ဆယ်ဘီလျံအကြွေး
Vol. 3 Ch. 259
"ဒါပေါ့... သူက သာမန်လူတစ်ယောက် မဟုတ်ဘူး..."
ကျန်းအန့်ချီက ထောက်ခံလိုက်သည်။ ချန်းဖန်မှာ ကောင်းပင်သို့ပင် ပျံတက်နိုင်ပြီး မွေနဂါးကို တစ်ချက်အတွင်း သတ်ဖြတ်ခဲ့သည်။ ထိုမြွေမှာ ခုနှစ်ထပ်၊ ရှစ်ထပ် အဆောက်အဦ တစ်ခုကဲ့သို့ပင် ကြီးမားပြီး သူမ၏ သက်တော်၏ စောင့်များ၏ အသက်ကိုပင် နှုတ်ယူခဲ့သည်။ မစ္စတာရှိပင်လျှင် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။ သို့သော်လည်း ထိုသတ္တဝါမှာ ချန်းဖန်၏ လက်ဝါးတစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ချေ။
ဟောင်ကောင်တွင် ထိုကဲ့သို့ စွမ်းအားကြီးမားသည့် အထွတ်အထိပ် ပညာရှင်မျိုးကို ကျန်းအန့်ချီ မတွေ့ဖူးခဲ့ချေ။ ချန်းဖန်နှင့် နှိုင်းယှဉ်နိုင်မည့်သူ ဆို၍ ဟောင်ကောင်၏ အစွမ်းအထက်ဆုံး ကျိုးတချီ တစ်ယောက်သာ ရှိပေလိမ့်မည်။ ကျိုးတချီမှာ သူမ၏ အဘိုးထံသို့ မကြာခဏလာရောက် လည်ပတ် တတ်သောကြောင့် ကျန်းအန့်ချီ မြင်ဖူးနေသည်။
"ကျွန်တော်ပြောချင်တာက အဲဒါမဟုတ်ဘူး။ သူ့မှာ အခြားစွမ်းရည်တွေ ရှိတယ်လို့ ပြောချင်တာ..."
မစ္စတာရှီက မျက်မှောင်ကြုတ်ရင်း ပြောသည်။
"တကယ်လို့ ကြားရတဲ့ သတင်းတွေသာ အမှန်ဆိုရင် ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီ..."
"မင်းတို့နှစ်ယောက် ဘာအကြောင်းပို ပြောနေကြတာလဲ..."နင်းတန့်ချင်းက နားမလည်ဟန် ဝင်မေးလိုက်သည်။
"တန့်ချင်း... ဒါက ငါတို့မိသားစုရဲ့ အတွင်းရေး ကိစ္စပါ..." ကျန်းအန့်ချီက နင်းတန့်ချင်းဘက်သို့ လှည့်ကာ ပြောသည်။
"ဒါပေမဲ့ အဲ့တစ်ယောက် တကယ်ပဲ အန္တရာယ် များလွန်းတယ်။ ဒါကြောင့်မလို့ မစ္စတာရှီကို သူ့အကြောင်း စုံစမ်း ခိုင်းထားတာပါ..."
"ငါနားလည်ပါတယ် အန့်ချီ..."
နင်းတန့်ချင်းက လူကြီးလူကောင်းဟန်ဖြင့် ပြုံးရင်း ပြောသည်။
"စုံစမ်းဖို့အတွက် အကူအညီ တစ်ခုခုလိုအပ်ရင် ငါ့ကို ပြောပါ။ ငါ့မှာ အဆက်အသွယ်တွေ၊ မိတ်ဆွေတွေ အများကြီး ရှိတယ်..."
