အသူရာချောက်နက်နှင့် ပထမဆုံး တိုက်ပွဲ
Vol. 60 Ch. 973
ဧကရီလစ်ဗ်နှင့် မင်းသမီးဖီလီတို့က ထိုစကားများကို ပြောပြီးသည်နှင့် သလင်းကျောက် စက်လုံးထဲရှိ ကြယ် အလင်းရောင်များ တောက်ပလာကာ တစ်ခန်းလုံးကို ချက်ချင်း လွှမ်းခြုံ သွားတော့သည်။
ကြယ်ကဲ့သို့ စက်လုံးများက လျှို့ဝှက် ဆန်းကြယ်သော စည်းချက်အတိုင်း လည်ပတ် နေသည်။ ထိုကြယ်များက အသူရာ ချောက်နက် သတ္တဝါများ၏ စစ်တပ်ထဲသို့ ပျံ့နှံ့ သွားသော်လည်း ပြေးလာနေသည့် အသူရာ ချောက်နက် သတ္တဝါများက ပုံရိပ်ယောင်များ ကဲ့သို့ပင် အလွယ်တကူ ဖြတ်သန်းသွားခဲ့သည်။
ကြယ်အလင်းရောင်နှင့် ချပ်ကာ၏ ပုံစံက အရင်နှင့် အနည်းငယ် ကွာခြား သော်လည်း ထိုပိုင်နက် (တိုင်းပြည်)က လျှို့ဝှက် ဆန်းကြယ်သော အစွမ်းထက် ပုဂ္ဂိုလ်၏ အဆုံးသတ် တိုက်ကွက် ဖြစ်လေသည်။ ဖီလီက ထိုချန်လွေ့မှာ (နတ်သူငယ် မင်းသမီးက ‘အာသာ’ အမည်ကို မသိခဲ့) သိဒ္ဓိကျောင်းတော်မှ ရှာဖွေနေသည့် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်ကြောင်း လုံးဝ သေချာနေသည်။
“ဒီမင်းသား... မိတ်ဆွေမှာ အထူး အဆင့် စွမ်းအားတွေ ရှိရင်တောင် ဒီပုံရိပ်ယောင် တိုင်းပြည် စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့်ရဲ့ တကယ့် တိုင်းပြည်ကို မယှဉ်နိုင်ဘူး။” ခယ်ဆာက သက်ပြင်းချလိုက်၏။ သူက နတ်သူငယ် အစွမ်းထက် ပုဂ္ဂိုလ် အချို့ သေဆုံး သွားခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်။ သူတို့ နှစ်ယောက်က နတ်ဘုရား တစ်ပိုင်းများ ဖြစ်သော်လည်း အသူရာ ချောက်နက် စွမ်းအားကို မတွန်းလှန် နိုင်ခဲ့ပေ။ ထို “တိုင်းပြည်အဆင့်” အစွမ်းထက် ပုဂ္ဂိုလ်ဆိုလျှင် ပြောစရာပင် မလိုပေ။
“မဟုတ်ဘူး။ အဲဒါက တကယ့် တိုင်းပြည်ပဲ။” သူ့နောက်မှ အသံတစ်ခု ထွက်လာ၏။ ထိုသူက ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာ၏ သမီး၊ နတ်သူငယ် ဧကရီရဲ့ ညီမ၊ ငွေလ ကောင်းကင်မြို့တော်၌ ကျန်ရှိနေသည့် တစ်ဦးတည်းသော နတ်ဘုရားတစ်ပိုင်း အဆင့် ပုဂ္ဂိုလ် ခီလန်ယာပင်။
ခီလန်ယာက ညှိုးနွမ်းနေတဲ့ သစ်သား တောင်ဝှေးကို ကိုင်ထား၏ယ်။ အချို့က ၎င်းမာ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာ ယခင်က ကိုင်ဖူးသော တောင်ဝှေး ဖြစ်ကြောင်း မှတ်မိကြသည်။
“သူ့ကို ကျွန်မ မယှဉ်နိုင်ဘူး။”
“ကျွန်မ အဖေရဲ့ စမ်းသပ်မှုမှာ သူက ကျွန်မကို တစ်ချက်တည်းနဲ့ အနိုင်ယူ ခဲ့တယ်။”
ဒီစကားနှစ်ခွန်းကြောင့် နတ်သူငယ် အားလုံး တုန်လှုပ် သွားကြသည်။ ခီလန်ယာကို တစ်ချက်တည်းနဲ့ အနိုင်ယူ လိုက်တာ! ဒါဆိုရင် သူက အနည်းဆုံး... နတ်ဘုရားတစ်ပိုင်းအဆင့်ပေါ့။
ဧကရီ လစ်ဗ်ပင် အံ့သြသွား၏။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက လွန်ခဲ့တဲ့ ၂နှစ်က တိုင်းပြည်အဆင့်ပဲ ရှိသေးတာ!
