အခန်း ၁
Vol. 1 Ch. 1
"ထွက်စာတင်ဖို့ သေချာသွားပြီလား စတယ်လာ"
ဆေးရုံရုံးခန်းတစ်ခုအတွင်းရှိ စားပွဲခုံနောက် ထိုင်နေသော သက်လတ်ပိုင်းလူတစ်ဦးမှာ စားပွဲရှေ့ရပ်နေသော အမျိုးသမီးအား လေးလေးနက်နက် မေးလိုက်သည်။သူ၏ မျက်ဝန်းပြာများထဲတွင် နှမျောတသဖြစ်နေမှု အရိပ်အယောင်များလည်း ထင်ဟပ်နေ၏။
"သေချာပါတယ် ဆရာ။ ကျွန်မအဘွား နေမကောင်းဖြစ်စဉ်တည်းက ကျွန်မကို မွေးရပ်မြေဆီ ပြန်သွားကြဖို့ အလီလီ ပြောခဲ့ဖူးတယ်။ အဲ့ကတည်းက ဒီအတွေး ရှိနေပေမယ့် အဘွားကျန်းမာရေးအတွက် ဆက်နေနေခဲ့တာပါ။ အခုအဘွားလည်း ဆုံးပါးသွားပြီဆိုတော့ ကျွန်မ သူ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်။ ဆရာ့စေတနာကိုလည်း ကျွန်မနားလည်ပါတယ်။ တရုတ်ပြည်ထက် ဒီမှာဆက်နေတာက ကျွန်မအနာဂတ်ကို ပိုကောင်းသွားစေနိုင်မှန်းလည်း သိပါတယ်။ ဒါပေမယ့် အဘွားလည်း မရှိတော့တဲ့နောက် ဒီနိုင်ငံရပ်ခြားမှာ ဆက်ရှိနေမယ့်အစား တရုတ်ပြည်ပြန်ပြီး သူ့အတွေးအရိပ်နောက် လိုက်သွားတာက ပိုကောင်းမယ်ထင်လို့ပါ။ ကျွန်မတောင်းပန်ပါတယ် ဆရာ"
အမျိုးသားကြီးမှာ မျက်မှန်အားချွတ်ကာ နှာရိုးအား အသာနှိပ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ကြည့်ရသည်မှာ သူ့၌ သူမအားဆွဲထားရန် အကြောင်းပြချက် မထုတ်နိုင်တော့သည့် အလားပင်။
"ကောင်းပြီလေ။ ဒါဆိုလည်း ဒီထွက်စာကို လက်ခံလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ဆေးပညာမိသားစုကြီးထဲကနေ ထွက်သွားတာမှ မဟုတ်တာပဲလေ။ မင်းရဲ့ခရီးလမ်း သာယာဖြောင့်ဖြူးပါစေ စတယ်လာ"
အမျိုးသမီးလေးမှာ အသာပြုံးကာ ဦးညွှတ်လိုက်ရင်း
"ကျေးဇူးတင်ပါတယ်ဆရာ။ဟိုကိုရောက်ရင်လည်း ဆရာနဲ့အဆက်အသွယ်လုပ်ဖြစ်နေမှာပါ"
အမျိုးသားကြီးမှာ ခေါင်းသာ အသာငြိမ့်ပြလိုက်ရတော့သည်။
ဆေးရုံမှထွက်လာပြီးနောက် စတယ်လာမှာ သူမအထုတ်အပိုးများအား သိမ်းဆည်းကာ အဘွားဖြစ်သူ၏ ပြာအိုးအားပိုက်လျက် လေဆိပ်ဆီ ထွက်လာခဲ့လိုက်တော့၏။
မြင်ကွင်းတစ်ဆုံး တိမ်လွှာဖြူများအား ကြည့်ကာ ပေါင်ပေါ်ရှိ ပြာအိုးအား အသာအယာပွတ်ရင်း
