ မူလက စုရှန်ဖေးအား မျက်နှာသာပေးခဲ့ကြသော ဆရာများသည် သူ၏တည်ရှိမှုအား မေ့လျော့နေခဲ့ပြီး ထန်ရှုကိုသာ အာရုံစိုက်နေခဲ့ကြသည်။ ထန်ရှုနှင့် ယွမ်ချူးလင်တို့မှ စုရှန်ဖေးအား လှောင်ပြောင်ကဲ့ရဲ့ခြင်းမပြုလုပ်ကြသော်လည်း အခြားကျောင်းသားများ၏အကြည့်များက သူ့အား စိတ်မသက်မသာဖြစ်စေကာ အနေရကြပ်လေသည်။
သည်နေ့သည် ထန်ရှု၏တောက်ပသောနေ့လေးပင် ဖြစ်တော့သည်။ ထိုနည်းတူ ကြယ်တာရာပထမအထက်တန်းကျောင်းမှ ကျောင်းသားများ၏ မမေ့နိုင်သော နေ့လေးလည်း ဖြစ်ခဲ့ပေသည်။
“ဟား..ဟား..ဟား..။ ကျွန်တော် မပြောဘူးလား။ ကျွန်တော့်အစ်ကိုကြီးက အသေအချာကို ပုံမှန်လူ မဟုတ်ပါဘူးဆို။ အစ်ကို ကြည့်လိုက်စမ်း။ ဒီဟာကို အစ်ကို ကြည့်လိုက်စမ်းပါ။ ကျွန်တော် ရှာတွေ့တဲ့လူရဲ့အကြောင်းကို အစ်ကို့လူတွေက သတင်းပေးနေတယ်။” အေနာက်အရပ်ရှိ ရေကူးကန် အပန်းဖြေစခန်းတွင် လုံကျန့်လင်းသည် သူလက်ခံရရှိသော သတင်းတစ်ခုကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ဖုန်းအား သူ၏ဘေးရှိ လူရွယ်ထံသို့ ပေးလိုက်သည်။
“၇၁၂မှတ်။ ကြယ်တာရာပထမအထက်တန်းကျောင်း တတိယနှစ်လပတ်စာမေးပွဲရဲ့ ပထမ။ ဒီရလဒ်က ဘာတွေ ပြောပြနေတာလဲ။ သူ့ပညာရေးက ထူးချွန်တယ်။ အဲ့ဒါက ငါတို့ကို တောင်နံရံများနဲ့ ရွာကလေးကို အပိုင်သိမ်းချင်နေတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးတွေလူစုကို ရပ်တန့်ဖို့ ငါတို့ကို ကူညီနိုင်လိမ့်မယ်လို့ မင်း ထင်နေတာလား။” လုံကျန့်ယုသည် ဖုန်းမှ စာအား ဖတ်လိုက်ပြီးနောက် သူ၏သဘောမတူညီချက်အား ထုတ်ဖော်ပြောဆိုလိုက်သည်။
“အစ်ကိုကြီး… ဒီတစ်ခါလည်း မင်း ငါ့ကို ယုံပေးလို့ရမလား။ ထန်ရှုရဲ့ အမြင်နဲ့ တွက်ချက်မှုစွမ်းရည်က အရမ်းကိုကောင်းတယ်။ သူသာလျှင် ယှဉ်ပြိုင်နိုင်လိမ့်မယ်။ ထန်ရှုက လွဲပြီး အခြားကာစီနိုက လောင်းကစားဘုရင်တွေကို မင်းရှာနိုင်ခဲ့လို့လား။” သူ၏အစ်ကိုကြီးသည် ပထမသတင်းအား စိတ်ဝင်စားမှုမပြသဖြင့် လုံကျန့်လင်းသည် စိတ်လှုပ်ရှားသွားကာ ထပ်မံပြောဆိုလိုက်သည်။
သူ၏စကားများကို ကြားပြီး လုံကျန့်ယုသည် ငြိမ်သက်သွားသည်။
လုံမိသားစုသည် အစားအစာနှင့် အဖျော်ယမကာတို့ဖြင့် သူတို့၏စီးပွားရေးအား စတင်ခဲ့ပြီး နှစ်ပေါင်း၅၀ကြာသည့်အခါ သူတို့၏စီးပွားရေးလုပ်ငန်းသည် ရွှမ်ကျင်းပြည်နယ်တစ်ခုလုံးတွင် ပြိုင်ဖက်မရှိဖြစ်လာခဲ့သည်။
သို့သော် ပြီးခဲ့သော၂နှစ်တွင် ဆိုးဝါးလှသော ပတ်ဝန်းကျင်အခြေအနေကြောင့် အစားအစာနှင့် အဖျော်ယမကာစက်ရုံများ၏အမြတ်ငွေများ လျော့ကျခဲ့ရပြီး လုံမိသားစုသည် သူတို့၏စီးပွားရေးအား ခရီးသွားလုပ်ငန်းဘက်သို့ ချဲ့ထွင်ရန် စတင်ခဲ့သည်။
