နတ်မိမယ်နဂါး သေဆုံး သွားပြီလား...
Vol. 60 Ch. 975
ချန်လွေ့က တစ်ခုခု မှားနေကြောင်း အလိုလို ခံစားလိုက်ရသည်။ သူက ခုခံ၊ ရှောင်တိမ်းကာ ထူးဆန်းသော ခံစားချက်ကို ဝါးမျိုရန် စူပါစနစ်ကို အသုံးပြုရန် ကြိုးစားခဲ့ သော်လည်း သူ့ဝိညာဉ် တစ်ခုလုံးက ထိန်းချုပ်မရ ဖြစ်နေပုံ ရသည်။ သူ့စိတ်ထဲတွင် အမုန်းတရားများ အပြင်းအထန် တိုးပွားလာခြင်းက ဆန္ဒအားလုံးကို ကျော်လွှားပြီး အသိစိတ် အားလုံးကို လွှမ်းမိုးသွားခဲ့သည်။
သူက လက်ကျန် စွမ်းအားကို အသုံး မပြုနိုင်တော့ပေ။ သူ၏ အသိစိတ်ထဲ၌ အဆုံးမဲ့ အမုန်းတရားများသာ ရှိနေ ခဲ့လေသည်။
ချန်လွေ့ရဲ့ ဝိညာဉ် တစ်ခုလုံးကို ထိုအမုန်းတရားများ လုံးဝ ဖုံးလွှမ်း တော့မည့် အချိန်မှာပင် သူ့စိတ်ထဲ၌ မီးတောက်ကဲ့သို့ တောက်ပနေသော မျက်လုံး တစ်စုံ ရုတ်တရက် ပေါ်လာ၏။
ထိုအနီရောင် မျက်လုံးထဲတွင် မျက်ရည် တစ်စက် ဖြည်းဖြည်းချင်း စီးကျ လာသော်လည်း အပြုံးတစ်ခု ပေါ်နေသည်။ “ဒါပေမယ့် ကျွန်မ ရှင့်ကို ချစ်နေတုန်းပဲ။ ကြိုက်တာ မဟုတ်ဘူး၊ ချစ်တာ။”
အသက်ရှူသံပြင်းပြင်းက ဖြည်းဖြည်း ငြိမ်သက်သွားပြီး ချန်လွေ့က သူကို စိုက်ကြည့် နေမိ၏။ မမေ့နိုင်သော အမျိုးသမီးကို မြင်လိုက်သည့်အခါတွင် သူ့ခံစားချက်များ ငြိမ်သက်သွားသည်။
ထိုမျက်ရည်တစ်စက်က မြေပြင်ပေါ် ကျသွားပြီး ရေပန်းအဖြစ် ပြောင်းသွား၏။ ကြည်လင်တဲ့ ရေပန်းထဲ၌ ဆံပင်ရွှေရောင် ရှိပြီး ခရမ်းရောင် မျက်လုံးရှိသော အေးစက်စက် အမျိုးသမီး တစ်ယောက် ပုံရိပ်ပေါ်လာသည်။ သူက ချန်လွေ့ကို ငြိမ်သက်စွာဖြင့် ကြည့်နေခဲ့သည်။ “ရှီရာလူစီဖာ ဆိုတဲ့နာမည်နဲ့ ငါမင်းကို အမိန့်ပေးတယ်။ မင်း အသက်ရှင် ရမယ်။”
ထိုစကားက “သတိမေ့မြောခြင်း” ပြီး နိုးတဝက်အိပ်တဝက် အခြေအနေ၌ ကြားခဲ့ခြင်းလား။ သို့မဟုတ် ခံတပ်တွင် လမ်းခွဲခဲ့ ကြစဉ်ကလား။ ချန်လွေ့က စိတ်ပျံ့လွင့်နေစဉ် ကြည်လင်လှသော ရေပန်းက မြူခိုးအဖြစ် ပျောက်ကွယ် သွားခဲ့သည်။ သူ နောက်လှည့်လိုက်ရာ သက်ရှိအားလုံးကို လှုပ်ရှားစေတဲ့ မျက်နှာကို တွေ့လိုက် ရလေသည်။ သူ၏ မျက်လုံးများထဲတွင် ပျော်ရွှင်နေသော မျက်ရည်များ လင်းလက် နေ၏။ “လူလိမ် ပဲနော်... ဟုတ်တယ်မလား။ ကျွန်မရဲ့... သခင်...”