ထိုအချိန်မှာ သလင်းကျောက်စက်လုံး ထဲတွင် အသူရာချောက်နက် စစ်တပ်က ဒီရေလှိုင်းကဲ့သို့ ဝိုင်းရံလာခဲ့သည်။ အနီးကပ် တိုက်ခိုက်သော မကောင်း ဆိုးရွားများ မရောက်ခင်မှာပင် အဝေးပစ် တိုက်ခိုက်မှုများက ကျောက်ခဲမိုးကဲ့သို့ ရွာကျလာတော့သည်။
ဖီနိုအီယာ၏ နှလုံးသား ရုတ်တရက် တင်းမာလာကာ သလင်းကျောက် စက်လုံးထဲရှိ ချန်လွေ့ကို စူးစူးစိုက်စိုက် ကြည့်နေ၏။
ချန်လွေ့နှင့် ဇိုလာတို့ မျက်စိတစ်မှိတ် တစ်ခတ်အတွင်း လေထဲသို့ ပေါ်လာကာ အလှမ်းဝေး တိုက်ခိုက်မှုကို ရှောင်ရှား လိုက်၏။ တချိန်တည်းပင် ‘အစစ်အမှန်’ တိုင်းပြည်ထဲရှိ ကြယ်များက အရှိန် အဟုန် ပြင်းစွာ လည်ပတ်လာခဲ့ည်။
မျက်စိတစ်မှိတ်အတွင်း မြန်နှုန်းမြင့် အနီရောင် ကြယ်မှုန်များ ပေါ်လာပြီး ပုံရိပ်များ စတင် ဝေဝါးလာတော့သည်။
သလင်းကျောက်စက်လုံးက အချိန် တစ်ခုအထိ မီးခိုးရောင်များဖြင့် ဝေဝါး နေခဲ့သည်။ ရှင်းရှင်း လင်းလင်း မြင်နိုင်သော တစ်ခုတည်းသော အရာမှာ လျင်မြန်စွာ လှုပ်ရှားနေသော အလင်း၏ လမ်းကြောင်းများဖြစ်ပြီး လေထဲတွင် အရောင် တောက်ပသော မရဏ အဝန်းများကို ရေးဆွဲနေလေသည်။ ဖီလစ်ကဲ့သို့ အားနည်းသူများ ခဏတာ ကြည့်ပြီးနောက် ခေါင်းမူးလာခဲ့သည်။
[ဓူဝံကြယ်နီမုန်တိုင်း]!
