← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

ရထားဆိုက်ရောက်သည်နှင့် ဘူတာရုံမှာလူအုပ်ကြီးဖြင့် ကြက်ပျံမကျဆူညံပွက်လောရိုက်သွားလေ၏။ ထိုစဉ်ရထားဝန်ထမ်းငယ်လေးတစ်ဦးရောက်လာကာ

"မိန်းကလေး အခုဆင်းတော့မလား လူရှင်းအောင်ခဏစောင့်မလား"

ဤလူငယ်လေးအား လျိုဇီရွေ့မှရထားပေါ်အတက်အဆင်းလုပ်ရာတွင် သူမ၏အထုတ်အပိုးများအား သယ်ဆောင်ပေးရန် ငွေပေး၍အကူအညီတောင်းထားပေးသူဖြစ်သည်။သူမသည် ရထားပြတင်းမှတစ်ဆင့် ပျာပန်းခတ်နေသောလူအုပ်ကြီးအားကြည့်ကာ ပြန်ဖြေလိုက်၏။

"ခဏလောက်စောင့်ကြတာပေါ့။ အခုကရထားပေါ်မှာလူတွေအရမ်းရှုပ်ယှက်ခတ်နေတာ မတော်တဆဖြစ်လွယ်နေလိမ့်မယ်"

"ဟုတ်ကဲ့ ဒါနဲ့အရာရှိလျိုက ဘူတာကနေဆင်းတာနဲ့ မိန်းကလေးတည်းရမယ့်နေရာအထိ လိုက်ပို့ပေးဖို့လူတစ်ယောက်လွှတ်ပေးထားပါတယ်တဲ့။ နေစရာကအစ စိတ်ချရမယ့်နေရာကိုစီစဉ်ပေးထားတာမလို့ မိန်းကလေးအနေနဲ့စိတ်အေးလက်အေးနေလို့ရပါတယ်တဲ့"

ကျားလိမှာခေါင်းသာငြိမ့်ပြလိုက်ပြီး အပြင်ဘက်သို့အကြည့်လွှဲလိုက်သည်။ ၁၉၇၆ခုနှစ်တရုတ်ပြည်မှာ လွန်စွာမှရိုးရှင်းလှ၏။ ရာသီဥတုမှာလည်း နွေဦးကာလဆိုသော်ငြား အအေးဓာတ်ကိုအနည်းအကျဉ်းခံစားနေရသေးသည်။ အချိန်ခဏကြာမှ ကျားလိလည်းလူငယ့်ထံခရီးဆောင်အိတ်ကြီးနှင့်မုန့်ထုတ်အားသယ်ခိုင်းကာ သူမကသားရေအိတ်အားလွယ်၍ လက်ဆွဲအိတ်နှင့်ကတ်ထူပုံးကိုသယ်ပြီးရထားပေါ်မှ ဆင်းလိုက်သည်။

ရထားပေါ်မှကျားလိဆင်းလာသည်နှင့် ဘူတာရုံရှိလူတိုင်း၏အကြည့်မှာ သူမထံရောက်လာကြသည်။ပန်းနုရောင်ချီဖောင်နှင့် အနက်ရောင်ဒေါက်ဖိနပ်မှာ သူမ၏အသားအရေနှင့် အချိုးအစားအားပေါ်လွင်စေကာ အညိုဖျော့ဖျော့ဆံပင်ကောက်များနှင့် အပြင်အဆင်များမှာ ဘူတာရုံရှိမိန်းကလေးများအား သူတို့ပုံစံကိုဖုံးကွယ်ထားချင်လောက်အောင် ရှက်ရွံ့သွားစေခဲ့၏။ လူသားဟူသည် မိမိနှင့်တန်းတူ သို့မဟုတ် အနည်းငယ်သာ သာလွန်ပါက မနာလိုဝန်တိုမှုအားခံစားရမည်ဖြစ်သော်ငြား အလွန်မြင့်မားစွာ သာလွန်နေပါက လေးစားအားကျမှုကိုသာဖြစ်ပေါ်စေပေမည်။

