အမုန်းတရားဆန္ဒ
Vol. 60 Ch. 974
အဆုံးမဲ့နီးပါး များပြား လှသော ရန်သူများနှင့် ပြင်းထန်သော တိုက်ခိုက်မှု များကို ရင်ဆိုင်ရာတွင် ဇိုလာသည် အေးဆေး ဖြစ်နေပုံ ရသော်လည်း ထင်ထားသည်ထက် ဖိအားပိုများနေ၏။
အသူရာ ချောက်နက်ပန်းကြောင့် အင်အား တိုးလာသော မကောင်းဆိုးဝါး များက တော်တော်လေး ကြောက်စရာ ကောင်းသည်။ အထူးသဖြင့် တိုင်းပြည် အဆင့် ထိပ်သီးပိုင်းကို ရောက်နေသော အသူရာ ချောက်နက် သခင်များပင်။ မကောင်းဆိုးဝါးများက အဖော်များကို ဂရုမစိုက်ကြသည့် အတွက် သူတို့၏ တိုက်ခိုက်မှုများ အလွန်ပင် ပြင်းထန် လာခဲ့သည်။ ထိုအရာက ဇိုလာကို ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်စေခဲ့သည်။
အသူရာချောက်နက်ပန်း အာနိသင်က အချိန် အကန့်အသတ် ရှိလျှင်ပင် ထိုအချိန်အတွင်း ဇိုလာကို အကြိမ် များစွာ သတ်ပစ်ရန် လုံလောက်ပေ၏။ ပို၍ ဒုက္ခပေးသည်မှာ အသတ်ခံရသော မကောင်းဆိုးဝါး အချို့က သွေးမှုန်များ ပေါက်ကွဲပြီး သူတို့၏ အဖော်များကို အင်အား ထပ်တိုးပေးခြင်းပင်။
ထို့ကြောင့် ဇိုလာက အမြဲပင် လှုပ်ရှားနေသော နည်းဗျူဟာ အတိုင်း ပြုလုပ်နေရသည်။ အရေးပါသော ထိခိုက်မှုများကို ရှောင်ရှားရန်၊ သူ၏ ခွန်အား၊ စည်းချက်နှင့် နည်းဗျူဟာ များကို သေသေချာချာ ထိန်းချုပ်ရန်၊ ငြိမ်မနေရန်၊ တစ်ချိန်တည်းတွင် အင်အား များစွာ မကုန်ဆုံးစေရန်နှင့် ရန်သူ၏ အတွင်းထဲသို့ ရုတ်တရက် လိုက်လံ တိုက်ခိုက်ခြင်း မပြုလုပ်ရန် လိုအပ်သည်။
သူက ရပ်နေလျှင် ကြီးမားသော တိုက်ကွက်တစ်ခုဖြင့် မကောင်းဆိုးဝါး အများအပြားကို ရှင်းနိုင်သော်လည်း နောက်မှ လာသော ရန်သူများက ပိုများနေရာ လွှမ်းမိုးခံလိုက်ရမည် ဖြစ်၏။ သူ ယခင်က မှော်ဂိမ်းစမ်းသပ်မှုများထဲ ထိုကဲ့သို့ ရှုံးနိမ့်မှုမျိုး ကြုံခဲ့ဖူးတယ်။ ယခုက စမ်းသပ်မှု သို့မဟုတ် ဂိမ်း မဟုတ်ပေ။ တကယ့် သေရေး ရှင်ရေး တိုက်ပွဲပင်။ တစ်ချက် မှားသည်နှင့် သူ သေသွားပေလိမ့်မည်။ ထိုကဲ့သို့ ထိန်းချုပ်မှုမျိုးက လွယ်ကူသော ကိစ္စ လုံးဝ မဟုတ်ပေ။ ‘ပါးလွှာသောရေခဲပေါ် လမ်းလျှောက်နေသလို’ ဖြစ်နေလေ၏။ အနည်းငယ် မှားယွင်းလျှင် သို့မဟုတ် စွမ်းအား ကုန်ဆုံးသွားသည်နှင့် သူက မကောင်းဆိုးဝါးလှိုင်း ဝိုင်းရံခြင်းကို ခံရပေလိမ့်မည်။
