← Chapters

လက်တစ်ချောင်းတည်းနှင့်

Vol. 3 Ch. 261

လက်တစ်ချောင်းတည်းနှင့်

Vol. 3 Ch. 261

သတ်ဖြတ်ခြင်း  နဂါးယဉ်ပါးခြင်း ဓမ္မအစီအရင်မှာ ဟောင်ကောင်၏ စွမ်းအားအကြီးဆုံး ဖုန်းရွှေဆရာဖြစ်သည့် ကျိုးတချီက ဂိုဏ်းပေါင်းများစွာ၏ လျှို့ဝှက်ပညာရပ် များစွာကို ပေါင်းစပ်၍ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ထိုအစီအရင်ကို လက်ချောင်းများနှင့် လက်ဝါး နှစ်ခု ပေါင်းစပ် ဖော်ထုတ်ရကာ ယုတ်မာခြင်း ချီစွမ်းအင်များနှင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများက အစီအရင်ကို အားဖြည့်ပေးသည်။ ထိုနဂါးသဏ္ဌာန်ကြိုးများမှာ အမာကျောဆုံး စတီးထက်ပင် ပိုမို ခိုင်မာသည်။

သာမန်တိုအို ရရှိခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ထိုကဲ့သို့ စွမ်းအားကြီးမားသည့် အစီအရင်တစ်ခုကို အသက်သွင်းရန် မလွယ်ကူချေ။ သို့သော် ထိုအရာက နင်းတန့်ချင်း အတွက်မူ ခြားနားသည်။ နင်းတန့်ချင်းကား အစီအရင် နယ်ပယ်တွင် အစစ်အမှန် ပါရမီရှင် တစ်ယောက်ဖြစ်ကာ နဂါးယဉ်ပါးခြင်း ကြိုးသုံးချောင်းကိုပင် တစ်ပြိုက်နက် ဖော်ထုတ်နိုင်စွမ်းရှိသည်။

သူ၏ ဆရာ ကျိုးတချီဆိုလျှင် နဂါးကြိုး ကိုးချောင်းကို တစ်ပြိုက်နက် ဖော်ထုတ်နိုင်စွမ်း ရှိ၏။ အထွတ်အထိတ် အဆင့် ပညာရှင်များပင် သူ၏ နဂါးယဉ်ပါးခြင်း ကြိုးမှ ရုန်းထွက် ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

တစ်ခါကဆိုလျှင် တရုတ် အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်မှာ ဟောင်ကောင်သို့ ရောက်ရှိလာပြီး သောင်းကျန်းခဲ့သည်။ သို့သော် ကျိုးတချီက သူ၏ နဂါးယဉ်ပါးခြင်း ကြိုးခြောက်ချောင်းကို ဖော်ထုတ်ကာ ထိုအထွတ်အထိပ် အဆင့်ပညာရှင်ကို သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက် ပြီးသည့်နောက်တွင် ကျိုးတချီမှာ ဟောင်ကောင်၏ နံပတ်တစ် ပညာရှင် အဖြစ်ကျော်ကြား လာခဲ့တော့သည်။  နင်းတန့်ချင်းမှာ သူ့ဆရာ၏ လျှို့ဝှက် ပညာရပ်ကို မသုံးလျှင်ပင် ချန်းဖန်ကို အနိုင်ယူရန် ယုံကြည်ချက် ရှိသည်။

သို့သော် သူ၏ အကြည့်များ အောက်၌ပင်...

ချန်းဖန်က သူ၏ ပခုံးကို တစ်ချက် လှုပ်ခါလိုက်၏။ အားလှိုင်းတစ်ခုက ပြင်းထန်စွာ ထွက်ပေါ်လာပြီး နင်းတန့်ချင်း၏ ကြိုးကို ဆွဲဖြတ်သည်။

"ဒီစွမ်းအားက..."

