← Chapters

အစီအရင်အတု

Vol. 3 Ch. 254

အစီအရင်အတု

Vol. 3 Ch. 254

"ဆရာယွမ်ကို ကျောက်စိမ်း ရတနာပြလိုက်ပါလား..."

ချင်းလုလုနှင့် အခြားလူများက ချန်းဖန်ကို တိုက်တွန်းကြသည်။ ယခုအချိန်တွင် ချန်းဖန်၏ သူငယ်ချင်းများမှာ ဆရာယွမ်၏ အော်ရာ လှည့်ဖျားမှုအောက်တွင် ကျရောက်နေခဲ့ပြီ ဖြစ်၏။ ဆရာယွမ်ကို ကျောက်စိမ်းပေး၍ စစ်ဆေးစေခြင့်ဖြင့် ချန်းဖန်အကျိုးအမြတ်တစ်ခုခုရလိမ့်မည်ဟု သူတို့ ထင်နေခဲ့သည်။

"ကောင်းပြီလေ..."

ချန်းဖန် ထိုက်ရက်ကပင် ကျောင်စိမ်းကိုထုတ်ယူ၍ ဆရာယွမ်ထံ ပစ်ပေးလိုက်သည်။ ကျောက်စိမ်းကိုမြင်သည်နှင် ဆရာယွမ်၏ မျက်လုံးထဲ၌ လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ လူတိုင်း၏ အကြည့်အောက်မှာပင် ဆရာယွမ်က ကျောက်စိမ်းကို စစ်ဆေးလိုက်သည်။ ခဏအကြာ၌ သူက ကျောက်စိမ်းကို ပစ်ချလိုက်ရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။

"ဆရာယွမ်... ဘာဖြစ်လို့လဲဗျ..."

ချင်ရီလန်းက စိုးရိမ်တကြီးမေးလိုက်သည်။ ထိုအရာကား ယွမ်သန်း သုံးဆယ်ပေးခဲ့ရသည့် ကျောက်မျက်ရတနာ ဖြစ်သည်။ အကယ်၍ ထိုအရာသာ အတုဖြစ်လျှင် ထိုအတွက် ပေးခဲ့ရသည့် ယွမ်သုံးဆယ်မှာ ရှုံးရတော့မည် ဖြစ်သည်။ သူ၏ သူငယ်ချင်း ချန်းဖန်မှာ ကျင်းမြို့တော် ချန်းမိသားစုမှ ဖြစ်သည့်တိုင် ယွမ်သန်းသုံးဆယ်ဟူသော ပမာဏက အလွန်များပြား လွန်းနေသည် မဟုတ်ပါလား။

"သခင်လေးကျန်း... ခင်ဗျားတို့တော့ မှားတာပဲ။ ဒါက ဓမ္မအစီအရင် အစစ် မဟုတ်ဘူး။ ရိုးရိုးသာမန် ကျောက်တစ်လုံးပဲ..."

ဆရာယွမ်က ခေါင်းကိုခါရင်း ပြောလိုက်သည်။

"ဘယ်လို..." ချင်ရီလန်းနှင့် အခြားလူများမှာ ထိုစကားကြောင့် စိတ်ဓာတ်များ ကျသွားသလို ခံစားလိုက်ရသည်။ ဓမ္မအစီအရင် ဆိုသည်ကို သူတို့ နားမလည်ကြသည့်တိုင် ဆရာယွမ်၏ စကားက ချန်းဖန်၏ငွေ သန်းသုံးဆယ်ဆုံးရှုံးသွားကြောင်း ဆိုလိုသည်ကိုတော့ သူတို့နားလည်သည်။

"ငါတို့ အဲဒါကို ဟေတန်ဟော်တယ် လေလံခန်းမက ဝယ်လာတာပဲ။ အဲ့လို လေလံခန်းမမျိုးက အတုရောင်းဖို့ ဖြစ်နိုင်ပါ့မလား..."

