← Chapters

ဓားအားဖြည့်ခြင်း ကျောက်မျက်

Vol. 3 Ch. 256

ဓားအားဖြည့်ခြင်း ကျောက်မျက်

Vol. 3 Ch. 256

"မင်းဒီကို ဘယ်လို ရောက်လာတာလဲ..."

ကျန်းအန့်ပင်က ချန်းဖန်ကို လက်ညှိုးထိုးရင်း မေးလိုက်သည်။ သူ၏ အသံက ကြောက်ရွံ့မှုကြောင့် တုန်၍ပင် နေသည်။ ယခု သူဝယ်ထားသော တိုက်ခန်းမှာ နှစ်ဆယ့် တစ်ထပ်မြောက် ဖြစ်သည်။ ထိုအဆောက်အအုံမှာ ဟောင်ကောင်၏ အထပ်အမြင့်ဆုံး များထဲမှ တစ်ခုဖြစ်သည့် အပြင် အထိပ်တိုင်း၌လည်း လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်။ ထို့ကြောင့် ခြင်တစ်ကောင်ပင်လျှင် အခန်းအတွင်းသို့ ဝင်လာနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ချန်းဖန်ဆိုသော ကောင်လေးမှာ သူ၏ အခန်းထဲသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ အခန်း၏ အခြားတံခါးများ အားလုံးမှာလည်း တင်းကြပ်စွာပိတ်ထားပြီး ပွင့်နေသည့် အရာဟူ၍ ချန်းဖန်နောက်မှ ပြတင်းပေါက် တစ်ခုသာ ပွင့်နေခဲ့သည်။

"သူ ဘယ်လိုဝင်လာတာလဲ။ ပြတင်းပေါက်ကလား..." ကျန်းအန့်ပင် ရူးတော့မလိုပင် ဖြစ်နေခဲ့သည်။

"ပြည်မကြီးက ဒီချီးထုတ်ကောင်..." ယွမ်ဟန် ရေရွတ်လိုက်သည်။

ကျင့်ကြံသူတစ်ဦးအနေဖြင့် သိုင်းသမားများ၊ တာအိုရရှိခြင်းအဆင့် ကျင့်ကြံသူများတွင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများရှိကြောင်း သူသိထားသည်။ ထို့ကြောင့် သူ၏ အံဩမှုက တဒင်္ဂသာပေါ်လာပြီး ပြန်လည် ပျောက်ကွယ် သွားသည်။

"မင်းတို့ ငါ့ကိုတစ်ခုခုကြံစည်ဖို့ ပြောနေကြတာပဲ..."

ချန်းဖန် အေးဆေးစွာဖြင့် လျှောက်လာကာ စားပွဲပေါ်မှ ဝိုင်တစ်ခွက်ကို ကောက်ယူ လိုက်သည်။ ကျန်းအန့်ပင်တွင် စုဆောင်းထားသည့် တန်ဖိုးကြီး ယမကာများစွာ ရှိပြီး အားလုံးကို သူအလွန် တန်ဖိုးထားသည်။ ထိုယမကာများမှာ အားလပ်ချိန်များ၌ သူ၏ မိန်းကလေးများနှင့် ပျော်ပါးရင်း သောက်သုံးရန်အတွက် ဖြစ်သည်။ သို့သော်လည်း ချန်းဖန်ကိုမူ မည်သို့မျှ မပြောရဲချေ။

ထိုပုလင်းများထက် သူ၏ အသက်က ပိုမိုအရေးကြီးသည် မဟုတ်ပါလား။

"ပြည်မကြီးက ဧည့်သည်တွေ ဟောင်ကောင်မှာ လူမသိ၊ သူမသိ ပျောက်သွားကြတာ အများကြီးပဲနော်။ တစ်နှစ်ကို လူဘယ်နှယောက်လောက် ပျောက်နေလဲဆိုတာ မင်းသိလား..."

ယွမ်ဟန်က ဆိုဖာပေါ်တွင် အေးဆေးစွာ ထိုင်ရင်း မေးလိုက်သည်။ သူ၏ မျက်နှာက အရာရာမှာ သူ၏ ထိန်းချုပ်မှုအောက်၌ ရှိသည့်အလား ပြုံးနေခဲ့သည်။

"မင်းက ငါတို့ထဲက တစ်ယောက် ဖြစ်လိမ့်မယ် ထင်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဓမ္မစွမ်းအား နည်းနည်းလောက်တောင် ခံစားမရဘူးဆိုတော့ မင်းက အတွင်းအား ပညာရှင် တစ်ယောက် ဖြစ်ရမယ်..."