နင်းတန့်ချင်း၏ မျက်နှာက မှောင်မည်းသွားသည်။ အတွင်းအား ထိပ်သီး အဆင့်ပညာရှင်ကို ပင်လျှင် ကြိုးနှစ်ချောင်းက လုံလောက်မှု ရှိသည်။ အထွတ်အထိပ် တစ်ပိုင်းအဆင့် ပညာရှင်များမှာ အတွင်းအား ထိပ်သီးအတင့်များထက် ပိုမိုအစွမ်းထက်သည့်တိုင် ကွာခြားမှုက သိပ်မကြီးမားချေ။

"ငါမှားသွားတာလား... သူက အထွတ်အထိပ် တစ်ပိုင်း အဆင့်မဟုတ်ပဲ အထွတ်အထိပ် ပညာရှင် ဖြစ်နေတာလား..."

ချောက်ချား ဖွယ်ရာအတွေးပ နင်းတန့်ချင်း၏ စိတ်အတွင်း ဝင်ရောက် စိုးမိုးလာသည်။ အထွတ်အထိပ် အဆင့်များမှာ ကောင်းကင်၏ မသေမျိုး နဂါးများ အလားပင်။ သူ၏ ဆရာ ကျိုးတချီမှာ အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက်ကို သတ်ဖြတ် နိုင်ခဲ့သည့်တိုင် မလေးမစား မလုပ်ရဲခဲ့ပေ။ အထွတ်အထိပ် အဆင့် အားလုံး၏ စွမ်းအားများက မတူညီသော အဆင့်များတွင် ရှိနေတတ်သည်။

နင်းတန့်ချင်း သူ၏ ဓမ္မစွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်ကာ သူ၏ ခါးမှ ဓားတို တစ်ချောင်းကို ဆွဲထုတ် လိုက်သည်။ ထိုဓားမှာ တစ်ဆယ် စင်တီမီတာခန့်သာ အရှည်ရှိပြီး အမည်မသိရသော ပညာရှင် တစ်ယောက်က ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ နင်းတန့်ချင်း ဓားငယ်ကို စွမ်းအားများ ဖြည့်တင်းကာ လေထဲသို့ ဝှေ့ယမ်းလိုက်၏။

ဓားသွားက လေဟာနှယ်ကို ပိုင်းဖြတ်နိုင်သည့် ဟန်ရကာ ကောင်းကင်နှင့် မြေကြီး၏ မြင့်မြတ်သော စွမ်းအားများကိုပါ သယ်ဆောင် ထားသည်။ ဓားသွားက ချန်းဖန်ထံ ဦးတည်နေပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်မည့် မိစ္ဆာတစ်ကောင် အလား။

"နွေဦးတန်ခိုးရှင်ရဲ့ ဓား..."

လူအုပ်ထဲမှ အချို့ပညာရှင်များက တီးတိုး ရေရွတ် လိုက်ကြသည်။ ထို နွေဦးတန်ခိုးရှင်၏ ဓားမှာ ကျိုးတချီ အသုံးပြုခဲ့သော ဓားဖြစ်သည်။ ထိုဓားဖြင့် ကားတစ်စီးလုံးကိုပင် အပိုင်းပိုင်း ဖြတ်ပြခဲ့သည်ဆိုသော ကောလဟာလပင် ရှိခဲ့သည်။ ကျိုးတချီ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပြီးနောက်တွင်မူ ထိုဓားကို အသုံးမပြုတော့ချေ။ ထိုဓားကို သူ၏ အငယ်ဆုံး တပည့် နင်းတန့်ချင်းအား ပေးအပ်လိုက်ကြောင်းကိုမူ လူနည်းစုသာ သိကြသည်။

ချန်းဖန် ထိုဓားသွားကို ကြည့်လိုက်သည်။ ထိုအရာက အထွတ်အထိပ် အဆင့်ပညာရှင်များ၏ အမှန်တရား လေးပါး အကာအကွယ် အော်ရာနှင့် သဘောသဘာဝခြင်း ခြားနားပုံရသည်။ အမှန်တရား လေးပါးအော်ရာမှာ အထွတ်အထိပ် အဆင့်ပညာရှင်များ၏ ခန္ဓာကိုယ်တွင်းမှ အစစ်အမှန်ချီကို အသုံးပြုသော်လည်း ထိုဓားချီကမူ ပတ်ဝန်းကျင်မှ ချီအနှစ်သာရကို အသုံးပြုထားခြင်း ဖြစ်သည်။

သို့သော် ထိုဓားချီ၏ စွမ်းအားမှာ ချန်းဖန်၏ အဇူရာ သစ်သားဓားချီကို ယှဉ်နိုင်ရန် ဝေးကွာလွန်းသည်။

"ဟမ့်..." ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လက်သီးဆုပ်ဟန် ပြုသည်။

ဘန်း....

