← Chapters

အစီအရင်ပညာရှင်များ၏ မြို့တော်

Vol. 3 Ch. 251

အစီအရင်ပညာရှင်များ၏ မြို့တော်

Vol. 3 Ch. 251

"သူမရဲ့ အင်္ဂလိပ်နာမည်က အန်နာ... တရုတ်နာမည်က ကျန်းအန့်ချီ။ သူမက စူပါမော်ဒယ် တစ်ယောက်ဖြစ်ပြီးတော့ VOGUE ရဲ့ မျက်နှာဖုံးမှာတောင် သုံးကြိမ်အထိ ပါဖူးတယ်။ ဗားဆပ်ရဲ့ ဒီဇိုင်နာကတောင် သူတို့ ဘရန်းတွေကြော်ငြာဖို့ သူမကို ဖိတ်ခေါ်ခဲ့ဖူးတယ်..."

ကျိုးချင်းရက ရှင်းပြလိုက်သည်။

ကျန်းအန့်ချီမှာ ဖက်ရှင်နယ်ပယ်တွင် အောင်မြင်မှု ရနေသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ VOGUE မှာ ကမ္ဘာပေါ်၌ အအောင်မြင်ဆုံး အမျိုးသမီး မဂ္ဂဇင်းထဲမှ တစ်ခု ဖြစ်ရာ ထိုမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် သုံးကြိမ်အထိ နေရာယူနိုင်ခဲ့သည့် ကျန်းအန့်ချီမှာ မည်မျှ အောင်မြင်နေခဲ့ကြောင်း သိသာသည်။

"နောက်ပြီးတော့ သူမက ကျန်ဟိုချောင်ရဲ့ သမီးဖြစ်ပြီးတော့ ကျန်းမိသားစုရဲ့ ဆက်ခံသူ ဆိုလည်း ဟုတ်တယ်။ သူမရဲ့ အဘိုးက ဂန္တဝင်ကြီးလို့ပြောလို့ရတဲ့ ကျန်းကျိုးမင်ပေါ့။ သူမရဲ့ အမေက အင်္ဂလန်တော်ဝင် မင်းသမီးတစ်ယောက်ပဲ။ နောက်ပြီးတော့ သူမက ဖက်ရှင်စက်ရုံတစ်ခု ဖွင့်ထားပြီး အောင်မြင်မှုတွေ ရနေတဲ့သူပေါ့..."

ကျိုးချင်းရက ချန်းဖန်ကို ကျန်းအန့်ချီအကြောင်း ပြည့်စုံစွာ ရှင်းပြလိုက်သည်။  သူမ၏ အသံတွင် လေးစားခြင်း၊ အားကျခြင်းတို့က ပြည့်နှက်နေခဲ့၏။

ဟောင်ကောင်၏ ကျန်းမိသားစုမှာ တရုတ်လူမျိုးများကြား၌ အလွန်ထင်ရှားသည့် မိသားစုကြီး ဖြစ်သည်။ ကျန်းကျိုးမင်မှာ ဖော်ဘက် လူချမ်းသာ စာရင်းတွင် ဆယ်စုနှစ် တစ်ခုကြာ လွှမ်းမိုးနိုင်ခဲ့သည်။ ရှန်းမိသားစုနှင့် ချန်းမိသားစုတို့ပင်လျှင် ကျန်းမိသားစု၏ ချမ်းသာ ကြွယ်ဝမှုကို မယှဉ်နိုင်ချေ။

"ငါ သူမကို သိပါတယ်..." ချန်းဖန်က ပြောလိုက်သည်။

"နင် သူမကို သိတယ်လား။ ဖက်ရှင်အကြောင်း စိတ်ဝင်စားပဲ ကောင်လေးတွေပဲ ကျန်းအန့်ချီကို သိမယ်လို့ ငါထင်နေတာ..."