"သူက အတွင်းအားပညာရှင်လား..." ကျန်းအန့်ပင်က သူကြားရသည့် အရာကို မယုံကြည်သည့် အလား မေးသည်။

ဟောင်ကောင် အချမ်းသာဆုံး မိသားစု၏ မျိုးဆက်တစ်ယောက် အနေဖြင့် အတွင်းအား ပညာရှင်များ မည်မျှ အစွမ်းထက်သည်ကို သူနားလည်သည်။ သူ၏ ကျန်းမိသားစုတွင်ပင် သက်တော်စောင့် အဖြစ် ခန့်အပ်ထားသည့် အတွင်းအား ပညာရှင်များ ရှိသည်။

ထိုအထဲမှ တစ်ယောက်ဆိုလျှင် အတွင်းအား အစပျိုးအဆင့်ကိုပင် အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ထိုသူမှာ တောင်ပိုင်းဂိုဏ်းမှ ဖြစ်ကာ သူ၏ ဟောင်လက်သီးသိုင်းက လူဆယ်ယောက် ကျော်ကိုပင်လျှင် တစ်ယောက်တည်း အနိုင်ယူနိုင်စွမ်း ရှိသည်။

ကျန်းအန့်ချီမှာ အတွင်းအား ပညာရှင် ဆိုသည်နှင့် အလွန် လန့်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာက ချွေးများနှင့် စိုရွှဲနေကာ ဒူးများပင် တဆတ်ဆတ် တုန်နေခဲ့သည်။

"ဟီးဟီး... မင်းက အတွင်းအားပညာရှင် ဆိုရင်ရော ဘာဖြစ်လဲ။ ဟောင်ကောင်က အစီအရင် ပညာရှင်တွေရဲ့ မြို့တော်၊ သိုင်းပညာရှင်တွေရဲ့  မြို့တော် မဟုတ်ဘူး..."

ယွမ်ဟန်က ခြေကိုပင် ချိတ်ထိုင်လိုက်သည်။

"နောက်ပြီးတော့ မင်း သခင်လေးကျန်းကို သတ်လို့မရပါဘူး။ သူက ကျန်းမိသားစုရဲ့ မျိုးဆက် တစ်ယောက်ပဲ။ မင်းသာ သူ့ကို သတ်ရင် ဟောင်ကောင်က အသက်ရှင်လျက် ထွက်လို့ရမယ် မထင်နဲ့..."

"ဟုတ်တယ်... အဲ့လိုပဲ..."

ကျန်းအန့်ပင်က တုန်တုန်ရီရီဖြင့် ဝင်ရောက်ပြောသည်။ အတွင်းအားပညာရှင်များ မည်မျှပင် အစွမ်းထက်သည် ဖြစ်စေ ကျန်းမိသားစုဝင် တစ်ယောက်ကို ထိရဲလိမ့်မည် မဟုတ်ချေ။ ကျန်းမိသားစု၏ လက်တံက မည်မျှရှည်သည်ကို တော်တော်များများ နားလည်ကြသည်။ ကျန်းမိသားစုကသာ ဈေးကြီးပေးလျှင် လုပ်ကိုင်ပေးကြသည့် လုပ်ကြံသူများမှာ ရေတွက်၍ မရနိုင်အောင် ရှိသည်။

"စောက်ကလေး.. မင်းသာ ငါ့ကို အဲဒီ ကျောက်မျက်ပေးရင် ငါမင်းကို ဘာမှ မလုပ်ပဲ လွှတ်ပေးမယ်... အဲလိုမှ မဟုတ်ရင်တော့..."

ယွမ်ဟန်က လည်ပင်းကို ဖြတ်ဟန် လုပ်ပြလိုက်သည်။

"ဘာလို့ လျှာရှည်နေတာလဲ။ မင်းရဲ့ ဓမ္မအစီအရင်တွေကို သုံးပြီး ငါ့ကို တိုက်ခိုက်တော့လေ။ စောက်ပိုတွေ ပြောမနေနဲ့..."

