သွေးမျိုးဆက်ကျိန်စာ
Vol. 3 Ch. 245
ဓမ္မတစ်သောင်းဂိုဏ်းမှာ သူတို့၏ ကျိန်မစာများကြောင့် စကြဝဠာထဲ၌ အလွန် ကျော်ကြားသည်။ ဂိုဏ်း၏ တန်ခိုးရှင်များမှာ ကျိန်စာကို အသုံးပြုပြီး စကြာဝဠာကိုပင် ကျော်လွန်၍ သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။ သူတို့၏ အစွမ်းထက် ကျိန်စာများကြောင့်ပင် တန်ခိုးရှင်များမှာ သူတို့ကို တတ်နိုင်သမျှ ရှောင်သည်။
သွေးမျိုးဆက် ကျိန်စာမှာ ဓမ္မတစ်သောင်းဂိုဏ်း၏ မထင်မရှား ကျိန်စာလေးတစ်ခု ဖြစ်၏။ အကယ်၍ လုံလောက်သည့် သွေးပမာဏရှိရင် ထိုသူနှင့် သွေးချင်း ဆက်စပ်နေသော လူများ အားလုံးကို ရှာဖွေကာ သတ်ဖြတ်နိုင်သည်။ ချန်းဖန်၏ စွမ်းအားမှာ ကမ္ဘာ တစ်ခုတည်းရှိ သွေးရင်း မျိုးဆက်များကို ရှာဖွေ သတ်ဖြတ်နိုင်သည် အထိသာ စွမ်းဆောင် နိုင်သေးသည်။ အကယ်၍ စွမ်းအားမြင့် လူတစ်ယောက်ကသာ ထိုကျိန်စာကို အသုံးပြုလျှင် စကြဝဠာ တစ်ခုလုံးရှိ သွေးချင်း ဆက်စပ်နေသော လူအားလုံးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိ၏။
“ပထမတစ်ယောက် ... ”
ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံများက ကြိုးများကဲ့သို့ နေရာအနှံ့ ပြန့်ကြဲနေပြီး ကြိုးတစ်ခုချင်းဆီက ရှန်းရုန်ဟွာနှင့် သွေးခြင်း ပတ်သက် ဆက်နွှယ်နေသူ တစ်ယောက်ကို ကိုယ်စားပြုသည်။ ချန်းဖန်၏ နတ်ဘုရားစိတ်အာရုံကြိုးမျှင်က သွေးကျိန်စာ၏ နောက်ကိုလိုက်ရင်း ကလပ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် လူငယ်နှစ်ယောက်မှာ မလုံ့တလုံ ဝတ်ထားသော ကောင်မလေး နှစ်ယောက်နှင့် အတူထိုင်၍ ကာရာအိုကေ ဆိုနေကြသည်။ ထိုလူငယ် နှစ်ယောက်မှာ အတော်မူးနေပုံ ရသည်။
“လူငယ်ခေါင်းဆောင်ရှန်း ... ရှန်းမိသားစုရဲ့ အင်အားက တကယ့်ကို အားကျစရာပဲ။ ချမ်းမိသားစုတောင် တစ်ချက်တည်း အပြတ် တောက်ချနိုင်ခဲ့တယ် ... ”
လူငယ်နှစ်ယောက် အနက် တစ်ယောက်က ပြောသည်။
“ဒါပေါ့ ... ချန်းမိသားစုဆိုတာ ဘာမှ မဟုတ်ဘူး။ ဟားဟား ... သူတို့က အရှေ့တောင်ကြား ဒေသကို ငါတို့နဲ့ ယှဉ်ပြီး လုချင်နေသေးတယ် ... ”
လူငယ်ခေါင်းဆောင် ရှန်းက မာနကြီးစွာပြုံးရင်း ပြန်ပြောသည်။
“ငါ့ရဲ့ ဒုတိယဦးလေးက ကျန်းပေ့မှာ အချမ်းသာဆုံးပဲ။ ဘာမှ မရှိတဲ့ ဘဝကနေ ဝမ်ရုန်အုပ်စုကို ပိုင်ဆိုင်ခဲ့တဲ့ အထိ သူ့ကိုယ်ပိုင် အစွမ်းအစနဲ့ ကြိုးစားခဲ့တာ။ ချန်းမိသားစုလို အသေးအမွှားလေး တွေက ဘယ်လို ယှဉ်နိုင်မှာလဲ ... ”
“ဒါပေမဲ့ ကျန်းပေ့နယ်ရဲ့ ဆရာချန်းက ချန်းမိသားစုကဆို ... ”
လူငယ်က ဆက်၍ မေးလိုက်သည်။
“ဟီးဟီး ... ဆရာချန်း ... ”
လူငယ်ခေါင်းဆောင်ရှန်းက မျက်လုံးများ ပိတ်အောင်ရယ်ကာ ဆက်ပြောလိုက်သည်။
“ဒီနေ့ကစပြီး ဆရာချန်းဆိုတာ မရှိတော့ဘူး။ ရှန်းမိသားစုကို ဆန့်ကျင်တဲ့ လူတွေအတွက် သူတို့ ကြုံတွေ့ရမှာ တစ်ခုပဲရှိတယ်။ အဲဒါ သေခြင်းတရားပဲ ... ”
“အိုး ... ရှန်းမိသားစုက ဆရာချန်းကို ဘာလုပ်လိုက်ပြီလဲ ... ”
