← Chapters

အစိမ်းရောင် နဂါးအစီအရင်

Vol. 3 Ch. 247

အစိမ်းရောင် နဂါးအစီအရင်

Vol. 3 Ch. 247

ရှန်းမိသားစု၏ ကျဆုံးမှု သတင်းက ကျင်းမြို့တော် တစ်ခုလုံးကိုပင် လှုပ်ရှားစေခဲ့သည်။ ပျောက်ဆုံးနေသော ရှန်းရုန်ဟွာကိုလည်း မည်သည့်နေရာတွင်မှ ပြန်မတွေ့ခဲ့ကြချေ။

နေ့ရက်အချို့ ကြာပြီးနောက် လူများမှာ ထို‌အကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့ကြသည်။

ကျင်းမြို့တော်မှာ လူဦးရေ တစ်ဆယ်မီလျံကျော်ရှိပြီး အလွန်လူဦးရေ ထူထပ်သောကြောင့် နေ့စဉ်နေ့တိုင်း အဖြစ်အပျက်  ပေါင်းများစွာ ဖြစ်ပျက်လျက် ရှိသည်။ သာမန်လူများမှာ နိုင်ငံရေး အခြေအနေများ ထက်ပင် သူတို့၏ စားဝတ်နေရေးကိုသာ ပိုမို အာရုံစိုက်ကြသဖြင့် မိသားစု နှစ်ခုကြားမှ တိုက်ပွဲက သူတို့အတွက် သိပ်မထူးဆန်းချေ။

သို့သော်လည်း မိသားစုကြီးများတွင်မူ ထိုသတင်းက ပျံ့လွင့်နေဆဲ ဖြစ်သည်။ ရှန်းမိသားစု၏ ကျဆုံးမှုက စဉ်းစား၍ မရနိုင်သောအရာ ဖြစ်သည်။ ကျန်းပေ့နယ်၏ အချမ်းသာဆုံး မိသားစု ညတွင်းချင်း ပြာပုံ ဖြစ်သွားခြင်းက သူတို့ကို ချောက်ချားစေတုန်းပင် ဖြစ်၏။ သိပ်မကြာခင်မှာပင် ချန်းမိသားစု၏ ငွေစာရင်း စစ်ဆေးခံ နေရသည်မှ ကင်းလွတ်ခွင့်ရကာ အရှေ့တောင်ကြား ဒေသကိုပါ ဝယ်ယူ နိုင်ခဲ့သည်။ ဝမ်ရှောက်ယွင်ကို လုပ်ကြံသည့် ဒရိုင်ဘာမှာလည်း သူ၏ အပြစ်ကို ဝန်ခံခဲ့ပြီး တရားရုံး၏ အမိန့်ဖြင့် လျှပ်စစ် ကုလားထိုင်ဖြင့် ကွပ်မြက်ခြင်း ခံလိုက်ရ၏။ ထိုအချိန်တွင် ဆရာချန်းဆိုသော နာမည်မှာ ကျင်းမြို့တော် မိသားစုကြီးများ၌ နာမည်ကြီး နေခဲ့သည်။ ကောလာဟလများ အရဆိုလျှင် ရှန်းမိသားစုဝင် အားလုံးမှာ သူ့ကြောင့် သေသွားခဲ့ရသည်ဟု ဆိုသည်။ သို့သော် သက်သေခိုင်ခိုင်မာမာ မရှိချေ။ ထိုလုပ်ရပ်များကို ဆရာချန်း ပြုလုပ်ခဲ့ကြောင်း မည်သည့် ဓာတ်ပုံ၊ ဗီဒီမှ မရှိသည့်အပြင် အခြား အထောက်အထားများလည်း မရှိခဲ့ချေ။

တရားရုံးမှာလည်း ထိုအမှုအတွက် မည်သူကိုမျှ စွပ်စွဲ၍ မရခဲ့ချေ။ ကောလာဟကများက ဆရာချန်း ပြုလုပ်သည်ဟု စွပ်စွဲကြသော်လည်း သေဆုံးသူက တစ်ယောက်၊ နှစ်ယောက် မဟုတ်ချေ။ တစ်ချိန်တည်း လိုလိုမှာပင် လူဒါဇင်ပေါင်းများစွာ သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