ယခုလည်းထိုအတိုင်းပင်။ ကျားလိ၏သွင်ပြင်အား ကြည့်ကာမိန်းကလေးတိုင်းက အားကျနေတော့၏။ထိုအထဲတွင် တတ်နိုင်သောမိသားစုများထဲရှိ လူငယ်မိန်းမပျိုလေးအချို့ဆိုလျှင် သူတို့ချင်းတီးတိုးပြောဆိုနေကြတော့သည်။

"သူမပုံစံက ငါတို့ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားထဲက မင်းသမီးတွေလိုပဲ။သူတို့ထက်တောင်ပိုကြည့်ကောင်းသေးတယ်။သူမအဲ့ပစ္စည်း‌ေတွဘယ်ကဝယ်လဲမသိဘူးနော်"

"ငါလည်းသိချင်တယ်။ ဟိုနေရာဆီသွားပြီးရှာရင်တောင် သူမဝတ်ထားသလိုမျိုး ပစ္စည်းအရည်အသွေးကောင်းရှာမတွေ့ဘူးဟဲ့"

"အဲ့ဒါတွေကိုဟောင်ကောင်ဘက်မှာ အလွယ်ရကြတယ်တဲ့။သူမလည်းအဲ့ကသွားဝယ်တာလားမသိဘူး"

"ရူးလိုက်တဲ့ သူငယ်ချင်းရေ ဟောင်ကောင်နဲ့ပြည်မကြီးကို နင့်အိမ်ရှေ့နဲ့အိမ်နောက်သွားသလို လွယ်တယ်များမှတ်နေလား"

ကျားလိခြေတစ်လှမ်း လှမ်းသည်နှင့် သူမ၏အရှိန်အဝါကြောင့် အနားရှိလူများမှာဖယ်ပေးလိုက်ကြရာ သူမလျှောက်ရာလမ်းကြောင်းမှာ တစ်စတစ်စ ရှင်းလင်းသွားတော့သည်။ ထိုစဉ်စစ်တပ်ဝတ်စုံဖြင့် လူတစ်ဦးကကျားလိနားရောက်လာကာ မေးလိုက်၏။

"မိန်းကလေးက အရာရှိလျိုရဲ့မိတ်ဆွေဒေါက်တာကျားလိလား"

ကျားလိလည်းထိုလူနှင့်စကားအနည်းငယ်ပြောပြီးနောက် လျိုဇီရွေ့ပြောထားသည့်လူမှန်း သေချာသွားရာ ကျေးဇူးတင်စကားပြော၍ ထိုလူ့နောက်မှနေကားဆီလိုက်သွားလိုက်သည်။စစ်တပ်သုံးဂျစ်ကားပေါ် သူမအထုတ်အပိုးများနေရာချကာ ထိုင်ခုံပေါ်ဝင်ထိုင်ပြီးသည်နှင့် စစ်သားကြီးမှာ မိမိအား အစီအစဉ်ဆွဲထားခြင်းရှိမရှိမေးလာ၏။

"ကျွန်မကဘယ်မှာနေရမှာလဲ သိလားရှင့်"

"မိန်းကလေးက ကျိရွာထုတ်လုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ရမှာပါ။အဲ့ရွာက တော်တော်လေးပြေလည်တဲ့အပြင် မိန်းကလေးတည်းဖို့အတွက်လည်း စိတ်ချရတဲ့မိသားစုရဲ့အိမ်ကိုစီစဉ်ပေးထားပါတယ်။ မိန်းကလေးကတစ်ယောက်တည်းဆိုတော့ သီးသန့်နေရင်ဒုက္ခများနေမှာစိုးလို့ပါတဲ့"

