← Chapters

အရေးအကြီးဆုံးတိုက်ပွဲ

Vol. 60 Ch. 972

အရေးအကြီးဆုံးတိုက်ပွဲ

Vol. 60 Ch. 972

ဧကရီလစ်ဗ်က ပြောသည်။ “မင်းတို့ နှစ်ယောက် မဝင်ခင် ငါ ပြောတာကို နားထောင်ပေးပါ။ အခု အမှန်အတိုင်း ပြောရရင် အခြေအနေ တော်တော်လေး ဆိုးနေတယ်။ ငါတို့ နတ်သူငယ် မျိုးနွယ်စုဟာ သေရေး ရှင်ရေး လမ်းဆုံကို ရောက်နေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ ကပ်ဘေးကတည်းက သဘာဝသစ်ပင်က အသူရာချောက်နက် စွမ်းအားနဲ့ တိုက်စားခံရပြီး နတ်သူငယ် မျိုးနွယ်စုရဲ့ မျိုးပွားနိုင်စွမ်းကို သိသိ သာသာ လျော့ကျ စေခဲ့တယ်။ အခု နှစ်တွေမှာတော့ အတော် ကြောက်စရာ ကောင်းတဲ့ အဆင့်အထိ ကျဆင်းသွား ခဲ့တယ်။”

“အသူရာ ချောက်နက် စွမ်းအားကို ဖယ်ရှားဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ ကြပေမယ့် အားလုံး ကျရှုံးခဲ့ရတယ်။ အခုဆိုရင် ချိပ်ပိတ်ရဲ့ စွမ်းအားက ပိုပြီး အားနည်းလာနေပြီး အသူရာချောက်နက် စွမ်းအားက တဖြည်းဖြည်း စိမ့်ထွက် လာနေပြီ။ အသူရာ ချောက်နက် သတ္တဝါတွေရဲ့ ပုံရိပ်တွေတောင် ထွက်ပေါ် လာနေပြီ။ ဒီနေရာက အတော်လေးကို အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်တဲ့ နေရာတစ်ခု ဖြစ်နေပြီ။ သဘာဝသစ်ပင် ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ငါ မသိဘူး။ နှစ် ၁၀၀ လား။ ဆယ်စုနှစ် လား။ ဒါမှမဟုတ် ဒီထက်တောင် ပိုပြီးတော့ နည်းနေမလား...”

ချန်လွေ့၏ မျက်လုံးတွင် တုန်လှုပ်မှု အရိပ်အယောင် လက်ခနဲ ဖြစ်သွား၏။ အခြေအနေက သူ ထင်ထားသည်ထက် ပိုဆိုးရွားနေ၏။

ဧကရီလစ်ဗ် သက်ပြင်းချလိုက်သည်။ “တကယ်တော့ နှစ်ပေါင်း ၂၀၀၀၀ အတွင်း နတ်သူငယ်တွေက သဘာဝ သစ်ပင်ကို လုံးဝချိပ်ပိတ်ဖို့ ကြိုးစားခဲ့ ကြပေမယ့် အချည်းနှီးပါပဲ။ လွန်ခဲ့တဲ့ သုံးလေးလက ငါတို့ မျိုးနွယ်စုက အထူး အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်က ပူးပေါင်း ဝင်ရောက်ပြီးတော့ ချိပ်ပိတ်ကို အားဖြည့်ဖို့နဲ့ ပြန်တည်ဆောက်ချင် ခဲ့ကြသည်။ ဒါပေမဲ့ အသူရာချောက်နက် ကနေ ဖန်တီးထားတဲ့ မကောင်းဆိုးဝါး အများအပြားရဲ့ ဝိုင်းရံတိုက်ခိုက်တာ ခံရပြီး အားလုံး သေဆုံးသွားခဲ့ကြတယ်။ အသူရာချောက်နက်ရဲ့ စွမ်းအားက ဆက်ပြီး ပျံ့နှံ့နေတုန်းပဲ။ သစ်ပင်လူသား တွေရဲ့ အစီအရင် အကာအကွယ်နဲ့ပဲ မရမက အချိန်ဆွဲပြီး တားဆီးထားတာ။”

