← Chapters

အင်မော်တယ် အဆင့်

Vol. 3 Ch. 249

အင်မော်တယ် အဆင့်

Vol. 3 Ch. 249

"ဘာဖြစ်လို့လဲ... လင်းထန်းရှန်က အစွမ်းထက်လို့လား..."

ချန်းဖန်က လက်ဖက်ရည်ကို တစ်ငုံ သောက်ရင်း မေးလိုက်၏။

"အစွမ်းထက်ရုံတင် မဟုတ်ဘူး။ သူက ဂန္တဝင်ပုဂ္ဂိုလ်ကြီးပဲ..."

တန့်ယွမ်ချင်းက ဖြူလျော်လျော်ပြုံးကာ ပြောသည်။ သူ၏ မျက်လုံးတွင်မူ လေးစားခြင်း၊ ရိုကျိုးခြင်း တို့က ပြည့်နှက် နေခဲ့တော့သည်။

"လင်းထန်းရှန်က ဆယ်စုနှစ် တစ်ခု လောက်ထိ နိုင်ငံခြားမှာ သူ့နာမည်ကို ထိန်းသိမ်း ထားနိုင်ခဲ့တယ်။ သူရဲ့ နာမည်က တရုတ်မှာ သိပ်ပြီး မကျော်ကြားပေမယ့် အရှေ့တောင် အာရှမှာတော့ သူ့ရဲ့ လွှမ်းမိုးမှုက အံ့မခန်းပဲ။ သူ့ရဲ့ အနက်ရောင် ရေလွှာနည်း စနစ်က အရမ်းကို အစွမ်းထက် ခဲ့ပြီး ပြိုင်ဘက် ကင်းခဲ့ဖူးတယ်။ သူက ရဲ့နန်ထင်း မပေါ်ခင် တည်းက အစွမ်း အထက်ဆုံး အထွတ်အထိပ် ပညာရှင် ဖြစ်ခဲ့တယ်လေ။ ကောလာဟလတွေ အရ ဆိုရင်တော့ သူပျောက်မသွားခင်တည်းက အထွတ်အထိပ် အတင့်ရဲ့ နောက်ဆုံး အဆင့်ကို ရောက်နေခဲ့ပြီတဲ့..."

ချန်းဖန်ကဲ့သို့ပင် လင်းထန်းရှန်မှာလည်း အလွန် အစွမ်းထက်သော အထွတ်အထိပ် အဆင့် တစ်ယောက်ဖြစ်ကာ ထိုနှစ်များက သူ၏ ကျော်ကြားမှုကို လဲ့ချန်းကျွယ်ပင် မယှဉ်နိုင်ခဲ့ချေ။ သို့သော်လည်း ထိုမျှ ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးမှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ထိုအချက်က ချန်းဖန်မည်မျှ အစွမ်းထက်ကြောင်း‌ ဖော်ပြနေသယောင် ရှိသည်။

တန့်ယွမ်ချင်းမှာ ချန်းဖန်၏ စွမ်းအားကို မျက်မျက် တွေ့ခဲ့ ဖူးသော်လည်း ယခုကဲ့သို့သော အဖြစ်အပျက်က သူ့ကို ထပ်မံ အံ့အားသင့် စေခဲ့သည်။ လွန်ကဲသည်မှာ ချန်းဖန် သတ်လိုက်သော သူကား သာမန် အထွတ်အထိပ် အဆင့်ပညာရှင် မဟုတ်ချေ။ အထွတ်အထိပ် အဆင့်‌တွင်ပင် ထိပ်ဆုံးသို့ ရောက်နေသည့် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါလား။

"သူက ငါတို့ မတိုက်ခိုက်ခင်မှာ ဒဏ်ရာရနေပုံရတယ်။ ဒါကြောင့် သူ့ရဲ့အဆင့်က အထွတ်အထိပ် အဆင့် အလယ်လောက်မှာပဲ ရှိနေခဲ့တယ်..."

ချန်းဖန် ခေါင်းကို ခါရမ်းမိသည်။ လင်းထန်းရှန်မှာ အထွတ်အထိပ် အဆင့် အလယ်လောက်ထိ ပြန်ကျဆင်း သွားခြင်း ကြောင့်သာ လဲ့ချန်းကျွယ်လောက် အစွမ်းမထက် တော့ခြင်း ဖြစ်ရမည်။ ထို့ကြောင့်သာ နတ်ဘုရား စိတ်အာရုံ၊ အစွမ်းထက်သော နည်းစနစ် စသည်များကို အသုံးမပြုရပဲ သတ်ဖြတ် နိုင်လိုက်ခြင်းသည်။

"သူ ဒဏ်ရာရနေတယ်..."

