← Chapters

ရှန်းမိသားစု၏ အဆုံးသတ်

Vol. 3 Ch. 244

ရှန်းမိသားစု၏ အဆုံးသတ်

Vol. 3 Ch. 244

မြစ်လယ်ရှိ တိုက်ပွဲမှာ အထွတ်အထိပ် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။

လင်းထန်းရှန်မှာ ချန်းဖန် ရင်ဆိုင်ဖူးသမျှထဲတွင် ဒုတိယမြောက် အစွမ်းအထက်ဆုံးသူ ဖြစ်ပြီး လဲ့ချန်းကျွယ်ထက် အနည်းငယ်သာ အားနည်းသည်။ သူ၏ စွမ်းအားမှာ ချန်းဂျူရန်၊ အနက်ရောင် မြွေတို့ထက် အဆများစွာ သာသည်။

ချန်းဖန်မှာ လဲ့ချန်းကျွယ်ကိုပင် လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သူဖြစ်ရာ လင်းထန်းရှန်မှာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်ချေ။ ချန်းဖန်၏ ကျင့်ကြံခြင်းလမ်းစဉ်က သူတို့နှင့်များစွာ ကွာခြားသည့် အပြင် တာအို ခန္ဓာကိုယ် ကျင့်ကြံခြင်းတွင်ပင် အစပျိုးအောင်မြင်မှုကို ရရှိခဲ့ပြီး ဖြစ်သည်။ လင်းထန်းရှန်ကို အနိုင်ယူရန်အတွက် အစွမ်းထက်သည့် နည်းစနစ်များ အသုံးပြုရန်ပင် မလိုချေ။

ဘုန်း ...

လင်းထန်ရှန်က အမှောင်ထုကို ထိန်းချုပ်ရင်း မရေမတွက်နိုင်သော ဆူးချွန်များကို ဖန်တီးသည်။ သူ၏ လက်တစ်ချက် အဝှေ့တွင် ထိုအမှောင် ဆူးချွန်များက ချန်းဖန်ထံ တိုးဝင်လာကာ ခန္ဓာကိုယ်ကို ဖျက်ဆီး ဝါးမျိုရန် ပြင်သည်။ မြစ်ပြင်ရှိ ရေထုမှာလည်း အမှောင်ထု၏ ဝါးမြိုခြင်းခံရကာ မရေမတွက်နိုင်သော ဓားသွားများ ဖြစ်ပေါ်လာ၏။ ထိုဓားသွားများက အဆုံးမရှိသော အမှောင်ထုကို သယ်ယူကာ ချန်းဖန်ကို ခုတ်ပိုင်းသည်။

လင်းထန်းရှန်၏ ချီထိန်းချုပ်မှုမှာလည်း အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုတိုင်းတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားအချို့ပင် ပါဝင်နေပြီ ဖြစ်သော်လည်း လဲ့ချန်းကျွယ်၏ ကောင်းကင်နှင့် မြေကြီးအပေါ် နားလည် သဘောပေါက်မှုနှင့် နှိုင်းယှဉ်ပါက အတော်ပင် လိုနေသေးသည်။

“သွား ... ”

ချန်းဖန်က ကျယ်လောင်စွာ အော်ဟစ်ရင်း အမှောင်ထုကို အဇူရာချီဓားဖြင့် ချိုးဖျက်သည်။ အဇူရာချီဓားက လေဟာနယ်ကို ဖြန်သန်းကာ အမှောင်ထုကို ခုတ်ပိုင်းသည်။ ဓားတစ်ချက် ဖြတ်သန်း သွားချိန်၌ အမှောင်ရေဓားသွားများ အားလုံး ပျက်စီးပြီး အမှောင်ထုမှာလည်း တစ်ဝက်ခန့် ကျိုးပျက် သွားရသည်။

ချန်းဖန်မှာ ထိုအင်အားလောက်ဖြင့် အနက်ရောင်မြွေကို သတ်ဖြတ် နိုင်ခဲ့သော်လည်း လင်းထန်းရှန်ကိုမူ ထိခိုက်အောင် မလုပ်နိုင်သေးချေ။ ထိုအရာက လင်းထန်းရှန်မှာ အနက်ရောင် မြွေထက် အဆများစွာ ပိုမို အစွမ်းထက်ကြောင်း သိသာစေခဲ့သည်။ လင်းထန်းရှန်က လက်ကိုဝှေ့ရမ်းရင်း အမှောင်ထုကို နောက်တစ်ကြိမ် ဆင့်ခေါ်သည်။ သူ၏ ထိန်းချုပ်မှုအောက်၌ အမှောင်ထုက လေဝဲသဏ္ဌာန် ဖြစ်လာကာ အဇူရာချီဓားကို တားဆီးဟန် ပြု၏။ လေဝဲက လင်းထန်းရှန်၏ ဘေးတစ်ဝိုက်တွင် နံရံသဖွယ် ကာရံထားပြီး မည်သည့် တိုက်ခိုက်မှုကို မဆို တားဆီးမည့် သဘော ရှိသည်။