လူတိုင်းမှာ လူငယ် ခေါင်းဆောင်ရှန်၏ စကားကြောင့် အနည်းငယ် မျက်လုံး ပြူးသွားသည်။ ကျန်းပေ့နယ်၏ အစွမ်းအထက်ဆုံး သိုင်းသမားဖြစ်သည့် ဆရာချန်းမှာ တန့်ယွမ်ချင်းနှင့်ပင် တန်းတူ ကျော်ကြားသူ ဖြစ်သည်။ သူ၏ လွှမ်းမိုးမှုက ကျန်းပေ့နယ် တစ်ခုလုံးနီးပါးကို ဖြန့်ကြက်နေပြီး အဆက်အသွယ်များစွာ ရှိသည့် လူတစ်ယောက်ပင် ဖြစ်သည်။ ရှန်းမိသားစုမှာ ထိုသို့သော ပုံရိပ်ကြီးမားသည့် ပုဂ္ဂိုလ်ကိုပင် ဖယ်ရှားပစ် နိုင်ခဲ့သည်က အတော်ပင် လွန်လွန်းသည်။
“ကောင်းပြီလေ ... ပြီးတာက ပြီးသွားပြီဆိုတော့ မင်းတို့ကို ပြောပြလိုက်လည်း ဘာမှ မထူးပါဘူး..”
လူငယ် ခေါင်းဆောင်ရှန်းက မာနကြီးစွာဖြင့် ဆက်ပြောလိုက်၏။
“ငါတို့က ယွမ်ဘီလျံ အနည်းငယ်ကို အသုံးပြုပြီး ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့ရဲ့ ခေါင်းဆောင် သုံးယောက်ကို ငှားရမ်းခဲ့တယ်လေ။ ကျန်းနန်ရဲ့ အချမ်းသာဆုံး ကျောင်းတုန်း ဟိုင်တောင် သူတို့ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာ။ ဆရာချန်းလောက် ကတော့လား ... ”
“ကောင်းကင်သတ်ဖြတ်ခြင်း ... ”
လူတိုင်း တံ့တွေးမျိုချ မိကြသည်။ ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့မှာ သိုင်းသမား များကဲ့သို့ မကျော်ကြားသည့်တိုင် တရုတ် အထက်တန်းလွှာ လူတန်းစားများ ကြားတွင်မူ လူတိုင်း သိကြသော အဖွဲ့တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ထိုအဖွဲ့မှာ မရေတွက် နိုင်လောက်အောင် များပြားသည့် သူဌေးကြီးများ၊ အရာရှိများကို သတ်ဖြတ်ခဲ့သည်။
“ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့ရဲ့ ခေါင်းဆောင် သုံးယောက် လက်ကဆိုရင် ဆရာချန်းဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး ... ”
တစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။
“ဒီနေ့ကစပြီး ရှန်းမိသားစုကို ဘယ်သူမှ မရပ်တန့်နိုင်တော့ဘူး ... ”
လူတိုင်းမှာ မာနကြီးစွာ ခေါင်းမော့နေသည့် လူငယ်လေးကို ကြည့်ကာ စိတ်များ ရှုပ်ထွေး လာကြသည်။ ထိုကောင်လေးမှာ ရှန်းရုန်ဟွာ၏ တူသာဖြစ်သော်လည်း သူ၏လုပ်ပိုင်ခွင့်က တစ်မြို့လုံး ထက်ပင် သာသည်။
“ဟား ... ဟား ... ”
လူငယ် ခေါင်းဆောင်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထိုအခိုက်အတန့်ကို သူစောင့်ဆိုင်း ခဲ့ရသည်မှာ အလွန်ပင်ကြာခဲ့ပြီ ဖြစ်၏။ ချန်းမိသားစု မြင့်တက် လာကတည်းက သူ၏ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်လာသလို ဖြစ်ခဲ့ရသော်လည်း ယခုအချိန်တွင်မူ အရာအားလုံး ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။
“နေပါဦး ... ဘာလို့ လူတွေက ငါ့ကို ထူးဆန်းသလို ကြည့်နေတာလဲ ... ”
“ဟမ် ... ငါဘာဖြစ်လို့ ငါခန္ဓာကိုယ်ကို ခံစားလို့ မရတော့တာလဲ ... ”
“နေဦး ... ဒါက ဘာ ... ဘာလဲ ... မလုပ်နဲ့ ... မလုပ်ပါနဲ့ ... ”
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင် လူငယ် ခေါင်းဆောင်ရှန်း၏ ရင်ဘတ်မှ စတင်၍ မီးစွဲကာ တစ်ကိုယ်လုံးကို လောင်တော့သည်။
အား. ... အား ...