"ဘွားဘွား လိလိ အခု အဘွားအမြဲသတိရနေခဲ့တဲ့ တရုတ်ပြည်ဆီ ပြန်နေပါပြီ။ အဲ့ကိုရောက်ရင်လည်း ဘိုးဘိုးရဲ့နေရာဘေး ချန်ထားတဲ့နေရာမှာ ဘွားဘွားနေရမှာမလို့ အရမ်းစိတ်လှုပ်ရှားနေရောပေါ့။ နှစ်(၂၀)ကျော် ခွဲနေခဲ့ရတာဆိုတော့ ဘွားဘွားတို့မှာ ပြောစရာတွေ အများကြီး ရှိနေမှာပဲနော်။အချိန်ဆွဲထားခဲ့မိတဲ့အတွက်လည်း လိလိတောင်းပန်ပါတယ် ဘွားဘွား"
လေယာဉ်ထိုင်ခုံပေါ်မှီကာ မျက်စိများ မှိတ်ရင်း ထိုစကားများအား တီးတိုးရေရွတ်ကာ ဤရက်ပိုင်းတွင်း ပင်ပန်းမှုအားမလွန်ဆန်နိုင်တော့ဘဲ အိပ်မောကျသွားတော့သည်။ သို့သော်သူမ သတိမထားမိသည်မှာ သူမမျက်ဝန်းမှ ကျဆင်းသွားသော မျက်ရည်စက်လေးမှာ ပေါင်ပေါ်ရှိ ပြာအိုးပေါ်ကျကာ ပြာအိုးမှ တောက်ပသော အလင်းလုံးလေး ထွက်လာသည်ကိုပင်။ ထိုအလင်းလုံးလေးမှာ တစ်စတစ်စ ကြီးမားလာပြီး သူမတစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားပါတော့၏။
- - - - - - - -
"ခရီးသည်များရှင် မကြာမီအချိန်အတွင်း ရှန့်ရှီးစီရင်စုဘူတာဆီ ဆိုက်ရောက်ပါတော့မယ်ရှင်"
မှေးခနဲ အိပ်ပျော်သွားသော ကျားလိမှာ ရုတ်ခြည်းထွက်ပေါ်လာသော လော်စပီကာမှ အသံကြောင့် ဆတ်ခနဲ နိုးလာသည်။ ထို့နောက် နားတွင်းသို့ ဝင်ရောက်လာသော စကားသံပေါင်းများစွာနှင့် စက်သံတဂျုန်းဂျုန်းကြောင့် ကြောင်အမ်းသွားတော့၏။ သူမမှာ လေယာဉ်ပေါ်ရှိနေသည်ကို ဤဆူညံသံများက မည်သည့်နေရာမှ ရောက်လာပါသနည်း။ ထိုစဉ်လေတစ်ဝှေ့က မျက်နှာအားဖြတ်တိုက်သွားလေရာ ကြောင်အမ်းမှုအား အံ့အားသင့်မှုက အစားထိုးလိုက်ကာ ဘေးလှည့်ကြည့်လိုက်ချိန်တွင်တော့ လိပ်ပြာလွင့်မတတ် ဖြစ်သွားရပါတော့သည်။
ကျားလိမှာ အမြင်မှားသည် အထင်ဖြင့် မျက်ဝန်းများအားပွတ်သပ်မည့်ဟန် ပြင်လိုက်သော် သူမကိုယ်ပေါ်ရှိ အဝတ်အစားများကြောင့် ကြောင်အသွားရပြန်၏။ အပေါ်ဝတ်ရုံစဖြင့် ဤအဝတ်အစားများမှာ အဘွားဖြစ်သူဝတ်ဆင်နေကျဖြစ်သည့် ချီဖောင်ဆိုသည့် ဝတ်စုံဖြစ်ကာ စီးထားသော ဒေါက်ဖိနပ်မှာလည်း သူမအပိုင် ဟုတ်မနေပေ။ ထိုအခါမှ အဘွားဖြစ်သူ၏ ပြာအိုးအား သတိရသွားကာ ပျာပျာသလဲ လိုက်ရှာပါသော်ငြား မတွေ့ရပါတော့ချေ။ အပြင်ဘက်ရှိ မြင်ကွင်းများအရ သူမမှာ ရထားတစ်စင်းပေါ်ရောက်နေဟန်ရသည်။ သူမအတွေးထဲ ပထမဆုံးဝင်လာသည့် အတွေးမှာ သူမတို့လေယာဉ် ပြန်ပေးဆွဲခံလိုက်ရသည်ဟူ၍။ ခဏတာမျှ ဟိုဟိုဒီဒီ ရှာဖွေကြည့်ရာ ကြီးမားသော ဘီးတပ်ခရီးဆောင်အိတ်ကြီးတစ်လုံး၊ လက်ဆွဲအိတ်တစ်လုံး၊ ကတ်ထူသေတ္တာတစ်လုံး၊ ကြိုးရှည်အမျိုးသမီးသားရေအိတ် တစ်လုံးအပြင် အထုတ်ကြီးတစ်ထုတ်နှင့် ခုံတန်းပေါ်တွင် တင်ထားသော ခေတ်ဟောင်း ပိုလာရွိုက်ကင်မရာတစ်လုံးနှင့် မှန်ဝိုင်းတစ်ချပ်အား တွေ့ရှိလိုက်သည်။
သူမမှာ မှန်အားကောက်ကာ ကြည့်လိုက်သော် မှန်ထဲရှိမျက်နှာလေးမှာ မျက်စိမလွှဲရက်စရာပင်။ ဘဲဥသဏ္ဍာန် မျက်နှာသေးသေးလေး၊ မျက်ဝန်းနက်ဝိုင်းဝိုင်းလေးများ၊ မိုးမခကိုင်းနှယ် သွယ်လှသော မျက်ခုံးတန်း၊ ယပ်တောင်တစ်ချပ်ဖြန့်ထားသလို ဖြစ်နေသည့် ထူထဲနက်မှောင်သော မျက်တောင်မွှေးများ၊ ဖြောင့်စင်းကာနေသည့် နှာတံချွန်ချွန်၊ မထူမပါး လုံးဝန်းသော နှုတ်ခမ်းသေးသေးလေးနှင့် အနက်ရောင် ပေါင်မုန့်ခွက်ဦးထုပ်အောက်မှ ငှက်မွှေးသဏ္ဍာန် အလွှာအထပ်များဖြင့် အညိုဖျော့ဖျော့ ဆံပင်အကောက်များဖြင့် သူမမှာ သူမပင် ဖြစ်လင့်ကစား လွန်စွာငယ်ရွယ်လွန်းနေပုံ ပေါက်နေ၏။ သူမမှာ ၂၆နှစ်ရှိနေပြီ ဖြစ်သော်ငြား လက်ရှိရုပ်သွင်မှာ ဆယ်ကျော်သက်သာသာပင် ပုံထွက်နေသည်။ ထို့အပြင် အလုပ်ရှုပ်နေရသည့် နေ့ရက်များကြောင့် ဖြစ်သလို နေရသည့်အတွက် သူမအသားအရည်မှာ ဖြူသည်ဆိုသော်ငြား ကြည်လင်မနေချေ။ လက်ရှိသူမအသားအရည်မှာတော့ အခွံခွာလိုက်သည့် ကြက်ဥဖြူဖြူလေးအလား ကြည်လင်တောက်ပနေကာ လက်ဖြင့်ထိလိုက်လျှင်ပင် ရေများ စီးကျလာတော့မည့်အလားပင်။ လက်ရှိအခြေအနေမှာ ဘာမှန်းမသိရသေးပေသိ သူမမှာ သတိလက်လွတ်ပီတိ ဖြစ်သွားလိုက်မိသည်။
စိတ်ကို ပြန်ထိန်းကာ ထိုကိစ္စအား နောက်ပို့၍ မျက်စိရှေ့ရှိအထုတ်အပိုးများအားကြည့်ကာ ပထမဆုံးအထုတ်ကြီးအား ဖွင့်ကြည့်လိုက်သော် မကြားဖူးသော တံဆိပ်များဖြင့် ချောကလက်များ၊ ချိုချဉ်ထုတ်ကြီးများ၊ ကွတ်ကီးများနှင့် ပေါင်မုန့်ထုတ်များဖြင့် ပြည့်နှက်နေသည်။ တဖန် ဘီးတပ်ခရီးဆောင်အိတ်ကြီးအား ဖွင့်လိုက်ရာ ချည်ထည်စကပ်ရှည်လေးများ၊ မန်ဒရင်းကော်လံနှင့် တံတောင်ဆစ်ဖုံး ခေါင်းလောင်းလက်ဖြင့် ချည်ထည်အင်္ကျီလေးများ ၊ရေမွှေးပုလင်းများ၊ အလှကုန်ပစ္စည်းများ၊ ချီဖောင်ပုံစံအစုံ၊ အတွင်းခံများ၊ သားရေဖိနပ်တစ်စုံ၊ အားကစားဖိနပ်တစ်စုံ၊ ခြေအိတ်လက်အိတ်များ၊ ဦးထုပ်များနှင့် ဆေးပညာစာအုပ်အပြင် အခြားအင်္ဂလိပ်စာအုပ်ပေါင်းစုံ ရှိနေ၏။ တဖန် ကတ်ထူပုံးကြီးအား ဖွင့်လိုက်ရာ ပုံးအပြည့် လစဉ်သုံးပစ္စည်းများနှင့် ရေချိုးပစ္စည်းအစုံများဖြင့် ပြည့်နေသည်။ ထို့နောက် လက်ဆွဲအိတ်အား ဖွင့်လိုက်ရာ ဆရာဝန်ဝတ် ကုတ်အဖြူတစ်ထည်၊ နားကြပ်၊ အရေးပေါ်ဆေးဝါးပစ္စည်းများ၊ ဘောပင်ဘူးများ၊ မှတ်စုစာအုပ်များအပြင် စာရွက်စာတမ်းများ တွေ့လိုက်ရ၏။
စိတ်စေရာအတိုင်း ထိုစာရွက်စာတမ်းများထံ သူမလက်လှမ်းလိုက်သည်။ စာရွက်စာတမ်းအိတ်အား ဖွင့်လိုက်ရာ ဦးဆုံးမြင်ရသည်မှာ သူမကိုယ်ရေးအကျဉ်းပင်။ ကိုယ်ကိုတိုင်၏ ကိုယ်ရေးအကျဉ်းအား ဖတ်ရသည်မှာ ဤမျှကြောက်စရာကောင်းမှန်း မသိခဲ့ရပေ။ ခေါင်းမာမာဖြင့် ကျန်သည့် စာရွက်စာတမ်းများအား ကြည့်လိုက်ရာ သူမအမည်ပေါက်ဖြင့် ရှန်ဟိုင်းရှိ ဝင်ပေါက်သုံးခုပါ ဗီလာ၂လုံး၏ စာချုပ်များဖြစ်ကာ ကျန်သည်မှာ ယွမ်တစ်သိန်းပါ ငွေစုစာအုပ် ဖြစ်၏။ တုန်ယင်နေသော လက်အစုံဖြင့် နောက်ဆုံးကျန်သည့် စာအိတ်လေးအား ကောက်ကာဖွင့်ဖတ်လိုက်သည်။ ထိုစာအား ဖတ်ပြီးသည့်နောက်တွင်တော့ သူမမှာအချိန်အတော်ကြာသည်ထိ ငြိမ်သက်သွားတော့၏။
ခဏအကြာတွင် သားရေအိတ်လေးအား ဖွင့်လိုက်ရာ ဖလင်စက္ကူများ၊ ဆယ်ယွမ်တန် ငါးသောင်းအပြင် မည်မျှပါမှန်းမသိသည့် အကြွေစေ့တစ်အိတ်နှင့် စုံလင်လှသောလက်မှတ်များအား တွေ့လိုက်ရသည်။ ထိုသည်တို့အား ကြည့်ကာ သူမသည် ရယ်မောမိလိုက်တော့၏။ ရယ်မောနေရင်းပင် မျက်ရည်များကျလာပြန်သည်။ သူမ၏ တရုတ်ပြည်ပြန် ခရီးမှာ အတိတ်သို့ ခေါ်ဆောင်သွားပေးမည်ဟု ထင်မထားခဲ့ဖူးပေ။ အဆိုးထဲမှညကောင်းသည်မှာ သူမ၌ အနာဂတ်ကာလတွင် နောက်ဆံတင်းစရာ ကျန်မနေခဲ့ခြင်းပေ။ ယူကျုံးမရဖြစ်ရသည့် တစ်ခုတည်းသော အရာမှာ အဘွားဖြစ်သူအား သူမခင်ပွန်းထံ ပြန်မပို့ပေးလိုက်နိုင်ခြင်းသာ။