လူတစ်ယောက်တည်းကို စွပ်စွဲခြင်းက မည်သို့မျှ အဓိပ္ပာယ်မရှိချေ။ ဆရာချန်းဆိုသည့် အမည်မှာ တစ်မြို့လုံး၌ ကျော်ကြား နေခဲ့သော်လည်း ဆရာချန်း မည်သူဖြစ်သည်ကို သိသူက တစ်ဒါဇင်ပင် မပြည့်ချေ။ ဆရာချန်း မည်သူဖြစ်ကြောင်း သိသည့် လက်တစ်ဆုပ် စာတွင် တန့်ယွမ်ချင်းလည်း အပါအဝင် ဖြစ်သည်။ သူ၏ အာဏာက မြို့တော်တစ်ခုကို ဆယ်စု နှစ်တစ်ခု အထိ လွှမ်းမိုးနိုင်ခဲ့သည့်တိုင် ဆရာချန်းကိုမူ မဆန့်ကျင်ရဲချေ။ ထို့ကြောင့်ပင် သူတွေ့မြင် ခဲ့ရသည်များကို တစ်ယောက်ကိုမျှ ထုတ်မပြောရဲခဲ့ချေ။

သာမန်လူများအတွက်မူ ဆရာချန်း၊ တန့်ယွမ်ချင်း၊ ချန်းမိသားစု.. စသည့်အမည်များမှာ အလှမ်းမမှီသော အရာများပင် ဖြစ်ကြသည်။ ဤသို့ဖြင့် ရက်ပိုင်းအတွင်းပင် ထိုအဖြစ်အပျက် များကို လူတိုင်းနီးပါး မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြ၏။

***

“နင်အဆင်ပြေနေလို့ တော်သေးတာပေါ့ ရှောင်ဖန်ရယ် ... ”

ဖန့်ချုံးက သက်ပြင်းတစ်ချက်ချကာ ဆိုသည်။ ရှန်းချန်ဝမ်၏ အကြောင်းကို ကြားရစဉ်မှ စ၍ ချန်းဖန်အတွက် သူမ စိတ်ပူနေခဲ့သည်။ ချန်းဖန်ထံ ဖုန်းဆက် ကြည့်သော်လည်း ချန်းဖန်မှာ ရှန်းမိသားစုထံ  သွားနေခဲ့သဖြင့် ဖုန်းမကိုင်ခဲ့ချေ။ ဖန့်ချုံး ချန်းဖန်၏ အခန်းသို့ပင် ရောက်ခဲ့သော်လည်း ချန်းဖန် ထွက်သွားကြောင်းကိုသာ ကြားခဲ့ရသည်။

ချန်းဖန်၏ အကြောင်းကို ဖန့်ချုံး‌ ကောင်းကောင်း သိသည်။ ချန်းဖန်မှာ သူ၏ မိသားစုထံ ကူညီရန် ပြန်သွားခဲ့ကြောင်း သူမ ရိပ်စားမိသည်။ သို့သော် ချန်းဖန်ကဲ့သို့ သာမန် ကောလိပ် ကျောင်းသားလေး အနေဖြင့် ရှန်းမိသားစုနှင့် ချန်းမိသားစုကြားမှ ပဋိပက္ခများတွင် မည်သို့မျှ ကူညီနိုင်လိမ့်မည် မဟုတ်ချေ။ ထိုပြိုင်ဆိုင်မှုများ ကြားတွင် ချန်းဖန် အသက် အန္တရာယ် ကြုံတွေ့ရမည်ကို သူမ အလွန် စိတ်ပူနေခဲ့သည်။ သူမ၏ အမြင်တွင် ချန်းဖန်မှာ သာမန် ကောလိပ်ကျောင်းသားလေး တစ်ယောက်သာ မဟုတ်ပါလား။