ချင်းလုလုက နားမလည်ဟန် မေးသည်။

"ဟီးဟီး... ဓမ္မအစီအရင်တွေက အတု၊ အစစ် ခွဲရခက်တယ်။ လေ့ကျင့်ထားတဲ့ မျက်လုံးတွေနဲ့ မဟုတ်ရင် အတု၊ အစစ် ခွဲနိုင်မှာ မဟုတ်ဘူး..." ဆရာယွမ်က နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။

"ဟမ့်... အဲ့လို လေလံအိမ် သေးသေးလေးတွေ မပြောနဲ့။ ကမ္ဘာကျော် လေလံအိမ်ကြီးတွေတောင်မှ ခွဲခြားနိုင်မှာ မဟုတ်ဘူး..."

ဆရာယွမ်၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူ၏ စကားကို မည်သူမျှ သံသယ မဝင်ကြချေ။

ကျန်းအန့်ပင်က မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။

"ဆရာယွမ်... သေချာလို့လား။ အဲဒါရဲ့ အပေါ်မျက်နှာပြင်က ဓမ္မအစီအရင်‌နဲ့ တော်တော်လေး တူနေတယ်နော်..."

"သခင်လေးက စိတ်ဝင်စားနေရင်တော့ ကျွန်တော် ရှင်းပြပါ့မယ်..."

ဆရာယွမ်က ချောင်းတစ်ချက် ဟန့်လိုက်သည်။

"ဒီမျက်နှာပြင်ကို မှော်အင်းကွက်တွေနဲ့ ဖုံးအုပ်ထားတော့ အမှတ်တမဲ့ ကြည့်ရင်တော့ ဓမ္မအစီအရင်ပေါ့။ ဒါပေမဲ့ ဓမ္မအစီအရင် တစ်ခုရဲ့ အနှစ်သာရက မှော်အင်းကွက် မဟုတ်ဘူး။ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ အစစ်အမှန်ချီကသာ အစီအရင်ကို အသက် သွင်းနိုင်တာ။ ဒီကျောက်မျက်က အပြီးမသတ်ရသေးတဲ့ အရာတစ်ခုလို့ ပြောရမယ်။ ဖုန်းရွှေဆရာ တစ်ယောက် အသုံးပြုမယ်ဆိုရင် အစွမ်းရှိနိုင်ပေမယ့် သာမန် လူတစ်ယောက် လက်ထဲမှာ ဆိုရင်တော့ ဘယ်လိုမှ အသုံးမကျတဲ့ အရာပါပဲလေ..."

ဆရာယွမ်၏ စကားကြောင့် ချင်ရီလန်းနှင့် အခြားလူများ၏ မျက်နှာများ ဖြူလျော် သွားခဲ့သည်။

ကျန်းအန့်ချင်ကလည်း စိတ်မကောင်းဟန်ဖြင့် သက်ပြင်း တစ်ချက်ချသည်။ သူက ချန်းဖန်ကို စိတ်မကောင်းဖြစ်နေသည့် အမူအရာဖြင့် ကြည့်၍...

"ညီလေးချန်း... တကယ် စိတ်မကောင်းပါဘူးကွာ။ အဲဒီ ကျောက်မျက်က အပြီး မသတ်ရသေးတဲ့ အစီအရင်တစ်ခု ဖြစ်နေမယ်လို့ ငါတောင် မထင်ထားခဲ့ဘူး။ ယွမ်မီလျံသုံးဆယ်ကို ညီလေးချန်း ဆုံးရှုံးလိုက်ရတဲ့ အတွက် စိတ်မကောင်းဖြစ်မိတယ်..."

"ခဏနေပါဦး... ရှင်ပြောတာ အမှန်လို့ ကျွန်မတို့က ဘာကြောင့် ယုံသင့်တာလဲ..."