“ဒီလို စွမ်းအားမျိုး  ...  မင်း လဲ့ချန်းကျွယ်ကို သတ်ခဲ့တယ်ဆိုတာ ငါယုံပြီ ... ”

လင်းထန်းရှန်က ‌ပြင်းထန်စွာ စီးဆင်းနေသော ရေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်ရင်း ချန်းဖန်ကို ကြည့်သည်။ သူ၏ မျက်လုံးတွင်မူ ထိတ်လန့်ခြင်းများက နေရာယူလျက်။

“ဟုတ်တယ်  ...  နောက်ပြီး မင်းကိုရောပဲပေါ့ ... ”

ချန်းဖန်က အဇူရာချီဓားအား ပြန်လည်ခေါ်ယူလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ဟန် ပြုလိုက်သည်။ ရုတ်တရက် ရေလှိုင်း တစ်ဒါဇင်ခန့်က မြစ်ပြင်မှ လေထဲသို့ မြင့်တက်လာကာ လက်ချောင်းများကဲ့သို့ လင်းထန်းရှန်ထံသို့ တိုးဝင်လာ၏။

“ဟမ့်  ...  ကလေး  ...  မင်း ဒီလိုစွမ်းအားတွေကို ဘယ်လိုရလာလဲ ဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ မင်း ငါ့ကိုတော့ အထင်သေးလွန်းနေပြီ ... ”

လင်းထန်းရှန်က သူ၏ ခြေထောက်ကို ရေပြင်သို့ ပြင်းထန်စွာ ဆောင့်၍ နင်းချရင်း ပြောသည်။

“လင်းမိသားစုရဲ့ ငြင်သာခြင်း တိုက်ကွက်ကို ပြရသေးတာပေါ့ ... ”

“ချီဓား ဖွဲ့စည်းစမ်း ... ”

ရုတ်တရက် အဖြူရောင် အလင်းတစ်ခု လင်းထန်းရှန်၏ ပါးစပ်မှ ဖြည်းညင်းစွာ ထွက်ပေါ် လာခဲ့၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့အပြီး၌ ချီစွမ်းအင်ကို အရာဝတ္ထုအဖြစ် သူ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုချီအလင်းကား စိန်ထက်ပင် ပိုမိုမာကျောကာ ပိုးမျှင် တစ်ချောင်းကဲ့သို့ ပျော့ပျောင်း နိုင်စွမ်းရှိသည်။ အဖြူရောင် အလင်းက နဂါးတစ်ကောင်ကဲ့သို့ လင်းထန်းရှန်၏ တစ်ဝိုက်၌ ပျံဝဲကာ လေထုကို အမှတ်အသားတစ်ခု ပြုလုပ်နေသည့် အလားပင်။

“ငါ့ရဲ့ မြွေနဂါး တိုက်ခိုက်ခြင်း နည်းစနစ်က ချီဓားအပေါ်မှာ အခြေခံထားခဲ့တယ် ... ”

လင်းထန်းရှန်က ရယ်မောရင်း စကားဆက် လိုက်သည်။

“မင်းက ‌အမှောင် မြွေနဂါးကို ဖျက်ဆီးခဲ့တော့လည်း ငါက ငါ့ဝမ်းဗိုက်ထဲမှာ ဆယ်စုနှစ် တစ်ခုကျော် သိမ်းထားခဲ့တဲ့ ဓားချီတွေကို ထုတ်သုံး ရတော့တာပေါ့ ... ”

စကားအဆုံး၌ အဖြူရောင် အလင်းက စူးရှသော အသံတစ်ခု ပြုလုပ်ကာ ကောင်းကင်သို့ ပျံတက်ရင်း ချန်းဖန်ထံ တိုးဝင်လာခဲ့သည်။ ထိုဓားချီကို ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် သူအားဖြည့် ပေးထားခဲ့သဖြင့် ထိုအရာ၏ အင်အားမှာ မမျှော်လင့် လောက်အောင် ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။ ထိုဓားချီဖြင့် ဆိုလျှင် အစွမ်းအထက်ဆုံး အထွတ်အထိပ် အဆင့်ပညာရှင်ကိုပင် သတ်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