“နောက်တစ်ခါ ငါ့ကို အဆက်အသွယ် မလုပ်ပဲ ပစ်မထားပါနဲ့။ နောက်ပြီးတော့ နင့်အမေလည်း ကားအက်စီးဒန့် ဖြစ်တယ်လို့ ကြားလိုက်တယ်။ နင်တို့ နှစ်ယောက်လုံး ဘာမှ မဖြစ်လို့ တော်သေးတာပေါ့။ နင်သာ တစ်ခုခုဖြစ်ရင် ငါ ... ”

မျက်ရည်များက မိန်းကလေး၏ မျက်ဝန်းမှ အတားအဆီးမရှိ ကျဆင်းလာသည်။ သူမ၏ စိတ်ထဲတွင် မည်မျှ ပူပန်နေကြောင်း သူမသာ သိသည်။

“‌ဟုတ်ပါပြီဟာ  ...  ဒီတစ်ခါတော့ ငါ့ကို့ ခွင့်လွှတ်ပေးပါ ... ”

ချန်းဖန်က ရှောင်ချုံး၏ လက်ကိုကိုင်ရင်း ပြောသည်။ သူ မည်သည့်‌အရာများ လုပ်နေကြောင်းကို သူမအား ပြောပြခဲ့သင့်သည်။ ချန်းဖန်က လက်ကို အသာအယာ မြှောက်ရင်း သူမ၏ ခေါင်းကို ညင်သာစွာ ပွတ်လိုက်သည်။ သူတို့ငယ်စဉ်က ဆိုလျှင် ဖန့်ချုံး စိတ်ဆိုးနေသည့် အခါတိုင်း သူမ၏ ခေါင်းကိုပွတ်၍ အမြဲတမ်း ချော့ရသည်။

“ရပ်  ...  ငါတို့က ကလေးတွေ မဟုတ်တော့ဘူး ... ”

ဖန့်ချုံးက ချန်းဖန်၏ လက်ကို တွန်းလွတ်ရင်း အော်သည်။ ထို့နောက် အချိန် အတော်ကြာသည် အထိ ချန်းဖန် သူမကို ချော့လိုက်ရသည်။ နောက်ဆုံးမှ ဖန့်ချုံးက နောက်တစ်ကြိမ် သူမကို အဆက်အသွယ် မလုပ်ပဲ မနေရန် ကတိတောင်းကာ ကျေအေး ပေးလိုက်သည်။ ချန်းဖန်ကလည်း ကတိ ပေးလိုက်သဖြင့် သူတို့နှစ်ယောက် ပြန်လည် အဆင်ပြေသွားကြသည်။

“ဆရာချန်းဆိုတာက တကယ်ပဲ ချန်းမိသားစုကလားဟင်။ သူက ချန်းမိသားစု တစ်ခုလုံးကို သတ်လိုက်တယ်ဆို  ...  လူတွေက ‌ချဲ့ကားပြီး ပြောနေကြတာ ဖြစ်မယ်။ UFO တွေတွေ့တယ် ဆိုပြီးတောင် ပြောကြသေးတာပဲ။ ကောလာဟလတွေက ကောလာဟလတွေပါပဲ ဟုတ်တယ်မလား ... ”

ဖန့်ချုံးက ချန်းကိုကြည့်ရင်း ပြောလိုက်သည်။ သူမမှာ ငယ်စဉ်တည်းက လက်တွေ့ကျကျ တွေးခေါ်တတ်သော ကောင်မလေး တစ်ယောက်ဖြစ်ကာ သဘာဝလွန် အကြောင်းအရာများကို သူမ မယုံကြပေ။

“တကယ်တော့ ငါက ဆရာချန်းပဲ ... ”

ချန်းဖန်က ခေါင်းမော့ရင်း ပြောလိုက်သည်။

“ငါက ရှန်းရုတ်ဟွာကို လက်ညှိုး တစ်ချောင်းတည်းနဲ့ သတ်ခဲ့တာ။ နောက်ပြီး နင့်ဘေးမှာ လာကပ်နေတဲ့ ရှန်းချန်ဝမ်ကိုပါ နောက်ကနေ ကားနဲ့ဝင်တိုက်ပြီး သတ်လိုက်ပြီ ... ”