သူ့ဘေးတွေထိုင်နေသည့် မိန်းကလေး နှစ်ယောက်မှာလည်း ကြောက်လန့်တကြား အော်ဟစ်ရင်း ထွက်ပြေး ကြတော့သည်။ လူငယ် ခေါင်းဆောင်ရှန်းမှာ မီးတောက်များ၏ ဝါးမျိုမှုအောက်၌ တဖြည်းဖြည်း ပြာကျသွားခဲ့ရသည်။ ထူးဆန်းစွာပင် သူထိုင်နေခဲ့သော ဆိုဖာ၊ သူ့ဘေးရှိ ပိုက်ဆံအိတ် တစ်ခုမှပင် မီးစွဲလောင်ခဲ့ခြင်း မရှိခဲ့ခြင်းပင်။ မကြာခင်မှာပင် လူငယ် ခေါင်းဆောင်ရှန်း၏ ရုပ်အလောင်းက ပြာပင် မကျန်အောင် ကွယ်ပျောက် သွားတော့သည်။ ထိုနေရာသို့ လူငယ် ခေါင်းဆောင်ရှန်း လုံးဝ မလာရောက်ခဲ့ သလိုပင်။ ထိုကဲ့သို့သော ဖြစ်စဉ်များက ကျင်းမြို့တော် အတွင်းရှိ နေရာများစွာတွင် ပုံစံတူပင် ဖြစ်ပျက်သွားသည်။ ရှန်းမိသားစု၏ သူဌေးကြီးများစွာမှာ သူတို့ သတိမထားမိခင်မှာပင် ကျိန်စာ၏ ဝါးမျိုမှုအောက်၌ သေဆုံးခဲ့ရသည်။
“ခုနှစ်ယောက်မြောက် ... ”
“ရှစ်ယောက်မြောက် ... ”
“ခုနစ်ဆယ့် သုံးယောက်မြောက် ... ”
ချန်းဖန်က နတ်ဘုရား စိတ်အာရုံ ကြိုးများကို ညင်သာစွာ ရေတွက်ရင်း တီးတိုး ရေရွတ်နေခဲ့သည်။ သူ၏ အပြုအမူမှာ ဂစ်တာတီး၍ သီချင်းငြီးနေသည့် လူတစ်ယောက် အလားပင်။
အဘိုးကြီးများ၊ လူလတ်ပိုင်းများ၊ ဆယ်ကျော်သက်များ၊ နောက်ဆုံး ကလေးများပါ မကျန် ရှန်းရုန်ဟွာနှင့် သွေးချင်း ဆက်စပ်နေသူ အားလုံး အသတ်ခံခဲ့ရသည်။
“တော်လောက်ပြီ ... အပြစ်မဲ့တဲ့ ကလေးတွေကို ငါထပ်ပြီး မသတ်ချင်ဘူး ... ”
ချန်းဖန် တွေးလိုက်သည်။ တစ်မိနစ်ခန့် အချိန်အတွင်းမှာပင် ရှန်းမိသားစုမှ အသက်ပေါင်း ခုနစ်ဆယ့် သုံးသက်ကို သူသတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ သို့သော်လည်း သူ၏ အပြုအမူက ညသက်တောင့် သက်သာပင် ဖြစ်နေသေးသည်။ ယခင်ဘဝက မြောက်ပိုင်း ကောင်းကင် အရှင်သခင် အနေဖြင့် လူမျိုးတုန်း သတ်ဖြတ်မှုများစွာကို သူပြုလုပ်ခဲ့ဖူးသဖြင့် သူ၏ နှလုံးသားက သံမဏိထက်ပင် မာကျောနေခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ သတ်ဖြတ်ခြင်းက သူ့အတွက် အသေးအဖွဲမျှသာ ရှိ၏။
“နှစ်ယောက်ပဲ ကျန်တော့တယ် ... တစ်ယောက်က ရှန်းချန်ဝမ် ... နောက်တစ်ယောက်က ... ”
သွေးကျိန်စာကို အာရုံခံရင်း ချန်းဖန် ရေရွတ်လိုက်သည်။ ယခုအချိန်တွင် သွေးကျိန်စာ နှစ်ခုသာ ရှိတော့ကာ တစ်ခုက ကျင်းမြို့တော်တွင်သာ ရှိနေခဲ့ကာ အခြားတစ်ခုက တရုတ်နိုင်ငံပြင်ပ၌ ရှိနေပုံရသည်။
အဟွတ် ... အဟွတ် ...