ချန်းဖန်က ဝိုင်ခွက်ကို အရသာခံ၍ သောက်ရင်း ပြောလိုက်သည်။ ချန်းဖန် စကားကြောင့် ယွမ်ဟန်၏ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ ထိုကောင်လေးမှာ ထင်သလောက် ရိုးရှင်းပုံ မရချေ။

ယွမ်ဟန် စကားပြောနေခဲ့သည့်တိုင် သူ၏ လက်များက ဓမ္မအစီအရင် များအား တိတ်တဆိတ် ထုတ်ယူ ထားလိုက်သည်။ သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်ပါက အစီအရင် ပညာရှင်များမှာ အစီအရင်ခင်းကျင်းရန် အချိန်များ ပို၍ လိုအပ်သည်။ သူတို့ ပြင်ဆင်ရသော အချိန်အတွင်းမှာပင် သိုင်းပညာရှင် တစ်ယောက်၏ အဆုံးသတ်ခြင်းကို ခံရနိုင်သည်။

ထို့ကြောင့် အစီအရင် ပညာရှင်များမှာ သိုင်းသမားများနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည်ကို ထိတ်လန့်ကြသည်။

"သေစမ်း..."

အစီအရင် အဆင်သင့် ဖြစ်သည်နှင့် ယွမ်ဟန်က စတင်ကာ တိုက်ခိုက်လိုက်၏။ ရုတ်တရက် ယုတ်မာခြင်း ချီလှိုင်းတစ်ခု ပေါ်ထွက်လာကာ မုန်တိုင်း တစ်ခုအသွင်ဖြင့် ချန်းဖန်ထံ တိုးဝင်လာသည်။ ထိုယုတ်မာခြင်း ချီလှိုင်းမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့်တိုင် ၎င်း၏ အရှိန်အဝါများက ခံစား၍ ရသည်။ ယုတ်မာခြင်းချီများမှာ ကောင်းကင်နှင့် မြေကြီးကြား၌ မျောလွင့်နေသည့် အရာများဖြစ်ကာ သာမန်လူသားများ အနေဖြင့် ထိုချီ၏ အစွန်အဖျားကို ရှူရှိုက်မိလျှင်ပင် နေမကောင်းခြင်း၊ ဖျားနာခြင်းများ ဖြစ်ပေါ်နိုင်သည်။

ကျန်းအန့်ပင်နှင့် အတွင်းရေးမှူးမလေးမှာ အလွန်ကြောက်ရွံ့နေခဲ့သည်။ သူတို့ ရှိနေသည့် အခန်းလေးမှာလည်း ယုတ်မာခြင်း ချီတို့၏ ရိုက်ခတ်မှုကြောင့် ရေခဲလုမတတ် အေးစက်နေခဲ့ပြီ ဖြစ်၏။

"လွန်ကဲခြင်း ခြောက်ပါး ယင်ဓာတ် ယုတ်မာခြင်း အစီအရင်..."

ယွမ်ဟန်၏ လက်ချောင်းများက ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းရင်း ယင်ချီကို ထိန်းချုပ်သည်။ သူ၏ လက်ချောင်း ဆယ်ချောင်းမှ ခြောက်ချောင်းမှာ မတူညီသည့် နေရာခြောက်ခုကို ညွှန်ပြနေပြီး လွန်ကဲခြင်း ခြောက်ပါးကို ထုဆစ်သည်။

ရုတ်တရက် ယုတ်မာခြင်းချီ အစုအဝေး တစ်ခု အစီအရင်၏ အလယ်မှ ပေါ်ထွက်လာကာ တဖြည်းဖြည်း ပြန့်ကားလာ၏။ ထိုအရာထံမှ သေဆုံးခြင်း အငွေ့အသက် များကလည်း အခန်း တစ်ခုလုံးကို ညှာတာခြင်း မရှိပဲ ရိုက်ခတ်သည်။

"စောက်‌ကလေး... မင်းက အပင်ပေါက်လေးပဲ ရှိသေးတာပါကွာ။ ငါ့ကို ပြင်ဆင်ဖို့ အချိန် မပေးခဲ့သင့်ဘူး..."

ထို လွန်ကဲခြင်းခြောက်ပါး အစီအရင်မှာ သူတို့ ဂိုဏ်း၏ လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်ပြီး ဆန်းကြယ် ‌လက်ချောင်းသိုင်းမှ ဆင်းသက်လာသည့် ပညာရပ်တစ်ခု ဖြစ်သည်။ ယွမ်ဟန်မှာ ဟောင်ဝမ်ဇီကဲ့သို့ ထိုပညာရပ်ကို လက်ဝါးဖြင့် မသုံးနိုင်သည့်တိုင် သူ၏ လက်နှစ်ဖက်လုံးကို အသုံးပြု၍ အစီအရင်ကို ခင်းကျင်းနိုင်သည်။