ဓားချီက ချန်းဖန်ထံ မရောက်ခင်မှာပင် လေထဲ၌ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်၍ ပျက်စီးသွားသည်။ ထိုမြင်ကွင်းကို ကြည့်၍ နင်းဆန့်ချင်း တစ်ယောက် အလွန်ပင် ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။

"ဒီကောင်လေးက S အဆင့် အရှင်သခင် တစ်ယောက်လား။ ဒါမှမဟုတ် ရှေးဟောင်းရောဂ ပညာရှင် တစ်ယောက်လား။ ဒါမှမဟုတ် ခန္ဓာကိုယ် သန့်စင်တဲ့ အထွတ်အထိပ် အဆင့် တစ်ယောက်လား..."

များပြားလှသော မေးခွန်းများက ချောက်ချားမှုနှင့်အတူ သူ၏ စိတ်အတွင်း ဝင်ရောက် စိုးမိုးသည်။ နင်းတန့်ချင်း စိတ်ကိုတင်းရင်း ချီဓားလှိုင်းတစ်ခုကို ထပ်မံဖော်ထုတ်ရန် ပြင်လိုက်သည်။ သူက မြေပြင်သို့ အရှိန်ပြင်းစွာ ဆောင့်နင်းရင်း ဓားကို ဝှေ့ရမ်းရာ မရေမတွက်နိုင်သော ရောင်ခြည်များက သူ့ကို ဝန်းရံ၍ ပေါ်ထွက်လာ၏။

အလုံးသဏ္ဌာန် မီးတောက်တစ်ခုက ကောင်းကင်တွင် ဖြစ်တည်ကာ ဓားချီကို အားဖြည့်သည်။ မီးတောက်မှာ အစွမ်းရောင် ရစ်သိုင်း၍ သရဲ တစ္ဆေတစ်ကောင်၏ အော်ရာများကို သိမ်းပိုက်ထား၏။ ရုတ်တရက် မီးတောက် ဓားချီသုံးခုမှာ ချန်းဖန်ထံ ချောက်ချားဖွယ် ပြေးဝင်သွားပြီး ‌နေရာသုံးခုမှ တစ်ပြိုက်နက် တိုက်ခိုက် လိုက်တော့သည်။

ထိုအချိန်တွင် နင်းတန့်ချင်းမှာ သူ၏ အဆုံးစွန်စော စွမ်းအားများကို အသုံးပြုကာ တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။ သူက ပထမ တိုက်ခိုက်မှုများမှာ ကျန်းအန့်ချီကို ထိခိုက်မိမည် စိုးရိမ်သောကြောင့် ယခုလောက် မပြင်းထန်ခဲ့ပေ။ သူ ကျန်းအတ့်ချီကို ချစ်သော်လည်း သူ့ကိုယ်သူကိုမူ ပို၍ ချစ်သည်။ မိန်းကလေး တစ်ယောက်ကြောင့် သူ၏ အသက်ကို အဆုံးရှုံး မခံဝံ့ချေ။

"တစ္ဆေကျိန်စာ အလင်း..."