ချန်လွေ့က ငြိမ်သက်နေပုံ ရသော အစီအရင်၏ အလယ်ဗဟိုကို ကြည့်ရင်း တိတ်တိတ်လေး တုန်လှုပ်သွား၏။ ခဏ စဉ်းစားပြီး သူက မေးလိုက်သည်။ “အသက်ဓာတ် ရေစင်က သဘာဝ သစ်ပင်ကို ကုသပေးနိုင်မလား။”

ဘလန့်ချ်က အသက်ဓာတ်ရေစင်သည် သဘာဝသစ်ပင်ကို ကယ်တင်နိုင်ကြောင်း ပြောခဲ့သည်ကို သူ သတိရသွားခဲ့သည်။ ထိုအချိန်က ချန်လွေ့သည် သူ့ကို ပုလင်းတစ်လုံး ပေးခဲ့ဖူးပြီး သူက နတ်သူငယ် မျိုးနွယ်စု အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်စေခဲ့ လေသည်။

“အသက်ဓာတ်ရေစင်ကတော့ အကျိုး သက်ရောက်မှု နည်းနည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆေးဝါးလို အာနိသင် လောက်ပဲ ရှိနိုင်တယ်။ သဘာဝသစ်ပင်ရဲ့ စွမ်းအားကို မြှင့်တင်ပေးပြီး ချိပ်ပိတ်ကို အားပိုကောင်းအောင် ကူညီနိုင်တယ်။ ငါတို့က အသက်ဓာတ်ရေစင်ကို သဘာဝ သစ်ပင်ပေါ်မှာ သုံးပြီးသွားပြီ။ ထပ်ပြီး သုံးရင်တောင် အများကြီး အကျိုး မရှိတော့ဘူး။”

ထိုသို့ပြောပြီးနောက် ဧကရီလစ်ဗ်က စိတ်မကောင်း ဖြစ်နေသည်။ “နတ်သူငယ် ဘုရင် စပန် ချန်ထား တဲ့ အသက်ချိပ်ပိတ်က ပျက်စီးတော့မယ့် လက္ခဏာတွေ ပြနေပြီ။ သဘာဝ သစ်ပင်ရဲ့ အသက်စွမ်းအင် ကလည်း အများစု ကုန်ခမ်းနေပြီ။ အဲဒါကြောင့် အားနည်းနေပြီး သေလုနီးပါး ဖြစ်နေတာ။ မင်းမြင်နေရတဲ့ မြေပြင် အနေအထားက အသူရာချောက်နက် စွမ်းအားကြောင့်ပဲ။ အဲဒါက သဘာဝသစ်ပင်ရဲ့ အရေး အကြီးဆုံး အမြစ်ကို တိုက်စားနေပြီလို့ ဆိုလိုတယ်။ ငါတို့ ဒီကိစ္စကို ဘယ်လိုမှ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ အသူရာ ချောက်နက် စွမ်းအားကို ဖယ်ရှားပြီးတဲ့နောက်မှာ ပြန်လည် ရှင်သန်ခြင်းရေစင်၊ အားမန်ရေစင်နဲ့ အသက်ဓာတ်ရေစင်ဆိုတဲ့ ဒဏ္ဍာရီလာ ရေစင် ၃ခုကို ရောပြီး သဘာဝ သစ်ပင်ပေါ်မှာ အသုံးပြုရမယ်။ ဒါမှပဲ သဘာဝသစ်ပင်ကို အသက်ပြန်သွင်းဖို့ မျှော်လင့်ချက် ရှိမှာ။”

ပြန်လည်ရှင်သန်ခြင်းရေစင်၊ အားမန် ရေစင်နဲ့ အသက်ဓာတ်ရေစင် ဟုတ်လား။ ချန်လွေ့၏ မျက်လုံးများ လှုပ်ရှားသွား၏။ သူ၏ ‘မဲနှိုက်ခြင်း’က မသင်္ကာစရာ ကောင်းကြောင်း သူ သိနှင့်နေပြီး ဖြစ်သည်။ ဆေးရုံအဝမှာ ဗေဒင်ဟောဖို့ ခုံငယ်လေးပေါ် ထိုင်နေတဲ့ ရှေ့ဖြစ်ဟော၊ ခင်ဗျား တကယ်ပဲ လူမှန်ကို ရှာတွေ့ ခဲ့တယ်...