“နင်နော်  ...  ဆက်မပြောနဲ့တော့ ... ”

ဖန့်ချုံးက ချန်းဖန်ကို မျက်စောင်းထိုးရင်း အော်လိုက်သည်။ သူတို့နှစ်ယောက် အချိန်အတော် ကြာသည်အထိ စကားပြောအပြီး၌ ရှောင်ချုံးက ပြန်ရန် ပြင်လိုက်သည်။ ပြန်ခါနီးတွင် သူမက ချန်းဖန်ဘက်သို့ လှည့်ကာ ခဏတာမျှ စဉ်းစားရင်း ပြောလိုက်သည်။

“ရှောင်ဖန်  ...  ငါ့မိဘတွေက နင့်ကို ညစာလာစားဖို့ ဖိတ်ထားတယ်။ နင် အများကြီး လျှောက်မတွေးနဲ့နော်။ သူတို့က နင့်ကို တွေ့ချင်ယုံပဲ ... ”

သူမက ပြောပြီးသည်နှင့် ချန်းဖန်ကို နှုတ်ဆက်ကာ ပြန်သွားတော့သည်။

“သူ့ အဖေနဲ့ အမေက ငါ့ကို တွေ့ချင်တယ်လား ... ”

ချန်းဖန် မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။ ချန်းဖန် ဖန့်ချုံး၏ အမေကို သိပ်သဘောမကျပေ။ အတိတ်ဘဝတွင် သူမက ချန်းဖန်နှင့် ဖန့်ချုံးတို့ကွဲအောင် ကြံစည်ခဲ့သူများ၌ ပါဝင်သည်။ ချန်းဖန်သူ၏ အတွေးကို လက်စဖြတ်လိုက်ကာ အခန်းသို့ ပြန်လာခဲ့သည်။ သူရောက်သည်နှင့် ချင်ရီလန်းနှင့် အခြားအခန်းဖော်များ၏ အံ့အားသင့်နေသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရ၏။

ချန်းမိသားစု၏ အနေအထားမှာ ညတွင်းချင်း ပြောင်းလဲ သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။ ချန်းမိသားစု၏ မြင့်တက်မှုနှင့်အတူ ချန်းဖန်၏ အနေအထားကလည်း ပြန်လည် မြင့်တက် လာသည်ဟု ဆိုရမည်။ ထိုအတောအတွင်း ချင်းရီလန်းနှင့် ချင်းလုလုတို့၏ အနေအထားမှာလည်း တဖြည်းဖြည်း တင်းမာခဲ့သည်။ ချင်ရီလန်းမှာ ချင်းလုလု၏ စိတ်နေစိတ်ထား အမှန်ကို တစွန်းတစ ရိပ်မိနေခဲ့ပြီ ဖြစ်သည်။

***

နောက်ရက်များအတွင်း ချန်းဖန်မှာ ဝမ်ရှောက်ယွင် အတွက် ကျောက်စိမ်းဆောင်များ ပြုလုပ်ရင်း အလုပ်များနေခဲ့သည်။ ထို့နောက်တွင်မူ အရှေ့တောင်ကြား ဒေသကိုသာ အပြည့်အဝ အာရုံ စိုက်လိုက်သည်။ အရှေ့တောင်ကြား ဒေသကို ချန်းမိသားစု၏ အမည်နှင့် ဝယ်ယူခဲ့သော်လည်း ထိုနေရာကို ပိုင်ဆိုင်သည်က ချန်းဖန်သာ ဖြစ်သည်။ ချန်းဖန်၏ စီမံခန့်ခွဲမှု အောက်၌ ထရပ်ကားကြီး များစွာမှာ အရှေ့တောင်ကြား ဒေသကို ဝင်ထွက်ကာ တစ်ခုခုကို ပြင်ဆင် နေကြသည့်ပုံ ရှိသည်။ ထိုသစ်တောနယ်မြေကို ကျင့်ကြံရန် ပြည့်စုံသည့် နေရာအဖြစ် ပြင်ဆင် တည်ဆောက်ရန် ချန်းဖန် ကြိုးစားနေခဲ့သည်။