မြောက်များလှစွာသော လေ့လာစုံစမ်းမှုနှင့် သုတေသနပြုမှုတို့အား ပြုလုပ်ပြီးသောအခါ လုံမိသားစုသည် မြို့တော်နှင့် ၅၀ကီလိုမီတာသာ ကွာဝေးသော တောင်နံရံများနှင့် ရွာငယ်လေးအား ရည်မှန်းထားလေတော့သည်။ သို့သော်လည်း လုံမိသားစုသည် တောင်တန်းများနှင့် ကာရံထားသော ရွာငယ်လေးတွင် သူတို့၏အစီအစဉ်အား တည်ဆောက်ရန် အချိန်မရခဲ့ပေ။ ရွှမ်ကျင်းပြည်နယ်သည် မြို့ပြင်နှင့် ကျေးလက်ဒေသများအား အဆင့်မြှင့်မည်ဟူသော သတင်း ရုတ်တရက် ဝင်လာခြင်းနှင့် ထိုရွာလေးသည် နှစ်ပေါင်း ၆၀၀ကျော်မှ သမိုင်းဝင်အရာများနှင့် ရှေးဟောင်းလက်ရာများရှိနေခြင်းကြောင့်ပင်ဖြစ်သည်။
သည်သတင်း ပျံ့နှံ့သွားသည်နှင့် ရွှမ်ကျင်းပြည်နယ်ရှိ ချမ်းသာသော ဒုတိယမျိုးဆက်အဖွဲ့သည် ချက်ချင်းတုံ့ပြန်ကာ ထိုရွာလေးသို့သွားပြီး ၎င်းရှိ ရှယ်ယာတစ်စုအား လိုချင်လာကြသည်။ မူလက ထိုအဖွဲ့သည် ရွာလေးအား ဖွံ့ဖြိုးတိုးတက်စေရန် ယုံကြည်ချက်မရှိကြပေ။ သို့သော် လုံမိသားစုမှ ထိုနေရာအား မျက်စိကျနေကြောင်း သိရှိသွားသောအခါ သူတို့၏ ယုံကြည်မှု မြင့်တက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုံမိသားစုသည် လွန်ခဲ့သောနှစ်များကတည်းက သည်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားခဲ့ပြီး မှားတွက်နိုင်စရာအကြောင်းမရှိဟု ယုံကြည်ထားသည်။ ရင်းနှီးမြှုပ်နှံမှုလောကတွင် လုံမိသားစုအား မှတ်ကျောက်သဖွယ် သဘောထားကြသည်။
လုံမိသားစု၏ ရွှမ်ကျင်းပြည်နယ်တွင် လွှမ်းမိုးနိုင်သောအင်အားအရသော်လည်းကောင်း၊ တောင်နံရံများနှင့် ရွာကလေးအား ရည်မှန်းထားသည့် ပထမဆုံးသူဖြစ်နေကြောင့်လည်းကောင်း ရွှမ်ကျင်းပြည်နယ်၏ ချမ်းသာသော ဒုတိယမျိုးဆက်အဖွဲ့သည် လုံမိသားစုအား လက်လွှတ်လိုက်ရန်အတွက် အတင်းဖိအားမပေးဝံ့ချေ။ ထို့ကြောင့် သူတို့သည် လုံမိသားစုအား လောင်းကစားပြုလုပ်ရန်အတွက် ဖိအားပေးနေကြသည်။ အနိုင်ရရှိသူသည် တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အာဏာတို့အား လက်လွှဲယူရမည်ဖြစ်သည်။
သည်တောင်နံရံများနှင့် ကာရံထားသော ရွာကလေးစီမံကိန်း၏ပြိုင်ပွဲတွင် လူငယ်မျိုးဆက်များကိုသာ လှုပ်ရှားစေပြီး လူကြီးပိုင်းများက ပါဝင်ခြင်းမပြုချေ။
စိတ်ကြီးပြီး ရည်မှန်းချက်ကြီးသည့်အပြင် စီမံကိန်းဖွ့ံဖြိုးမှု၏ကြီးကြပ်သူဖြစ်သော လုံကျန့်ယုအတွက် သည်ဟာသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ တာဝန်ယူသည့်အချိန်တွင် ပြိုင်ပွဲတွင် ပါဝင်ရန် လူများအား ရှာဖွေပါသော်လည်း ဝေဖန်တတ်သောသူများနှင့်ဆုံတွေ့ကာ အလုပ်မဖြစ်ခဲ့တော့ချေ။ ထိုသို့ အဆင်မပြေဖြစ်မှုများသည် လုံကျန့်ယုအား မအောင်မြင်ပါက မိမိကိုယ်ကို သေလမ်းသွားစေရန် တွန်းအားပေးနေသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် မည်သို့မျှ မတတ်နိုင်တော့ဘဲ ညီငယ်၏အကူအညီအား တောင်းခံရတော့သည်။ အတိတ်အား ပြန်လည်တွေးတောမည်ဆိုပါက သူ၏အနားတွင်ရှိသော ထိုညီငယ်က တချို့သက်သေရှာမရသော အကြောင်းရင်းရှာမရသောအဖြစ်အပျက်များတွင် အကြံဉာဏ်ပေးနိုင်ခဲ့သည်။ လုံကျန့်ယုအတွက် တောင်နံရံများနှင့် ကာရံထားသော ရွာကလေး၏ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အာဏာတို့အား ရရှိရန် သာမန်အထက်တန်းကျောင်းသားတစ်ယောက်အား ထောက်ခံပေးနေလေသည်။