တန့်ယွမ်ချင်းက မျက်မှောင်ကြုံ့ရင်း တီးတိုး ရေရွတ်သည်။ ထို့နောက် သူ၏ ပေါင်ကို တစ်ချက်ပုတ်ကာ ချန်းဖန်အား ပြောလိုက်သည်။

"အာ ဟုတ်တယ်... သူ့ရဲ့ မိသားစုကို သစ္စာဖောက်ပြီး ထွက်ပြေးတုန်းက ဒဏ်ရာရခဲ့တာ ဖြစ်ရမယ်..."

တန့်ယွမ်ချင်းက ခေါင်းကိုခါရင်း ဆက်ပြောလိုက်သည်။

"လင်းထန်းရှန် ခုနှစ်တွေမှာ ပျောက်ကွယ်နေခဲ့တာ မထူးဆန်းဘူးပဲ။ သူက လင်းမိသားစုမသိအောင် ပုန်းကွယ် နေခဲ့ရတာပဲလေ။ အဲ့လိုမှ မဟုတ်ရင် လင်းထန်းရှန်လို လူစားက ဘယ်တော့မှ ခေါင်းငုံ့မှာ မဟုတ်ဘူး..."

"လင်းထန်းရှန်သာ အသက်ရှင်နေသေးရင် ကောင်းကင်စာအုပ်ရဲ့ ထိပ်ဆုံးငါးယောက် နေရာ အပြောင်းအလဲ ဖြစ်နိုင်တယ်..."

တန့်ယွမ်ချင်း၏ စကားကို ချန်းဖန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ကောင်းကင်စာအုပ်ကို ရေးသားခဲ့သည့် ခွန်လန်ကို ချန်းဖန် အမှန်ပင် အံ့ဩမိသည်။ ဤမျှ များပြားသော အထွတ်အထိပ် အဆင့်ပညာရှင်များ အကြောင်း မည်သို့ စုံစမ်းခဲ့သည်ကို စဉ်းစားမရချေ။

"ခင်ဗျားပြောပုံအရဆို လင်းထန်းရှန်က အထွတ်အထိပ် အဆင့်ရဲ့ နောက်ဆုံးကို ရောက်နေခဲ့ပြီပဲဟာ။ သူက ဘာကြောင့် ဒဏ်ရာရခဲ့တာလဲ။ လင်းမိသားစုမှာ သူ့ထက်ပိုပြီး အစွမ်းထက်တဲ့ အထွတ်အထိပ်အဆင့် ရှိလို့လား..."

ချန်းဖန်က မေးလိုက်သည်။

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း လင်းမိသားစု ဟူသော အမည်ကို ကြားသည်နှင့် တန့်ယွမ်ချင်း၏ မျက်နှာက ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ တန့်ယွမ်ချင်းက ညစာစားပွဲသို့ ဖိတ်ခေါ်ထားသည့် လူများကို အပြင်သို့ထွက်ရန် အရိပ်ပြလိုက်သည်။ အိမ်ရှင်မှ အပြင်သို့ ထွက်ရန် အရိပ်အယောင်ပြသည်နှင့် ဧည့်သည်များမှာလည်း ဆက်မနေကြတော့ချေ။

အခန်းထဲမှ အားလုံးထွက်ခွာသွားသည်နှင့် တန့်ယွမ်ချင်းက လေးပင်စွာ ပြောလိုက်သည်။

"ဆရာချန်း... ကျွန်တော် မပြောပြချင်တဲ့ အရာတွေ တော်တော်များများ ရှိနေတယ်။ ဆရာချန်းက တရုတ်ပြည်မှာ အစွမ်းအထက်ဆုံးလို့ ပြောကြပေမယ့်လည်း ချွင်းချက် တချို့ ရှိသေးတယ်..."

တန့်ယွမ်ချင်းက တစ်စက္ကန့်မျှရပ်ကာ ဆက်လက် ပြောလိုက်သည်။

"လင်းမိသားစုဆိုတာ သိုင်းသမားတွေကြားမှာ တားမြစ်ချင်တစ်ခုလိုပဲ။ သူတို့မသိစေချင်တဲ့ ဘယ်သူမှ သူတို့ကို မသိကြဘူး။ လင်းထန်းရှန်ရဲ့ ဂရက်ကြောင့်သာ မဟုတ်ရင် လင်းမိသားစုဆိုတဲ့ နာမည်ကို သိတဲ့လူတောင် ရှိမယ် မထင်ဘူး..."