အချိန် အတော်လေး ကြာပြီးမှသာ ကြယ်မုန်တိုင်းက တဖြည်းဖြည်း ရပ်တန့် သွားခဲ့သည်။ သလင်းကျောက်စက်လုံး ထဲရှိ ပုံရိပ်များက နောက်ဆုံးတွင် ရှင်းလင်းလာခဲ့သည်။
မြေပြင်တွင် မုန်တိုင်း စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ပုံမှန် မဟုတ်သည့် အရာများ ပြည့်နေပြီး [ဓူဝံကြယ် တိုင်းပြည်] အဝန်းအတိုင်းထဲရှိ အသူရာ ချောက်နက် သတ္တဝါများ အားလုံး ပျောက်ကွယ် သွားလေသည်။ အစွမ်း အထက်ဆုံး အသူရာချောက်နက်သခင် များပင် မကျန်ပေ။
နတ်သူငယ်များက ထိုမြင်ကွင်းကို အံ့သြတကြီး ကြည့်နေကြ သော်လည်း ချန်လွေ့ကတော့ လုံးဝ စိတ်မအေး သွားခဲ့ပေ။ [ဓူဝံကြယ်နီမုန်တိုင်း] က ရန်သူ အတော် များများကို ဖယ်ရှား နိုင်ခဲ့သော်လည်း နေရာက အရမ်းအမင်း ကျယ်ဝန်းလှသည်။ ထိုတိုက်ခိုက်မှုဖြင့် ချေမှုန်း ခံလိုက်ရသော အသူရာ ချောက်နက် သတ္တဝါများက စစ်တပ် တစ်ခုလုံး၏ ငါးပုံ တစ်ပုံပင် မပြည့် သေးပေ။
ပိုမို ကြောက်စရာကောင်းသည်မှာ အဝေးမှ အသူရာချောက်နက် စစ်တပ်ရဲ့ အရေအတွက်က အဆုံး မရှိသလို ဖြစ်နေပြီး စွမ်းအား တစ်မျိုးမျိုးရဲ့ လွှမ်းမိုးမှုကြောင့် တိုးလာနေခြင်းပဲ။ ခုနက ချေမှုန်းလိုက်ခြင်းက သူတို့ကို နောက်ဆုတ်ရန် မည်သည့် လက္ခဏာမှ မပြစေခဲ့ဘဲ ချန်လွေ့ဘက်သို့ ပို၍တောင် အရူးအမူး ပြေးလာခဲ့ကြသည်။
ချန်လွေ့၏ မူလ ရည်ရွယ်ချက်က အန္တိမ တိုက်ခိုက်မှုကို ချက်ချင်း မသုံးရန်ပင်။ အကြောင်းမှာ [ဓူဝံကြယ်နီ မုန်တိုင်း]က စွမ်းအား အများအပြား ကုန်ဆုံးမည် ဖြစ်ပြီး ခဏတာအတွင်းမှာ ၎င်းကို ထပ်သုံးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း လှိုင်းလုံး ကဲ့သို့ တိုးဝင်လာကြသော အသူရာချောက်နက် စစ်တပ်နှင့် မိုးသီးကဲ့သို့ ပြင်းထန်တဲ့ တိုက်ခိုက်မှုများကို ရင်ဆိုင်ရတဲ့အခါ သူ စဉ်းစားရန် အချိန်ပို မရှိတော့ပေ။
ချော်ရည်ထဲတွင် ကြည်လင်တဲ့ အလင်း စက်များ ပေါ်ထွက်လာသည်။ ထိုအရာက အသူရာချောက်နက်ပန်းပင်။ အသူရာ ချောက်နက် စစ်တပ်က အသူရာ ချောက်နက်ပန်း၏စွမ်းအားနဲ့ အားဖြည့် ခံလိုက်ရလျှင် သူတို့၏ ကြမ်းတမ်းမှုက နှစ်ဆ ပိုတိုးလာပေလိမ့်မည်။