ကျားလိလည်း အခြေအနေကိုနားလည်ပါသည်။ ဤခေတ်ကြီးထဲ၌ မိန်းကလေးတစ်ဦး ဂုဏ်သိက္ခာပိုင်းနှင့် အမှားအယွင်းတစ်ခုခုဖြစ်လျှင် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။သူမအနေနှင့် ဤအရာများကိုဂရုမစိုက်ပါသော်ငြား တစ်‌ေယာက်တည်းကွဲထွက်လွန်းနေ၍လည်း မဖြစ်ပေ။ ထို့ကြောင့် ထိုအစီအစဉ်အား ငြင်းပယ်ရန်မရှ်ိ လက်ခံလိုက်၏။

"ဒါနဲ့ ဒီနေရာမှာဘာပစ္စည်းမျိုးလက်ဆောင်ပေးရင်အမြင်လှမလဲရှင့်"

ဤမိန်းကလေးမှာနိုင်ငံရပ်ခြား၌ကြီးပြင်းလာသူမှန်း သိထား၍စစ်သားကြီးမှာ စိတ်ရှည်လက်ရှည်ပြန်ဖြေပေးလာသည်။

"ကျွန်တော်တို့ဆီကတော့ သကြား၊ ဆေးလိပ်၊ကြက်ဥတို့ပေါ့ ပိုတတ်နိုင်ရင် ဂျုံမှုန့်၊ချိုချဉ်၊အသားနဲ့အရက်တို့ ပေးကြတယ်"

"ကျေးလက်ဘက်ဆိုတော့ အရာရာရှားပါးမှာပေါ့နော်"

"စိတ်မပူပါနဲ့ မိန်းကလေးရဲ့။ စီရင်စုမြို့တွေမှာ လိုတာတွေအကုန်ဝယ်လို့ရပါတယ်။ အရမ်းကြီးမခက်ခဲပါဘူး"

"ဒါဆိုလည်း ကျွန်မထုတ်လုပ်ရေးအဖွဲ့က လူကြီးတစ်ချို့ကိုလက်ဆောင်လေးတွေ ပေးချင်လို့ ဝယ်ရမယ့်ဆိုင်တစ်ဆိုင်ဆိုင်ဆီအရင်ပို့ပေးပါ‌ရှင့်"

စစ်သားကြီးမှာခေါင်းငြိမ့်ပြ၍ စီရင်စုသမဝါယမဆိုင်ဆီ ကားကိုဦးတည်မောင်းသွားလိုက်သည်။စိတ်ထဲ၌လည်း ပညာတတ်ဟူ၍ မမောက်မာဘဲ အခြေအနေအချိန်အခါကြည့်တတ်လွန်းသော ဤမိန်းကလေးကို အမှတ်များပေးနေမိ၏။ သမဝါယမဆိုင်ရှေ့ရောက်သည်နှင့် သူမအားသိထားရမည့်အချက်တို့ကို ပြောပြကာ သူကကားထဲတွင်သာ စောင့်နေမည်ဟု ပြောလာသည်။ကျားလိလည်း နားလည်ပြီဖြစ်ကြောင်းပြောကာ ကားထဲမှထွက်၍ ဆိုင်ထဲဝင်လိုက်၏။ဆိုင်အတွင်းပိုင်းမှာ ပစ္စည်းများစုံလင်လှသော်ငြား သူမသည်တစ်ချက်သာဝေ့ကြည့်လိုက်ကာ ကောင်တာဆီတန်းသွားလိုက်သည်။ ကောင်တာရှိ အရောင်းစာရေးမမှာ သူမသည်ကားထဲမှထွက်လာသည့်အပြင် ဝတ်စားထားသည်တို့မှာလည်း အလွန်အင်မတန်ကောင်းမွန်ခေတ်ဆန်နေသောကြောင့် ဤမိန်းကလေးမှာသာမန်မဟုတ်ကြောင်းသိလိုက်၏။ထို့ကြောင့်ပုံမှန်အာကြမ်းလျှာကြမ်းဖြင့် ဝယ်သူကိုငေါက်ငမ်းတတ်သောသူမမှာ ကျားလိအား အညင်သာဆုံးဟုသူမမှတ်ယူထားသော အပြုံးဖြင့်ပြုံးကာ မေးလိုက်သည်။