ကျိုးချင်းရ၏ မျက်နှာက ပြုံးစိစိဖြင့် ချန်းဖန်ကို ကြည့်ကာ ထပ်မေးလိုက်သည်။

"နင်က အန်နာရဲ့ ဖန်တစ်ယောက် မလား... သူမလို ပုံစံမျိုးကို နင်သဘောကျတာလား..."

"မဟုတ်ဘူး... သူမက ငါ့ကို ပိုက်ဆံအကြွေး တင်နေတာပဲ ရှိတာပါ..."

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"နင့်ကို ပိုက်ဆံ အကြွေးတင်နေတယ်..."

ကျိုးချင်းရ မျက်မှောင်ကြုတ်လိုက်မိသည်။

"အန်နာက ကျန်းမိသားစုရဲ့ ဆက်ဆံသူပဲဟာ။ နောက်ပြီး သူမရဲ့ အဖေကလည်း ကျန်းလုပ်ငန်းစုရဲ့ ပိုင်ရှင်ပဲလေ။ ဘယ်လိုလုပ်ပြီး နင့်ကို သူက အကြွေးဆပ်ဖို့ ရှိနေတာလဲ..."

ကျိုးချင်းရက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ ချန်းမိသားစုမှာ ကျင်းမြို့တော်၌ အင်အားအကြီးဆုံး မိသားစုဖြစ်သည့်တိုင် ဟောင်ကောင်တွင်မူ မည်သူမှ မသိကြ‌ချေ။ ကျန်းမိသားစု၏ အရင်းအမြစ်များ၊ အဆက်အသွယ်များမှာ ချန်းမိသားစုအနေဖြင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်‌သည့် အရာများ ဖြစ်သည်။

ချန်းဖန်ကမူ သူမ၏ အမေးကို မဖြေပဲ ပြုံးရုံသာ ‌ပြုံးနေလိုက်သည်။ ကျန်းအန့်ချီမ ပေါ်တွင် ဒေါ်လာထရီလီယံမျှ အကြွေးတင် နေကြောင်း ရှင်းပြလျှင်လည်း ကျိုးချင်းရက ယုံမည် မဟုတ်ချေ။

လေးနာရီမျှကြာပြီးနောက် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာခဲ့သည်။ ချင်ရီလန်း ဘွတ်ကင်လုပ်ထားသည့် ဟော်တယ်က ကားလွှတ်၍ သူတို့ကို ကြိုသည်။  ဟောင်ကောင်လေဆိပ်မှာ အလွန်ကြီးကျယ်ပြီး လေဆိပ်အတွင်းတွင် ဒေသပေါင်းစုံမှ လာသည့် လူများစွာကို ချန်းဖန် တွေ့လိုက်ရသည်။ အသားအရောင်၊ ဆံပင်အရောင်မျိုးစုံနှင့် လူများစွာမှာ အင်္ဂလိပ်၊ စပိန်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားစသည့် ဘာသာစကားပေါင်း များစွာကို ပြောဆို နေခဲ့ကြသည်။

ချန်းဖန် ခေါင်းညိတ်လိုက်မိသည်။ ၂၀၀၈ ခုနှစ် ဟောင်ကောင်မှာ ကျင်းမြို့တော်ထက်ပင် ပိုမိုခေတ်ရှေ့ပြေးသည့် မြို့တစ်မြို့ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဟောင်ကောင်မှာ အပြိုင်အဆိုင်များကြား၌ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ပြည်မကြီးမှ ကျောင်းဟိုင်နှင့် ရန်လင်းမြို့များ၏ ကျော်တက်ခြင်းကို ခံလိုက်ရသည်။