ချန်းဖန် ပြီးပြည့်စုံသော နေရာတစ်ခုကို စိတ်ထဲမှ ပုံဖော်နေခဲ့သည်။ ထိုဒေသ၏ အလယ်တွင် အဆောက်အဦ တစ်ခုဆောက်၍ သူ၏ မိဘများကို နေစေမည်ဖြစ်သည်။ အရှေ့တောင်ကြား တစ်ခုလုံးကိုမူ ဝိညာဉ်ချီများနှင့် ပြည့်ဝစေပြီး လူသားများနေထိုင်ရန် သင့်တော်သည့် နေရာတစ်ခု အဖြစ် ပြောင်းလဲမည် ဖြစ်သည်။

ထိုနေရာတွင် ဓမ္မအစီအရင် တစ်ခုကိုပါ ထည့်သွင်းရန်လည်း သူ၏ အစီအစဉ်များ၌ တစ်ခု အပါအဝင် ဖြစ်သည်။ ယခုချန်းဖန် စိတ်ကူးနေသော ဓမ္မအစီအရင်မှာ ယွင်ဝူတောင်နှင့် ‌ယင်နဂါး ရေကန်တို့မှ အစီအရင်များနှင့် လုံးဝမတူသည့် အရာတစ်ခု ဖြစ်သည်။ ယခုအစီအရင်မှာ အလွန်ကြီးမားသည့် ချီစွမ်းအင် စုဆောင်းခြင်း အစီအရင်တစ်ခု ဖြစ်ကာ အစိမ်းရောင် နဂါးရေကန်မှ ချီစွမ်းအင်များနှင့် ချိတ်ဆက်ကာ တည်ဆောက်မည် ဖြစ်သည်။ ထို့အပြင် အစီအရင်၌ ထင်ယောင်ထင်မှား ဝင်္ကပါ၊ ခုခံကာကွယ်ခြင်း ဝင်္ကပါတို့ကိုပါ ထည့်သွင်းမည် ဖြစ်သည်။

“အစီအရင်က အစိမ်းရောင်နဂါးရေကန်က ဝိညာဉ်ချီတွေကို သုံးမှာဆိုတော့ အစိမ်းရောင် နဂါးအစီအရင်လို့ ခေါ်ရမယ် ... ”

အစိမ်းရောင် နဂါးရေကန်မှာ အရှေ့တောင်ကြားဒေသ၌ နဂါးတစ်ကောင် ကဲ့သို့ ရစ်ခွေနေသော ရေကန် တစ်ခုဖြစ်ကာ ဝိညာဉ်ချီများ ပေါကြွယ်ဝသော ရေကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် အစီအရင်အတွက် လိုအပ်သည့် ဝိညာဉ်ချီများ အလုံအလောက် ထောက်ပံ့ ပေးနိုင်သည်။

အစီအရင်၏ အရွယ်အစားက ယွင်ဝူတောင် အစီအရင်ထက် ပိုမိုကြီးမားသဖြင့် တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများ၊ ချီစွမ်းအားများကလည်း အဆများစွာ ပိုမိုလိုအပ်သည်။

ဤရက်ပိုင်းအတွင်း ချန်းအုပ်စုမှာ တရုတ်တစ်နိုင်ငံလုံးရှိ ကျောက်စိမ်းများ၊ အခြားကျောက်များကို သိမ်းကြုံး ဝယ်ယူခဲ့သည်။ ထိုအရာများအနက် ယင်ခရိုင်စတယ်၊ နှစ်‌တစ်သောင်း ပင်လယ် ကျောက်တုန်း၊ နှစ်ထောင်ချီ သက်တမ်းရှိသည့် သစ်သားများ စသည်တို့ပင် ပါဝင်နေခဲ့သည်။