"မိန်းကလေး ဘာလိုချင်လို့လဲ"

ကျားလိလည်း အရောင်းစာရေးမအားကြည့်ကာ အဘွားပြောခဲ့ဖူးသည့် သူတို့ခေတ်အရောင်းဝန်ထမ်းများ၏ နှုတ်စလျှာစအကြောင်းသတိရသွားသည်။သို့သော်ယခု သူမအားကြည့်ကာမျက်နှာချိုသွေးနေသော အရောင်းစာရေးမကြောင့် ခေတ္တမျှကြောင်အမ်းသွားရ၏။ သို့သော်သူမလုပ်စရာရှိသည်တို့ကိုတွေးကာ အရောင်းစာရေးမ၏အကူအညီဖြင့်ဆိုလျှင် အဆင်ချောမည်မှန်းသတိပြုလိုက်မိသည်။

"မင်္ဂလာပါ အစ်မကြီး။ ကျွန်မကမိတ်ဆွေတစ်ယောက်အိမ်အတွက်လိုအပ်တာလေးတွေ လာဝယ်တာပါ။ ဒါပေမယ့် ကျွန်မမှာအဲ့ကိစ္စနဲ့ပက်သတ်ပြီး နည်းနည်းအခက်ကြုံနေလို့ ကူညီပေးလို့ရမလားရှင့်"

ဤမိန်းကလေး၏အပြင်အဆင်အပြောအဆိုကို မြင်မိကတည်းမှ သူမမှာဘာမှနားလည်မည်မဟုတ်မှန်းသတိထားမိလေသည်။သို့သော်လည်း သူမအနေအထားကြောင့် ကလိမ်ကျလိုက်၍မရသောကြောင့် အရိုးသားဆုံးသာဖြေပေးလိုက်၏။သို့သော်သူမတို့မန်နေဂျာထံမှ မျက်နှာသာပေးခံရအောင် ဤမိန်းကလေးထံ ပစ္စည်းကောင်းများသာ ညွှန်းပေးလိုက်ဖို့ စီစဉ်လိုက်သည်။

"မိတ်ဆွေအိမ်ဆီလက်ဆောင်ပေးဖို့ဆိုမှတော့ ဂျုံမှုန့်ဖြူ၊ သကြား၊ကြက်ဥ၊ ချိုချဉ်၊ကိတ်မုန့်၊ ဝက်အူချောင်း၊ စည်သွပ်ဘူး၊ ခေါက်ဆွဲခြောက်၊ အရက်၊ ဆေးလိပ်၊နို့မှုန့် တို့ပေးလို့ရတယ်လေ ညီမရဲ့"

"သူတို့ကို ဘယ်လိုရောင်းလဲရှင့်"

"ဂျုံမှုန့်ဖြူက တစ်ကတ်တီကိုသုံးဆင့်၊သကြားက ငါးဆင့်၊ ချိုချဉ်က တစ်ဆယ်ဆင့်၊ကိတ်မုန့်က နှစ်ဆယ့်ငါးဆင့်၊ ဝက်အူချောင်းက နှစ်ဆယ်ဆင့်၊စည်သွပ်ဗူးက တစ်ဘူးကိုတစ်ယွမ်၊ ခေါက်ဆွဲခြောက်က တစ်ထုတ်ကိုခြောက်ဆင့်၊ ကြက်ဥကတစ်လုံးနှစ်ဆင့်၊ အရက်က ယွမ်နှစ်ဆယ်၊ ဆေးလိပ်က တစ်ဆယ့်ငါးယွမ်၊နို့မှုန့်က တစ်ဘူးကိုသုံးဆယ်ယွမ်ပါ ညီမ။ဝယ်မယ်ဆို သက်ဆိုင်ရာလက်မှတ်နဲ့တွဲဝယ်ရပါမယ်"