"လင်းမိသားစုက အရမ်းကို အစွမ်းထက်တယ်ပေါ့..."

ချန်းဖန်၏ အမူအရာကလည်း အံ့ဩနေဟန်ရ၏။

"အရမ်း အရမ်းကို အစွမ်းထက်တာပေါ့။ သူတို့သာ ဆန္ဒရှိရင် တရုတ်တစ်နိုင်ငံလုံးကို လွှမ်းမိုး နိုင်စွမ်းရှိတယ်..."

တန့်ယွမ်ချင်းက ပြောသည်။ သူ၏ မျက်နှာက ကြောက်လန့်ခြင်းနှင့် ခြယ်မှုန်းထားပြီး ရက်စက်သော သရဲတစ်ကောင် အကြောင်းပြောနေသည့် အလား သူ၏ အသံက တုန်ခါနေခဲ့၏။

"ကျွန်တော် ငယ်ငယ်တုန်းကဆို အဘိုးပြောပြတဲ့ လင်းမိသားစု အကြောင်းကို အမြဲ ကြားခဲ့ရတယ်။ လင်းမိသားစုဆိုတာ ဟိုတုန်းက တရုတ်နိုင်ငံရဲ့ အကြီးဆုံးတဲ့။ ယနေ့ခေတ်ရဲ့ လုမိသားစု၊ ကူမိသားစုတွေဆိုတာ လင်းမိသားစုနဲ့ ယှဉ်ရင် အသွေးအဖွဲလေးတွေ ပဲလေ…”

"တကယ်ပဲလား.." ချန်းဖန်က မေးလိုက်သည်။

တန့်ယွမ်ချင်းက ခေါင်းညိတ်ပြကာ ဆက်ပြောလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ သူတို့မှာ အင်မော်တယ်အဆင့် သိုင်းပညာရှင် တစ်ယောက် ရှိတယ်လေ..."

"အင်မော်တယ်အဆင့်..."

ထိုစကားလုံးကြောင့် ချန်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ အဇူရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးချိန်မှ စ၍ သူ၏ ဖြစ်တည်မှုက ပြိုင်ဘက် ကင်းခဲ့သည်။ လဲ့ချန်းကျွယ်ကဲ့သို့ အလွန်အစွမ်းထက်သော အထွတ်အထိပ် အဆင့် ပညာရှင်ပင် ချန်းဖန် မပင်မပန်းရပဲ သတ်ဖြတ်နိုင်ခဲ့သည်။ ရဲ့နန်ထင်းမှာလည်း လဲ့ချန်းကျွယ်ထက် ပို၍ အစွမ်းထက်လျှင်ပင် သိပ်မကွာလောက်ချေ။ ထို့ကြောင့် အင်မော်တယ် အဆင့်ပညာရှင်က သူ၏ ပြိုင်ဘက်ဖြစ်ရန် ထိုက်တန်သည်။

"ဆယ်စုနှစ်တွေအတွင်းမှာ အင်မော်တယ် အဆင့်ကို ဘယ်သူမှ မမြင်ခဲ့ဖူးဘူး ထင်တယ်..."

ချန်းဖန်က ပြောလိုက်သည်။

"အမှန်ပါပဲ... လင်းမိသားစုရဲ့ အင်မော်တယ် အဆင့်ပညာရှင်ကို ဘယ်သူမှ မသိခဲ့ကြဘူးလေ..."

တန့်ယွမ်ချင်းက ဆက်ပြောသည်။

"သူက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တည်းက ကျော်ကြားနေခဲ့တာ။ ချင်မင်းဆက်လက်ထက်တည်းက အစွမ်းအထက်ဆုံးလူဖြစ်ပြီးတော့ ဧကရာဇ်ရဲ့ သက်တော်စောင့်တစ်ယောက်ဆိုလည်း ဟုတ်တယ်။ နောက်ပြီးတော့ သူက ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မရှုံးခဲ့ဘူး..."

"ဒါပေမဲ့ အဲဒါတွေက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကပါလေ..." တန့်ယွမ်ချင်းက ခေါင်းကို ခါရင်း ပြောသည်။

"သူနောက်ဆုံးပေါ်လာခဲ့တာ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်တုန်းကပေါ့။ အဲဒီကစပြီး မပေါ်လာခဲ့တော့တာ။ လင်းထန်ရှန်ကြောင့်သာ မဟုတ်ရင် လင်းမိသားစုဆိုတာ ဘယ်သူမှ ကြားဖူးတော့မှာ မဟုတ်ဘူး..."