နင်းတန့်ချင်း၏ အမူအရာက ယုံကြည်ချက်ဖြင့် တည်ကြည်နေသည်။ သူ၏ ဆရာ ကျိုးဝချီ၏ လွှမ်းမိုးမှုနှင့်ဆိုပါက သူတို့သိချင်သည့် မည်သည့် အချက်အလက်မဆို အလွယ်တကူ ရယူနိုင်စွမ်း ရှိသည်။
ကျန်းအန့်ချီက နင်းတန့်ချင်းကို ပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။ ထိုစကားကို သူမ စောင့်မျှော် နေခဲ့သည်မှာ ကြာပြီ ဖြစ်၏။ နင်းတန့်ချင်းသာ ပါဝင်လာခဲ့လျှင် သူ၏ ဆရာဆီမှလည်း အကူအညီ တစ်စိတ်တစ်ပိုင်း ရနိုင်ပေလိမ့်မည်။ အကယ်၍ ကျိုးတချီသာ သူမကို ကူညီခဲ့ပါက ချန်းဖန်ကို ရင်ဆိုင်ရန်မှာ လွယ်ကူပေလိမ့်မည်။
မိန်းကလေး၏ အားကိုးသော အကြည့်ကြောင့် နင်းတန့်ချင်း ခေါင်းကို ပိုမိုမော့ထား လိုက်တော့သည်။
သို့သော် မစ္စတာရှီကမူ ချန်းဖန်နှင့် ပတ်သက်၍ အတော်လေး စိတ်ပူနေခဲ့သည်။ သာမန် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုမြွေနဂါးကို တစ်ချက်တည်းနှင့် အနိုင်ယူရန် မဖြစ်နိုင်ချေ။ သို့သော် ချန်းဖန်၏ ရှေ့၌ ထိုမြွေမှာ တီကောင် တစ်ကောင်ကဲ့သို့ အားနည်း သွားခဲ့သည်။ ထိုအကြောင်းအရာများကို သူ ပိုမိုစဉ်းစားလေလေ၊ ပို၍ ကြောက်လာမိလေလေ ဖြစ်နေခဲ့သည်။ ကျိုးတချီပင်လျှင် ချန်းဖန်ကို အနိုင်ယူနိုင်ရန် မဖြစ်နိုင်ဟု မစ္စတာချီ တွေးနေမိခဲ့သည်။
ပြည်မကြီးတွင် နေထိုင်သည့် သူ၏ သူငယ်ချင်းများထံမှ သတင်းများကလည်း သူ၏ သံသယကို ပိုမိုနှိုးဆွ ပေးနေခဲ့သည်။ ထို ချန်းဖန်ဆိုသော ကောင်လေး အကြောင်းကို တွေးရင်း သူ၏ အိပ်ပျက်ညများ အတော်လေးများခဲ့ပြီ ဖြစ်သည်။
အကယ်၍ ပြည်မကြီးမှ သတင်းများသာ အမှန်ဆိုလျှင် ထိုကောင်လေးမှာ တရုတ်ပြည်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ်အဆင့် ပညာရှင် ဖြစ်နေနိုင်သည်။ ဤသို့ဆိုလျှင် ကျိုးတချီပင် ထိုကောင်လေးကို လေးစားစွာ ဆက်ဆံ ရပေလိမ့်မည်။
သို့သော်လည်း မစ္စတာရှီ သိခဲ့သည့် ချန်းဖန်ဆိုသော ကောင်လေးမှာ ပြည့်စုံခြင်းအဆင့် ပညာရှင် တစ်ယောက်သာ ဖြစ်ပြီး တရုတ်ပြည်၏ ဆရာချန်းမှာ အထွတ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်သည်။ ထိုနှစ်ယောက်မှာ တစ်ဦးတည်း ဖြစ်နေနိုင်သကဲ့သို့ မတူညီသည့် လူနှစ်ယောက်လည်း ဖြစ်နေနိုင်သည်။ ထို အရာကား သူ စဉ်းစား၍ မရသည့် ပဟေဠိတစ်ခုပင်။
ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများ၏ တည်ရှိမှုက အလွန်ပင် မြင့်မားသည့်တိုင်၊ အထွတ်အထိပ်အဆင့် ပညာရှင်များနှင့် ယှဉ်ပါက နိမ့်ပါးသည်။ အထွတ်အထိပ် ပညာရှင်များ၏ တိုက်ခိုက်နိုင်စွမ်းက အထိန်းအကွပ်မဲ့ကာ ရက်စက် ကြမ်းကြုတ်သည်။ အကယ်၍ ချန်းဖန်ကဲ့သို့သော အထွတ်အထိပ် ပညာရှင် တစ်ယောက်ကို တိုက်ခိုက်လိုပါက တရုတ်ပြည် တစ်ခုလုံးရှိ ပြည့်စုံခြင်းအဆင့်ကျင့်ကြံသူ အားလုံးပေါင်းစပ်ရန် လိုအပ်သည်။
မစ္စတာရှီ သူ၏ အတွေးများကို ကျန်းအန့်ချီအား ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်...
"ဟက်ပီးဘာ့ဒေး..."
ကျယ်လောင်သည့်အသံနှင့်အတူ နှစ်မီတာခန့်အထိ ရှည်လျားသည့် မွေးနေ့ကိတ်တစ်ခုကို တွန်းလှည်းဖြင့် အခန်းအတွင်းသို့ သယ်ဆောင်လာခဲ့သည်။ ထိုအရာကို အပေါ်မှ ချိုကိုလိတ်၊ ဈေးကြီးသည့် သစ်သီးများ ဖြင့် အပေါ်မှ အလှဆင်ထားသဖြင့် ထည်ဝါသည့် ဟန်ပန်များ ထွက်ပေါ်စေသည်။
"အန်နာ... ကိတ်မုန့် လှီးရအောင်..."