နောက်တစ်ခါ ထိုးစစ်က ပိုပြီးပင် ကြောက်မက်ဖွယ် ကောင်းမည်မှာ သေချာပေသည်။
ရှေးအဂ္ဂိရတ် အဖွဲ့အစည်းမှ တိုက်ပွဲ ပုံရိပ်များကို ချန်လွေ့ မြင်ခဲ့ဖူးပြီး ထိုအသူရာချောက်နက် သတ္တဝါများက လူသားစား ပုရွက်ဆိတ်များ ကဲ့သို့ ဖြစ်ကြောင်းကို သိသည်။ သူက အတင်း အကြပ် တိုက်ခိုက်ပါက သူတို့ထက် တစ်ဦးချင်း စွမ်းအားကြီး သတ္တဝါများပင် ကြောက်မက်ဖွယ် လှိုင်းလုံးအောက်တွင် လွှမ်းမိုးခံရပေလိမ့်မည်။
ခေါင်းကို မော့လိုက်သည်နှင့် လေထဲရှိ သဘာဝသစ်ပင်ကို သူ ကြည့်လိုက်၏။ ၎င်းသည် ပြင်းထန်သော အမုန်းတရား စွမ်းအားများ ထုတ်လွှတ်နေပြီး ၎င်းက အသူရာချောက်နက် စွမ်းအား၏ အရင်းအမြစ် ဖြစ်သည်။ သူတို့ မြင်တွေ့နေရသော အသူရာချောက်နက် စစ်တပ်မှာ အားနည်းနေသော ချိပ်ပိတ် ကွဲအက်မှုမှ ထွက်လာသော ပုံရိပ်သာ ဖြစ်သည်။ စွမ်းအား အရင်းအမြစ်ကို ဖြတ်တောက် လိုက်သည်နှင့် စစ်တပ်က မြေထူရဲတိုက်၏ မြေအောက်မိုင်းတွင်း၌ ကဲ့သို့ တိုက်ခိုက်ရန်မလိုဘဲ အလိုလို ပြိုကွဲသွားလိမ့်မည်။
“ဇိုလာ!”
ဇိုလာလည်း ကောင်းကင်မှ သဘာဝ သစ်ပင်က သော့ချက် ဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။ သူနှင့် ချန်လွေ့က တစ်ချက် ကြည့်လိုက်ရုံဖြင့် ဆက်သွယ် နိုင်ခဲ့ကြသည်။ ဇိုလာက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ လျို့ဝှက်အရိပ် မှော်တုတ်တံက သူ့လက်ထဲ ပေါ်လာပြီး ပြောလိုက်သည်။ “မြေပြင်ကို ကျွန်မ တာဝန် ထားလိုက်!”
ချန်လွေ့ အပိုစကား မပြောတော့ဘဲ ဇိုလာကို လက်ညှိုးထိုးလိုက်ရာ ဇိုလာ၏ ခန္ဓာကိုယ်ပေါ်မှာ အရည်လဲ့သော ချပ်ကာ တစ်ခု ပေါ်လာကာ သူ့ခန္ဓာကိုယ်နှင့် အမြန် ပေါင်းစပ်သွားခဲ့သည်။
ဒါက အမျက်ဘုရင် ချပ်ကာ၏ ‘ဝိညာဉ်ချပ်ကာ’ စွမ်းရည်ဖြစ်ပြီး အမျက်ဘုရင် ချပ်ကာ၏ ဂုဏ်သတ္တိ တဝက်လောက်ကို သတ်မှတ်ထားသော ပစ်မှတ်ထံ ပေးနိုင်သည့် ‘ဝိညာဉ် ချပ်ကာ’ပင်။ ထိုအရာက အထူး ကာကွယ်ရေး ပစ္စည်းတစ်ခုနှင့် ညီမျှ၏။
ရှေ့မှ အသူရာချောက်နက်ပန်းများက တစ်ခုပြီး တစ်ခု ကွဲကြေသွားလေသည်။ နေရာလွတ်ထဲမှ ဖျက်ဆီးခြင်း အငွေ့ အသက်များက ရုတ်တရက် တိုးလာပြီး အသူရာချောက်နက် သတ္တဝါများက တစ်ကောင်ပြီး တစ်ကောင် သန္ဓေပြောင်း သွားသည်။ သူတို့က နှစ်ယောက်လုံး ဆီသို့ ပို၍ ပြင်းထန်စွာ ပြေးဝင်လာ ကြခဲ့ကြသည်။