သူ မသိလိုက် ခင်မှာပင် မျက်နှာပေါ်မှ အမုန်းတရားများက အပြုံးယဲ့ယဲ့လေး အဖြစ် ပြောင်းလဲသွားပြီး နောက်ထပ် အသံတစ်ခု ထပ်ထွက်လာပြန်သည်။
“နတ်ဆိုးဘုရားသခင်ရဲ့ မျက်လုံးက ကွယ်နေတာ သေချာတယ်။ ဒီလို မကောင်းတဲ့မိန်းမအတွက် အသက်ကို ပေးဖို့ ဆန္ဒရှိတဲ့ လူမိုက် တစ်ယောက် ရှိသေးတယ်။” ထိုကဲ့သို့ လှပသော အပြာရောင်မျက်လုံးက မျက်ရည်များနှင့် လက်နေပြီး သူ့မျက်နှာကို ညင်သာစွာ ပွတ်သပ် ပေးလိုက်၏။ ဆွဲဆောင်မှု သို့မဟုတ် သွေးဆောင်မှု အပြုအမူများ မရှိဘဲ၊ နူးညံ့မှုသာ ရှိနေသည်။
သူက ထိုလက်များကို ဆုပ်ကိုင်ချင် ခဲ့သော်လည်း နူးညံ့ သိမ်မွေ့သော မျက်လုံးများက တဖြည်းဖြည်း မှေးမှိန် သွားခဲ့သည်။ မျက်မှန်နှင့် ခရမ်းရောင် ဆံပင်ရှိသော နောက်ထပ် မိန်းမလှ တစ်ဦး သူ့ရှေ့တွင် ပေါ်လာပြီး တုနှိုင်း မရသော ဉာဏ်ပညာနှင့် အလှတရား တို့ကို ထုတ်ဖော် ပြသခဲ့သည်။ သူ၏ အမူအရာက အနည်းငယ် ငေးငိုင် သော်လည်း ထိုစိတ်ဝိညာဉ် ကြွယ်ဝသော ခရမ်းရောင် မျက်လုံးများက စကား ပြောနိုင်ပုံရသည်။
“ဘာလဲ”၊ “အိုး”၊ “သိပြီ”.... ဘယ်ဟာက အများဆုံး ပြောတာလဲ။ ချန်လွေ့၏ အကြည့်က နူးညံ့သွား၏။ သူ၏ ညာလက်ကို ရုတ်တရက် တစ်ယောက်ယောက် ဆုပ်ကိုင်လိုက်၏။ ထိုသူက ရေကန်ကဲ့သို့ တည်ငြိမ်ပြီး ကြယ်များကဲ့သို့ နက်ရှိုင်းသော အနက်ရောင် မျက်လုံး တစ်စုံပင်။ စိတ်ခံစားမှု ပြင်းပြင်းနဲ့ ပွေ့ဖက်ခြင်း၊ နမ်းရှိုက်ခြင်း မရှိဘဲ လက်ချင်း ဆုပ်ကိုင် ထားရုံပင်။ သူတို့ တစ်ယောက်ချင်းစီရဲ့ ဘဝတွင် အရေးအကြီးဆုံး အရာကို ဆုပ်ကိုင်ထား သကဲ့သို့ ဖြစ်နေ၏။
“အမြဲတမ်းအတွက် ကျေးဇူးတင် ပါတယ်။ ကျွန်မ ချစ်ရတဲ့ တစ်ဦး တည်းသော ယောက်ျား၊ ကျွန်မသမီးရဲ့... အဖေ...”