ဇိုလာ၏ အကြီးစား တိုက်ခိုက်မှုက အသူရာချောက်နက် မကောင်းဆိုးဝါး များ၏ တိုက်ခိုက်ရေး စွမ်းအားကို ဆွဲဆောင်နိုင် ခဲ့သည်။ ချန်လွေ့၏ ပုံရိပ်က သဘာဝသစ်ပင်ဆီသို့ ဥက္ကာပျံသဖွယ် တည့်တည့် တိုးဝင်သွား လိုက်သည်။ လမ်းတလျှောက် သူ့ကို တားဆီးရန် ကြိုးစားသော မီးလျှံစုန်းမများက အစွမ်းထက်သော ကြယ်စွမ်းအား အောက်တွင် ဖျက်ဆီး ခံခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်း သူက သဘာဝ သစ်ပင်အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ချန်လွေ့က သဘာဝသစ်ပင်နားသို့ ချဉ်းကပ်လိုက်သည်နှင့် ရုတ်တရက် အရာအားလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ သူ့နှလုံးခုန်သံမှလွဲ၍ အသူရာချောက်နက်မကောင်းဆိုးဝါးများ အပါအဝင် မည်သည့် အသံကိုမှ မကြားရတော့ပေ။
နှလုံးခုန်သံသာ ကျန်တော့၏။
သူ့နှလုံးခုန်သံ။ မဟုတ်ဘူး။ ထပ်ပြီး ရှိသေးတယ်။
သဘာဝသစ်ပင်!
ထူးဆန်းသော သီချင်း တစ်ပုဒ် ကဲ့သို့ပင် အလွန် ထူးခြားသော စည်းချက်က လူများကို ထိုထဲတွင် အလိုလို နစ်မြုပ်သွားစေသည်။
ရုတ်တရက် ချန်လွေ့က သူ၏ နှလုံးခုန်သံက ထိုစည်းချက်အတိုင်း အလိုလို ခုန်နေကြောင်း တွေ့လိုက်ရ၏။
ဒုတ် ဒုတ်...
ဒုတ်ဒုတ် ဒုတ်ဒုတ်...
ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်...
နှလုံးခုန်သံက အလွန် ပြင်းထန်ပြီး မြန်ဆန်နေရာ ချန်လွေ့ ချက်ချင်းပင် တစ်ခုခု လွဲနေကြောင်း ခံစားလိုက်ရ သော်လည်း နှေးစေရန် ထိန်းချုပ် မရခဲ့ပေ။
“ဘုန်း!” သူ့ရင်ဘတ်မှ သွေးအလင်း တစ်ခု ပေါက်ထွက် သွား၏။ အမှန် တကယ်ပင် နှလုံးသား ပေါက်ကွဲသွား လေသည်။
စူပါစနစ်မှ အရှိန်အဝါကူးပြောင်းခြင်း သတိပေးချက်က ချန်လွေ့ကို ပြန်လည် သတိဝင်သွားစေသည်။ သူက ထိတ်လန့် နေရင်း ရင်ဘတ်ကို ကြည့်လိုက်၏။ သံချပ်ကာက ပုံမှန်အတိုင်းပင်။ ထို့ပြင် မမူမှန်ခြင်းလည်း မရှိပေ။ သို့သော် ခုနက ခံစားချက်မှာ လက်တွေ့ ဆန်လွန်းလှ၏။ သူ အချိန်မီ သတိမရခဲ့လျှင် ထိုဖြစ်ရပ်က အမှန်တကယ် ဖြစ်လာနိုင်လေသည်။
