အထွတ်အထိပ်တစ်ယောက်၏ တန်ဖိုး
Vol. 3 Ch. 250
"ကောင်းကင်စာအုပ်မှာ နံပါတ်တစ်..."
တန့်ရီဖေး တီးတိုးရေရွတ်ရင်း နွယ်ပင်စိမ်း ဥယျာဉ်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်မြင်ယောင် နေခဲ့မိ၏။ ထိုနေ့က သူမ၏ သေနတ်သမား များကိုပင် လက်တစ်ချောင်း တည်းဖြင့် လွယ်ကူစွာ သတ်ဖြတ်ခဲ့သည်။ ချန်းဖန်၏ တည်ရှိမှုက သူမကို အမြဲအံ့ဩစေခဲ့သည်။
ချန်းဖန်ကား သာမန်တက္ကသိုလ် ကျောင်းသားလေး တစ်ယောက် မဟုတ်ချေ။ ချန်းမိသားစု၏ အဓိက ထောက်တိုင်ဖြစ်သည့် အပြင် ကျန်းပေ့နယ်၏ ဆရာချန်း၊ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် စသည့် နာမည် ဂုဏ်ပုဒ်များပင် ပိုင်ဆိုင်ထားခဲ့သည် မဟုတ်ပါလား။
ကောင်းကင် စာအုပ်ဆိုသော အရာကို သူမ သိပ်၍ နားမလည်သည့်တိုင် ဟွာယွမ်ဖန်း ကဲ့သို့သော လူပင် အဆင့်လေး နေရာတွင်သာ ရှိသည်။ အဆင့်တစ် နေရာတွင် ရှိနေသည့် ချန်းဖန်၏ တည်ရှိမှုက သူမ နားမလည်နိုင်သော နေရာတွင်ရှိကြောင်း တန့်ရီဖေး သဘောပေါက်လိုက်သည်။
"သူက တရုတ်နိုင်ငံမှာ အစွမ်းအထက်ဆုံး..."
တတိယသခင်ကြီးဟောင်ကလည်း ရေရွတ်လိုက်သည်။ ချန်းဖန်၏အဆင့်မှာ ကောင်းကင်စာအုပ် ထိပ်ဆုံးနေရာတွင် ရှိနေသဖြင့် တရုတ်နိုင်ငံရှိ သူဌေးကြီး များထက်ပင် သူ၏ ဖြစ်တည်မှုက ပိုမိုမြင့်မားကြောင်း သခင်ကြီးဟောင် နားလည်မိသည်။
"သူ ရှန်းရုန်ဟွာနဲ့ ရှန်းမိသားစုတစ်ခုလုံးကို သတ်ပစ်လိုက်တာက အံ့ဩစရာ မရှိဘူးပဲ။ အဲဒါတွေက သူ့အတွက် ဘာမဟုတ်ဘူး..." ချန်းရှောင်ကလည်း ရေရွတ်လိုက်မိသည်။
"ဟားဟား... ရှန်းရုန်ဟွာဆိုတာ အထွတ်အထိပ် အဆင့်တစ်ယောက် အတွက် အရေးမပါဘူး..." တန့်ယွမ်ချင်းက ရယ်မောရင်း ပြောသည်။
"သူက ရှန်းမိသားစု တစ်ခုလုံးကို သတ်ပစ်လိုက်တာ သက်သေရှိရင်တောင် အစိုးရက ဘာလုပ်ရဲမှာလဲ။ ဘယ်အရာရှိက မိသားစုသေးသေးလေးတစ်ခု အသတ်ခံရတာနဲ့ ပတ်သက်ပြီး အထွတ်အထိပ် တစ်ယောက်ကို ဆန့်ကျင်မှာလဲ..."