“ဖေဖေ! ဖေဖေ!” လေထဲမှာ မီးပွင့်များ လက်ခနဲ ဖြစ်နေပြီး ချန်လွေ့၏ မျက်နှာပေါ်တွင် ဖခင် တစ်ယောက်၏ ဂုဏ်ယူမှုနဲ့ သိမ်မွေ့မှုအဖြစ် ပြောင်းလဲ သွားခဲ့သည်။
ထို့နောက် အသံများ တစ်ခုပြီး တစ်ခု ထွက်လာခဲ့သည်။
“လူလိမ် အစ်ကို!”
“သူဌေး။ ကျွန်မရဲ့ လစာ ဘယ်တော့ တိုးပေးမှာလဲ။”
“တောင်းပန်ပါတယ် ဆာ-အက်ဂ်ယော ... ကျုပ်က တကယ်တော့ ကျုပ်က...”
“ဟေ့၊ အဲဒီ ဉာဏ်များတဲ့ လူသား...”
“ခေါင်းဆောင်! ဆာ-ဦးလေး! ကျေးဇူးပြုပြီးတော့ ကျုပ် ဒူးထောက် တာကို လက်ခံပေးပါ...”
“သခင် တကယ့်ခန့်ညား!”
“ခွေးကောင်။ အဘိုးကြီးက မသေ သေးဘူးကွ!”
“ဆာ-အက်ဂ်ယော!”
“လူဆိုး...”
“...”
အသံများနှင့် ပုံရိပ်များ အားလုံး တစ်ခုနှင့်တစ်ခု ထပ်နေကာ ချန်လွေ့၏ မျက်လုံးအိမ်ထဲတွင် လည်ပတ်နေသော အလင်းတန်းများစွာ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ တစ်ချိန်တည်းပင် သူ၏ အသိစိတ်နှင့် ပြန်လည် ချိတ်မိသွားသော စူပါစနစ်က အလုပ် ပြန်လုပ်နေ တော့သည်။ သူ မသိလိုက် ခင်မှာပင် ထိုကြီးမားသော အမုန်းတရားများက လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ ကြုံတွေ့ခဲ့ရသော ဘဝက နာကျင်စရာများ၊ မမျှတမှုများ၊ ပြည့်နှက် နေသော်လည်း ယခု မုန်းတီးနေစရာ မလိုတော့ပေ။ အကြောင်းမှာ သူက အမုန်းတရားထက် ကျော်လွန်ကာ အဖိုးတန် အရာများကို ပိုင်ဆိုင်ထားပြီ ဖြစ်နေ၍ပင်။
သူ၏ မျက်လုံးထဲတွင် ကြယ်ကဲ့သို့ အလင်းများ ထွက်ပေါ်လာကာ သူ့ရှေ့မှ မျက်လုံးများကို တည့်တည့် စိုက်ကြည့် နေလိုက်သည်။ ထိုအရာက ကြောက်စရာ ကောင်းသော မျက်လုံးများ ဖြစ်သည်။ ချန်လွေ့က အတွင်းမှ ဖျက်ဆီးခြင်းနှင့် အမုန်းတရားကို သေသေချာချာ ခံစား နိုင်ခဲ့သည်။ သူက ပြင်းထန်သော ဖိအားကို ခံစားနေရဆဲ ဖြစ်သော်လည်း အမုန်းတရားက သူ့စိတ်ကို လှုပ်ခါနိုင် တော့မည် မဟုတ်ပေ။
‘ပါးစပ်’က လှုပ်ရှားလိုက်ပြီး အသံက အစွမ်းထက်တဲ့ အဟန့်အတားနှင့်အတူ ထွက်ပေါ်လာ၏။ “မိုက်မဲတဲ့ ပုရွက်ဆိတ်၊ မင်းက အမုန်းတရား နှလုံးသားကို တကယ် ငြင်းပယ်လိုက်တာပဲ...”
ချန်လွေ့ရဲ့စိတ် အေးခဲသွားခဲ့သည်။ ခုနက အရာ အားလုံးကို ပေါင်းစည်းဖို့ ကြိုးစားနေတဲ့ ‘အမုန်းတရား’ က အမုန်းတရား နှလုံးသား ဖြစ်နေတာပဲ!