“မေးခွင့်ပြုပါ။ ဘာလို့ နတ်သူငယ်တွေ သိဒ္ဓိ ကျောင်းတော်ကို အကူအညီ မတောင်းကြ တာလဲ။ ကျုပ်သိရ သလောက် ဆိုရင် ကောင်းကင် တမန် ၃ပါးက အစွမ်းအထက်ဆုံး နတ်ဘုရား-ယောင်တွေပဲ။ အဲဒါကြောင့် သူတို့က အသူရာချောက်နက် စွမ်းအားကို ချိပ်ပိတ်နိုင်လောက်တယ်။”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀၊ တိမ်တိုက်စီးနင်း အင်ပါယာ ပျက်စီးသွား တုန်းက ကောင်းကင်တမန် ၃ပါးက ကောင်းကင်မြို့တော်ကို ရောက်လာခဲ့ ကြတယ်။ သူတို့မှာ လမ်းကြောင်း တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ သဘာဝသစ်ပင် တစ်ပင်လုံးကို ဖျက်ဆီး ပစ်ဖို့ပဲ။” ဧကရီလစ်ဗ်က မဲ့ပြုံး ပြုံးလိုက်သည်။ “အဲဒါက နတ်သူငယ် မျိုးနွယ်စု တစ်ခုလုံးရဲ့ အဆုံးသတ်ကို ကြေညာတာနဲ့ အတူတူပဲ။ ပြီးတော့ ဆာ-အလူစီယာနဲ့ ကောင်းကင် ၃ပါးတို့ သဘောတူညီချက် တစ်ခုခုကို ရခဲ့တယ်။ ကျောင်း‌တော်က ဝင်ရောက်စွက်ဖက်မှုကို လက်လျှော့ခဲ့တယ်။ တကယ်လို့ အခု ချိပ်ပိတ်ကို အောင်အောင်မြင်မြင်နဲ့ မလုပ်နိုင်ဘူး ဆိုရင်တော့ အသူရာ ချောက်နက် စွမ်းအားက ချိပ်ပိတ်ကို မဖျက်ဆီးခင်မှာ ဒါက နောက်ဆုံး နည်းလမ်းပဲ။”

ချန်လွေ့က ဖြစ်ရပ်၏ အခြေအနေကို လုံးဝ နားလည် သွားခဲ့သည်။ ဧကရီလစ်ဗ် မှန်ပေသည်။ နတ်သူငယ် မျိုးနွယ်စုက သေရေးရှင်ရေး လမ်းဆုံသို့ အမှန်ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့က အသူရာ ချောက်နက် စွမ်းအားကို ချိပ်ပိတ်ရန်သာမက သဘာဝသစ်ပင်ကိုပါ ကယ်တင်ရန် လိုအပ်သည်။ တစ်ခုမှ မပြီးမြောက်ပါက နတ်သူငယ် မျိုးနွယ်စု ပျက်သုဉ်းသွားပေလိမ့်မည်။

ယောက္ခထီး နတ်သူငယ် ဘုရင် အတွက် ငါ ဒါကို ထိုင်ကြည့်နေလို့ မရဘူး။ ပြီးတော့ အသူရာချောက်နက်ရဲ့ ချိပ်ပိတ်ကလည်း လောကတစ်ခုလုံးနဲ့ နတ်ဆိုးဘုံရဲ့ သေရေး ရှင်ရေးနဲ့တောင် သက်ဆိုင်နေတယ်။ ချန်လွေ့ သက်ပြင်း ရှည်ကြီးချပြီး ခေါင်းညိတ် လိုက်၏။ “နတ်သူငယ် မျိုးနွယ်စုက ကျုပ်တို့ကို ဒီလောက် ယုံကြည်တဲ့အတွက် ဆာ-အလူစီယာနဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်မှု မပျက်စီးရအောင် ကျုပ်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ ဒါပေမယ့် ကျုပ်ရဲ့ နတ်သူငယ် မိတ်ဆွေတွေ အံ့သြစရာ တစ်ခုခု တွေ့ရင် လျှို့ဝှက်ထားပေးပါ။”

“စိတ်ချပါ။ နတ်သူငယ် မျိုးနွယ်စုက အောင်မြင်တာပဲဖြစ်ဖြစ်၊ ကျရှုံးတာပဲ ဖြစ်ဖြစ်၊ မင်းတို့ရဲ့ စေတနာကို အမြဲ ဂုဏ်ပြုနေမှာပါ။” ဧကရီလစ်ဗ်က ဘေးနား ပတ်ပတ်လည်က နတ်သူငယ် များကို ကြည့်လိုက်သည်။ “ဒီမှာ ရှိနေတဲ့ နတ်သူငယ်တိုင်းက လနတ်ဘုရားမရဲ့ နာမည်နဲ့ ကတိသစ္စာပြုရမယ်။ ငါတို့ မိတ်ဆွေနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်တော့မှ မဖော်ထုတ်ဘူး။”