ချန်းဖန်မှာ စစ်ဘက်အရာရှိတစ်ယောက်ဖြစ်ကြောင်း တန့်ယွမ်ချင်း မသိသေးချေ။ ထိုအကြောင်းကိုသာ သိရလျှင် သူ ပို၍ အံ့ဩသွားလောက်သည်။
ရှန်းရုန်ဟွာကဲ့သို့သော လုပ်ငန်းရှင်သူ ဌေးကြီးများစွာမှာ တရုတ်နိုင်ငံ တစ်ခုလုံး၌ အလွန်ပေါများစွာ ရှိနေသည့်တိုင် ကောင်းကင်စာအုပ် ထိပ်ဆုံး ပုဂ္ဂိုလ်က တစ်ယောက်တည်းသာ ရှိ၏။
တန့်ရီဖေး၊ သတ္တမသခင်ကြီးဟောင်၊ ချန်းရှောင်တို့မှာ တိတ်ဆိတ်စွာဖြင့် တွေးတောနေခဲ့ကြသည်။
ကြားရသော စကားတိုင်းက သူတို့ကို အလွန် အံအားသင့်စေသည်။ နိုင်ငံသားတိုင်းမှာ နိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး နေထိုင်ရန် လိုအပ်သည်ဟု သူတို့ ထင်မြင်ခဲ့ကြသည်။ အလွန်ချမ်းသာသော စီးပွားရေးသမားများပင် ဥပဒေနှင့် မလွတ်ကင်းသည့် အရာများကို ထင်ထင်ပေါ်ပေါ် မလုပ်ရဲကြချေ။
သို့သော်လည်း အထွတ်အထိပ် အဆင့်များအတွက်မူ ထိုဥပဒေများက ခြားနားပုံရသည်။ သူတို့၏ ဖြစ်တည်မှုက ဥပဒေ၏ အထက်တွင် တည်ပြီး မည်သည့် အကျိုးဆက်ကိုမျှ မစဉ်းစားပဲ မိသားစုတစ်ခုလုံးကို သတ်ဖြတ်နိုင်သည်။ ထိုအရာကား ကမ္ဘာကြီး၏ အစစ်အမှန် သရုပ်ဖြစ်သည်။
"ဒီနေ့က စပြီး လူတိုင်း ဆရာချန်းကို လေးစားကြရမယ်။ အဲ့လိုမလုပ်တဲ့ သူတိုင်း မြစ်ထဲမှာ ငါးစာ ကျွေးပစ်တာကို ခံရမယ်..." တန့်ယွမ်ချင်းက ကြေညာလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်ကြီး..." လူတိုင်းက ရိုသေစွာ ပြောလိုက်သည်။
အထွတ်အထိပ်အဆင့် ပညာရှင်များ၏ တကယ့်စွမ်းအားကို မသိရလျှင်ပင် သူတို့ သခင်ကြီး၏ အမိန့်ကို ဆန့်ကျင်ရဲမည် မဟုတ်ချေ။ ယခုမူ ချန်းဖန်၏ အစစ်အမှန် အဆင့်အတန်းကို သူတို့ သိရှိခဲ့ကြပြီ ဖြစ်သည်။ အစိုးရကပင် မဆန့်ကျင်သော အထွတ်အထိပ် အဆင့်တစ်ယောက်ကို သူတို့ မည်သည့်သတ္တိဖြင့် မလေးမစားပြုလုပ်ရဲပါမည်နည်း။ တန့်ယွမ်ချင်းကဲ့သို့သော်လူပင် ခယကာ ဆက်ဆံနေရသော ထိုကောင်လေးကို သူတို့က မည်သို့ ပြစ်မှားရဲ မည်နည်း။
တန့်ရီဖေး စိတ်ပျက် အားလျော့စွာ ပြုံးလိုက်မိသည်။ ချန်းဖန်၏ အစစ်အမှန် စွမ်းအားနှင့် ဆိုလျှင် သူမ၏ ခန္ဓာကိုယ်ထဲမှ သစ်သားချီကို ပြန်ထုတ်ရန် မဖြစ်နိုင်တော့ချေ။
"အဖေကြီး... အစိုးရက အထွတ်အထိပ် ပညာရှင်တွေကို သူတို့လုပ်ချင် လုပ်ခွင့် ပေးထားတာလား..." တန့်ရီဖေးက မေးလိုက်သည်။
"အဲ့လိုတော့ မဟုတ်ဘူး။ အထွတ်အထိပ်အဆင့်ပညာရှင်တွေက အရမ်းကို အစွမ်း ထက်တယ် ဆိုပေမယ့်လည်း လေးစားမှုတော့ ရှိရတာပေါ့။ စစ်တပ် တစ်ခုလုံးကို သတ်ဖြတ်နိုင်ဖို့ ဆိုတာက အထွတ်အထိပ် ပညာရှင်တွေ အတွက်လည်း ခက်ခဲလွန်းတယ်လေ။ ဒါပေမဲ့ တရုတ်မှာ တရုတ်မှာ အစိုးရကို အာခံနေတဲ့ သူတွေ ရှိနေသေးတယ်..."