ရုတ်တရက် အေးစက်သော အသံတစ်ခုက ပေါ်ထွက်လာသည်။ ထိုသို့ပြောလိုက်သူက ကျိုးချင်းရပင်။

သူမက လက်နှစ်ဖက်ကို ပိုက်ရင်း စဉ်းစားနေဟန် ရသည်။ ချင်ရီလန်းမှာလည်း ကြောင်အသွားကာ ခဏနေမှ ကျိုးချင်းရဆိုလိုသည်ကို နားလည်လိုက်သည်။ သူတို့တွင် ဓမ္မအစီအရင်များနှင့် ပတ်သက်၍ ဗဟုသုတများ မရှိသည့်တိုင် ထိုဆရာယွမ်ဆိုသော လူ တစ်ခွန်း နှစ်ခွန်း ပြောလိုက်သည်နှင့် ယုံကြည်သွားသည်က သိပ်မဟုတ်သေးချေ။

ကျန်းအန့်ပင်မှာ မကြာသေးခင်ကပင် ထိုပစ္စည်းအတွက် ဈေးပြိုင် ပေးနေခဲ့သေးသည်။ ယခု ခဏအတွင်းမှာပင် အတုဖြစ်သွားခြင်းက သဘာဝ သိပ်မကျချေ။ သူတို့နှစ်ယောက် ပူးပေါင်းကာ တစ်ခုခု ကြံစည်ခြင်း ဖြစ်နေနိုင်သည်။

"ကြည့်ရတာ မိန်းကလေးက ငါ့ကို မယုံကြည်ပုံပဲ..." ဆရာယွမ်က ကျိုးချင်းရကို ကြည့်ရင်း မေးလိုက်သည်။

"ရှင့်လိုပုံစံမျိုး လူလိမ်တွေကို ကျွန်မတွေ့ဖူးပါတယ်။ ရှေးအယူအဆတွေကို ယုံတဲ့လူတွေကို ဖုန်းရွှေဆရာယောင်ယောင် ဘာယောင်ယောင်နဲ့ လိုက်ပြီး အယုံသွင်းပြီး သူတို့ပိုင်ဆိုင်သမျှ အားလုံး လိမ်ညာပြီး ယူသွားတဲ့လူတွေမှ အများကြီးပဲ..."

ကျိုးချင်းရက ဒေါသတကြီး ပြောလိုက်သည်။ သူမ၏ အပြုအမူများအရ သူမ၏ မိသားစုမှာ ပလိမ်ခံခဲ့ရဖူးဟန် တူသည်။

"မိန်းကလေးကျိုး... ဆရာယွမ်က လူလိမ်မဟုတ်ပါဘူး။ သူ့ကို လေးစားပါ..."

ကျန်းအန့်ပင်က ဝင်၍ ပြောသော်လည်း ဆရာယွမ်က တားဆီးလိုက်၏။

"ဟဟ... ဒီပြည်မကြီးက မိန်းကလေးက ဖုန်းရွှေဆရာ အစစ်တွေအကြောင်း လုံးဝသိပုံ မရဘူး။ သူတို့ရဲ့ ဗဟုသုတက ဒီလောက်ပဲရှိတာ မဆန်းပါဘူး..."

"ငါ ယွမ်ဟန် ဓမ္မအစီအရင်တွေကို အကဲဖြတ်လာတာ ဆယ်နှစ်တိုင်ခဲ့ပြီ။ အမှားတစ်ခါမှ မလုပ်ဖူးသေးဘူး။ ငါလုပ်ပေးခဲ့တဲ့ သူအားလုံးကလည်း ဟောင်ကောင်မှာ အချမ်းသာဆုံး သူဌေးတွေချည်းပဲ။ သခင်လေးကျန်းရဲ့ ဖိတ်ခေါ်မှုကြောင့်သာ မဟုတ်ရင် မင်းတို့ရဲ့ ပစ္စည်းကို အကဲဖြတ်ပေးဖို့ ဂရုတောင် မစိုက်ဘူး..."

"ဆရာယွမ်... ဆရာယွမ် ဒီမှာရှိတဲ့ လူအားလုံးက သူငယ်ချင်းတွေပါပဲ။ ကျွန်တော်တို့ ခင်ဗျားကို ယုံပါတယ်..." ကျန်းအန့်ပင်က အခြေအနေကို ထိန်းသိမ်းရန် ဝင်ပြောလိုက်သည်။ တိတ်ဆိတ်မှုက အခန်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

ကျိုးချင်းရမှာ မည်သို့မျှ မပြောတော့သည့်တိုင် ကျေနပ်ပုံမရသေးချေ။

"ကောင်းပြီလေ... သခင်လေးကျန်းရဲ့ မျက်နှာကိုထောက်ပြီး ဓမ္မအစီအရင် တစ်ခုက ဘယ်လိုမျိုးလဲ ဆိုတာ ပြမယ်..."