"ဒါဆို ဂျုံမှုန့် ဆယ်ကတ်တီ၊ သကြားဆယ်ကတ်တီ၊ကိတ်မုန့်ဆယ့်ငါးကတ်တီ၊ဝက်အူချောင်းကတ်တီနှစ်ဆယ်၊ စည်သွပ်ဘူး ဆယ့်ငါးဘူး၊ခေါက်ဆွဲခြောက် အထုတ်သုံးဆယ်၊ကြက်ဥအလုံး၅၀၊ အရက်ငါးပုလင်း၊နို့မှုန့်၁၀ဘူးပေးပါနော်။ဒါနဲ့ဆီရော ရောင်းလား"

"ဆီက ဝက်ဆီကတစ်ကတ်တီကို တစ်ယွမ်၊ နေကြာဆီက တစ်ကတ်ကီကို ကိုးဆယ်ဆင့်ပါ ညီမ"

"ဝက်ဆီငါးကတ်တီနဲ့ နေကြာဆီငါးကတ်တီပါထည့်ပေးနော်"

အရောင်းစာရေးမမှာတော့ သူမထင်သည့်အတိုင်းအချီကြီးပွနေ၍ ပါးစပ်နားရွက်တက်ချိတ်မတတ်ဖြစ်နေတော့သည်။ထို့နောက်ကျားလိအား အခြားပစ္စည်းများထပ်ညွှန်းပေးကာ ကျားလိကနည်းနည်းစီဝယ်လိုက်သည်။

"အားလုံးပေါင်း နှစ်ရာ့သုံးဆယ်ယွမ်ကျတယ်ညီမ"

အရောင်းစာရေးမ၏အသံမှာ ကျသင့်ငွေအားပြောရာတွင် အနည်းငယ်တုန်ယင်နေ၏။ ဤခေတ်တွင် စက်ရုံလုပ်သားတစ်ဦး၏ ဝင်ငွေပင် တစ်လ ယွမ်ခုနစ်ဆယ် ရှစ်ဆယ်မျှသာရှိရာ ကျားလိတစ်နာရီအတွင်းသုံးလိုက်သည့်ပမာဏမှာ သုံးလစာမကရှိလေသည်။ကျားလိမှာကျသင့်ငွေအား ထုတ်ပေးလိုက်ပြီး

"ဒါနဲ့အသားငါးကိုဘယ်မှာဝယ်လို့ရမလဲ အစ်မကြီးသိလားရှင့်"

အရောင်းစာရေးမမှာ အချီကြီးရောင်းထားရ၍ ပစ်ပစ်ခါခါလုပ်မနေတော့ဘဲ ဟိုဟိုဒီဒီမျက်လုံးဝေ့ကြည့်ကာ လေသံနှိမ့်၍ဖြေလာ၏။

"အဲ့ဒါတွေကို ဟိုနေရာမှာဝယ်လို့ရတယ်လေ။ လက်မှတ်လည်းမလိုဘူး"

ကျားလိမှာချောကလက်တစ်ထုတ်အားယူကာ သူမလက်ထဲထိုးထည့်ပေးလိုက်သည်။

"အစ်မကိုအမှန်အတိုင်းပဲပြောပါ့မယ်။ ညီမကဒီနေရာကိုခုမှရောက်လာတာမလို့ ဒါတွေနဲ့ပတ်သက်ပြီး အကူအညီလိုနေပါတယ်။ ဒါလေးက နိုင်ငံခြားကလာတဲ့ ချောကလက်ပါ။ အစ်မအနေနဲ့ သရေစာအနေနဲ့စားလို့ရတယ်။ ညီမကိုအသားငါးဝယ်တာနဲ့ပက်သတ်ပြီး ကူညီပေးလို့ရမလားရှင့်"