စာအိတ်လေးထဲရှိ စာမှ လျိုဇီရွေ့ဆိုသူ ပြောပုံအရဆိုလျှင် သူမမှာ မတည်မငြိမ်ကာလတွင် မိဘနှစ်ပါးအား ဆုံးရှုံးလိုက်ရပြီး အဘွားဖြစ်သူနှင့် နိုင်ငံခြားသို့ လိုက်သွားခဲ့ရကာ ထိုနိုင်ငံတွင်ပင် ပညာသင်ယူရင်း ဆေးပညာမဟာဘွဲ့ကိုငယ်ငယ်ရွယ်ရွယ်ဖြင့် ရခဲ့ခြင်း ဖြစ်သည်။ မကြာသေးသော ကာလပိုင်းက တရုတ်ပြည်တွင်ကျန်ခဲ့သောအဘိုးဖြစ်သူဆုံးပါးသွားသည်ဆိုသည့် သတင်းရသွားသော အဘွားမှာလည်း တရှောင်ရှောင်ဖြစ်လာကာ ဆုံးပါးသွားခဲ့၍ တစ်ဦးတည်းကျန်ခဲ့သော ၁၉နှစ်အရွယ်သူမကို အဘိုးဖြစ်သူမှစောင့်ရှောက်ဖေးမကာ ကူညီပေးခံခဲ့ရသည့် လျိုဇီရွေ့မှ နည်းလမ်းရှာကာ နိုင်ငံတွင်း ပြန်လည်ခေါ်ဆောင်ခဲ့သည်။ သို့သော် နိုင်ငံရပ်ခြားမှ လာသည့်သူဖြစ်၍ သူမအား ရှန်ဟိုင်းတွင် တန်း၍ တာဝန်ထမ်းဆောင်ရန် ခိုင်းမရပေ။ထို့ကြောင့် အချိန်ခဏတာ ကျေးလက်ဘက်သွားကာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ လျိုဇီရွေ့မှာ နည်းလမ်းပေါင်းစုံသုံးကာ အသက်သာဆုံး စီရင်စုထုတ်လုပ်ရေးဆီ သူမအားစီစဉ်ပေးခဲ့သည်။ မကြာမီအချိန်တွင် သူမအား ရှန်ဟိုင်းဆီ ရာထူးမြင့်မြင့်ဖြင့် ပြန်လည်ခေါ်ယူကာ တာဝန်ပေးမည်ဟု ကတိပေးခဲ့၏။
ကျားလိမှာ သက်ပြင်းခဏခဏ ချနေမိသည်။ သူမမှာ ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားတွင် ကြီးပြင်းလာသူဖြစ်၍ အဘွား၏ နှုတ်ထွက်စကားများမှအပ တရုတ်ပြည်အကြောင်း စုံစုံလင်လင်သိမထားပေ။ သို့သော်ငြား သူမဘေးရှိအထုတ်အပိုးများထဲမှ အသုံးအဆောင်၊ငွေပမာဏနှင့် နေထိုင်စရာများအပြင် လက်ရှိအလုပ်အကိုင်အားတွေးလိုက်မိကာ တော်သေးသည်ဟု ပြောရပေမည်။ ကျားလိမှာ ငယ်စဉ်မှ အဘွားဖြစ်သူနှင့်သာ ကြီးပြင်းလာသူဖြစ်၍ ရင့်ကျက်သူပီပီ အရာတစ်ခုအပေါ် အကောင်းဘက်မှသာ တွေးတတ်သူဖြစ်၏။ ယခုအစီအစဉ်မှာလည်း အဘွားဖြစ်သူ၏ဆန္ဒဖြစ်ချင်ဖြစ်လောက်ပေမည်။ စာရွက်စာတမ်းများအရလည်း သူမမှာ နိုင်ငံရပ်ခြားမှလာသူ ဖြစ်သည်မို့ ဒုက္ခရောက်စရာ သိပ်ရှိမည်မထင်ပါချေ။ ထိုသို့တွေးကာဖြင့် သူမ ရှုပ်ထားခဲ့သည်တို့အား ပြန်လည် သိမ်းဆည်းလိုက်တော့သည်။