ဆရာယွမ်က နှာခေါင်းရှုံ့ရင်း သူ၏ လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ သူ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည့် ကျောက်စိမ်းလုံးများ၊ သစ်သားစေ့များဖြင့် ပြုလုပ်ထားသည့် ပုတီးကြိုးမှာ လက်၏ လှုပ်ရှားမှုအတိုင်း လက်ပါယိမ်းနွဲ့သည်။

ခဏအတွင်းမှာပင် ထိုအရာထံမှ သရဲ၊ တစ္ဆေများ အော်ငြီးသံကဲ့သို့ အသံများ ကြက်သီးထဖွယ် ပေါ်ထွက်လာသည်။ ချန်းဖန်နှင့် သူငယ်ချင်းများမှာ မိစ္ဆာ၊ ကဝေများ ကျက်စားရာ မြေအောက် ကမ္ဘာသို့ ရောက်နေသည့်နှယ် ခံစားလာရသည်။

သူတို့ဘေးတွင် အရိပ်များကလည်း ပေါ်ထွက်လာကာ ဝါးမျိုဟန်မည့်ဟန် ပြင်သည်။

"အား..."

မိန်းကလေးများမှာ ကြောက်လန့် လွန်းသောကြောင့် အော်ဟစ်လိုက်ကြသည်။ ထိုကဲ့သို့ ကြောက်စရာ မြင်ကွင်းမျိုးကို သူမတို့ တစ်ခါမျှပင် မမြင်တွေ့ခဲ့ဖူးချေ။

ကျိုးချင်းရပင်လျှင် အလွန်အမင်း ကြောက်လန့်နေခဲ့သည်။ သူမက ချန်းဖန်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ ကိုယ်လုံးက ကြောက်လန့်မှုဖြင့် တုန်ခါနေခဲ့သည်။

ချီဝမ်စန်းနှင့် ချန်းဖန်သာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။

"ဓမ္မအစီအရင်တွေနဲ့ ဓမ္မတာအိုဆိုတာ မင်းတို့နားမလည်နိုင်တဲ့ အဆင့်မှာပဲ..."

ဆရာယွမ်၏ အသံက တည်ငြိမ်စွာ ပေါ်ထွက်လာသည်။

"သူက တကယ့်ဆရာပဲ... ဓမ္မစွမ်းအင်တွေ ပိုင်ဆိုင်တဲ့ ဆရာ..." ချင်ရီလန်းက တီးတိုး ရေရွတ်လိုက်မိသည်။

ချင်းလုလုနှင့် အခြားလူများမှာလည်း သဘောတူစွာ ခေါင်းညိတ်ကြသည်။ ဆရာယွမ်အပေါ် သူတို့၏ သံသယများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သာမန်လက်လေး ဝှေ့ယမ်းရုံလောက်နှင့်ပင် သူတို့ကို ချောက်ချားဖွယ် မြေအောက်ကမ္ဘာသို့ ခေါ်နိုင်စွမ်းရှိသည့် ဆရာယွမ်မှာ အမှန်တကယ်ပဲ ဆရာတစ်ယောက် ဖြစ်ရပေမည်။

"မင်းတို့ ငါ့ကို ယုံပြီလား..." ယွမ်ဟန်က ကုလားထိုင်ပေါ်  ထိုင်ရင်းမေးလိုက်သည်။

"ဟုတ်ကဲ့... ယုံပါပြီ..." ချင်းလုလုနှင့် အခြားလူများက အလျှင်အမြန်ပင် ဖြေလိုက်ကြသည်။

"ဒီ‌လက်ကောက်က နဂါးဆင့်ခေါ်ခြင်း လက်ကောက်လို့ ခေါ်တယ်။ ဒါကို တောင်ဘက်ဂိုဏ်းက သန့်စင် ပြုလုပ်ခဲ့ပြီးတော့ တာအိုရရှိခြင်းအဆင့် ပညာရှင်တွေပဲ အသုံးပြုနိုင်တယ်..."