ရှန်းရုန်ဟွာ ချောင်းတစ်ချက် ဆိုးလိုက်သည်နှင့် သွေးများစွာက သူ၏ ပါးစပ်က အန်ထွက် လာသည်။ ရှန်းရုန်ဟွာမှာ သွေးများစွာ ထုတ်ယူ ဝါးမျိုခြင်းကို ခံထားရသည့်တိုင် အသက်ရှင်နေဆဲ ဖြစ်သည်။ သူ စကားတစ်ခွန်းမှ မပြောနိုင်တော့သည့်တိုင် ချန်းဖန်လုပ်သမျှကို သူအားလုံး မြင်တွေ့ နေခဲ့ရသည်။
ရှန်းရုန်ဟွာမှာ သူ့မိသားစုတစ်ခုလုံးကို သူ့ရှေ့၌ ရက်ရက်စက်စက် သတ်ဖြတ်နေသည့် မြင်ကွင်းကို ကြည့်နေခဲ့ရသည်။ အကယ်၍ သူ့တွင်သာ ပြန်လည်ရွေးချယ်ခွင့်ရခဲ့လျှင် ထိုနတ်ဆိုးကို ရန်စခဲ့လိမ့်မည် မဟုတ်ချေ။
ထိုခွေးကောင်ကား တကယ့်နတ်ဆိုးပင်။ ထိုသို့သော သတ်ဖြတ်မှုမျိုးကို ငရဲပြည်မှ နတ်ဆိုးများသာလျှင် ပြုလုပ်ရဲလိမ့်မည် ဖြစ်သည်။ တန့်ယွမ်ချင်းမှာလည်း နံရံတစ်ခု နောက်တွင် ကွယ်ကာ ချောင်းကြည့် နေခဲ့သဖြင့် အချင်းအရာ အလုံးစုံကို တွေ့မြင် နေခဲ့ရသည်။
“ဆရာချန်းက နှလုံးသား မရှိတဲ့ နတ်ဆိုးပဲ။ အရှေ့တောင် အာရှက နိုင်ငံတွေမှာ အဝေးကလူကို လှမ်းပြီး ပြုစားနိုင်တဲ့ စုန်းအတတ် ရှိတယ်လို့ ငါကြားဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကျိန်စာတွေက ဆရာချန်းနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်တဲ့ အရာတွေ ဖြစ်သွားတယ်။ ဒီလိုကြောက်ဖို့ ကောင်းတဲ့ သွေးမျိုးဆက် ကျိန်စာမျိုးကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ... ”
တန့်ယွမ်ချင်းတွေးရင်း ချွေးများ တစ်ကိုယ်လုံး စိုရွှဲနေခဲ့တော့သည်။ ထိုကဲ့သို့ ရက်စက်သော ကျိန်စာ ကမ္ဘာပေါ်တွင် ပထမဆုံး အကြိမ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းက သူ့ကို သွေးပျက်စေခဲ့သည်။ သူ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခါစတွင် ချန်းဖန်ကို အနိုင်ယူရန် ယုံကြည်ချက်များ ပြည့်နေ ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင်မူ သူ၏ ဒူးများပင် တုန်ခါနေခဲ့ရပြီ ဖြစ်၏။
“သူက အထွတ်အထိပ် အဆင့်တင် မကဘူး။ ကြောက်စရာ ကောင်းတဲ့ ဓမ္မအစီအရင် ကျင့်ကြံသူ တစ်ယောက်ပါ ဖြစ်နေတာပဲ ... ငါ တံခါးပိတ် ကျင့်ကြံနေတဲ့ နှစ်ဝက်အတွင်း ဘယ်လောက်တွေတောင် ပြောင်းလဲသွားခဲ့တာလဲ။ ဒီလို နတ်ဆိုး တစ်ယောက်တောင် ပေါ်ထွက်လာခဲ့တယ် ... ”
တန့်ယွမ်ချင်း စိတ်ထဲမှ တွေးနေခဲ့မိသည်။ ထိုအချိန်တွင် သွေးကျိန်စာမှာ နှစ်ခုသာ ကျန်နေခဲ့တော့၏။
“ခုနစ်ဆယ့်လေးယောက်မြောက် ... ရှန်းချန်ထင် ... ”
***