မစ္စတာရှီ၏ မျက်နှာက မည်းမှောင်သွားသည်။ ကျိုးတချီမှာ ထိုနွေဦး တန်ခိုးရှင်၏ ဓားကို ရစဉ်က ရှေ့ဟောင်းဂိုဏ်း တစ်ခု၏ လျှို့ဝှက်ချက်များကိုပါ ရရှိခဲ့သည်ဟု ကောလာဟလများ ရှိသည်။ ခေတ်သစ် အမှောင်ဂိုဏ်း၊ သွေးဂိုဏ်း၊ တစ္ဆေဂိုဏ်းအားလုံးမှာ ထိုလျှို့ဝှက်ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်ရာ ကျိုးတချီမှာ ထိုဂိုဏ်းသုံးဂိုဏ်းလုံး၏ လျှို့ဝှက်ပညာရပ် များကိုပါ ရရှိလိုက်ခြင်းနှင့် အတူပင် ဖြစ်သည်။

နင်းတန့်ချင်း ထုတ်ဖော်ခဲ့သော အစိမ်းရောင် မီးတောက်တွင် သေဆုံးခြင်းနှင့် ဝါးမျိုခြင်း၏ အရှိန်အဝါများ ထွက်ပေါ်နေကာ သာမန် လူတစ်ယောက်ကို ကျိန်စာ တစ်ခုအလား ဝါးမျိုနိုင်စွမ်း ရှိသည်။ နင်းတန့်ချင်းမှာ ထိုတိုက်ကွက်အောက်၌ ချန်းဖန် ကျိန်းသေ သေဆုံးသွားလိမ့်မည်ဟု အပိုင် တွက်ထားခဲ့သည်။

မစ္စတာရှီ တစ်ယောက်သာ ထိုတိုက်ခိုက်မှုက ချန်းဖန်အတွက် အသုံးမဝင်ကြောင်း ‌နားလည်နေခဲ့သည်။ ချန်းဖန်မှာ တရုတ်ပြည်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် ဖြစ်သည်။ နင်းတန့်ချင်း ယခုထ် အသက်ရှင် နေရခြင်းမှာ အကြောင်းရင်း တစ်ခုသာ ရှိရမည်။ ထိုအကြောင်းရင်းမှာ ချန်းဖန်က သူ့ကို ဆော့ကစားနေခြင်းပင်။

ချန်းဖန်က လက်တစ်ဖက်ကို ပျင်းရိစွာ ဝှေ့ရမ်းလိုက်သည်။ အခန်းအတွင်းရှိ မွေးနေ့ပွဲအတွက် ပြုလုပ်ထားသော ဖယောင်းတိုင်မီးများမှာ ယိမ်းနွဲ့ကခုန်ရင်း လိမ္မော်ရောင် မီးတောက်တစ်ခုကို ပေါင်းစပ် ဖွဲ့စည်းသည်။ ထိုမီးတောက်၏ အောက်၌ နင်းတန့်ချင်း၏ မီးတောမှာ ကလေးငယ် တစ်ယောက်အလား ရိုကျိုးရသည်။

"မဖြစ်နိုင်တာ..."

နင်းတန့်ချင်း နောက်သို့ နှစ်လှမ်း ဆုတ်လိုက်သည်။ နောက်ဆုံး၌ သူနားလည်ခဲ့ပြီ ဖြစ်၏။ ချန်းဖန်၏ အစစ်အမှန် စွမ်းရည်များမှာ သူနှင့် ယှဉ်ပါက ဆင်တစ်ကောင်နှင့် ပုရွက်ဆိတ် တစ်ကောင်အလား ကွာခြားလွန်းသည်။ သူက ချန်းဖန်ကို အကြိမ်များစွာ တိုက်ခိုက်ခဲ့သည့်တိုင် မည်သို့မျှ အကျိုး သက်ရောက်မှု မရှိခဲ့ချေ။

"ဓမ္မကျင့်ကြံခြင်း... သူက ဓမ္မကျင့်ကြံခြင်း လမ်းစဉ်ရဲ့ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်လား..."

နင်းတန့်ချင်း နောက်သို့ဆုတ်ရင်း ရေရွတ်လိုက်မိသည်။ သူကား တကယ့်နဂါးကိုမှ ရန်သွားစခဲ့ မိသည်။

"နိုးထစမ်း..."