ဆရာယွမ်က ပြောရင်း ချန်းဖန်၏ ကျောက်မျက်ကို ကောက်ယူကာ ခေါင်းခါလိုက်၏။

"နှမြောစရာကောင်းတယ်။ ဒီအစီအရင်က သုံးနှစ်လောက် သန့်စင်ဖို့ လိုနေသေးတယ်။ သုံးနှစ်လောက်သာ သန့်စင်လိုက်ရင် တော်တော်လေး အစွမ်းထက်တဲ့ ဓမ္မအစီအရင် တစ်ခု ဖြစ်လာမှာ။ ငါ့လက်ထဲမှာ ထားရင်တောင် နည်းနည်း အသုံးဝင်နိုင်သေးတယ်။ မင်းတို့လက်ထဲမှာ ထားရင် ဘာမှ အသုံးကျမှာ မဟုတ်ဘူး..."

ထိုအချိန်တွင် ကျိုးချင်းရ အပါအဝင် တော်တော်များများက သူ့ကို အကြွင်းမဲ့ ယုံကြည်နေခဲ့ပြီ ဖြစ်၏။

"ညီလေးချန်း... အဲဒီ ဓမ္မအဆောင်က မင်းရောငါရောအတွက် လုံးဝ အသုံးမကျဘူးပဲ။ အဲဒါက အစီအရင် ဆရာတွေရဲ့ လက်ထဲမှာပဲ အသုံးဝင်ပုံရတယ်..."

ကျန်းအန့်ပင်က ပြောသည်။

"အဲဒီ ကျောက်မျက်ကို ဆရာယွမ်ဆီ ရောင်းလိုက်သင့်တယ်။ အဲ့လိုဆို ညီလေးချန်းရဲ့ ပိုက်ဆံ အချို့အဝက် ပြန်ရမှာပါ..."

"ဟမ့်... ငါ့မှာ ဓမ္မအစီအရင်တွေမှ အများကြီး။ ဒီ အဆုံးမသတ်ရသေးတဲ့ဟာကို ငါဘာလို့ ဝယ်ရမှာလဲ။ မဝယ်နိုင်ဘူး..."

ယွမ်ဟန်က ခေါင်းခါရင်း ပြောသည်။  အချိန်ခဏကြာမှ ယွမ်ဟန်က မပြောချင်သည့် ဟန်ဖြင့်...

"ကဲကဲ... သုံးသိန်းပေးမယ်။ မပြီးသေးတဲ့ ဓမ္မအစီအရင်တစ်ခုကို အဲဒါထက်တော့ ပိုပြီး မပေးနိုင်ဘူး။ အဲဒါက ငါ့အသုံးပြုဖို့အတွက်တောင် အများကြီးပြန်ပြီး ပြင်ရဦးမှာ..."

အချိန်ခဏအတွင်းမှာပင် ချန်းဖန်၏ ပိုက်ဆံ သန်းသုံးဆယ်မှာ သုံးသိန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ လူတိုင်းက ချန်းဖန်၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။ ထိုအရာက ချန်းဖန်အတွက် အလွန်ဆုံးရှုံးသည့် ပမာဏ ဖြစ်သည့်တိုင် အနည်းအကျဉ်း ပြန်ရခြင်းက မဆိုးဟု ဆိုရပေမည်။

"သုံးသိန်း..."

ချန်းဖန်၏ မျက်နှာတွင် အပြုံးဖြစ်ခု ဖြစ်ပေါ်လာ၏။ ချန်းဖန် ထိုကစားပွဲကို အပျင်းပြေ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထိုပြပွဲက သူ့အတွက် ရယ်စရာတစ်ခုထက် မပိုချေ။

"မင်းက ဒီကျောက်မျက်ကို သုံးသိန်းနဲ့ ဝယ်ချင်တာလား။ တကယ့်ကို မျက်နှာပြောင် တိုက်လွန်းတာပဲ..."

***

All Chapters