ချန်းဖန် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ကာ လေဆိပ်တစ်ခုလုံးကို စစ်ဆေး လိုက်သည်။ ဓမ္မစွမ်းအားပိုင်ဆိုင်သည့် လူများစွာမှာ လေဆပ်အတွင်းတွင် ရှိနေသည်ကို ချန်းဖန် တအံတဩ တွေ့‌လိုက်ရ၏။ လင်းမြို့တော်တွင် ကျင်းပသည့် သိုင်းပညာ ညီလာခံအပြီးမှ စ၍ ဤမျှများပြားသည့် ပညာရှင်များကို ချန်းဖန် တစ်စုတစ်စည်းတည်း မတွေ့ခဲ့ရချေ။ ဟောင်ကောင် လေဆိပ်အတွင်း၌ ဤမျှများပြားသည့် ပညာရှင်များ အဘယ်ကြောင့် ရှိနေခဲ့သည်ကို သူနားမလည်ခဲ့ချေ။

"ဟမ်... သူတို့က သိုင်းသမားတွေချည်းပဲ မဟုတ်ပါလား။ တာအို ရရှိခြင်းအဆင့် ကျင့်ကြံသူတွေလည်း ရှိနေပါလား..."

ချန်းဖန် မျက်မှောင်ကြုံ့လိုက်သည်။

ပြန်လည် မွေးဖွားလာခဲ့ချိန်မှ စ၍ ချန်းဖန်တွေ့ခဲ့ရသည့် လူအများစုမှာ အတွင်းအား ပညာရှင်များသာ ဖြစ်သည်။ ဓမ္မအစီအရင်များကို အသုံးပြုသည့် အစီအရင် ပညာရှင်များကို သိပ်မတွေ့ခဲ့ရချေ။ ဆေးနတ်ဘုရား တောင်ကြား၊ စုန်းတစ္ဆေဂိုဏ်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ လူတချို့သာ ဓမ္မအစီအရင်များကို အသုံးပြုခဲ့သည်။

ဓမ္မအစီအရင် တာအိုမှာ ရရှိရန် ခက်ခဲခြင်းကြောင့် ထိုလမ်းစဉ်ကို လျှောက်သည့် အရေအတွက်က လူနည်းစုသာ ရှိသည်။ ချန်းဖန် သိသလောက်ဆိုလျှင် ဓမ္မအစီအရင် လမ်းစဉ်ကို လျှောက်လှမ်းပြီး ပြည့်စုံခြင်းအဆင့်ကို ရောက်ခဲ့သူမှာ နှစ်ယောက်သာ ရှိသည်။ ထိုနှစ်ယောက်မှာ ဆေးနတ်ဘုရား တောင်ကြားမှ ဆေးဘုရင်နှင့် စုန်းတစ္ဆေဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်တို့ ဖြစ်သည်။

"ဟောင်ကောင်က အစီအရင်ပညာရှင်တွေရဲ့ မြို့တော်များလား... တရုတ် တောင်ပိုင်း သားတွေက ဖုန်းရွှေမှာ ဆရာတစ်ဆူ ဖြစ်တယ်လို့ ငါကြားခဲ့တယ်။ မြင်ရတာ ကောလာဟာလတွေက မှန်နေပုံပဲ..."

ချန်းဖန် သူ၏ အတွေးများကို စိတ်ထဲတွင်သာ သိမ်းဆည်းရင်း ချင်ရီလန်းတို့နှင့်အတူ ဟိုတယ်သို့ လိုက်သွား ခဲ့တော့သည်။

ချန်းဖန် နတ်ဘုရား စိတ်အာရုံကို ပြန်လည်ရုတ်သိမ်းလိုက်သည်နှင့် လေဆိပ်အတွင်းရှိ ပညာရှင်များစွာမှာ မသိစိတ်မှ ချန်းဖန်သွားရာဘက်သို့ ကြည့်လိုက်ကြမိသည်။

"ဘာဖြစ်လို့လဲ အဘိုး..."  အနီရောင် တောက်တောက် ဝတ်ထားသော အမျိုးသမီး တစ်ယောက်က မေးလိုက်သည်။

"ထူးဆန်းတယ်... တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေတယ်လို့ ခံစား လိုက်ရတယ်..."