“ဒဏ်ရာ ဟောင်းကြောင့်သာ မဟုတ်ရင် ငါ့ရဲ့တိုးတက်မှုတွေ ရပ်နေခဲ့မှာ မဟုတ်ဘူး။ ဒီအချိန်ဆို အင်မော်တယ်အဆင့်ကိုတောင် ရောက်နေခဲ့လောက်ပြီ ... ”

လင်းထန်းရှန်က သက်ပြင်း တစ်ချက်ချရင်း ဆွေးဆွေးမြေ့မြေ့ ဆိုသည်။ လင်းထန်ရှန်က စကားပြောရင်း ချန်းဖန်ကို သနားစရာ သတ္တဝါ တစ်ကောက်ကဲ့သို့ ကြည့်သည်။ သူ၏ ဓားချီက ချန်းဖန်ကို ဖြတ်ပိုင်း ပစ်နိုင်လိမ့်မည်မှာ အသေအချာပင် မဟုတ်ပါလား။ သူ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ဓားချီရှိရာသို့ပင် တိုးလာလိုက်သည်။ သူ့တွင် မည်သည့် အကာကွယ်မျှပင် ရှိမနေခဲ့ချေ။ ဓားချီက အတားအဆီး ကင်းမဲ့စွာပင် ချန်ဖန်၏ ရင်ဘတ်ကို တိုးဝင်လာသည်။ ရင်ဘတ်ကို ထိသည်နှင့် ဓားချီမှာ ရှေ့သို့ဆက်၍ တိုးနိုင်ဟန် မရတော့ပဲ အလင်းများ ပြန့်ကျဲ ထွက်သွားတော့သည်။ ထိုအရာမှာ ကျောက်သားပေါ်သို့ ကျကွဲကြေသွားသည့် ဖန်ခွက် တစ်ခွက်အတိုင်းပင်။

“မဖြစ်နိုင်ဘူး ... ”

လင်းထန်းရှန်မှာ ထိုမြင်ကွင်းကြောင့် ဦးခေါင်းတစ်ခုလုံး ချာချာလည် သွားသည်။

သူ၏ ဓားချီမှာ သံမဏိများကိုပင် ပိုင်းဖြတ်နိုင်သည့်တိုင် ထိုကောင်လေး၏ အရေပြားကိုမူ ရှရာလေးပင် မပေးနိုင်ခဲ့ချေ။

“ဒီကောင်လေးမှာ ဘယ်လို ခန္ဓာကိုယ်မျိုး ရှိနေတာလဲ ... သူ့ရဲ့ ခန္ဓာကိုယ်က စိန်တွေထက်တောင် ပိုပြီး မာတာလား ... ”

အစွမ်းအထက်ဆုံး ခန္ဓာကိုယ် သန့်စင်သည့် အထွတ်အထိပ် ပညာရှင်ပင်လျှင် သူ၏ ဓားချီကို ယခုကဲ့သို့ တိုက်ခိုက် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

“ငါပြောခဲ့တဲ့ အတိုင်းပဲပေါ့  ...  မင်းက ငါ့မျက်လုံးထဲမှာတော့ ပိုးကောင်လေး တစ်ကောင်ပဲလေ ... ”

ချန်းဖန်က အေးဆေးစွာပင် ပြောလိုက်သည်။ လင်းထန်းရှန်မှာ အခြား အထွတ်အထိပ် အဆင့် ပညာရှင်များထက် အဆများစွာ ပို၍ အစွမ်းထက်သည့်တိုင် သူ၏ ဒဏ်ရာက သူ့ကို အဆင့် မတက်‌နိုင်အောင် ဖြစ်စေခဲ့သည်။ ဒဏ်ရာသာ မရှိခဲ့လျှင် လဲ့ချန်းကျွယ်၏ အဆင့်လောက်ထိ သူရောက်နေခဲ့လောက်ပြီ ဖြစ်သည်။ ချန်းဖန်က လက်ကို ဖြည်းညှင်းစွာ မြောက်လိုက်သည်။

ဘုန်း ... ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ကောင်းကင်တွင် အဇူရာရောင် အလင်းလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုအရာများက တိမ်များကဲ့သို့ စုစည်းကာ တူသဏ္ဌာန် ဖွဲ့တည်ကာ လင်းထန်းရှန်၏ အပေါ်ကို အုပ်မိုးသည်။

“ဘယ်လို နည်းစနစ်မျိုးလဲ ... ”