"ဘယ်သူလဲ..." တန့်ရီဖေးက အလောတကြီး မေးလိုက်သည်။
တန့်ယွမ်ချင်း ထိုမေးခွန်းကို ပြန်မဖြေခဲ့ချေ။ ထို့အစား ကြောက်ရွံ့ခြင်းက သူ၏ မျက်နှာ တစ်လျှောက် ဖြစ်ပေါ်နေခဲ့တော့သည်။
***
အားလပ်ရက်မှာ ရောက်တော့မည်ဖြစ်သောကြောင့် ချန်းဖန် လုပ်စရာရှိသည်များကို လက်စသတ်ချင်နေခဲ့သည်။ ထိုအားလပ်ရက်တွင် ဟောင်ကောင်သို့ အလည်သွားမည် မဟုတ်ပါလား။
ရက်ပိုင်းအတွင်း ကျင်းတက္ကသိုလ်သို့သွားကာ လက်တွေ့ခန်း၏ တိုးတက်မှု အခြေအနေကို စစ်ဆေးခဲ့သည်။ စုကျောင်းမှာ ထိုလက်တွေ့ခန်းအတွက် အလွန်အလုပ် ကြိုးစားနေပုံ ရသည်။ သူမ၏ ခန္ဓာကိုယ်ပင် အနည်းငယ်ပိန်သွားသည်ကို ချန်းဖန် သတိထားလိုက်မိသည်။ ချန်းဖန် သူမကို ယွင်ဝူရေတစ်ပုလင်းပေးကာ သူမ၏ အခြေအနေကို ပြန်လည် ကောင်းမွန် စေလိုက်သည်။ အကယ်၍ ထိုရေပုလင်းမှာ ယွမ်တစ်သောင်းခန့် တန်သည်ကို သူမသိပါက မျက်ရည်ပင် ကျလောက်သည်။ မှောင်ခိုဈေးတွင် ယွင်ဝူရေ၏ တန်ဖိုးက မူရင်ရောင်းဈေးထက်ပင် မြင့်နေသေးသည်။
ထို့နောက် ချန်းဖန် အရှေ့တောင်ကြားသို့ သွားရောက် ကြည့်ရှု့သည်။ ချန်းဟွိုက်အန်းက ရှန်းမိသားစု၏ သေဆုံးမှုအကြောင်း ချန်းဖန်ကို အသေးစိတ်မေးသည်။
"ရှန်းရုန်ဟွာဆိုတာ ဘာမဟုတ်ဘူးလေ။ သာမန် အထက်တန်းစား သူဌေးတစ်ယောက် အဆင့်ပဲ့ ရှိတာ။ ကျွန်တော်ကတော့ အထွတ်အထိပ် အဆင့်လေ။ အထွတ်အထိပ် အဆင့်က တရုတ်နိုင်ငံ တစ်ခုလုံးမှာတောင် အယောက် နှစ်ဆယ်လောက်ပဲ ရှိတာ။ ကျွန်တော်က သူ့ထက် ပိုအရေးကြီးတယ်..."
ချန်းဖန်၏ အဖြေက ထိုမျှသာ။ စစ်တပ်အနေဖြင့် ချန်းဖန်၏ လုပ်ရပ်များကို သိရှိပြီးဖြစ်မည်ဟု ချန်းဖန် ယုံကြည်သည်။ ဓာတ်ကူသွေးရည်ကြည် ပရိုဂရမ်နှင့် ရှန်းမိသားစုကို သတ်ဖြတ်သည့် အဖြစ်အပျက်များမှာ စစ်တပ်၏ ရေဒါအောက်မှ ပြေးလွတ်မည် မဟုတ်ချေ။
ယွင်ဝူရေထုတ်လုပ်မှုမှာအကန့်အသတ် ရှိနေသဖြင့် ဓာတ်ကူ သွေးရည်ကြည် ပရိုဂရမ်ကို ချန်းဖန် မြန်မြန် အောင်မြင်စေချင်နေပြီ ဖြစ်သည်။ ထိုပရောဂျက်သာ ပြီးဆုံးခဲ့လျှင် ယွင်ဝူရေနှင့် အာနိသင် အရည်အသွေးတူသည့် အရာများကို ပမာဏ များပြားစွာ ထုတ်ယူနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့ဆိုလျှင် တရုတ်နိုင်ငံ တစ်ခုလုံးကိုပါ ဖြန့်ကြက်နိုင်လိမ့်မည် ဖြစ်သည်။
