ရှန်းချန်ဝမ်၏ အဆုံးသတ်
Vol. 3 Ch. 246
ကျင်းမြို့တော် တံတားပေါ်တွင်မူ ... ရှန်းချန်ဝမ်မှာ ကားပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏ ဖုန်းကို ပစ်ချလိုက်သည်။
“ဘာဖြစ်လို့လဲ ချန်းဝမ် ... ”
ဝမ်ဂျွန်က မေးသည်။
“အဖေခေါ်တာ ... ကျင်းမြို့တော်ကနေ ဝေးနိုင်သမျှ ဝေးအောင် ပြေးတော့တဲ့ ... ”
ရှန်းချန်ဝမ်က မျက်မှောင်ကြုတ်ရင်း ဆိုသည်။
“အာ.. ဘာဖြစ်လို့လဲ ... ”
ဝမ်ဂျွန်က မေးသည်။
“မသေချာဘူး။ အဖေ့ရဲ့ အသံကတော့ အရမ်းကို အရေးကြီး နေတဲ့ပုံပဲ။ ငါဘာမှ မမေးရသေးခင်မှာ ဖုန်းချသွားတယ် ... ”
ရှန်းချန်ဝမ်က ဆက်ပြောလိုက်၏။
“သူနောက်ဆုံးပြောသွားခဲ့တာက ဆရာချန်း ဆိုလားပဲ ... ”
“ဆရာချန်း ... ချန်းဖန်လား။ သူ့ဆီကို ကောင်းကင် သတ်ဖြတ်ခြင်း အဖွဲ့ရဲ့ ခေါင်းဆောင် သုံးယောက်သွားတယ် မလား”
ဝမ်ဂျွန်ကမေးသည်။
“အစ်ကိုဂျွန် ... ကျွန်တော် နေရတာ တစ်မျိုးကြီးပဲ။ တစ်ခုခုဖြစ်နေပြီလား မသိဘူး ... ”
ရှန်းချန်ဝမ်က မျက်မှောင်ကြုံ့ရင်း ပြောသည်။ သူဖုန်းကို ထုတ်လိုက်ပြီး အန်ကယ်လင်းကို ခေါ်လိုက်သည်။ သို့သော်လည်း မည်သူကမျှ သူ့ဖုန်းကို မကိုင်ခဲ့ချေ။ ထို့နောက် ဝမ်ရုန်အုပ်စု၏ အကြီးတန်း မန်နေဂျာများထံ ဆက်သွယ် ကြည့်သော်လည်း မည်သူကမျှ ဖုန်းမကိုင်ခဲ့ချေ။
ဝမ်ဂျွန်ပင်လျှင် လက်ရှိ အခြေအနေကြောင့် တဖြည်းဖြည်း စိတ်ပူလာခဲ့ပြီ ဖြစ်သည်။
ထိုစဉ်မှာပင် ရှန်းချန်ဝမ်၏ ဖုန်းမြည်လာသဖြင့် အလျင်အမြန် ကောက်ကိုင်လိုက်သည်။ နားထောင်နေရင်း ရှန်းချန်ဝမ်၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာသည်။
“ရှောင်ဟောင်ခေါ်တာ ... ရှန်းချန်လင်း ကလပ်တစ်ခုမှာ သေပြီတဲ့ ... ”
“ဘာ ... ချန်လင်းသေပြီ ... ”
ဝမ်ဂျွန်မှာ လိုက်၍ ရေရွတ်မိသည်။ ရှန်းချန်လင်းမှာ ရှန်းချန်ဝမ်၏ ဝမ်းကွဲဖြစ်ပြီး ရှန်းရုန်ဟွာ၏ တူလည်း ဖြစ်သည်။ သူ၏ သေဆုံးမှုက ရှန်းမိသားစုကို ဂယက် ထစေလိမ့်ဦးမည်ဟု ချန်းဝမ် တွေးမိလိုက်သည်။
“ရှောင်ဟောင်ပြောတာက ချန်လင်းက မီးလောင်ပြီး သေသွားတာတဲ့ ... ”
“ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်။ အဖေလည်း ဒုက္ခရောက်နေပြီ ထင်တယ်။ ချန်းဖန် အဖေ့ဆီကို သွားတာ ဖြစ်ရမယ် ... ”
ရှန်းချန်ဝမ် အလျှင်စလိုပြောရင်း သူ၏ကားကို တစ်ရာ့ရှစ်ဆယ် ဒီဂရီဖြစ်အောင် ကွေ့လိုက်သည်။ ထို့နောက် ကားကို မိုင်ကုန်တင်ရင်း မောင်းတော့သည်။ အချိန်မှာ ညဘက် ဖြစ်နေသဖြင့် လူရှင်းနေသည်က ကံကောင်းသည်ဟု ဆိုရမည်။ ဝမ်ဂျွန်မှာ တိတ်ဆိတ်နေပြီး စကားတစ်ခွန်းပင် မပြောခဲ့ချေ။ နောက်မိနစ်ပိုင်း အတွင်းမှာပင် ဖုန်းက အကြိမ်များစွာ မြည်လာခဲ့သည်။ တစ်ခါမြည်တိုင်း လူတစ်ယောက် သေဆုံးကြောင်း သတင်းပင်။ သူ၏ အစ်မ၊ အစ်ကို၊ ဝမ်းကွဲ၊ အန်ကယ်၊ အန်တီ၊ အဘိုး၊ ညီ၊ ညီမ အားလုံး သူတို့အားလုံး သေဆုံးသွားခဲ့သည့် သတင်းများ။ သေဆုံးသွားသူ အားလုံးက အကြောင်းရင်း တစ်ခုတည်းဖြင့်ပင်။ ထိုအရာက မီးဟူ၍ ...