"လင်းထန်းရှန်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာက သူလို့ ခင်ဗျားထင်လား..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးသည်။

"မဖြစ်နိုင်ဘူး..." တန့်ယွမ်ချင်းက ခေါင်းခါရင်း ဖြေသည်။

"သူက ကျွန်တော့်ရဲ့ အဘိုး မွေးကင်းစလောက် တည်းက ကျော်ကြားနေခဲ့တာ။ နောက်ပြီး သူက ဧကရာဇ်ထံမှာတောင် အမှုထမ်းခဲ့တာလေ။ ခု အသက်ရှင်မယ်ဆိုရင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်လောက် ရှိရောပေါ့။ အဲဒါက ဖြစ်မှ မဖြစ်နိုင်တာ… သူသေသွားပြီးတဲ့ နောက် အခြားအစွမ်းထက်တဲ့ လူတစ်ယောက် ပေါ်လာတာ ဖြစ်နိုင်တယ်..." တန့်ယွမ်ချင်းက စဉ်းစားရင်း ပြောလိုက်သည်။

ချန်းဖန်ကမူ ငြိမ်ရင်း တစ်ခုခုကို စဉ်းစားနေဟန်ရသည်။ သူ၏ မျက်ဝန်းတွင်မူ အမည်မသိသည့် အလင်းရောင်များက တောက်ပလျှက်။

အင်မော်တယ်အဆင့်၏ အဓိပ္ပာယ်ကို ချန်းဖန်ကောင်းကောင်းသိသည်။ ကျင့်ကြံခြင်း လောက၌ ကောင်းကင်ပင်လယ် အဆင့်ရောက်သည့် လူတိုင်း အနည်းဆုံး အသက် တစ်ရာ့ငါးဆယ်ခန့် အထိ နေကြရသည်။ မူလစိတ်ဝိညာဉ် အဆင့်သို့ ရောက်လျှင် ရာစုနှစ် ငါးခုခန့် အထိကို လွယ်ကူစွာ နေနိုင်လိမ့်မည် ဖြစ်သည်။ အင်မော်တယ် အဆင့်မှာ ကျင့်ကြံခြင်း လောကမှ ကောင်းကင် ပင်လယ်အဆင့်နှင့် ညီမျှသည်။

ထို့နောက် သူတို့၏ စကားဝိုင်းကို အဆုံးသတ်က ညစာစားလိုက်ကြသည်။ စားပြီးသည်နှင့် ချန်းဖန် နှုတ်ဆက်ကာ ပြန်သွားတော့သည်။

"အဖေကြီး... သူက ရှန်းမိသားစုတစ်ခုလုံးကို သတ်လိုက်တာနဲ့ပဲ သမီးတို့က သူ့ကို ခယနေစရာ လိုလို့လား။ တန့်မိသားစုဆိုတာ ကျန်းနန်နယ်မှာ အမြဲတမ်း ခေါင်းမော့ နေခဲ့တာလေ။ သူက ဘယ်လောက်ပဲ အစွမ်းထက်ထက် အဖေ့ရဲ့ လွှမ်းမိုးမှုကို မှီလို့လား..." ချန်းဖန်ထွက်သွားသည်နှင့် တန့်ရီဖေးက မေးလိုက်သည်။

"ဟင်း.. ရီဖေး... သမီးက သိုင်းသမား တစ်ယောက် မဟုတ်တော့ ဘယ်နားလည်မလဲ..."

တန့်ယွမ်ချင်းက ခေါင်းခါရင်း ပြောလိုက်သည်။ အခြားလူများ၏ မျက်နှာများကလည်း နားမလည်နိုင်သည့် မျက်နှာများဖြင့် သူ့ကို ကြည့်နေခဲ့ကြသည်။

"ကဲကဲ... ဘာကြောင့် ငါ သူ့ကို ဒီလိုဆက်ဆံနေရလဲ ဆိုတာ ပြောပြမယ်… ဆရာချန်းဘယ်သူဆိုတာ သိတဲ့လူ မင်းတို့အထဲမှာရှိလား..."

တန့်ယွမ်ချင်းက သူ့ဘေးသို့ ဝိုင်းလာသည့် လူများကို မေးလိုက်သည်။

"ကျန်းပေ့နယ်ရဲ့ ဆရာချန်းလား..." လူတိုင်းက ပြန်ဖြေလိုက်ကြသည်။

"သူက အထွတ်အထိပ် အဆင့်တစ်ယောက်လောက်ပဲ ဆိုတာတော့ မင်းတို့သိပါတယ်။ ဒါပေမဲ့ အဲဒါက သူ့အကြောင်းမှာ မပြောပြလောက်တဲ့ အရာပဲ..."