ချန်းဖန်၏ လိမ္မော်ရောင် မီးတောက်များက အစိမ်းရောင် မီးတောက်များကို ဝါးမျိုကာ အစိမ်းရောင် အရိပ်အငွေ့ တစ်ခုကို ဖြစ်တည်စေသည်။ ဘန်း... နင်းတန့်ချင်းက သူ၏ နွေဦးတန်ခိုးရှင်ဓားကို အရှိန်ပြင်းစွာ လွှဲခုတ်သည်။ သူ၏ လက်ကောက်ဝတ်မှ ပုတီးကြိုးကလည်း လွင့်စဉ်ထွက်လာကာ အမှောင်တိမ်တိုက် အချို့ကို ဖန်ဆင်းသည်။ ဓားချီနှင့် အမှောင်တိမ်တိုက်တို့ ပူးပေါင်းကာ ချန်းဖန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် အရာရာက နောက်ကျသွားပြီ ဖြစ်၏။

ဘုန်း...

မီးတောင် အရိပ်အယောင်က နင်းတန့်ချင်း၏ ခန္ဓာကိုယ်သို့ တိုးဝင်ကာ ဝါးမြိုသည်။ မီးတောက်များ၏ ဝါးမျိုမှုအောက်၌ နင်းတန့်ချင်း၏ ဖြစ်တည်မှုများက သေးနုတ်လွန်းသည်။ မီးတောက်များ လေလွင့် ပျောက်ကွယ်သွားချိန်တွင်မူ နင်းတန့်ချင်း ပြန်လည် ပေါ်ထွက်လာသည်။

သို့သော် သူ၏ ဝတ်စုံက မီးတောက်များ အောက်တွင် စုတ်ပြတ်နေခဲ့ပြီ ဖြစ်သလို သူ၏ ဆံပင်၊ မျက်နှာ တို့မှာလည်း မီး‌တောက်များ၏ တိုက်စားမှုကြောင့် မည်းညစ်နေခဲ့သည်။ သူ၏ ပုံစံက အထက်တန်းစား တစ်ယောက်နှင့်ပင် မတူတော့ပဲ လမ်းဘေးမှ လေလွင့် တစ်ယောက်အလား ဖြစ်နေတော့သည်။ သူ့ဆရာပေးထားသော အကာအကွယ် အဆောင်ကြောင့်သာ မဟုတ်လျှင် သေဆုံးနေခဲ့လောက်ပြီ ဖြစ်သည်။

ချန်းဖန် ကျန်းအန့်ချီကို ဆွဲခေါ်ရင်း နင်းတန့်ချင်းအနားသို့ လျှောက်လာခဲ့သည်။ ထိုအခန်းတစ်ခုလုံး၌ ဟောင်ကောင်၏ အထက်တန်းစားများ၊ သူတို့၏ ဘော်ဒီဂတ်များ များစွာ ရှိနေခဲ့သော်လည်း စကားတစ်ခွန်းပင် ဝင်မပြောရဲကြချေ။ ချန်းဖန် နင်းတန့်ချင်းထံသို့ လျှောက်လာကာ လက်ညှိုးကို တစ်ချက် လှုပ်ရှားလိုက်သည်။ နင်းတန့်ချင်း၏ နဖူးတွင် အပေါက်တစ်ခု ဖြစ်ပေါ်လာကာ မြေပေါ်သို့ အတားအဆီးမရှိ ကျ၏။

လူတိုင်းမှာ ထိုမြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေခဲ့ကြသည်။ နင်းတန့်ချင်းမှာ ကျိုးတချီ၏ အငယ်ဆုံး အချစ်ဆုံး တပည့်တစ်ယောက် ဖြစ်သည့်တိုင် ယခုကဲ့သို့ အဆုံးသတ် ရသည်။

"ကျန်းမိသားစုကို ပြောလိုက်စမ်း။ သူတို့ ငါ့အကြွေးကို မပေးရင် သူ့လိုပဲ သေရမယ်..."

ချန်းဖန်က ပြောရင်း ကျန်းအန့်ချီကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်သွားတော့သည်။ ချန်းဖန်အား တားဆီးရဲသူ တစ်ယောက်မျှပင် မရှိချေ။

"ဟင်း... ကျန်းမိသားစုက ငါ့စကားကို နားမထောင်ကြဘူး။ ခုတော့ အားလုံးက နောက်ကျသွားပြီ..."

မစ္စတာရှီက သက်ပြင်းတစ်ချက် ချလိုက်၏။

***

All Chapters