ထိုသို့ ဝယ်ယူနေခဲ့သည်မှာ ချန်းမိသားစု တစ်ခုတည်း မဟုတ်ချေ။ မြစ်မြောက်ပိုင်းရှိ ဝေ့မိသားစု၊ လင်းမြို့တော် လုမိသားစု၊ ဟိုင်တုန်း၏ ဟူအို၊ ဆေးနတ်ဘုရား တောင်ကြား၊ ယင်တစ္ဆေဂိုဏ်းသည် တို့ကလည်း ချန်းဖန်လိုအပ်သော ပစ္စည်းများကို ကြိုးစား၍ စုဆောင်း ပေးကြသည်။

ထို့ကြောင့် အချိန်တိုအတွင်းမှာပင် ယွင်ဝူတောင် အစီအရင် တည်ဆောက်ရန် တတိယ သခင်ကြီး ဝေ့စုဆောင်း နိုင်ခဲ့သည်ထက် အဆများစွာ ပိုမိုများပြားသည့် ပမာဏကို စုစည်းနိုင်ခဲ့သည်။

ချန်းဖန်မှာ အစီအရင်ကို တည်ဆောက်ရာ၌  ယီသစ်သား ဓမ္မအစီအရင် တစ်ခုကိုပါ ထပ်ဆောင်း ခင်းကျင်းခဲ့သည်။ သို့မှသာ ဆေးပင်များ စိုက်ပျိုးရာ၌ ပိုမိုလျှင်မြန်စွာ ကြီးထွားနိုင်မည် ဖြစ်သည်။ အရှေ့တောင်ကြား ဒေသ၌ ရှေးဟောင်း သစ်ပင်ကြီးများ ရှိနေခြင်းက အလွန် ကံကောင်းသည်။ ထိုသစ်ပင်များကြောင့်သာ ယီသစ်သား အစီအရင်ကို လွယ်ကူစွာ ခင်းကျင်းနိုင်ခဲ့သည်။

လွန်ခဲ့သည့်နှစ်ဝက်အတွင်း ဝိညာဉ်ရေရောင်းချရာမှ ယွမ်ဘီလျံနှင့်ချီကာ ရရှိခဲ့သော်လည်း ယခုမူ ခန်းခြောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ငွေများစွာကို ကျင်းရှို့ လုပ်ငန်းစု၊ အရှေ့တောင်ကြားဒေသ ပရောဂျက်၊ လက်တွေ့ခန်း ဆောက်လုပ်မှာ စသည်တို့၌ အလုံးအရင်း များစွာ သုံးခဲ့ရသည်။ သူပြန်မွေးဖွား လာချိန်မှ စ၍ ငွေကြေးအတွက် မပူပင် ခဲ့ရသော်လည်း ယခုမူ အခြေအနေက ပြောင်းလဲ လာခဲ့သည်။ ဆေးနတ်ဘုရား တောင်ကြားက သူ့ကို ကူညီသည့်တိုင် သူ့အတွက် မလုံလောက်သေးချေ။ ရှေ့ဟောင်း သစ်ပင်ကြီးများနှင့် သစ်သားများ ဝယ်ယူရန် အတွက် ငွေလိုအပ်နေဆဲ ဖြစ်သည်။ ထို့‌ပြင် ဓာတ်ကူသွေးရည်ပရောဂျက်အတွက်လည်း ငွေပမာဏများစွာ လိုအပ်နေဆဲ ဖြစ်သည်။

“တစ်ယောက်ယောက်က ငါ့ကို ငွေတစ်ဆယ် ဘီလျံပေးရဦးမှာ ခုမှ သတိရတယ်။ ပြန်တောင်းဖို့ အချိန်ရောက်ပြီ ... ”

ချန်းဖန်က ခေါင်းကို ဖြည်းညင်းစွာ မော့ရင်း တောင်အရပ်သို့ ကြည့်လိုက်၏။ ထိုအရပ်ကား ဟောင်ကောင် မြို့တည်ရာ အရပ်ပင်။

***

All Chapters