‌ထို ဆန်းကြယ်လက်ချောင်း အစီအရင်မှာ ကြီးကျယ်သော သမိုင်းကြောင်း တစ်ခုရှိကာ အဆင့်တူ ပညာရပ်ပေါင်း များစွာကို အနိုင်ယူနိုင်စွမ်း ရှိ၏။ ထိုလက်ချောင်း အစီအရင်ဖြင့် အနိုင်ယူခံခဲ့ ရသူများတွင် သိုင်းသမားပေါင်း များစွာလည်း ပါဝင်သည်။ အထွတ်အထိပ် ပညာရှင် များသာလျှင် ထိုတိုက်ခိုက်မှုကို ဂရုမစိုက်ပဲ နေရဲလိမ့်မည် ဖြစ်သည်။  ထို့ကြောင့် ချန်းဖန် ဆိုသော ကောင်လေး သေဆုံးမည်မှာ သေချာ‌၍ နေသည်။ ထိုလက်ချောင်း အစီအရင်ကို အသုံးပြု၍ ပိုလာဝက်ဝံ တစ်ကောင်ကိုပင် သူသတ်ဖြတ်ခဲ့ဖူးရာ ချန်းဖန်ကဲ့သို့ ငယ်ရွယ်သည့် အတွင်းအား ပညာရှင်လေး အတွက်မူ မည်သို့မျှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်...

သူ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ပါးစပ်ကိုဟ၍ လေဆင်နှာမောင်းတစ်ခုကို မှုတ်ထုတ် လိုက်သည်။ ထိုလေဆင်နှာမောင်းက အရှိန်ပြင်းစွာ လည်ပတ်ရင်း ယုတ်မာခြင်း ချီများကို စတင် ဝါးမျိုသည်။

"ဒါက... မဖြစ်နိုင်တာ..."

ယွမ်ဟန်း ဆွံ့အသွားမိသည်။ သူ၏ ဆရာပင်လျှင် ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော စွမ်းအား... ထိုအရာက သေမျိုးများ ပိုင်ဆိုင်သည့် စွမ်းအား မဟုတ်ချေ။

"မင်းရဲ့ ယုတ်မာခြင်း ချီတွေက အရမ်း အားနည်းတယ်။ ယင်နဂါးရေအိုင်က နှစ်ရာချီ ယုတ်မာခြင်း ချီတွေနဲ့ ယှဉ်ရင် မင်းရဲ့ ချီစွမ်းအင်တွေက ရေသာသာလောက်ပဲ..."

ချန်းဖန်က စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြောလိုက်သည်။  ချန်းဖန်မှာ ယင်ချီ၊ ယုတ်မာခြင်းချီ၊ မိစ္ဆာချီ စသည့် ချီဓာတ်မျိုးစုံကို စုပ်ယူသန့်စင် နိုင်စွမ်းရှိရာ ယွမ်ဟန်၏ ယုတ်မာခြင်း ချီစွမ်းအားများကို သူ၏ ကိုယ်ပိုင် စွမ်းအား အဖြစ် သန့်စင်လိုက်သည်။

သို့သော် ချန်းဖန်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ပင် ရောက်နေပြီ ဖြစ်ရာ ယွမ်ဟန်၏ ယုတ်မာခြင်းချီ ပမာဏက သူ့အတွင် နှမ်းတစ်စေ့ပင် အသုံးမဝင်ခဲ့ချေ။

"ပြေး..."

ယွမ်ဟန် အော်ဟစ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုချန်းဖန်ဆိုသော ကောင်လေးမှာ ဆယ်ကျော်သက် တစ်ယောက်သာ ဖြစ်ဟန်ရသော်လည်း တကယ့် မကောင်းဆိုးဝါးလေးပင်။ ယုတ်မာခြင်း ချီများမှာ အလွန်ကြမ်းကြုတ်ကာ သေဆုံးခြင်းနှင့် ယှဉ်တွဲသည်။ သို့သော် ထိုအရာများကိုပင် ထိုမကောင်းဆိုးဝါးက စုပ်ယူစားသုံး လိုက်ပုံ ပေါ်သည်။

ယွမ်ဟန် နောက်သို့ အလောတကြီး ဆုတ်လိုက်ရင်း လက်ကောက်ဝတ်မှ ပုတီးကို ဝှေ့ယမ်းလိုက်သည်။ ထိုပုတီးမှာ မကောင်းဆိုးဝါးချီများနှင့် ပေါင်းစပ်ကာ ဖန်တီးထားခြင်း ဖြစ်ပြီး လူတစ်ယောက်၏ စိတ်ကို ဦးတည် တိုက်ခိုက်သည်။

"ဟူး...လား...လား..."