ချန်လွေ့ကို ပို၍ အံ့သြစေသည်မှာ သူက ဝိညာဉ် တိုက်စားမှု ပြီးသော အမျက်ဘုရင်ချပ်ကာ ဝတ်ထားခြင်းပင်။ ဆိုလိုသည်မှာ တစ်ဖက်က အသက်သွင်း လိုက်သော စွမ်းအားမှာ ဝိညာဉ် တိုက်စားမှု သက်သက်သာ မဟုတ်ဘဲ “အရှိန်အဝါ” တိုင်းပြည် စွမ်းအား အရော အနှောတစ်ခု ဖြစ်နိုင်ပေ၏။ စိတ်လှည့် သစ်တောမှ ပုံရိပ်ယောင်ကဲ့သို့ တိုင်းပြည် လိုမျိုးပင် ဖြစ်သော်လည်း စွမ်းအားက စိတ်လှည့်သစ်တော တိုင်းပြည်ထက် ပိုမြင့်ပေသည်။
‘အစစ်အမှန်’ နှင့် ‘ပုံရိပ်ယောင်’ ဟု သိသိသာသာ ကွဲပြားခြင်း မရှိပေ။ ‘သေခြင်း’ နှင့် ‘ရှင်ခြင်း’ အကြား ကွာခြားမှုသာ ရှိသည်။ ငါ အသက်ရှင် နိုင်ရင် ဒါက ပုံရိပ်ယောင်ပဲ။ မဟုတ်ရင် အစစ်အမှန်ပဲ။
ချန်လွေ့ တစ်ခုခုကို သဘောပေါက် သွားပုံရသည်။ သူက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည့်အခါ ပတ်ပတ်လည်တွင် ကြယ်များ ရုတ်တရက် ပေါ်လာ၏။ ကြယ်များက အိပ်မက်ဆန်သော အရောင်အသွေး များဖြင့် လင်းလက်နေသည်။ သူ့စိတ်က ကြယ်စင်စုထဲသို့ ပျံ့လွင့်သွားပြီး [ဓူဝံကြယ်နီတိုင်းပြည်] နှင့် တသားတည်း ဖြစ်သွားသကဲ့သို့ပင်။ ထိုအခြေအနေက သူ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုများထဲတွင် ဖော်ပြ ထားသည့် ‘လူသားနှင့်သဘာဝ သဟဇာတဖြစ်ခြင်း’ ဟူသော အံ့သြဖွယ်ရာ အခြေအနေနှင့် ဆင်တူနေ၏။
ထိုအခြေအနေကို ရောက်ပြီးနောက် သဘာဝသစ်ပင်၏ ‘နှလုံးခုန်သံ’က မူမမှန် ဖြစ်နေဆဲ ဖြစ်နေသော်လည်း သူ၏စိတ် သို့မဟုတ် ကြယ်စင်စု ‘စကြာဝဠာငယ်’ ကို မလှုပ်ခါနိုင် တော့သော သာမန် ‘ဆူညံသံ’ နှင့်သာ ညီမျှသွားတော့သည်။
သဘာဝသစ်ပင်၏ နှလုံးခုန်သံက တဖြည်းဖြည်း ငြိမ်သက် သွား၏။ ထိုအရာက အဆုံးသတ် မဟုတ်ဘဲ နောက်ထပ် အခြားသော အစတစ်ခု ဖြစ်သည်။
ပတ်ပတ်လည် အနီရောင် အငွေ့များ စတင်ပေါ်လာသည်။ စိတ်ရှိသလို ပတ်ထားနိုင်သော လက်များကဲ့သို့ပင်။ ၎င်းတို့က ချန်လွေ့ဆီသို့ လျှပ်စီးကဲ့သို့ လှည့်ပတ်သွားလိုက်သည်။ ထိုကဲ့သို့ နူးညံ့ပုံရသော အနီရောင် အငွေ့များတွင် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းသော စွမ်းအားများ ပါဝင်၏။ အငွေ့များ ပွတ်တိုက်ခြင်း ခံရပြီးနောက် ကြယ်ချပ်ကာ၏ မျက်နှာပြင်တွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။