“ဘာတွေဖြစ်ကုန်တာလဲကွာ..”
ထိုစဉ်မှာပင် ဖုန်းက နောက်တစ်ကြိမ် မြည်လာခဲ့ပြန်၏။ ယခုတစ်ယောက်ကား ရှန်းချန်ထင်။ အင်္ဂလန်တွင်နေထိုင်သည့် သူ၏ ဆွေမျိုးတစ်ယောက်။ သူလည်း သေဆုံးခဲ့ရပြီ ဖြစ်သည်။ ရှန်းချန်ဝမ်၏ မျက်လုံးများက နီရဲလာခဲ့သည်။
“အစ်ကိုဂျွန် ... ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာတွေ မှားနေရတာလဲဗျာ ... ”
ရှန်းချန်ဝမ်က သွေးရူးသွေးတန်း အော်သည်။
“တကယ်တော့ ချန်းမိသားစုရဲ့ အဓိကထောက်တိုင်က ချင်ဟွာလည်း မဟုတ်ဘူး။ ဝမ်ရှောက်ယွင်လည်း မဟုတ်ဘူး။ သူက ချန်းဖန်.. ဆရာချန်း ... ”
ဝမ်ဂျွန်က အသက်မဲ့ သူတစ်ယောက်ကဲ့သို့ ရေရွတ်သည်။
“ဒါတွေအားလုံး ချန်းဖန်လုပ်တာလား ... ”
ထိုသာမန်ရုပ်ရည်နှင့် ချူကျိုးမှ တောသားကောင်လေးတွင် ထိုသို့သော စွမ်းရည်များ ရှိနေခဲ့သည်လား။ နေရာအနှံ့မှ လူများစွာကို မိနစ်ပိုင်းအတွင်း သတ်ဖြတ်နိုင်ခဲ့သည်လား။ သူမည်သို့မျှ မယုံနိုင်ခဲ့ချေ။
“ဆရာချန်း ... ဆရာချန်း ... လူတိုင်းက သူ့ကို ဘာကြောင့် ဆရာလို့တပ်ပြီး ခေါ်ရတာလဲလို့ ငါအမြဲတမ်းပဲ တွေးနေခဲ့မိတာ။ ခုတော့ ငါနားလည်ပြီ။ ဒါပေမဲ့ နောက်ကျသွားပြီ ... ”
“ဒါက အဆုံးသတ်လား ... ”
ဝမ်ဂျွန်က တဖြည်းဖြည်း အနီရောင်သန်းလာသော ရှန်းချန်ဝမ်ကို ကြည့်သည်။ ရှန်းချန်ဝမ်ကလည်း သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်သည်။ မီးတောက်က သူ့ရင်ဘတ်မှ စတင်ကာ သူ၏ တစ်ကိုယ်လုံးသို့ ဝါးမြိုသည်။ ထို့နောက် သူတို့စီးလာသော ဖာရာရီ ကားတစ်စီးလုံးကိုပါ တစ်လုံး တစ်မှိတ်အတွင်း လောင်ကျွမ်းတော့သည်။
“ခုနစ်ဆယ့်ငါးယောက်မြောက် ... ရှန်းချန်ဝမ်”
ချန်းဖန်က အေးဆေးစွာ ရေရွတ်ရင်း သူ၏ စိတ်အာရုံကို ပြန်လည် စုစည်းလိုက်၏။ အစောပိုင်း စံအိမ်ထဲတွင် ရှိသည့် လူများနှင့်ဆိုလျှင် ရှန်းမိသားစုဝင် တစ်ရာကျော်ကို သူသတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ချန်းဖန်၏ နောက်ဆုံးစကားအဆုံး၌ ရှန်းရုန်ဟွာမှာ မျက်လုံးကိုပိတ်၍ လောကကြီးထဲမှ အပြီးတိုင်ထွက်ခွာသွားခဲ့ရတော့၏။ သူ၏ အရာရာမှာ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ထို့ကြောင့် စိတ်ကို လျှော့လိုက်သည်နှင့် သေခြင်းတရားက သူ့ကို ဝါးမျိုသွားခဲ့တော့၏။
ချန်းဖန်၏ အပြုအမူများကမူ အလွန်ပင်အေးဆေး တည်ငြိမ်နေခဲ့သည်။ သူက လက်ကိုဝှေ့ယမ်းကာ စံအိမ်ထံသို့ မီးတောက်တစ်ခုကို လွှတ်လိုက်သည်။ မီးတောက်က ခဏချင်းပင် စံအိမ်ကို ဝါးမျိုကာ သက်သေခံများကို ရှင်းလင်းသည်။ ထို့နောက် ချန်းဖန် နောက်သို့လှည့်ရင်း နံရံတစ်ခု အကွယ်၌ ပုန်းအောင်းနေသည့် တန့်ယွမ်ချင်းကို ကြည့်လိုက်၏။ တန့်ယွမ်ချင်းမှာ ချန်းဖန်၏ အကြည့်ကြောင့် တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရ၏။ ကျန်းနန်ပြည်နယ်၏ အရှင်သခင်က ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက် ချလိုက်ရင်း ကြောက်ရွံ့စွာ ပြောလိုက်သည်။
“ကျွန်တော်က တန့်ယွမ်ချင်းပါ။ ဆရာချန်းကိုတွေ့ရတာ ဂုဏ်ယူပါတယ် ... ”
ချန်းဖန်မှာ သူ့ရှေ့တွင်ပင် အထွတ်အထိပ် အဆင့်တစ်ယောက်ကို သတ်ခဲ့သည့် အပြင် မိသားစု တစ်ခုလုံးကိုပါ အညှာအတာ မရှိ သတ်ဖြတ်ခဲ့သည်။ ထိုအရာကား သူ၏ လွှမ်းမိုးနိုင်ခြင်းနှင့် ယှဉ်ပါက မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းသည်။ တန့်ယွမ်ချင်းမှာ ခေါင်းကိုပင် မော့မကြည့်ရဲချေ။ သူ ဆယ့်ငါးမိနစ်ခန့် အထိ ဒူးထောက် နေခဲ့သည့်တိုင် ချန်းဖန်ထံမှ စကားပြန်မရသဖြင့် အနည်းငယ် မော့ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ချန်းဖန်မှာ ထိုနေရာတွင် မရှိတော့ချေ။ ထွက်သွားခဲ့ပြီ ဖြစ်၏။
“ဟင်း ... ”
အဘိုးအိုမှာ သက်ပြင်း တစ်ချက်ချရင်း ဖြည်းညင်းစွာ မတ်တတ် ရပ်လိုက်သည်။ သူ၏ သက်တမ်း တစ်လျှောက် ဤကဲ့သို့ တစ်ခါမျှပင် မကြောက်ရွံ့ ခဲ့ဘူးချေ။
***
ကျင်းမြို့တော်ရှိလူများအား အရေးပေါ်သတင်း တစ်ခုက ရှော့ရစေခဲ့သည်။
ညတွင်းချင်းပင် ရှန်းမိသားစု တစ်ခုလုံး ကျင်းမြို့တော်က ပျောက်ကွယ်သွားခဲ့သည်။ ရှန်းမိသားစု၏ စံအိမ်ကြီး မီးလောင်သွားခဲ့သလို ရှန်းရုန်ဟွာ၏သား ရှန်းချန်ဝမ်မှာလည်း ကားအက်စီးဒန့်ဖြင့် သေဆုံးခဲ့ရသည်။ ရှန်းရုန်ဟွာ ပျောက်ဆုံး နေခဲ့သလို ရှန်းမိသားစု၏ အခြားလူများစွာမှာလည်း အစအန ရှာမရအောင်ပင် ပျောက်ဆုံးသွားခဲ့သည်။
ရှန်းမိသားစု၏ လုပ်ငန်းများမှာလည်း အထိန်းအကွပ် မရှိသဖြင့် လည်ပတ်မှုများ ရပ်ဆိုင်းကာ ဖရိုဖရဲ ဖြစ်ကုန်ခဲ့သည်။ ကောလာဟလများအရ ရှန်းမိသားစုဝင်များမှာ ပျောက်ဆုံး နေခဲ့ခြင်း မဟုတ်ပဲ မီးလောင်ကာ သေဆုံးသွားခဲ့ခြင်း ဟုလည်း ဆိုကြသည်။ များစွာသော သက်သေများအရ ထိုလုပ်ရပ်၏ တရားခံမှာ ဆရာချန်းဟု ဆိုကြသည်။