ချန်လွေ့က အစီအရင် အကာအကွယ် ထဲရှိ နတ်သူငယ်တို့၏ သဘာဝ သစ်ပင်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။ သူက ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို တိတ်တဆိတ် ချိန်ညှိပြီး ဇိုလာ၏လက်ကို ဆုပ်ကိုင်ကာ ရှေ့သို့ လျှောက်သွားတော့သည်။

သစ်ပင်လူသားများ၏ အစီအရင် အကာအကွယ်ထဲကို လျှောက်ဝင်သွား သောအခါ ရေတံတိုင်း အပျော့တစ်ခုကို ဖြတ်သွား သကဲ့သို့ပင် အတားအဆီး မရှိနေခဲ့ပေ။ ထိုရေတံတိုင်းကို ဖြတ်ကျော် ပြီးနောက် ချန်လွေ့နှင့် ဇိုလာတို့ရှေ့မှ မြင်ကွင်းက ရုတ်တရက် တမုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။

သူတို့၏ မြင်ကွင်းထဲ သွေးနီရောင်များ ပြည့်နေပြီး မြေပြင်က ပူလောင်ကာ အက်ကွဲနေ၏။ အပင်များ တိရစ္ဆာန်များ ဘာမှ မရှိပေ။ တစ်ခုတည်းသော ရွေ့လျားနေသည်မှာ စီးဆင်းနေတဲ့ ချော်ရည်များပင်။ ပိုဆန်းကြယ်သည်မှာ နေရာလွတ် အဆက်မပြတ် ပြိုကျနေတဲ့ ကောင်းကင်ပင်။ အပူချိန်မြင့် သွေးမိုးများ ရွာကျနေ၏။ လေထုကလည်း အသက်ရှူ ကျပ်စေသော ပျက်စီးခြင်း အငွေ့ အသက်များ ပြည့်နှက်နေလေသည်။

ထိုအခြေအနေက စိတ်လှည့် သစ်တောရှိ ယခင် တိုင်းပြည်နှင့် အနည်းငယ် ဆင်တူပြီး ဖိနှိပ်မှု ပိုများလေသည်။ ချန်လွေ့ ရုတ်တရက် နားလည်လိုက်သည်မှာ အလူစီယာက အသူရာ ချောက်နက်ကို တမင်တကာ အတုယူပြီး တိုင်းပြည်ကို အသက်သွင်း ခဲ့ခြင်းမှာ စမ်းသပ်ရန် ရည်ရွယ်ချက်တင် မကဘဲ သူတို့ကို တိုက်ပွဲနှင့် ပိုမို၍ အသားကျစေရန်ပင်။

အဝေးတွင် သဘာဝသစ်ပင် ရှိနေ၏။ ထိုထောင့်မှ ကြည့်လျှင် သဘာဝ သစ်ပင်က ပို၍ ထင်ရှားနေပြီး ပိုမို၍ ချောက်ချားစရာပင်။ အရွက်တိုင်းက နီရဲနေ၏။ ချန်လွေ့နှင့် ဇိုလာတို့ အချင်းချင်း ကြည့်လိုက်ကြပြီး သဘာဝ ဘက်သို့ သတိဖြင့် သွားလိုက်ကြသည်။

ပတ်ဝန်းကျင်က အလွန်တရာ တိတ်ဆိတ်နေ၏။ သူတို့ ခြေသံနှစ်ခုမှ လွဲ၍ မည်သည့်အသံကိုမှ မကြားရပေ။ ထို’တိတ်ဆိတ်မှု’က ဆုပ်ကိုင်မရသော ဖိအားကို ဖော်ပြနေ၏။ အသက်ရှူ ကျပ်စေတဲ့ အပူရှိန်နှင့် ပေါင်းစပ်လိုက်ရာ သေစေနိုင်လောက်အောင် အန္တရာယ် ရှိသော ခံစားချက်မျိုး ဖြစ်လာခဲ့သည်။