ချန်လွေ့က မဆင်မခြင် မလုပ်ရဲပေ။ သူက စိတ်ကို စုစည်းလိုက်ရာ သူ့ပုံရိပ်က လျင်မြန်စွာ လင်းလက်သွားပြီး ထို ‘လက်မောင်း’များ၏ ဝိုင်းရံမှုကို တစ်ခုပြီး တစ်ခု ရှောင်ရှားနေခဲ့သည်။ သို့သော် ခဏအကြာတွင် သူက ပြဿနာကို ရှာတွေ့သွားခဲ့သည်။ ‘လက်မောင်း’ များ ဖြတ်သွားရာ နေရာတိုင်း နေရာလွတ်က ထူးဆန်းသော အင်အားဖြင့် ပိုင်းခြားခံခဲ့ ရသည်။ ‘လက်မောင်း’များကို အကြိမ် များစွာ ရှောင်ရှားပြီး ရွေ့လျားရသော နေရာလွတ်က တဖြည်းဖြည်း သေးငယ် လာခဲ့သည်။ အမြဲတမ်း ကျုံ့နေသော အိမ်တစ်လုံးထဲ ရှိနေ သလိုမျိုးပင်။ နောက်ဆုံး၌ သူ ပုန်းစရာ နေရာ မရှိတော့ပေ။
‘လက်မောင်း’၏ စွမ်းအားက ထိုထက် ပိုသည်။ အငွေ့များ၏ အငွေ့အသက်က [ဓူဝံကြယ်တိုင်းပြည်] ကို ဆက်လက် ထိုးဖောက် ဝင်ရောက်နေပြီး သူ့ကိုယ်ပိုင် သီးသန့်တိုင်းပြည်ကို ထိုနေရာထဲတွင် တည်ထောင်ရန် ကြိုးစားနေလေသည်။ [ဓူဝံကြယ်တိုင်းပြည်] က ကျူးကျော် လာသော တိုင်းပြည် စွမ်းအားကို တွန်းလှန်ပြီး ဝါးမျိုလိုက်သောအခါ သူ့၏ စွမ်းအားလည်း အားနည်းလာခဲ့သည်။ ချန်လွေ့က ‘လူသားနှင့်သဘာဝ သဟဇာတ ဖြစ်ခြင်း’ အခြေအနေကို ဆက်လက်၍ မထိန်းထား နိုင်တော့ပေ။ အရင်က ‘သေစေနိုင်သော နှလုံးခုန်သံ’ ခံစားချက်က ပြန်လည် မြင့်တက်လာ၏။
ဒီအတိုင်း ဆက်နေ နေမယ်ဆိုရင် ကျရှုံးဖို့က အနှေးနဲ့ အမြန်ပဲ။
ချန်လွေ့၏ မျက်လုံးများ ရုတ်တရက် ပွင့်သွားပြီး မျက်လုံးသူငယ်အိမ်ထဲတွင် ထူးဆန်းသော အလင်းရောင် လှိုင်းထ လာသည်။ ပတ်ဝန်းကျင်က သူ၏မျက်စိ ရှေ့တွင် အရောင်အမျိုးမျိုး ပေါင်းစပ် ထားသော ပုံရိပ်များ ဖြစ်လာသည်။ အပူ အအေးကို မြင်နိုင်သော အနီအောက် ရောင်ခြည် ပစ်မှတ်ထားခြင်းမှ ထွက်ပေါ် လာသော ပုံရိပ်နှင့် အနည်းငယ် ဆင်တူနေသည်။ ထို’အပူအစက်’က စွမ်းအား၏ ပြင်းထန်မှုကို ပြသနေ၏။ ထိုအရာက [အထူးစိစစ်မှု]ပင်!