နိုင်ငံခြားမှလာသည်ဆိုသည်ကို ကြားထဲမှ စာရေးမမှာ ချောကလက်အားယူ၍ လက်ခံလိုက်ပြီဖြစ်သည်။မြို့တော်ကိုပင်မရောက်ဖူးသေးသော သူမအဖို့ နိုင်ငံခြားဆိုသည်မှာ ဒဏ္ဍာရီသာဖြစ်သည်လေ။ထိုချောကလက်အားထုတ်ပြလိုက်သည်နှင့် တစ်နှစ်ပတ်လုံးလူအများအားကျမနာလိုအောင် လုပ်နိုင်လေပြီဖြစ်၏။ ထို့ပြင် ဤမိန်းကလေးမှာ သူမအားမန်နေဂျာမှမျက်နှာပေးရလောက်အောင် အများကြီးဝယ်ယူထားပြီးဖြစ်၍ တောင်းဆိုမှုကိုလက်ခံလိုက်လေသည်။

သူမနေရာအစားဝင်ရန် တစ်ယောက်ကို‌ေခါ်ထားလိုက်ပြီး ကျားလိအားခေါ်ကာ ထွက်လာလိုက်၏။ ကျားလိလည်း သမဝါယမဆိုင်မှဝယ်လာသည်တို့ကို ကားပေါ်တင်ကာ အရောင်းစာရေးမကိုပါ တက်ခိုင်းလိုက်သည်။ စစ်သားကြီးမှာသူမဝယ်ယူလာသော ပမာဏကြောင့် သူမအစားသွေးတစ်ရိပ်ရိပ်တက်လာသော်ငြား သူဝင်ပြောနိုင်မည့်အခွင့်မရှိသလို သူမမှာလည်း သူ့လိုကြပ်တည်းနေသူမဟုတ်သည်လေ။ ထို့ကြောင့် သူမငွေထပ်ဖြုန်းနိုင်ရန် အရောင်းစာရေးမညွှန်ကြားရာဆီ မောင်းသွားလိုက်သည်။

ခဏအကြာတွင် နေရာတစ်ခုဆီရောက်၍ သူမတို့နှစ်ယောက်ခပ်သုတ်သုတ်ဝင်သွားကာ မကြာခင်ပစ္စည်းတစ်‌ေပွ့တစ်ပိုက်ဖြင့် ပြန်ထွက်လာကြ၏။အရောင်းစာရေးမအား သမဝါယဆိုင်ဆီပြန်ပို့ပေးသည့်အပြင် ကျားလိက ခုနမှဝယ်လာသောအထုတ်များထဲမှ နှစ်ထုတ်ကို ထည့်ပေးလိုက်သေးသည်။ အရောင်းစာရေးမမှာတော့ ပါးစပ်ကိုပြန်မစေ့နိုင်အောင် ပြုံးဖြီးနေတော့၏။ ယနေ့တော့ သူမမှာ မန်နေဂျာ၏မျက်နှာပေးမှုအပြင် နိုင်ငံခြားမှလာသောချောကလက်၊ကားစီးရခြင်းအပြင် အသားနှစ်ထုတ်ပါရလိုက်သေး၍ ကျားလိအား သူမဘိုးဘေးအသက်ပြန်ရှင်လာသည့်အလား ရိုကျိုးဖော်ရွေပြနေတော့သည်။

သမဝါယမဆိုင်မှထွက်လာသည်နှင့် စစ်သားကြီးမှာ ကျိရွာဆီဦးတည်‌ေမာင်းသွားတော့၏။ ပတ်ဝန်းကျင်ရှိမြင်ကွင်းများမှာလည်း အိမ်မြင့်များမှသည် လယ်ကွင်းပြင်များအဖြစ်ပြောင်းသွားတော့သည်။

All Chapters