"အဖေကြီးကလည်း အထွတ်အထိပ် တစ်ပိုင်းအဆင့် မဟုတ်ဘူးလား..."

တန့်ရီဖေးက မေးလိုက်သည်။

"သူက သာမန် အထွတ်အထိပ် အဆင့်တစ်ယောက် ဆိုရင် ငါ သူ့ကို လွယ်လွယ်လေး သတ်လို့ရတယ်။ လက်ဖြောင့် စနိုက်ပါ သမားတွေ အများကြီး ငါတို့မှာ ရှိနေတာပဲလေ။ ဒါပေမဲ့..."

ကြောက်ရွံ့ခြင်းက တန့်ယွမ်ချင်း၏ မျက်လုံးများတွင် ဖြစ်ပေါ်လာသည်။

"သူက သာမန် အထွတ်အထိပ် အဆင့်တစ်ယာက် မဟုတ်ဘူး..."

လူတိုင်းက သူ့ကို ကြောင်စီစီ ကြည့်ကြသည်။ သူ၏ စကားများကို နားလည်ဟန် မရချေ။

"အတွင်းအားပညာရှင်တွေလိုပဲ အထွတ်အထိပ် အဆင့် ပညာရှင်တွေမှာလည်း အဆင့်တွေ ခွဲထားသေးတယ်။ လုမိသားစုရဲ့ လုထျန်းဖန်ဆိုရင် အထွတ်အထိပ် အဆင့် ပညာရှင်တွေထဲမှာ အားအနည်းဆုံးပဲလေ။ ဒါတောင် သူက ကျန်းနန်ပြည်နယ်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်..."

လူ‌တိုင်းက ခေါင်းညိတ် ထောက်ခံ လိုက်သည်။ လင်းမြို့တော် လုမိသားစုမှာ တန့်မိသားစုထက်ပင် ပိုမိုလွှမ်းမိုးနိုင်စွမ်း ရှိသည့် မိသားစု ဖြစ်သည်။ လုမိသားစုမှာ ကျန်းနန်နယ်၏ မြေအောက်လောကကို ထိန်းချုပ်ထားသည့်အပြင် ဘီလျံနှင့်ချီသည့် လုပ်ငန်းများစွာပင် ရှိနေသည်။ တန့်မိသားစုမှာ လုမိသားစုနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ချေ။

"လုထျန်းဖန်ထက် ပိုပြီးအစွမ်းထက်တဲ့ အထွတ်အထိပ် အဆင့်ပညာ‌ရှင်တွေ ရှိသေးတယ်။ ဥပမာပြောရရင် ကျောင်းဟိုင်က ဟွာမိသားစုပေါ့။ အစိုးရကတောင် သူတို့ကို မလေးမစား မလုပ်ရဲဘူးလေ..."

တန့်ယွမ်ချင်းက ရှင်းပြလိုက်သည်။

"ကျောင်းဟိုင်က ဟွာယွမ်ဖန်း..."

တန့်ရီဖေးပင်လျှင် ထိုနာမည်ကြောင့် ဆွံ့အမိသွားသည်။ ဟွာယွမ်ဖန်း၏ အာဏာက ကျောင်းဟိုင်နယ်အပြင် ပတ်ဝန်းရှိနယ်များတွင်ပါ ပျံ့နှံ့နေခဲ့သည် မဟုတ်ပါလား။

"ကောင်းကင်စာအုပ်ထဲမှာဆိုရင် လုထျန်းဖန်က အဆင့်တောင် မဝင်ခဲ့ဘူး။ ဟွာယွမ်ဖန်းက အဆင့်လေးပေါ့..."

လူများစွာမှာ ထိုစကားကြောင့် ဆွံ့အမိသည်။

"အဖေကြီး... ဟိုချန်းဖန်ကရော..."တန့်ယီဖေးက မေးလိုက်သည်။

"ဟားဟား..."

တန့်ယွမ်ချင်းက ရယ်မောကာ ဆက်ပြောလိုက်သည်။

"သူက တရုတ်နိုင်ငံရဲ့ အစွမ်းအထက်ဆုံး ချန်းပေ့ရွှမ်းပေါ့။ အင်မော်တယ် အဆင့်ကို ထည့်မတွက်ရင် သူက သံသယရှိစရာ မလိုလောက်အောင် တရုတ်နိုင်ငံရဲ့ အစွမ်းအထက်ဆုံးပဲ..."

***

All Chapters