[အထူးစိစစ်မှု] အခြေအနေတွင် [သရုပ်ခွဲမျက်လုံး] က အရောင် အမျိုးမျိုး အဆက်မပြတ်ပြောင်းလဲနေပြီး သာမန် မျက်စိဖြင့် မမြင်နိုင်သည့် ထူးဆန်းသော ပုံရိပ်တစ်ခု အဖြစ် ပေါင်းစပ်နေသည်။ မရေမတွက် နိုင်သော အရောင် အစက် အပျောက်များအဖြစ် ပိုင်းခြားထားသော ပုံစံကွက် တစ်ခုနှင့် တူသည်။ ‘မျက်လုံး’ အနည်းငယ် မှေးလိုက်ရုံဖြင့် မျက်နှာ အပြည့်အစုံကို မြင်နိုင်လေသည်။
[သရုပ်ခွဲမျက်လုံး] ထဲ၌ အနီရောင် အငွေ့များ နောက်ကွယ်တွင် ‘မျက်နှာ’ ပါသော နိမိတ်ပုံရိပ်တစ်ခု ရှိနေသည်။
ထိုအရာက မရှင်းမလင်း ဖြစ်နေသော အမျိုးသမီး မျက်နှာ ဖြစ်လောက်သည်။ အချိုးအစားများက ပြီးပြည့်စုံနေပြီး မျက်လုံးများ မှိတ်ထား၏။
ချန်လွေ့က ‘မျက်နှာ’ နိမိတ်ပုံရိပ်ကို ပထမဆုံးအကြိမ် မြင်လိုက်သောအခါ သူ့ဝိညာဉ်က အလွန် ကြောက်စရာ ကောင်းသော အရာကို မြင်လိုက်ရသလို တုန်လှုပ်သွား၏။
အမှန်တကယ်၌ ချန်လွေ့က ထို’မျက်နှာ’ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး အမြင်က ဝေဝါးနေဆဲ ဖြစ်သည်။ ထိုကဲ့သို့ အပြင်းအထန် ကြောက်ရွံ့ရခြင်း၏ အကြောင်းရင်းမှာ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ ဝိညာဉ် အမှတ်အသား ကြောင့်ပင်။ ပိုမို၍ တိကျစွာ ပြောရလျှင် လို့ဘ်တောင် မုိင်းတွင်းရှိ အဂ္ဂိရတ် ရဲတိုက်နှင့် မုန်တိုင်း ကျွန်းမှ အဂ္ဂိရတ်မြို့တို့၏ ပေါင်းစပ် အမှတ်အသားကြောင့် ဖြစ်သည်။
ထိုကဲ့သို့ ဝိညာဉ် အမှတ်အသားက ‘အာသာ’၏ ပေါင်းစပ်မှတ်ဉာဏ်နှင့် မတူပေ။ ထိုအရာက ပြင်ပအရာဝတ္ထု တစ်ခုသာ ဖြစ်တာကြောင့် ချန်လွေ့အပေါ် အကျိုးသက်ရောက်မှု အကန့်အသတ် ရှိပေသည်။ သူက ချက်ချင်း စိတ်အေး သွားသော်လည်း ထိုအရာက သူ့ကို ထို’မျက်နှာ’၏ ဇစ်မြစ်အား ထပ်မံ၍ အတည်ပြုပေးခဲ့လေသည်။
ထိုသို့ စဉ်းစားပြီးနောက် [ဓူဝံကြယ် တိုင်းပြည်] ထဲရှိ ကြယ်များက အလင်းရောင်များဖြင့် လင်းလက်လာပြီး ကြယ်စွမ်းအားများ အရှိန်အဟုန် ပြင်းပြင်းနှင့် ဖိသိပ်လိုက်၏။ [ဓူဝံကြယ် တိုင်းပြည်] တစ်ခုလုံးက တဖြည်းဖြည်း ကျုံ့လာပြီး မှိန်ဖျော့သွားလေသည်။
ချန်လွေ့၏ မျက်လုံးမှ ပျက်စီးခြင်း အလင်းများ ထွက်ပေါ်လာပြီး ဖိသိပ် ထားသော ကြယ်စွမ်းအား အကုန်လုံးကို ဖောက်ခွဲပစ် လိုက်ကာ အနီရောင် အလင်းတန်း တစ်ခုက သဘာဝ သစ်ပင်ဆီ တည့်တည့် သွားလိုက်၏။