လင်းထန်းရှန်ကား သရဲတဘက်ကို မြင်တွေ့ လိုက်ရသည့်အတိုင်း မျက်နှာတစ်ခုလုံး ဖြူလျော် သွားတော့သည်။ အမှောင်ထုကို ဆင့်ခေါ်ကာ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်ကို အထပ်ထပ် ဖုံးအုပ်ရင်း ထိုတိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ ခုခံမှုများမှာ အဇူရာ အလင်း၏ အောက်၌ အသုံးမဝင်သော စက္ကူ တစ်ချပ်လိုပင်။ လဲ့ချန်းကျွယ် ကဲ့သို့သော အထွတ်အထိပ် အဆင့် ပညာရှင်မျိုးပင်လျှင် ထိုတိုက်ခိုက်မှုကို ခုခံရန် မဖြစ်နိုင်ချေ။

ဘန်း ...

အဇူရာအလင်းရောင်တူ ကျဆင်းလာသည်နှင့် လင်းထန်းရှန်၏ အကာအကွယ်များ အားလုံး ပျက်စီးကာ သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်၏။ သူ၏ ခန္ဓာကိုယ်မှာ ရေပေါ်တွင် ဆက်လက် မရပ်တည်နိုင်တော့ပဲ ရေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းသည်။

“ယီသစ်သား ဝိညာဉ်လက်ဝါး ... ”

ထိုအရာမှာ အဇူရာ သက်ရှည်ခန္ဓာနှင့် အတူ တွဲဖက်အသုံးပြုရသည့် အင်မော်တယ်အဆင့် နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုစွမ်းအား၏ ဆယ်ပုံ တစ်ပုံခန့် သုံးလျှင်ပင် လင်းထန်းရှန်ကို ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သတ်ပစ်နိုင်နေပြီ ဖြစ်သည်။

“မင်း ငါ့ကို သတ်လို့ မရဘူး။ ငါက လင်းမိသားစုရဲ့ အထွတ်အထိပ် အဆင့် ပညာရှင်။ ငါက ပြိုင်ဘက်ကင်း လင်းထန်းရှန် ... ”

ချန်းဖန် သူ၏ အနားသို့ တဖြည်းဖြည်းတိုးကပ်လာသည်နှင့် လင်းထန်းရှန်က သွေးရူးသွေးတန်း‌ အော်ဟစ်သည်။ ဤကဲ့သို့ အဆုံးသတ်ရန် တစ်ခါမျှပင် သူ မမျှော်လင့်ထားခဲ့ချေ။ သူမသေချင်သေးပေ။ ချန်းဖန်က ဖြည်ညင်းစွာ လျှောက်လာရင်း သွေးရူးသွေးတန်း အော်ဟစ်နေသော လင်းထန်းရှန်ကို တစ်စက္ကန့်မျှ ကြည့်လိုက်သည်။ ထို့နောက် လင်းထန်းရှန်၏ နဖူးကို သူ၏ လက်ညိုးဖြင့် အသာအယာ တို့ထိသည်။ ဤသို့ဖြင့် လင်းထန်းရှန်၏ နောက်ဆုံး ထွက်သက်မှာ အလွန်ပင် ငြင်သာခဲ့၏။ ထိုအခိုက်အတန့်ကား အထွတ်အထိပ် ပညာရှင် တစ်ယောက်၏ အ‌ဆုံးသတ်ပင်။ တန့်ယွင်ချင်း ထိုနေရာသို့ ရောက်လာသည်နှင့် တိုက်ပွဲကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ချန်း  ...  ဆရာချန်း ... ”

တန့်ယွမ်ချင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်မိသည်။ သူ၏ မျက်လုံးတွင်မူ မယုံကြည်နိုင်ခြင်း၊ ကြောက်ရွံ့ခြင်းများက ကြီးစိုးလျက်။ ချန်းဖန်မှာ သူ့ကို လှည့်မကြည့်ပဲ ရှန်းမိသားစု၏ စံအိမ်သို့ ပြန်လှည့် လာခဲ့သည်။ စံအိမ်တွင်မူ ရှန်းရုန်ဟွာမှာ အသက်ရှင်လျက်ပင် ရှိနေသေးသည်။ သူ၏ ဘေးတွင်မူ ဖုန်းတစ်လုံး ရှိပြီး မကြာသေးခင်ကပင် တစ်စုံတစ်ယောက်ကို ခေါ်ထားဟန်တူသည်။ ချန်းဖန်ကိုမြင်သည်နှင့် သူ၏ မျက်နှာက အနည်းငယ် ဖြူလျော် သွားသည်။ ချန်းဖန် ပေါ်လာခြင်းကြောင့် လင်းထန်းရှန် ရှုံးနိမ့်သွားကြောင်းကို သူနားလည် လိုက်သည်။