အခန်းငယ်လေးမှာ ဓမ္မစွမ်းအင် လှိုင်းများနှင့် ပြည့်နှက်သွားပြီး ပုံရိပ်ယောင်များက ချောက်ချားဖွယ် ချန်းဖန်ကို ဝန်းရံသည်။ ထိုပုတီးမှာ ချန်းဖန်ကို မတားဆီးနိုင်ကြောင်း ယွမ်ဟန် သိရှိပြီး ဖြစ်သည်။ သူလိုချင်သည့် တစ်ခုတည်းသော အရာမှာလည်း ချန်းဖန်ကို တစ်ခဏမျှ တားဆီးထားနိုင်ရန် ဖြစ်၏။ သူ လွတ်မြောက် ထွက်ပြေးနိုင်ရန် အတွက် ထိုခဏဟူသော အချိန်က လုံလောက်သည်။ သူ့တွင် ကျန်းအန့်ပင်နှင့် အတွင်းရေးမှူးမလေးတို့ကို ကယ်ရန် စွမ်းရည် မရှိချေ။

သို့သော်...

"ပျက်စီးစမ်း..."

သူ ထွက်မပြေးနိုင်ခင်မှာပင် ချန်းဖန်၏ အသံက မတိုးမကျယ် ထွက်ပေါ်လာသည်။ ထိုအသံက မည်သည့်စွမ်းအားမျှ ပါနေပုံ မရချေ။ သို့သော် အသံဆုံးသည်နှင့် အခန်းအတွင်းရှိ ပုံရိပ်ယောင်များ ပျက်စီးကာ သူ၏ ပုတီးမှာလည်း အစိတ်စိတ် အမြွှာမြွှာ ပျက်စီး တော့သည်။  ယွမ်ဟန်း ထွက်ပြေးရန် ပြင်လိုက်သော်လည်း ဒြပ်ထုမရှိသည့် အင်အားတစ်ရပ်က သူ့ကို ချုပ်နှောင်ကာ ချန်းဖန်၏ ရှေ့ ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်၏။

"အထွတ်အထိပ်... သူက အထွတ်အထိပ် ပညာရှင်ပဲ..."

ယွမ်ဟန်းမှာ ထိန်းချုပ်မရနိုင်အောင် တုန်ရီနေခဲ့တော့သည်။ သူ၏ ဆရာပင်လျှင် အထွတ်အထိပ် အဆင့် တစ်ယောက်ရှေ့၌ ခေါင်းမော့ခွင့် မရှိချေ။

"အခု ဘာကြောင့် ကျောက်စိမ်းရတနာကို လိုချင်ရတာလဲဆိုတာ ပြောပြလို့ ရပြီလား..."

ချန်းဖန်က ကျောက်မျက်ကို ထုတ်ကာ ကော်ဖီစားပွဲပေါ်သို့ ပစ်တင်ရင်း မေးလိုက်သည်။ ယွမ်ဟန်က နှုတ်ပိတ်နေသည်။ သူ၏ ပုံစံက လေ၏ ချုပ်နှောင်ခြင်းဖြင့် ကြမ်းပြင်ပေါ် သက်တောင့်သက်သာ လဲလျောင်းနေသည့် လူတစ်ယောက် အလားပင်။

"ဟမ့်..."

ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ကာ လက်ချောင်းကို အနည်းငယ် လှုပ်ရှားလိုက်၏။ သူ၏ လက်ချောင်းမှ အဇူရာရောင် ဓားအော်ရာတစ်ခုက ကခုန်ကာ ယွမ်ဟန်း၏ ခြေထောက်ကို လှီးဖြတ်သည်။

"အား..." ယွမ်ဟန်ကား နာကျင်မှုဖြင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေတော့၏။ ချန်းဖန်၏ ဓားအော်ရာက မပျက်စီးပဲ အခြားခြေထောက် တစ်ဖက်ကို တိုးဝင်သည်။

"ကောင်းပြီ... ကောင်းပြီ... ကျွန်တော် ပြောပြပါ့မယ်..."

ယွမ်ဟန်းက ထိုနာကျင်မှုကို ထပ်မံခံစားလိုဟန် မရချေ။ "အဲဒါက ဓားအားဖြည့်ခြင်း ကျောက်မျက်ပါ..."

***

All Chapters