အနီရောင်အလင်း ဖြတ်သွားသော နေရာတိုင်းတွင် ဆုပ်ကိုင် မရသော အငွေ့များပင် အမှုန်အဖြစ် ပြောင်းလဲကာ အစအန မကျန် ပျောက်ကွယ် သွားသည်။ ပိုင်းခြား ထားသော နေရာလွတ်များလည်း ကွဲအက်သွား၏။ မည်သည့် အရာမဆို အစအနမကျန် ဖျက်ဆီးခံလိုက်ရလေသည်။
ပျက်စီးခြင်း ဇစ်မြစ် စွမ်းအား! ထိုအရာက ချန်လွေ့၏ အစွမ်း အထက်ဆုံးသော တိုက်ခိုက်မှုလည်း ဖြစ်ပေသည်။
[အစစ်အမှန် အနီရောင် ကွယ်ပျောက်]
ထိုတိုက်ကွက်၏ ရည်ရွယ်ချက်က ထိုမြူခိုးများနှင့် နေရာလွတ်ကိုသာမက ထို “မျက်နှာ”လည်း ပါဝင်၏။
နတ်သူငယ်များက ချန်လွေ့ မည်သည့် အရာ ကြုံတွေ့နေရကြောင်း မသိကြ။ သူတို့က ကောင်းကင်မှ အနီရောင် အလင်းများက သဘာဝသစ်ပင်ဆီကို သွားနေကြောင်း မြင်လိုက်ရသည့်အခါ သူတို့ မနေနိုင်ဘဲ ထိတ်လန့်သွားကြ၏။ ဒီလူသားက တကယ်ကြီး သဘာဝ သစ်ပင်ကို ဖျက်ဆီးချင်နေတာလား။
ခီလန်ယာက ထိုအကွက် စွမ်းအားကို အသိဆုံးပင်။ စွမ်းအား ရှုထောင့်မှ ကြည့်လျှင် ၎င်းက သစ်တော တိုင်းပြည် မှထက် အများကြီး သာလွန်သည်။ ၎င်းက သူ၏ အစွမ်းကုန် တိုက်ခိုက်မှု ဖြစ်ပုံရသည်။ သဘာဝ သစ်ပင်က ထူးခြားနေလျှင်ပင် ၎င်းကို လုံးဝ ခုခံ နိုင်မည် မဟုတ်ပေ။
နတ်သူငယ်များ ကြောက်လန့်တကြား ကြည့်နေရင်းမှာပင် လမ်းတလျှောက် နေရာလွတ်များကို ဖြိုခွဲနေသော ကြောက်မက်ဖွယ် အနီရောင်အလင်းက တမုဟုတ်ချင်း ရပ်တန့် သွားလေသည်။ အကြောင်းမှာ သဘာဝ သစ်ပင်ရှေ့ နေရာလွတ်က ထူးထူးဆန်းဆန်း ယိုယွင်း သွားပြီး သွေးနီရောင် ဖြစ်လာ၍ပင်။
သွေးနီရောင်များ တဖြည်းဖြည်း ပေါင်းစည်းလာပြီး ဧရာမ မျက်နှာတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအရာက သဘာဝ သစ်ပင် တစ်ခုလုံးကို လုံးဝနီးပါး ဖုံးလွှမ်းနေသော ‘မျက်နှာ’ တစ်ခုပင်။
မူလက မှိတ်ထားသော မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာ၏။
ထိုမျက်လုံးများ ပွင့်လာသော အခိုက် ‘ဂွက်’ ဟူသော အသံတစ်ခု ထွက်ပေါ် လာပြီး နတ်သူငယ်များ အရှေ့မှ သလင်းကျောက်စက်လုံး၌ အက်ကြောင်း တစ်ခု ပေါ်လာပြီး ပုံရိပ်တစ်ခုလုံးကို ထက်ခြမ်း ခွဲလိုက်၏။ ချက်ချင်းပင် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး သစ်ပင် လူသားများ အသက်သွင်းထားသော အစီအရင် အကာအကွယ်များ စတင်၍ အက်ကွဲလာခဲ့သည်။