နောက်ရက်ပိုင်း အတွင်း၌ ဂူထျန်းမင် ပစ်ခတ်ခံခဲ့ရသည့် သတင်းကို ချန်းဖန်ကြားခဲ့ရသည်။ ထိုဖြစ်စဉ်က အစိုးရသံလွင်ဌာနခွဲတစ်ခု၌ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ချန်းဖန် မိဘများထံ သွားရောက် လည်ပတ်ပြီးနောက် ဖန့်ချုံးကို သွားရောက် တွေ့ဆုံခဲ့သည်။ သူမမှာ ချန်းဖန်နှင့်အတူ ဟောင်ကောင်သို့ လိုက်ချင်သည့်တိုင် အလုပ်များက သူမကို ချည်နှောင် ထားခဲ့သည်။ ဖန့်ချုံးမှာ ယခုရက်ပိုင်းအတွင်း သူမ ဖခင်၏ ကုမ္ပဏီမှ မိတ်ကပ် ထုတ်လုပ်မှုတစ်ခုကို ကြီးကြပ်နေခဲ့ရသည်။ အရည်အချင်းရှိပြီး အောင်မြင်သည့် စီးပွားရေးသမားတစ်ယောက် ဖြစ်ရန်မှာ ဖန့်ချုံး၏ ငယ်ဘဝအိပ်မက် တစ်ခုပင် မဟုတ်ပါလား။
သူမမှာ ချန်းဖန်ကို အချိန်များစွာ မပေးနိုင်သောကြောင့် အလွန်ပင် စိတ်မကောင်း ဖြစ်နေခဲ့သည်။
"တကယ်လို့ မိတ်ကပ်အမျိုးအစား အသစ်တွေ စမ်းကြည့်ချင်တယ် ဆိုရင် ငါထောက်ပံ့ ပေးနိုင်တယ်..."
အတိတ်ဘဝက ကျင့်ကြံခြင်း ကမ္ဘာတွင် အမအန့်အတွက် ရည်စူး၍ ရေမွှေးတစ်မျိုးကို ချန်းဖန် စမ်းသပ် ထုတ်လုပ်ခဲ့သေးသည်။ သို့သော်လည်း ပစ္စည်းများ မစုံလင်မှုကြောင့် ထိုအရာကို မအောင်မြင်ခဲ့ပေ။ ကျင့်ကြံခြင်းကမ္ဘာရှိ အမွေးနံ့သာများမှာ ဓာတုကမ်မစ်ကယ် ပစ္စည်းများကို မသုံးပဲ သဘာဝ အပင်များကိုသာ အသုံးပြု၍ ထုတ်လုပ်ကြသည်။ အရှေ့တောင်ကြား ပရောဂျက် အောင်မြင်ပါက ဆေးပင်များစွာကို သူ စိုက်ပျိုးနိုင်လိမ့်မည် ဖြစ်သည်။ လက်၌ လုံလောက်သော ပစ္စည်းအမယ်များ ရှိနေပါက အလှကုန် ပစ္စည်းများ ထုတ်လုပ်ရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။
"ကောင်းပါပြီ ဆရာကြီးချန်းရှင့်..."
ဖန့်ချုံးက ချန်းဖန်ကို မျက်စောင်းထိုးရင်း ပြောသည်။
"ရှင်က အားလုံးကို သိနေတော့တာပဲနော်။ ရှင်မသိတဲ့ဟာရော ကမ္ဘာပေါ်မှာ ရှိသေးရဲ့လား..."
"ဟင်း... ကလေးမလေး... မင်း ငါ့ကို မယုံရင် နောက်ကျမှ နောင်တရနေမယ်နော်..."