ဇိုလာ၏ အမြန်နှုန်းက ပို၍ပင် မြန်ဆန်လာသည်။ သူက အသူရာ ချောက်နက် စစ်တပ် အပေါ်ရှိ ကောင်းကင်၌ ချက်ချင်း ပေါ်လာ၏။ သူက ချက်ချင်းပင် တိုက်ခိုက်မှု များစွာ၏ ပစ်မှတ် ဖြစ်လာသည်။ မြင့်မားစွာ ခုန်ပျံနေသော သန္ဓေပြောင်း ပါးစပ်ကြီး နတ်ဆိုး၊ စွမ်းအား ကျည်ဆန်များ ပါးစပ်ထဲတွင် ရှိနေသော သန္ဓေပြောင်း ဒေါသအိုးနတ်ဆိုး၊ မီးလျှံ စုန်းမ၏ မီးကျာပွတ်၊ အသူရာ ချောက်နက် သခင်၏ဓားချက်... ၎င်းတို့ အားလုံးက ဧရာမ မရဏ ကွန်ရက်အဖြစ် ယှက်ဖြာကာ နတ်မိမယ်နဂါးကို လွှမ်းမိုး လိုက်လေသည်။
နတ်မိမယ်နဂါးက ထိုသို့ အခြေအနေ မျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း မဟုတ်ပေ။ သက်တန့်တောင်ကြားတွင် သူအတွက် အထူး ပြုလုပ်ထားသော မှော်ဂိမ်း လေ့ကျင့်ရေး အခန်းထဲတွင် အမျိုးမျိုးသော အခက်အခဲ ရှိသည့် ဂူသင်္ချိုင်း လေ့ကျင့်ရေးများ ရှိခဲ့ပြီး ၎င်းတို့ထဲတွင် ဆင်တူသော အသူရာ ချောက်နက် ဝိုင်းရံမှုလည်း ပါဝင်၏။ ကွာခြားချက်မှာ ထိုအချိန်က ဂိမ်း သက်သက်သာ ဖြစ်ပြီး သေဆုံးပြီးနောက် အသက်ပြန်ရှင်နိုင်သော်လည်း ယခုမှာ တကယ့် တိုက်ပွဲဖြစ်ကာ သူတွင် အသက် တစ်ချောင်းသာ ရှိလေသည်။ ကျရှုံးပါက ဂိမ်းတစ်ခုလုံး ပြီးဆုံး သွားခြင်းနှင့် အတူတူပင် ဖြစ်၏။
ဂိမ်းဂူသင်္ချိုင်းကို စမ်းသပ်ခြင်း ဖြစ်စေ၊ တကယ့်တိုက်ပွဲ ဖြစ်စေ၊ နတ်မိမယ် နဂါးက လူသစ် လုံးဝ မဟုတ်ပေ။ သူက မှော်တုတ်တံကို တင်းတင်း ဆုပ်ကိုင် ထားသော်လည်း စိတ်ထဲ၌ အံ့သြစရာ ကောင်းလောက်အောင် တည်ငြိမ်နေ၏။
ဇိုလာ၏ ပုံရိပ်က ရုတ်တရက် ထပ်နေသော ပုံရိပ်များစွာ အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် မယုံနိုင်စရာ လှုပ်ရှားမှုများ ပြုလုပ် ခဲ့လေသည်။ တိုက်ခိုက်မှု အားလုံး လွဲချော်သွားခဲ့၏။ တစ်ချိန်တည်းမှာပင် လျှပ်စီးများ လင်းလက်သွားပြီး မြေပြင် ပေါ်ရှိ အသူရာချောက်နက် သတ္တဝါများ ချက်ချင်းပင် မီးသွေး ဖြစ်သွားသည်။ အဖော်များ ချေမှုန်းခံရခြင်းက အသူရာ ချောက်နက် သတ္တဝါများကို အနည်းငယ် မျှပင် ကြောက်ရွံ့ခြင်း တွန့်ဆုတ်ခြင်း မဖြစ်စေခဲ့ဘဲ တစ်ကောင်ပြီးတစ်ကောင် ဆက်လက် ပေါ်ထွက်လာကြသည်။