ကျန်းအန့်ချီက မစ္စတာရှီကို ကျောခိုင်းကာ ကိတ်မုန့်ဆီသို့ သွားလိုက်သည်။ မွေးနေ့ပွဲ၏ ကြည်နူးစရာ မြင်ကွင်းများကြောင့် ချန်းဖန်ကို သူမ ခဏတာမျှ မေ့နေခဲ့ပြီ ဖြစ်သည်။
မစ္စတာရှီ ကျန်းအန့်ချီက ပျော်ရွှင်နေဟန်ရသည့် ကျန့်အန့်ချီကို နောက်ကျောကို ကြည့်ကာ ခေါင်းခါရမ်း လိုက်မိသည်။
"ငှက်လေးတွေက ဆောင်းရာသီရဲ့ ပြင်းထန်မှုကို ဘယ်တော့မှ နားမလည်ဘူးပဲ..."
***
ထိုအချိန်တွင် အနီရောင် ဖာရာရီကားလေး တစ်စီးမှာ ရှောဒိုင်းမွန်း အတွင်းသို့ မှန်မှန် မောင်းဝင်လာကာ ကားပါကင်သို့ ရောက်သည်နှင့် ရပ်လိုက်သည်။ ချန်းဖန် ကားပေါ်မှ ဆင်း၍ ထည်ဝါသည့် ရှောဒိုင်းမွန်းကို မော့ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်၍ အဆောက်အအုံ တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်၏။ ခဏအတွင်းမှာပင် ချန်းဖန် မစ္စတာရှီနှင့် ကျန်းအန့်ချီကို တွေ့မြင်လိုက်ရသည်။ ထိုနှစ်ယောက်အပြင် အခြားကျင့်ကြံသူ အချို့ပါ ရှိနေသည်ကို ချန်းဖန် တစ်ဆက်တည်း တွေ့မြင်လိုက်ရသည်။
သို့သော်လည်း ထိုသူများမှ စွမ်းအား အကြီးဆုံးသူပင်လျှင် တာအိုရရှိခြင်းအဆင့် သာဖြစ်ရာ ချန်းဖန်၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ချေ။
"သွားကြမယ်..."
ချန်းဖန် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း အဆောက်အဦ အတွင်းသို့ ဝင်လာခဲ့သည်။ သူ၏ ဘေးတွင် ကျန်းအန့်ပင်ပါနေသဖြင့် သူတို့ကို တားဆီးရဲသူ တစ်ယောက်ပင် မရှိချေ။
ပါတီကျင်းပရာ ခန်းမသို့ ရောက်သည်နှင့် ကျန်းအန့်ချီရှိရာသို့ ချန်းဖန် ဦးတည်လိုက်သည်။ သူ့အတွက် အလျင်လိုရန် မလိုအပ်သည့်တိုင် အချိန်ထပ်၍ မဖြုန်းချင်တော့ပေ။ ကျန်းအန့်ချီမှာ လွန်ခဲ့သည့် နှစ်ဝက်ခန့်ကနှင့် ယှဉ်ပါက ပိုမိုချောမော လာခဲ့သည်။ သူမမှာ ယခုပါတီအတွက် အကုန်အကျခံကာ အလှပြင် လာခဲ့ဟန်ရသည်။
ချန်းဖန် ကျန်းအန့်ချီထံသို့ ဦးတည်သွားကာ လှမ်းခေါ်လိုက်သည်။
"ကျန်းအန့်ချီ..."
ချန်းဖန်၏ အသံက တိုးသည့်တိုင် ကျန်းအန့်ချီ၏ ဘေးနားတွင်ရှိသည့် လူအားလုံး ရှင်းလင်းစွာ ကြားလိုက်ရသည်။ ယခုကဲ့သို့ ပါတီပွဲမျိုး၌ မိန်းကလေး တစ်ယောက်ကို နာမည် အပြည့်အစုံ မခေါ်ခြင်းက အနည်းငယ် ရိုင်းသည်ဟု ဆိုရမည်။ ထို့ကြောင့်ပင် ကျန်းအန့်ချီနှင့် ရင်းနှီးသူများပင် "မစ္စအန့်ချီ၊ မိန်းကလေးအန့်ချီ၊ အန်နာ" စသည်ဖြင့် ခေါ်ကြသည်။ အကြီးအကဲ မျိုးဆက်များကသာ မိန်းကလေး တစ်ယောက်၏ နာမည်ကို အပြည့်အစုံ ခေါ်ခွင့်ရှိသည်။
"ဘာကိစ္စလဲ..." လူတစ်စုက ချန်းဖန်၏ ရှေ့တွက် ပိတ်ရပ်ရင်း မေးသည်။ ထိုလူများမှာ ကျန်းအန့်ချီ၏ သက်တော်စောင့်များ ဖြစ်ကြသည်။ ယခု ချန်းဖန် ဝတ်ဆင် ထားသည့်ပုံမှာ တောဆန်ပြီး သူ၏ အဝတ်အစား များကလည်း ဈေးပေါသည့် အမျိုးအစားများ ဖြစ်သည်။ သူတို့ သခင်မလေးတွင် ထိုကဲ့သို့ မိတ်ဆွေ ရှိလိမ့်မည် မဟုတ်ချေ။
"မင်းက ဘယ်သူလဲ။ မင်းကို ဘယ်သူက အထဲကို ဝင်ခွင့်ပြုလဲ။ ဒါက လူတိုင်းလာလို့ မရတဲ့နေရာ ဆိုတာ မသိဘူးလား..."