ချန်းဖန်က သက်ပြင်းချဟန်ပြုကာ ပြောလိုက်တော့၏။
***
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးပြီးနောက် အားလပ်ရက်ရှည်က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ချန်းဖန်တို့၏ ဟောင်ကောင်ခရီးစဉ်မှာလည်း စတင်ခဲ့ပြီ ဖြစ်သည်။
ခရီးစဉ်တွင် လူခြောက်ယောက် လိုက်ပါခဲ့ပြီး ချင်ရီလန်း၊ ချင်းလုလု၊ ချီဝမ်စန်း၊ လျူရှောင်ချင်၊ ချန်းဖန် နှင့် ကျိုးချင်းရတို့ ဖြစ်သည်။ ထိုအထဲတွင် အတွဲနှစ်တွဲပါဝင်ပြီး ချန်းဖန်တို့ နှစ်ယောက်မှာ တတိယဘီးများ ဖြစ်ကြသည်။
ချင်ရီလန်းမှာ လေယာဉ်လက်မှတ်၊ ဟိုတယ်စရိတ်၊ ကားခ အားလုံးကို တာဝန်ယူခဲ့သည်။ ချင်ရီလန်းထံတွင် မကောင်းသည့် အချက်များ ရှိသည့်တိုင် သူငယ်ချင်းများ အပေါ်တွင်မူ အလွန် စိတ်ရင်းကောင်းသူ တစ်ယောက် ဖြစ်သည်။
လေယာဉ်ပေါ်တွင် စုံတွဲနှစ်တွဲမှာ အတူထိုင်ကြပြီး ချန်းဖန်နှင့် ကျိုးချင်းရတို့က အတူထိုင်ကြသည်။
ယနေ့တွင်မူ ကျိုးချင်းရမှာ မိတ်ကပ်မလိမ်းထားပဲ သဘာဝမျက်နှာနှင့် ဖြစ်သည်။ သူမသည် ကော်လာ ပတ်ပတ်လည်တွင် လေးပတ်ကြိုးနှင့် ရှပ်အင်္ကျီကို ဂျင်းဘောင်းဘီနှင့် တွဲဖက်ကာ ဝတ်ဆင်ထားသည်။ ရိုးရိုး ဝတ်စားဆင်ယင်မှုနှင့် သာမန် ဆံပင်နှင့် မိတ်ကပ် အပြင်အဆင် ပေါင်းစပ်မှုက သူမကို အပြစ်ကင်းစင်သည့် မိန်းကလေး တစ်ယောက်ကဲ့သို့ ချစ်စရာ ကောင်းစေသည်။ သူမက ဖက်ရှင်မဂ္ဂဇင်းတစ်စောင်ဖတ်ကာ လိမ္မော်သီးဖျော်ရည် တစ်ခွက် သောက်နေခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် မိတ်ကပ်မရှိခြင်းက သူမ၏ မယုံနိုင်လောက်အောင် သဘာဝအလှအပကို ဖော်ပြနေခဲ့သည်။
လေယာဉ်ပေါ်ရှိလူတိုင်းလိုလိုပင် သူမကို နှစ်ခါပြန် ကြည့်ကြသည်။ ကျိုးချင်းရမှာ ထိုလူများစွာ၏ အကြည့်များကို ဂရုမစိုက်ချေ။ ထို့အစား သူမ၏ ဘေးတွင်ထိုင်နေသော ချန်းဖန်ကို ကြည့်လိုက်သည်။ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ချန်းဖန်မှာ ထိုင်ခုံကို မှီရင်း အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။
"သူက ငါမိတ်ကပ်မလိမ်းထားရင်ရော မကြိုက်ဘူးလား..." ကျိုးချင်းရ ငြီးတွားလိုက်မိသည်။
သူမ ချန်းဖန် သဘောကျသည့် ဖန့်ချုံးကို အမြဲတမ်း အကဲခတ်နေခဲ့ပြီး ထူးခြားချက် တစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအရာကား ဖန့်ချုံးမှာ မိတ်ကပ် သိပ်မလိမ်းခြင်းပင်။ ထို့ကြောင့် ချန်းဖန်မှာ သဘာဝအလှအပကို ပိုမို သဘောကျသည်ဟု တွေးမိကာ ယခုကဲ့သို့ မိတ်ကပ်မလိမ်းပဲ နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ လျစ်လျူရှုမှုကို ခံရဆဲပင်။
မိန်းကလေးက သူ့ကို အကြည့် လွှဲလိုက်သည်နှင့် ချန်းဖန် မျက်လုံးအနည်းငယ်ဖွင့်ကာ သူမဖတ်နေသည့် မဂ္ဂဇင်းကို ကြည့်လိုက်သည်။
မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ကျန်းအန့်ချီက နေရာယူထားပြီး သူမ၏ ဖြူစပ်စပ် မျက်နှာက ဘုရင်မ တစ်ယောက်ကဲ့သို့ ပြိုင်ဘက်ကင်း အလှကို ထုဆစ်နေခဲ့သည်။
***