ဆံပင်များ ဖွေးဆွတ်နေသည့် အဘိုးအိုက မေးစေ့ကိုပွတ်ရင်း ပြောသည်။

"အဘိုး ပင်ပန်းနေတာ ဖြစ်ရမယ်။ အဘိုးက တာအိုရရှိခြင်းအဆင့်ကိုရောက်နေတဲ့ အစီအရင် ပညာရှင်တစ်ယောက် ဖြစ်တဲ့ အပြင်၊ ကမ္ဘာ့ငြိမ်းချမ်းခြင်းဂိုဏ်းရဲ့ ဂိုဏ်းဆရာ တစ်ယောက်ပဲဟာ။ ဘယ်သူက အဘိုးအပေါ်မှာ အစီအရင် သုံးရဲမှာလဲ..."

"အမှန်ပဲ..." အဘိုးအိုက မာနကြီးစွာ ခေါင်းညိတ် လိုက်တော့သည်။

ဓမ္မတာအိုကျင့်ကြံခြင်း ခရီးလမ်းမှာ သိုင်းပညာလမ်းစဉ်ထက် ပိုမိုခက်ခဲ ရှုပ်ထွေးသော လမ်းစဉ် ဖြစ်သဖြင့် ပြည့်စုံခြင်း အဆင့်ကျင့်ကြံသူများကို မတွေ့မြင်ခဲ့ရသည်မှာ ကြာခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်ပင် တာအိုရရှိခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော ပညာရှင်များမှာ သူတို့သာ အစွမ်းအထက်ဆုံး အစီအရင် ပညာရှင်များ ဖြစ်သည်ဟု ယူဆနေခဲ့ကြသည်။

"လင်းနန်ညီလာခံမှာ ငါတို့ရဲ့ ဖုန်းရွှေဆရာတွေရဲ့ အင်အားကို ခင်းကျင်းထားဖို့ လိုတယ်..." အဘိုးအိုက သူ၏ ဖြူဖွေးနေသော မုတ်ဆိတ်များကို ပွတ်ရင်း ပြောလိုက်သည်။

"အမှန်ပဲ... ကျို့းတို့ချီ ဟောင်ဝမ်ဇီတို့က တရုတ်နိုင်ငံ တောင်ပိုင်းရဲ့ ဖုန်းရွှေဆရာတွေကို ထိန်းချုပ်ထားတာ အရမ်းကို ကြာခဲ့ပြီ။ ခုက ပြောင်းလဲဖို့ အချိန်ပဲ..." အမျိုးသမီးကလည်း ထောက်ခံပြောဆိုသည်။

"ဟင်း... နွန်းနွန်... ကျူးတို့ဂျီကို ပေါ့ပေါ့လေးမတွေးနဲ့။ သူက ဟောင်ကောင်ရဲ့ အစွမ်းအထိက်ဆုံးလူ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဟောင်ဝမ်ဇီကတော့..."

အဘိုးအို၏ မျက်လုံးတွင် ရေခဲကဲ့သို့ အေးစက်သည့် အကြည့်တစ်ခုက ဖြတ်သန်းသွားသည်။

"ခုက သူ့ရဲ့ နာမည်ကို အခြားတစ်‌ယောက်ကို လွှဲပေးရမယ် အချိန်ပဲ..."