ချန်းဖန်က ထိုလူများ၏ စကားကို ဂရုမစိုက်ပဲ ကျန်းအန့်ချီကိုသာ ကြည့်လိုက်သည်။
ကျန်းအန့်ချီမှာ ချန်းဖန်ကို မြင်သည်နှင့် ကြောက်လန့်ခြင်း၊ အံ့အားသင့်ခြင်း တို့ကို တစ်ပြိုက်နက် ခံစားလိုက်ရသည်။ ချန်းဖန် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။ သူမ ချန်းဖန်ကို ရင်ဆိုင်ရန် မည်သည့် အရာကိုမျှ မပြင်ရသေးချေ။
သို့သော်လည်း ကျန်းအန့်ချီ သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ကာ...
"မစ္စတာ... ရှင်ဘယ်သူလဲဆိုတာ ကျွန်မ မသိဘူး..."
"မင်းကြားလား ချီးထုပ်ကောင်လေး။ မစ္စအန့်ချီက မင်းကို မသိဘူးတဲ့..."
"အစောင့်တွေ ဘယ်မှာလဲ။ ဒီကောင်က ဘယ်လိုလုပ် အထဲရောက်နေတာလဲ..."
သက်တော်စောင့်တစ်ယောက်က ချန်းဖန်ကို ကြည့်ကာ ပြောသည်။ သို့သော်လည်း သူတို့ အရမ်းမလုပ်ရဲချေ။ ထိုကောင်လေးမှာ ကျန်းအန့်ချီ၏ ပရိသတ် တစ်ယောက် ဖြစ်နေနိုင်သည်။ အကယ်၍ တစ်ခုခုဖြစ်ခဲ့လျှင် ကျန်းအန့်ချီသာ နာမည်ပျက်ရပေလိမ့်မည်။
"အန်နာ... နင့်ရဲ့ ဖန်ဘွိုင်းလေးက နင့်ကို အရမ်းခရေဇီဖြစ်နေပုံပဲ။ သီးသန့်ပါတီကိုတောင် ခိုးဝင်လာတယ်..."
"သူ့ပုံစံက အရမ်းငယ်သေးတာပဲ။ ဟဟ... အန့်ချီ နင်က ကလေးတွေ ကြားမှာတောင် ပေါ်ပြူလာ ဖြစ်နေတာပဲ..."
ချန်းဖန်မှာ ကျန်းအန့်ချီရှိရာသို့ တစ်လှမ်းချင်း တိုးလာခဲ့သည်။ သက်တော်စောင့် တချို့က ချန်းဖန်ကို တားဆီးရန် ကြိုးစားသည့်တိုင် မမြင်ရသည့် လက်တစ်စုံက သူတို့ကို ဆွဲဖယ်နေသည့် အလား ခံစားနေရသည်။ ယခု ချန်းဖန်နှင့် ကျန်းအန့်ချီကြား၌ တစ်ဦး တစ်ယောက်မျှပင် ရှိမနေတော့ချေ။ သက်တော်စောင့်များ အားလုံးမှာလည်း ချန်းဖန်နှင့် ကျန်းအန့်ချီတို့ ကြားတွင် လမ်းရှင်းပေးနေသည့် အလား နောက်သို့ ဖြည်းညင်းစွာ ဆုတ်ခွာနေကြသည်။
ရုတ်တရက်...
"ဆရာ... မစ္စအန့်ချီက မင်းကို မသိဘူးတဲ့။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ..."
နင်းတန့်ချင်းက ချန်းဖန်၏ လမ်းကို ပိတ်ရပ်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။
"သူမက ငါ့ကို မသိဘူး ဟုတ်လား..."
ချန်းဖန်မေးလိုက်ရင်း ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ သို့သော် သူ၏ အမူအရာက မပြောင်းလဲချေ။
"သူ ငါ့ဆီမှာ ဆယ်ဘီလျံ အကြွေးတင်နေတာ... ခုထိ ပြန်မပေးရသေးဘူး..."
ထိုကြေညာသံကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ် သွားခဲ့တော့သည်။
***