“ငါ့အတွက် အလုပ်လုပ် ပေးနေတဲ့လူတွေ အများကြီး ရှိတယ်။ မင်း လက်စားချေခံရမှာ မကြောက်ဘူးလား ... ”

ရှန်းရုန်ဟွာက ချန်းဖန်ကို ကြည့်ကာ မေးသည်။

“မင်း ရှန်းချန်ဝမ်ကို ခေါ်ထားတာလား ... ”

ချန်းဖန်က သူ့အမေးကို ပြန်မဖြေပဲ ဖုန်းကို ကောက်ယူလိုက်သည်။

“စိတ်မပူပါနဲ့  ...  မင်းရဲ့သားကို မကြာခင် ပြန်တွေ့ရမှာပါ။ မင်းရဲ့သားတင် မကဘူး ရှန်းမိသားစု တစ်ခုလုံးကို မကြာခင် မင်းနောက်ကို လိုက်လိမ့်မယ် ... ”

ရှန်းရုန်ဟွာ၏ ဖုန်းမှာ ချန်းဖန်၏ လက်၌ တစ်စစီ ပျက်စီးကာ ကြမ်းပြင်ပေါ်သို့ ပြန်ကျလာသည်။

“မင်း ဘာကို ဆိုလိုတာလဲ ... ”

ရှန်းရုန်ဟွာက ပြန်မေးလိုက်သည်။ ချန်းဖန်က သူ့အမေးကို လျစ်လျူရင်း တစ်စုံတစ်ခုကို တီးတိုး ရေရွတ်သည်။

“ဟင်းလင်းပြင် အစီအရင် ... ”

အဇူရာ အလင်းရောင်များက အတားအတီးမရှိ ပေါ်ထွက်လာကာ လှိုင်းများဖြင့် အစီအရင် ပုံသဏ္ဌာန် တစ်ခုကို ဖွဲ့တည်သည်။ ထိုအရာမှာ ရှေးကျသည့် အင်းကွက် တစ်မျိုးကဲ့သို့ အဇူ‌ရာရောင် တောက်လောင်လျက် ရှိသည်။

“ကောင်းကင်မီး ... ”

ချန်းဖန်က နောက်တစ်ကြိမ် ရေရွတ်သည်။ ရွှေရောင်မီးတောက် တစ်ခုကာ သူ့မျက်လုံးထဲမှ ပေါ်ထွက်လာကာ အစီအရင်ကို အားဖြည့်သည်။ ထိုအရာကား ရွှေရောင်လီမီးတောက်၏ မျိုးစေ့ပင် ဖြစ်သည်။

“သွေးကျိန်စာ ... ”

ချန်းဖန်က တတိယအကြိမ် ရေရွတ် လိုက်ပြန်သည်။ စကားသံဆုံးသည်နှင့် အစီအရင်က ရှန်းရုန်ဟွာက ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ ‌အသွေးအသားများကို စားသုံးသည်။ ရှန်းရုန်ဟွာ လုပ်နိုင်သည့် တစ်ခုတည်းသော အရာကား ညည်းတွားခြင်းပင်။

“မင်းရဲ့သွေးက သွေးကျိန်စာကို ပြီးပြည့်စုံ စေလိမ့်မယ် ... ”

ရှန်းရုန်ဟွာ၏ သွေးစများက မီးတောက်နှင့် အတူ ည၏ ကောင်းကင်သို့ ဝဲပျံကာ နေရာအနှံ့ ပြန့်ကျဲ၍ ထွက်ခွာသွားသည်။ ထိုအရာများက ရှန်းရုန်ဟွာ၏ သွေးမျိုးဆက်များ၏ တည်နေရာကို ရှာဖွေ ပေးလိမ့်မည် ဖြစ်သည်။ ချန်းဖန်၏ အမူအရာများမှ အလေးအနက် ထားဟန် မရသော်လည်း အဝေးမှ ကြည့်နေသော တန့်ယွမ်ချင်းမှာမူ အသက်ရှူ ရပ်မတတ် ‌ကြောက်‌လန့်နေခဲ့ပြီ ဖြစ်သည်။

“ဓမ္မတစ်သောင်းဂိုဏ်းရဲ့ သွေးမျိုးဆက် ကျိန်စာ ပြည့်စုံပြီ ... ”

ချန်းဖန်က ပေါ့ပေါ့ပါးပင် ရေရွတ်လိုက်သည်။ ရှန်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ပြီး သူ၏ မိခင်အတွက် လက်စားချေ နိုင်ခဲ့ပြီ ဖြစ်သည်။

***

All Chapters