ထိုကဲ့သို့ စကားဝိုင်းများစွာမှာ လေဆိပ်အတွင်း ဖြစ်ပေါ်နေခဲ့သည်။ သိုင်းပညာရှင်များနှင့် ယှဉ်ပါက အစီအရင်ပညာရှင်များမှာ နတ်ဘုရားစိတ်အာရုံ၏ ရိုက်ခိုက်မှုကို ပိုမိုအာရုံ ခံစားနိုင်သည်။ သို့သော်လည်း ချန်းဖန်၏ နတ်ဘုရားစိတ်အာရုံမှာ အလွန်အစွမ်းထက်သောကြောင့် အရင်းအမြစ်ကို သူတို့ ခံစား၍ မရချေ။

ထိုအချိန်တွင် ချန်းဖန်မှာ ဟေတန်ဟိုတယ်သို့သွားနေခဲ့ပြီ ဖြစ်သည်။ ချင်ရီလန်းမှာ ထိုခရီးစဉ် အတွက် အစစ အရာရာ ပြင်ဆင်ခဲ့ဟန်တူသည်။ ဟေတန်ဟော်တယ်၏ တစ်ညကုန်ကျစရိတ်မှာ တစ်ခန်းလျှင် ယွမ်တစ်ထောင် ဖြစ်သည်။ သို့သော်လည်း အားလပ်ရက် ဖြစ်သဖြင့် ဈေးက အနည်းငယ် ပိုများနေခဲ့သည်။

ချင်ရီလန်းမှာ အလယ်အလတ် အခန်းသုံးခန်းကို ဘွတ်ကင် လုပ်ထားခဲ့ပြီး တစ်ခန်းလျှင် တစ်ညစာ ယွမ်နှစ်ထောင် ပေးရသည်။ သူက ခုနစ်ညစာ ဘွတ်ကင် လုပ်ထားသဖြင့် ယွမ်ငွေငါးသောင်းခန့် ရှင်းလိုက်ရသည်။ ချီဝမ်စန်း၊ ချန်းဖန်နှင့် ကျိုးချင်းရတို့မှာ ချမ်းသာသော မိသားစုများမှ ဖြစ်သဖြင့် ထိုငွေလောက်ကို မအံ့ဩ‌သော်လည်း လျူရှောင်ချင်ကမူ မျက်လုံးပင် ပြူးနေခဲ့ပြီ ဖြစ်သည်။

"သူဌေး... အခန်းက သုံးခန်းပဲရှိတယ်။ ငါနဲ့ လုလုက တစ်ခန်း၊ ချီဝမ်စန်းနဲ့ ရှောင်ချင်က တစ်ခန်း ဆိုတော့ မင်းနဲ့ အလန်းလေးကျိုးက တစ်ခန်းနေရမယ်..."

ချင်ရီလန်းက ချန်းဖန်တို့ကို အခန်းသို့ လိုက်ပို့လိုက်သည်။ သူပြန်မထွက်သွားခင် ချန်းဖန်ကို မျက်လုံးမှိတ်ပြပြီး တီးတိုး‌ ပြောသွားခဲ့သေးသည်။

"အလန်းလေးကျိုးက သူ့ဘဲနဲ့ ရန်ဖြစ်ထားတယ်လို့ လုလုဆီက ငါကြားထားတယ်။ ဒါမင်းအတွက် အခွင့်အရေးနော်..."

ချန်းဖန်မှာမူ ထိုအခြေအနေကို မည်သို့မျှ မခံစားရချေ။ ရှောင်ချုံးကလွဲလျှင် အခြားမည်သည့် မိန်းကလေးကိုမျှ ထိပင်မထိလိုပေ။ အကယ်၍ ချန်းဖန်သာ မိန်းကလေးတစ်ယောက်လိုချင်ခဲ့လျှင်လည်း အမအန့်၊ ရှု့ယုံဖေး သို့မဟုတ် လုယန်ရွယ်ကိုသာ ရွေးမည် ဖြစ်သည်။

"အခန်းထဲမှာက ခုတင်တစ်လုံးပဲ ရှိတာဆိုတော့ ကုတင်ပေါ်မှာ နင်အိပ်လိုက်။ ငါက ဆိုဖာပေါ်မှာ အိပ်မယ်..." ကျိုးချင်းရက ပြောလိုက်သည်။

"ရတယ်... ငါပဲ ဆိုဖာပေါ်မှာ အိပ်လိုက်မယ်..." ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