ထိုနေရာ၌ ကြာကြာ နေလေလေ၊ ဖိအားက ပိုကြီးလေလေ ဖြစ်သည်။ စိတ်စွမ်းအား အားနည်းသူများဆိုရင် တိုက်ခိုက် မခံရလျှင်ပင် အချိန် ကြာလာ သည်နှင့်အမျှ သူတို့၏စိတ်များ ပြိုလဲ သွားပေလိမ့်မည်။

သူတို့ အတော်ကြာ လျှောက်သွား နေကြသော်လည်း သဘာဝသစ်ပင်နှင့် ဝေးနေဆဲ ဖြစ်သည်။ ပတ်လည်လှည့် နေသလိုမျိုးပင်။ ဒါက ဝင်္ကပါလိုမျိုး နေရာလွတ်ရဲ့ အနှောင့်အယှက် တစ်မျိုး ဖြစ်နိုင်တယ်။ ချန်လွေ့က ထိုအရာမျိုးကို ပင်လယ်သေ အောက်ခြေရှိ ကျက်သရေ မျှော်စင်တွင် ကြုံဖူးသည်။ ထိုစဉ်က နဂါးဧကရာဇ် ယောက္ခထီး အက်ဂ်လက်စ် က အတင်းအကျပ် ဖြိုခွဲခဲ့လေသည်။

သို့သော် ယခုနေရာက နေရာလွတ် ဝင်္ကပါက ပင်လယ် အောက်ခြေမှ ဝင်္ကပါထက် အများကြီး ပိုကောင်း၏။ ချန်လွေ့က [ဓူဝံကြယ်အသွင်ပြောင်းခြင်း] ကို အသက်သွင်း ခဲ့လျှင်ပင် ထိုစဉ်က အက်ဂ်လက်စ်နှင့် အတော်လေး ဝေးကွာ နေသေး၏။ နဂါးဧကရာဇ် ယောက္ခထီး လုပ်ခဲ့သလို ဖြိုခွဲရန် မလွယ်ကူနိုင်ပေ။

ဇိုလာ ရပ်လိုက်ပြီး လျို့ဝှက်အရိပ်က သူ့လက်ထဲ ပေါ်လာ၏။ အပြာရောင် မှော်စာများ သူ၏ ပတ်ပတ်လည်တွင် ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်မိမယ်နဂါးကို ဗဟိုပြုပြီး ပျံ့နှံ့ နေသော လှိုင်းကဲ့သို့ အလင်းရောင် အဝိုင်းတွေအဖြစ် ပေါင်းစပ်သွား၏။ လှိုင်းများက သွေးရောင် နေရာလွတ်ထဲ ပျောက်ကွယ်သွားလေသည်။

သွေးရောင်က တဖြည်းဖြည်း မာကျော လာပြီးနောက် အရှေ့ကောင်းကင်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာ၏။ အက်ကွဲကြောင်းက လျင်မြန်စွာ ပျံ့နှံ့သွား ပြီးနောက် အပေါက်တစ်ခု ဖြစ်လာသည်။

ဇိုလာက ဉာဏ်ဖြင့် အင်အားသုံး ဖြိုခွဲခြင်းနည်းကို အသုံးပြုခဲ့သည်။ သူ ခုနက ရှေ့သို့ လမ်းလျှောက်လာစဉ် ထိုနေရာ၏ တည်ဆောက်ပုံကို တွက်ချက် နေခဲ့သည်။ ‘မျဉ်းများဖြင့် မျက်နှာပြင်ကို ဖြိုခွဲခြင်း’ ပညာရပ်ကို အသုံးပြုကာ အက်ဂ်လက်စ်ပင် ဖြိုခွဲရန် မဖြစ်နိုင်သော ဝင်္ကပါကို ဖောက်ထွင်းခဲ့လေသည်။

အပေါက်က တဖြည်းဖြည်း ပြန်ပိတ် သွားခဲ့သော်လည်း ဇိုလာနှင့် ချန်လွေ့က အပေါက်ထဲ ရွှေ့ပြောင်းသွားလိုက်ကြပြီး သဘာဝသစ်ပင် အစစ်အမှန် နယ်မြေသို့ ဝင်ရောက်သွားခဲ့ကြသည်။

အစစ်အမှန် နယ်မြေထဲ၌ သဘာဝ သစ်ပင်က ရှေ့တွင် မဟုတ်ဘဲ၊ ထူးခြားစွာပင် ကောင်းကင်ယံမှာ တည်ရှိ နေ၏။ ထိုအခြေအနေက မြေထူရဲတိုက်ရှိ မြေအောက် မိုင်းတွင်းထဲမှ ယဇ်ပလ္လင်ကို မြင်ခဲ့ရသလိုပင်။