ဇိုလာက အစွမ်းထက်သော တိုက်ခိုက် နိုင်စွမ်းကို ပြသ၍ တစ်ချက်တည်းဖြင့် နေရာအကျယ်ကြီးကို ဖျက်ဆီးခဲ့ သော်လည်း အဆုံးမရှိသော တိုက်ခိုက်မှု အောက်တွင် ပင်ပန်းနွမ်းနယ်လာခြင်းက မလွဲမသွေပင်။ အကြိမ် အနည်းငယ် ကြာပြီးနောက် ထပ်နေသော ပုံရိပ်များ အားလုံး အသူရာချောက်နက်က လုံးဝ ဝါးမျိုချလိုက်လေသည်။ သလင်းကျောက် စက်လုံးရှေ့ရှိ နတ်သူငယ်များ အားလုံး အံ့အားသင့်သွားကြသည်။
“ဒါက ရေဒြပ်စင်ရဲ့ [ကြေးမုံပုံရိပ်] ပဲ!” ခီလန်ယာ၏ အသံ ထွက်ပေါ်လာချိန် နတ်မိမယ်နဂါး၏ ပုံရိပ်က အခြား တစ်ဖက် မြေပြင်ပေါ်မှာ ပေါ်လာသည်။ မှော်တုတ်တံက သူ့ကို ဗဟိုပြုပြီး အပြာရောင် အဝန်းပုံစံ မှိန်ပျပျ အလင်းရောင်ကို ဝှေ့ယမ်းလိုက်၏။ ယပ်တောင်ပုံစံ နေရာထဲ၌ ရှိသော အသူရာ ချောက်နက် နတ်ဆိုးများ အားလုံး ချေမှုန်းခံလိုက်ရသည်။ လူတိုင်း စိတ်သက်သာရာ ရသွားကြ၏။
ရေဒြပ်စင် မှော်ပညာ ကျွမ်းကျင်သော ခယ်ဆာက လေးစားမှု ပြသလိုက်သည်။ [ကြေးမုံပုံရိပ်]က များသောအားဖြင့် ရန်သူကို လှည့်ဖြားရန်သာ အသုံးပြု၏။ ၎င်းသည် ယုတ္တိရှိပြီး တိုက်ခိုက်ရေး စွမ်းအား အချို့ ရှိသော်လည်း ထိမှန်သည်နှင့် ပြိုလဲသွားမည် ဖြစ်သည်။
သူ သိရသလောက် ပြောရလျှင်၊ ထိုမျှများပြားသော [ကြေးမုံပုံရိပ်] များကို တချိန်တည်း ထိန်းချုပ်နိုင်သည့်တိုင်၊ အစွမ်းထက်သော တိုက်ခိုက်မှုမျိုးကို ပြုလုပ်နေရင်း ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှု အောက်တွင် [ကြေးမုံပုံရိပ်] များကို ထိုမျှ ဆန်းဆန်းပြားပြား ရှောင်တိမ်းသည့် လှုပ်ရှားမှုမျိုး ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် သူ၏ မူလခန္ဓာကိုယ်ကလည်း ကြောက်စရာ ကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင် နေရဆဲ ဖြစ်သည်။
ထိုလှုပ်ရှားမှု တစ်ခုတည်းကပင် သူ့ကို ယုံကြည်စေရန် လုံလောက်ခဲ့သည်။