စကားပြောပြီးသည်နှင့် ကျိုးချင်းရမှာ သူမ၏ ခရီးဆောင်အိတ်ကို စရှင်းတော့သည်။ သူမမှာ ချမ်းသာသည့် အသိုင်းအဝိုင်းမှ ဖြစ်သဖြင့် အလှကုန်ပစ္စည်းများ၊ ဖိနပ်များ၊ အိတ်များ၊ အဝတ်အစားများစွာ ပါလာခဲ့သည်။ အထုပ်ထဲမှ အတွင်းခံ အဝတ်အစားများ ထုတ်နေသည်ကိုပင် ချန်းဖန်ဘေးမှ တွေ့နေခဲ့ရသည်။

ချန်းဖန်မှာမူ မည်သည့်အရာမှ ပါမလာခဲ့ချေ။ အဇူရာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ ခန္ဓာကိုယ်က အမြဲတမ်း သန့်ရှင်းနေခဲ့သည်။ ထို့ကြောင့် မည်သည့် အဝတ်အစားမှ ယူမလာခဲ့ချေ။ သူ ယူဆောင်လာသည့် အရာမှာ အမတေ စွမ်းအင်စုစည်းခြင်း ဆေးပုလင်းများသာ။

ချန်းဖန် ပြတင်းပေါက်သို့ သွားကာ မြို့ပြကြီးကို လွမ်းခြုံ၍ ကြည့်လိုက်သည်။ ဟောင်ကောင်မှာ ကီလိုမီတာ ထောင်ဂဏန်းသာ ကျယ်သော်လည်း သန်းပေါင်း များစွာသောလူများ နေထိုင်ကြသည်။

"အခွင့်အရေးရတာနဲ့ ကျန်းအန့်ချီဆီကိုသွားပြီး အကြွေးတောင်းရမယ်..."

ချန်းဖန်တွင် ကျန်းမိသားစု အတွက် ဖြုန်းရန် အချိန်သိပ်မရှိချေ။ အကြွေးပြန်တောင်းမည့် အစီအစဉ်မှာ ဟောင်ကောင်သို့ လာရသည့် ရည်ရွယ်ချက်များထဲမှ တစ်ခုသာ ဖြစ်သည်။

ဟောင်ကောင်သို့ လာရောက်ရသည့် အခြားရည်ရွယ်ချက်မှာ အစိမ်းရောင်နဂါး အစီအရင် အတွက် လိုအပ်သည့်အရာများ ဝယ်ရန်ဖြစ်သည်။ ဟောင်ကောင်မှာ ဖုန်းရွှေဆရာများ၏ နယ်မြေ ဖြစ်သဖြင့် ရှားပါးသည့် အဆောင်များ၊ ပစ္စည်းများ ရနိုင်သည့် နေရာတစ်ခု မဟုတ်ပါလား။

ဟောင်ကောင်သို့ ခြေချမိသည်နှင့် နေရာမှန်သို့ရောက်နေကြောင်း ချန်းဖန် သိလိုက်သည်။ လေယာဉ်ကွင်း ကဲ့သို့သော နေရာတွင်ပင် ဖုန်းရွှေဆရာပေါင်း များစွာကို တွေ့မြင်ခဲ့ရသည် မဟုတ်ပါလား။

"သူဋ္ဌေး နဲ့ အလန်းလေးကျိုး... ဟော်တယ်မှာ လေလံပွဲတစ်ခု ရှိတယ်တဲ့။ စိတ်ဝင်စားလား..."

ချင်ရီလန်းက သူတို့အခန်းသို့ဝင်လာကာ မေးလိုက်သည်။ ထို့နောက် ချန်းဖန်ကို သူ၏ လက်တွင်မူ လက်ကမ်းစာစောင်တစ်ခု ကမ်းပေးလိုက်သည်။

***

All Chapters