ဒီနယ်မြေထဲကို ဝင်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ဖိအားက သူတို့ မျက်နှာထံ ပြေးဝင်လာခဲ့သည်။ အပြင်ဘက် အပူထက် ၁၀ဆ ပိုများတဲ့ ပြင်းထန်တဲ့ အငွေ့အသက်ထဲ၌ အထူး စိတ်ဝိညာဉ် စွမ်းအားတစ်မျိုး ရှိနေ၏။ ထိုအရာက အမုန်းတရားပင်။

ထိုအမုန်းတရားက အလွန်ပြင်းထန်ရာ ဇိုလာနှင့် ချန်လွေ့တို့၏ ဝိညာဉ်များပင် အလိုလို တုန်ယင်သွားသည်။ ထိုအရာက ရှီအွန် နန်းတော်တွင် တစ်ချိန်က ချန်လွေ့ ခံစားခဲ့ရသော ကြောက်မက်ဖွယ်ရာ အမုန်းတရားမျိုးပင်။ ထို့ကြောင့် သူ ရင်ဆိုင်ရတော့မည့် ရန်သူကို ခန့်မှန်းနိုင် ခဲ့လေသည်။

မြေပြင်ပေါ်ရှိ သွေးမြစ်က လှိုင်းထန် လာပြီး ချော်ရည်များ စုစည်းကာ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီး တစ်ခုအဖြစ် ချန်လွေ့နှင့် ဇိုလာတို့၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။

အသူရာချောက်နက် သတ္တဝါတွေပဲ! ရေတွက်လို့ မရအောင် များလွန်းတယ်။

အစီအရင် အကာအကွယ် အပြင်တွင် ဧရာမ သလင်းကျောက်စက်လုံး တစ်ခုက အတွင်းပိုင်းအခြေအနေကို ပြသနေ၏။ ထိုမြင်ကွင်းကို မြင်သောအခါ နတ်သူငယ် များသည် စိုးရိမ်လာကြသည်။ ယခင် တစ်ခေါက်က နတ်သူငယ် မျိုးနွယ်စု၏ အစွမ်းထက်ပုဂ္ဂိုလ်များက အသူရာ ချောက်နက် သတ္တဝါများ၏ ဝိုင်းရံ တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ကြသည်။ မည်သူမှ မလွတ်မြောက် ခဲ့ကြပေ။ ချိပ်ပိတ် အားနည်း လာခြင်းကြောင့် ယခုတွင် အသူရာ ချောက်နက် သတ္တဝါများက ယခင် နတ်သူငယ် အစွမ်းထက်ပုဂ္ဂိုလ်များ ဝင်ရောက်စဉ် ကထက် ပိုများပြီး ပိုမို အားကောင်း နေလေသည်။

သူတို့နှစ်ယောက်... လုပ်နိုင်ပါ့မလား။ အသူရာချောက်နက် သတ္တဝါများထဲတွင် အများဆုံးက ဒေါသအိုးနတ်ဆိုးနှင့် ပါးစပ်ကြီး နတ်ဆိုးတို့ဖြစ်ပြီး၊ နောက်တွင် မီးလျှံစုန်းမများ ရှိကာ၊ အနည်းဆုံးမှာ အသူရာချောက်နက်သခင်များ ဖြစ်ကြပြီး ရာနဲ့ချီ ရှိနေပုံရသည်။ ၎င်းတို့က သာမန် အသူရာချောက်နက် သတ္တဝါများ လုံးဝ မဟုတ်ဘူးပေ။ သူတို့၏ အစွမ်းထက်တဲ့ ဖျက်ဆီးမှုစွမ်းအားအပြင် ပြင်းထန်သော အမုန်းတရား အငွေ့အသက်နှင့်လည်း ဝန်းရံထား၏။ သူတို့က ဘုရင်အဆင့် စွမ်းအားတစ်မျိုးကို လက်ခံထားတဲ့ လက်ရွေးစင်များ ဖြစ်ကြောင်း ထင်ရှားပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းအားက ချန်လွေ့ မြေထူရဲတိုက်ရှိ မြေအောက် မိုင်းတွင်းထဲမှ ‘အကြောက်တရား’ ယဇ်ပလ္လင်တွင် တွေ့ခဲ့ရတဲ့သည်ထက် အများကြီး ပိုသာပေသည်။

ဒါက သစ်တောထဲက အရင်လို ‘လေ့ကျင့်ရေး’ မဟုတ်ဘူး။ တကယ် ခြိမ်းခြောက်မှုရှိတဲ့ ရန်သူ အစစ်အမှန်ပဲ!