ထို့ကြောင့်ပင် ချန်းဖန်၏ အမည်မှာ ကျင်းမြို့တော်၌ သရဲတစ္ဆေ တစ်ကောင်၏ အမည်ကဲ့သို့ လူတိုင်း ကြောက်ရွံ့ကြသော အမည်တစ်ခု ဖြစ်လာခဲ့တော့သည်။ ထိုအဖြစ်အပျက်ကြောင့် များစွာသော မိသားစုကြီးများမှာ ချန်းမိသားစုကို မထိရဲကြတော့ချေ။
“ကောလာဟလတွေက အမှန်ဖြစ်ဖြစ်၊ အမှားဖြစ်ဖြစ် ငါတို့ ချန်းမိသားစုကို မဆန့်ကျင် ကြတော့ဘူး ... ”
ကျောင်း၊ စွန်း၊ ဟွာနှင့် အခြား မိသားစုကြီးများစွာ မတိုင်ပင်ရပဲ တူညီသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်မိကြသည်။ ရှန်းမိသားစု၏ အဖြစ်အပျက်က သူတို့အတွက် အကောင်းဆုံး ဥပမာပင်။ သူတို့အထဲမှ မည်သူမျှ မသေချင်ကြပေ။ မိသားစုတစ်ခုလုံး ဖျက်ဆီးပစ်ခံရသည့် အဖြစ်မျိုး မကြုံတွေ့လိုကြပေ။ သက်သေခံ မရှိပဲ လက်စဖျောက်ပစ် ခံရသည့် အဖြစ်အပျက်မျိုး မဖြစ်လိုကြပေ။
တစ်ည အတွင်း၌ပင် ရှန်းမိသားစုနှင် ဝမ်ရုန်အုပ်စု ပြိုကွဲခဲ့ပြီး အကျိုးဆက် အနေဖြင့် ချန်းမိသားစု၏ အနေအထားမှာ ပိုမိုမြင့်တက် လာခဲ့သည်။ လွန်ခဲ့သည့် ညက မိသားစု အတွင်းရှိ လူတိုင်းလိုလို ကုမ္ပဏီ၏ ကျဆင်းမှုအတွက် စိတ်ပူနေခဲ့ရသည်။ ထို့အပြင် ဝမ်ရှောက်ယွင်၏ ကားအက်စီးဒန့် ကလည်း တစ်ပူပေါ် နှစ်ပူဆင့် စေခဲ့သည်။ သို့သော် တစ်ည ... ဤတစ်ညတာ အတွင်းမှာပင် အခြေအနေများက လုံးဝ ပြောင်းလဲ သွားခဲ့သည်။
“ရှောင်ယွင် ... ဒါတွေကို ချန်းဖန်လုပ်တာလား ... ”
“ဟုတ်တယ် သူလုပ်တာလား ... ရှန်းရုန်ဟွာရဲ့ အိမ်မီးလောင် နေတာကို သတင်းထဲမှာ ငါတွေ့လိုက် ရသေးတယ်။ ရှန်းရုန်ဟွာကိုတော့ ဘယ်မှာမှ မတွေ့သေးဘူးတဲ့ ... ”
“နောက်ပြီး ကျန်သေးတယ်။ ရှန်းမိသားစုဝင်တွေ အားလုံး မနေ့ညက ပျောက်သွားတယ်။ ကောလာဟလတွေ အရ မီးသင့်ပြီး သေသွားကြတယ် ဆိုလားပဲ ... ”
ချန်းနန်မှာ မယုံကြည်နိုင်မှုကြောင့် သူမ၏ ပါးစပ်ကိုပင် လက်များဖြင့် ပိတ်ထားလိုက်မိ၏။ သူ၏ ဝမ်းကွဲ၏ စွမ်းအားများက စိတ်ကူး၍ မရနိုင်လောက်သည့် အဆင့်သို့ ရောက်နေခဲ့ပုံရသည်။ လူတိုင်းက သူ့ကို ဆရာချန်းဟု ခေါ်ကြသည်မှာ မထူးဆန်းချေ။ ထိုအချိန်တွင် ချန်းအန်ကမူ တစ်ခွန်းမှ ဝင်မပြောပဲ တိတ်ဆိတ်နေခဲ့၏။
“ပါးစပ်တွေ ပိတ်ထားစမ်း ... အဲ့စကားတွေကို နောက်တစ်ကြိမ် ဘယ်သူမှ မပြောကြနဲ့ ... ”
ချန်အန်းက အော်ဟစ်လိုက်သည်။
***