နတ်သူငယ်များ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။ သစ်ပင်လူသားများ စုပေါင်းပြီး ဖန်တီး ထားသည့် အစီအရင်အကာအကွယ်များ အလွယ်တကူ ဖောက်ထွင်းခံလိုက်ရ၏။
ခီလန်ယာက လျှပ်တစ်ပြက် အတွင်း အစီအရင် အကာအကွယ် အရှေ့သို့ ရောက်လာသည်။ သူက သေနေပြီ ဖြစ်သော သစ်သား တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မြေပြင်ကို ထိုးစိုက်လိုက်၏။
သစ်သားတောင်ဝှေးကို မြေကြီးထဲ ထိုးစိုက်လိုက်ရာ အလင်းမှုန်လေးများ ထွက်လာပြီး အစီအရင် အကာအကွယ် ထဲသို့ ဝင်သွားသည်။ သစ်ပင်လူသား များ၏ ကိုယ်ပေါ်တွင် အစိမ်းရောင် အနည်းငယ် ပေါ်လာပြီး အစီအရင် အကာအကွယ်၏ စွမ်းအား ရုတ်တရက် အဆများစွာ တိုးလာခဲ့၏။ အက်ကြောင်း များက လျင်မြန်စွာ ပြန်ကောင်းမွန် လာပြီး မြေပြင်တုန်ခါမှုလည်း ရပ်သွားခဲ့သည်။
နတ်သူငယ်များ စိတ်သက်သာရာ ရသွားခဲ့ကြ၏။ ဒါကြောင့် ခီလန်ယာက ရှေ့ဖြစ်ဟော အလူစီယာ ခဏခဏ ကိုင်တတ်တဲ့ သစ်သားတောင်ဝှေးနဲ့ ဒီကို ရောက်လာတာကိုး။ ဆာ-ရှေ့ဖြစ်ဟောက မမျှော်လင့်တဲ့ အခြေအနေ တချို့ကို ကြိုတင် ခန့်မှန်းထားတာပဲ။
သို့သော် ထို’မျက်လုံး’ တစ်စုံက နတ်သူငယ်များကို တုန်လှုပ်နေစေဆဲပင်။ မည်သည့် မျက်လုံးများက ထိုမျှ ကြောက်မက်ဖွယ် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသနည်း။
ခဏလောက် နတ်သူငယ်များ၏ မျက်လုံးတိုင်းက ကွဲအက် နေသည့် သလင်းကျောက် စက်လုံးဆီ ရောက်နေ ကြသည်။ အာရုံစိုက်နေ ကြသည်မှာ အသူရာ ချောက်နက် လှိုင်းအောက် ရေကူးနေသည့် ဇိုလာကို မဟုတ်တော့ဘဲ ကောင်းကင်မှ ချန်လွေ့ကိုပင်။
ချန်လွေ့က ‘မျက်လုံး’ များ၏ ကြောက်မက်ဖွယ် စွမ်းအားကို ပထမဆုံး ခံစားခဲ့ရသူ ဖြစ်သည်။ သူ့ခံစားရသော ဖိအားက အပြင်မှ နတ်သူငယ် ပရိသတ် များထက် အများကြီး ပိုများပေသည်။
‘မျက်လုံး’များ ပွင့်လာသော အခိုက် ရှေ့သို့ ရွေ့လျားနေသော [အစစ်အမှန် အနီရောင်ကွယ်ပျောက်]က ကြီးမားသော စွမ်းအားတစ်ခုဖြင့် ရုတ်တရက် တောင့်ခဲ သွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရ၏။ ထို့နောက် ယခင်က ကြောက်မက်ဖွယ် နှလုံးခုန်သံများ ပြန်မြည်လာသည်။ ဒုတ် ဒုတ် ဒုတ် ဒုတ်...