ပုံရိပ်ယောင် လေ့ကျင့်ရေး အပြင် ချန်လွေ့က တကယ့် အသူရာချောက်နက် စစ်တပ်နှင့် ပထမဆုံး ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်က သူ ထင်ထားသည်ထက် ပို၍ စောစော ရောက်ရှိလာခဲ့သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားသော်လည်း စိတ်ပိုင်းဖြတ် ထားပြီး တိုက်ခိုက်ရန် အဆင်အသင့်ပြင် ထားခဲ့သည်။

ချန်လွေ့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်လုံးထဲ ကြယ်များကဲ့သို့ တောက်ပသော အလင်းရောင် ရုတ်တရက် လင်းလက် သွားခဲ့သည်။ သလင်းကျောက် စက်လုံး အရှေ့မှ နတ်သူငယ်များက တောက်ပတဲ့ အနီရောင် ကြယ်အလင်း ထွက်လာသည်ကို မြင်လိုက်ရ၏။ တောက်ပသည့် ချပ်ကာ ဝတ်ထားသော ပုံရိပ်တစ်ခု ပေါ်လာပြီး အစွမ်းထက် အငွေ့အသက်များ ထွက်လာခဲ့သည်။ ရှေ့ဆုံးမှ ပြေးဝင်လာသော အသူရာ ချောက်နက် သတ္တဝါများက ထိုအစွမ်းထက်သော သက်ရောက်မှု အောက်တွင် နောက်ပြန်တွန်းပို့ခံရပြီး အားနည်းသူများက အငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။

အဲဒီ ချပ်ကာကို ရင်းနှီးနေသလိုပဲ... နတ်သူငယ် ဧကရီလစ်ဗ်နဲ့ တခြားသူများ အံ့အားသင့်သွားပြီး လူတစ်ယောက်ကို သတိရလိုက်ကြသည်။

သံလက်သီးရွာမှ ဆူးသရဖူကို မြင်ဖူးသော ထို’သတင်းပေးသူ’များက ပို၍ပင် တုန်လှုပ်သွားကြ၏။ သိဒ္ဓိ အမွေနှစ် ၃ခုထဲက တစ်ခုဖြစ်တဲ့ ဆူးသရဖူ ပိုင်ရှင်၊ နဂါးလင်းလက် အင်ပါယာရဲ့ တတိယမင်းသားက သိဒ္ဓိကျောင်းတော်ရဲ့ တောင်ပံ၄ခု တမန်တော် အစ်ဇ်ယိုရူးလ်ကို သတ်ခဲ့တဲ့ အစွမ်းထက် ပုဂ္ဂိုလ်ပဲ!

ဒီမှာ ‘လျှို့ဝှက်ချက်’ က ဘာများလဲ။

“အမေ၊ ဒီလူက...” မင်းသမီးဖီလီက မနေနိုင်ဘဲ မေးလိုက်သည်။

“ဘယ်လိုပဲ တွေးတွေး...” ဧကရီ လစ်ဗ်က သမီးဖြစ်သူကို လှည့်ကြည့် လိုက်သည် “နတ်သူငယ် မျိုးနွယ်စုရဲ့ မင်းသမီးကြီး တစ်ယောက်အနေနဲ့ မင်း ခုနက မင်းတို့ရဲ့ မိတ်ဆွေတွေကို နတ်သူငယ်တွေ ပေးထားတဲ့ ကတိကို မှတ်မိသင့်တယ်။”

နတ်သူငယ်များ အားလုံး ငြိမ်သက် သွားခဲ့ကြသည်။ ထိုအရာက နတ်သူငယ် မျိုးနွယ်စု၏ သေရေး ရှင်းရေးနှင့် သက်ဆိုင်နေသည့် အရေးအကြီးဆုံး တိုက်ပွဲပင်။ အခြားသော အရာများကို လျစ်လျူရှု၍ ရနိုင်၏။

All Chapters