ဇိုလာက သူ့အကြောင်း ဘယ်သူတွေ ဘာပြောနေကြမှန်း မသိခဲ့ပေ။ သူက တိုက်ပွဲကို အာရုံစိုက်နေဆဲပင်။ လျို့ဝှက် အရိပ်၏ အပြာရောင် အလင်းက ချက်ချင်းပဲ အပြာဖျော့ရောင် ပြောင်းလဲ သွား၏။
“[လေပြေး]!” ထိုအချိန် ဘေးဖက်မှ ပူလိုစ်က အော်ပြောလိုက်မိသည်။ သလင်းကျောက် စက်လုံးထဲက ဇိုလာ၏ ပုံရိပ်က အနည်းငယ် ဝေဝါးသွား၏။ သို့သော် အဝေးပစ်၊ အနီးပစ်၊ ရုပ်ပိုင်းဆိုင်ရာ၊ စွမ်းအင် တိုက်ခိုက်မှု မည်သည့်အရာဖြစ်စေ နတ်မိမယ် နဂါး၏ ခန္ဓာကိုယ်က တစ်ခုခုကြောင့် လှုပ်ရှားပြီး ထိမရခင် အံ့အားသင့်စရာကောင်းအောင် လွင့်ပါသွား သကဲ့သို့ပဲ။ သူက ထိတွေ့၍ မရသော လေပြည်လေးကဲ့သို့ ဖြစ်နေ၏။
ထိုအရာက လေဒြပ်စင်များကို အလွန် ထူးချွန်စွာ အသုံးပြုခြင်း ဖြစ်ပြီး လေစွမ်းအားကို အသုံးပြု၍ ‘ကြိုတင် ခန့်မှန်းခြင်း’မျိုးကို ဖန်တီးခဲ့ခြင်းပင်။ သို့သော် ထိုမျှလောက် ပြင်းထန်သော တိုက်ခိုက်မှုတွင် ပူလိုစ်က ၁၀စက္ကန့်သာ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် ဇိုလာက ၂မိနစ် နီးပါး ‘မျောလွင့်’ နေခဲ့သော်လည်း ပင်ပန်း နွမ်းနယ်သည့် လက္ခဏာ မပြခဲ့ပေ။ ထို့အပြင် လမ်းတလျှောက်ရှိ အသူရာ ချောက်နက် သတ္တဝါများ၏ ခန္ဓာကိုယ် များက လျှပ်စစ် မီးပွားများဖြင့် ရစ်ပတ် ခံရပြီး ခဏတာ လှုပ်ရှား၍ မရဘဲ တိုက်ခိုက်မှုများ မလုပ်နိုင်တော့ပေ။
ထိုအရာက တကယ့် အဆုံးသတ် တိုက်ကွက် မဟုတ်ပေ။ ဇိုလာ လွင့်ပါး သွားပြီးနောက် အသူရာ ချောက်နက် သတ္တဝါများ အားလုံးမှ ပြင်းထန်တဲ့ လျှပ်စီးတွေ ထွက်ပေါ်လာပြီး အနီးနားမှ အဖော်များကို ချိတ်ဆက်ကာ ချက်ချင်း ပေါက်ကွဲ သွားတော့သည်။ အဝေးမှ ကြည့်ရင် ဧရာမ လျှပ်စီးမြွေကြီးများက အသူရာချောက်နက် သတ္တဝါအုပ်စုထဲ ယိမ်းထိုးနေ သကဲ့သို့ပင်။ ဒီရေကဲ့သို့ အသူရာ ချောက်နက် သတ္တဝါများထဲတွင် ကွက်လပ်တစ်ခု ပေါ်လာ၏။
လေဟာနယ် ပြည့်မလာခင်မှာပဲ ဇိုလာရဲ့ ပုံရိပ် နောက်ထပ် တစ်နေရာသို့ ချက်ချင်း ရောက်သွား၏။ တိတ်တဆိတ် စုစည်းထားသော စွမ်းအားများ ပေါက်ကွဲ ထွက်သွားပြီး အနီးအနားရှိ မီတာဒါဇင်ခန့် အတွင်း အသူရာ ချောက်နက် သတ္တဝါများ အားလုံး အပိုင်းအစ ဖြစ်သွားတော့သည်။