တစ်ချက်ခုန်လိုက်တိုင်း [အစစ်အမှန် အနီရောင် ကွယ်ပျောက်] ‘မျဉ်းဖြောင့်’က တုန်ခါသွား၏။ ခဏအကြာ [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း] အခြေအနေတွင် [ဓူဝံကြယ်နီတိုင်းပြည်] နှင့် ပေါင်းစပ် ထားသော ချန်လွေ့၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုက ထိုကြောက်မက်ဖွယ် တုန်ခါမှုအတွင်း ဗလာနတ္ထိ ဖြစ်သွား၏။
‘မျက်လုံး’များ ပွင့်လာခြင်း စွမ်းအားက နတ်ဘုရား တစ်ပိုင်း ထိပ်သီးပိုင်းကို သတ်ရန် လုံလောက်သော [အစစ်အမှန် အနိရောင် ကွယ်ပျောက်] ကို လုံးဝ ဖျက်ဆီးလိုက်လေသည်။ ထိုအရာက ပျက်စီးခြင်း ဇစ်မြစ် စွမ်းအားလည်း ဖြစ်၏။ ချန်လွေ့၏ ပျက်စီးခြင်း ဇစ်မြစ် စွမ်းအားက ‘အရည်အသွေး’ ပိုင်းတွင် ရန်သူနှင့် အနည်းငယ် နီးစပ်နိုင် သော်လည်း ‘အရေအတွက်’ ပိုင်းတွင်... သူ၏ ပျက်စီးခြင်း ဇစ်မြစ် စွမ်းအားက ရေတစ်စက်ဖြစ်ပါက သူ့ရှေ့မှ ‘မျက်လုံး’ က ယန်စီမြစ်ပင်။
ထို့အပြင် ချန်လွေ့က ထိုမျက်လုံးကို ကြည့်လိုက်ရာ သူ့နှလုံးခုန်သံ အလိုလို ပြန်ခုန်လာသည်ကို ခံစားလိုက်ရ၏။ ထိုအချိန် ပြင်းထန်သော စိတ်ခံစားမှု တစ်ခုက သူ့ရင်ဘတ်ထဲ ပြည့်နှက်သွား တော့သည်။
အမုန်းတရား။
ကိုယ်ကျိုး စီးပွားအတွက် တခြားသူ တွေကို ထိခိုက်ဖို့ မတွန့်ဆုတ်တဲ့ အပြစ်သားတွေကို မုန်းတယ်။ ပိုက်ဆံနဲ့ အာဏာကို စိတ်ထင်တိုင်း ဖြုန်းတီးပြီး တခြားသူတွေရဲ့ အသက်နဲ့ သိက္ခာကို နင်းခြေနေတဲ့ ချမ်းသာပြီး အာဏာရှိတဲ့ လူမိုက်တွေကို မုန်းတယ်။ အလုပ် မလုပ်ဘဲ ရိတ်သိမ်းနိုင်တဲ့ ကံကောင်းတဲ့ သူတွေကို မုန်းတယ်။ ငါကတော့ အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲနဲ့ အလုပ်လုပ်ရတယ်။ ပျော်ပျော်ရွှင်ရွှင် နေကြတဲ့ ချစ်သူတွေကို ငါ မုန်းတယ်။ ငါ့ရဲ့ ကောလိပ်က တစ်ခုတည်းသော ဆက်ဆံရေးက မိသားစု အခြေအနေ တွေကြောင့် အဆုံးသတ် သွားခဲ့လိူ့။ မိဘတွေနဲ့ ဆွေမျိုးတွေ အသက်ရှင်နေတဲ့ သူတွေကို မုန်းတယ်။ ငါ့ မိဘတွေက ကားမတော်တဆမှုနဲ့ ဆုံးပါးသွားလို့။ ငါ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အဘိုးလည်း နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့တယ်...
အရာအားလုံးကို မုန်းတယ်။
သူ တွေးလေလေ၊ ဒေါသထွက်လာ လေလေ ဖြစ်နေသည်။ သူ၏ နှလုံးသားမှ အမုန်းတရား မီးတောက် လောင်ကျွမ်း နေပုံရပြီး ဝိညာဉ်တစ်ခုလုံးကို ဝါးမျို နေလေ၏။