တိုက်ခိုက်မှုနည်းလမ်း ဆက်တိုက်က ရေစီးနေသကဲ့သို့ ချောချောမွေ့မွေ့နှင့် တစ်ခုပြီးတစ်ခု ပြီးစီးသွား၏။ ခွန်အား၊ နေရာ၊ အချိန်၊ တိုက်ခိုက် နည်းလမ်းများ နှင့် အခြားအချက်များက အမှန်ပင် ပြီးပြည့်စုံနီးပါး ပေါင်းစပ်ထားသည့်အခါ ဒြပ်စင် မှော်ပညာ ကျွမ်းကျင်သော နတ်သူငယ်များကိုလည်း အံ့အားသင့် စေခဲ့သည်။
“နတ်မိမယ်နဂါးက မွေးရာပါ မှော်ပညာရှင်ပါပဲ။ ကျုပ်သာ ဆိုရင် အသူရာချောက်နက် မကောင်းဆိုးဝါး ဝိုင်းရံ တိုက်ခိုက်ခံရပြီး ကျရှုံးခဲ့ပြီ။” ခယ်ဆာက သက်ပြင်းချလိုက်၏။ သူကလည်း တိုင်းပြည်အဆင့် ထိပ်သီး မှော်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ့ကိုယ်သူ အမြဲ ယုံကြည်မှုရှိနေသော သူက ဇိုလာ၏ အစွမ်းအစကို မြင်ပြီး နောက်တွင် စိတ်လျှော့လိုက်ရသည်။
ကျန်ရှိသော နတ်သူငယ်များက ဘာမှ မပြောကြသော်လည်း စိတ်ထဲတွင်တော့ စကား တစ်လုံး ပေါ်လာခဲ့သည်။ “အံ့မခန်းပဲ!”
သူရဲ့ အစွမ်း အထက်ဆုံး စွမ်းအားကို မသုံးသေးဘူး... ခီလန်ယာက မနေ့က ကြောက်စရာ ရောင်စုံ အဆုံးသတ် တိုက်ကွက်([ဒြပ်စင်အမျက်])ကို တွေးပြီး စိတ်ထဲ၌ တီးတိုးရွတ်လိုက်သည်။
ခီလန်ယာ စိတ်ထဲမှ အနှောင်အဖွဲ့ မပြေလည်သေးသော်လည်း ဇိုလာ၏ စွမ်းရည်က မာရီယာနှင့် စပန်တို့ထက်ပင် အများကြီး သာလွန်ကြောင်း ဝန်ခံရ လိမ့်မည်။ နတ်ဘုရားတစ်ပိုင်း အဆင့်ကို မရောက်သေး သော်လည်း သူ့လိုမျိုး နတ်ဘုရား တစ်ပိုင်း အဆင့် အလတ်ပိုင်းကို ခြိမ်းခြောက်နိုင်သော အစွမ်းရှိနေပြီ ဖြစ်သည်။ ဒြပ်စင် နတ်ဘုရားမ သရဖူကိုလည်း ရထားပြီ ဖြစ်ရာ သူ၏ အနာဂတ်က အကန့် အသတ်မဲ့ပင်။
နတ်ဘုရား တစ်ပိုင်း အဆင့်ကို ရောက်နေတဲ့ နတ်သူငယ် အစွမ်းထက် ပုဂ္ဂိုလ်တွေအောင် အဲဒီနေ့က ဒီလို အခြေအနေမျိုးမှာ သေဆုံးသွားခဲ့ကြပြီ။ သူတို့နှစ်ယောက်က ဘယ်လောက် ကြာကြာ ခံနိုင်မှာလဲ။
ငါ့အဖေရဲ့ လွန်ခဲ့တဲ့ နှစ်၂၀၀၀၀က ရှေ့ဖြစ်ဟောက ဖြစ်လာတော့မှာလား။
နတ်သူငယ် မျိုးနွယ်စုနဲ့ လောက တစ်ခုလုံး...
ဝုန်း! ကောင်းကင်ယံမှ မိုးချုန်းသံ ကြားလိုက်ရသည်။ ခီလန်ယာ မော့ကြည့် လိုက်ရာ မိုးတိမ်များက နေရောင်ခြည်ကို လုံးဝ ဝါးမျိုသွားလေပြီ။ မိုးဖွဲဖွဲလေး ရွာနေပြီ ဖြစ်၏။