ဗာရိုနီကာမှာလည်း အမုန်းတရား နှလုံးသားရှိတယ်။ ဒါဆိုရင် ဒီ’မျက်လုံး’ ရဲ့ သခင်က...
တစ်ဖက်လူ အောင်မြင်သွားလျှင် အမုန်းတရား စွမ်းအားက သူ၏ ဝိညာဉ်ထဲ၌ ထိန်းချုပ်မရသော အမှတ် အသား တစ်ခု ဖြစ်လာပြီး သူ ထာဝရ ထိန်းချုပ်ခံရ လိမ့်မည်ဟု အလိုလို ခံစားလိုက်မိသည်။
အသံက အထင်အမြင် သေးစွာဖြင့် ဆက်ပြောတယ်။ “မင်း အသူရာ ချောက်နက်ရဲ့ နှလုံးသားကို ငြင်းပယ် ခဲ့ရင်တောင်၊ ချိပ်ပိတ် ဟာကွက်ကို သုံးပြီးတော့ ငါ စုဆောင်းထားတဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဝါးမျိုခဲ့ ရင်တောင် ဒီလမ်းကြောင်း မကြာခင် ပွင့်လာမယ့် ရလဒ်ကို မင်း ပြောင်းပြန် လှန်နိုင်မှာ မဟုတ်ဘူး!”
“ဘာလို့ အရာအားလုံးကို ဖျက်ဆီး ချင်တာလဲ..” ချန်လွေ့၏ အသံက [သရုပ်ခွဲမျက်လုံး] စွမ်းအားဖြင့် ပေါင်းစပ်ပြီး အဝေးကို ပျံ့နှံ့သွား၏။
အသူရာ ချောက်နက် ဘာသာ စကားဖြင့် ပြောလိုက် ခြင်းကြောင့် ‘မျက်လုံး’ တစ်စုံကို အံ့အားသင့်စေခြင်း မရှိဘဲ ပို၍ပင် အထင်သေး လာခဲ့သည်။ ၎င်းက မဖြေခဲ့ပေ။ သွေးမြူများ ထပ်မံ ပေါ်လာကာ ချန်လွေ့ဆီသို့ ပျံသန်း လာခဲ့သည်။ “မင်းက ပျက်စီးခြင်း ဇစ်မြစ်ကို ပိုင်ဆိုင်ထားတဲ့ အတွက် မင်းရဲ့ ဝိညာဉ်ကို စတေးဖို့ နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်။ မဟုတ်ရင် အမုန်းတရားရဲ့ ကြီးမြတ်တဲ့ ဆန္ဒအောက် မင်း ပြာဖြစ်ရမယ်။”
ချန်လွေ့က မရှောင်တိမ်းခဲ့ပေ။ သူက နောက်မှ တောင်ပံများကို ရုပ်သိမ်းပြီး သူ့ကိုယ်သူ ပတ်လိုက်၏။ ထိုအရာက ကြယ်တောင်ပံ အစောင့်အရှောက်ပင်။
ကြယ်တောင်ပံ အစောင့်အရှောက်က အကာအကွယ်ဒိုင်းထက် အများကြီး ပိုမို၍ အားကောင်းပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တန်ပြန် နိုင်မည့် အခွင့်အရေး ရှိသည်။ သို့သော်လည်း သွေးမြူများ ရှေ့တွင်တော့ သူက ကာကွယ်ခြင်းသာ အသုံးပြုနိုင်လေ၏။ တောင်ပံ အပိုင်းအစများ ဆက်တိုက် ပြုတ်ကျလာနေလေသည်။
‘မျက်လုံး’၏ လွှမ်းမိုးမှု အောက်တွင် အောက်ဘက်ရှိ အသူရာ ချောက်နက် စစ်တပ် အရေအတွက်နှင့် ခွန်အားက သိသိသာသာ ထပ်မံ မြင့်တက်လာသည်။ နတ်ဘုရားတစ်ပိုင်း အဆင့် အသူရာ ချောက်နက်သခင် ပေါ်ထွက်လာခဲ့ပြီး လက်ရွေးစင် မီးလျှံစုန်းမ ခေါင်းဆောင် များလည်း တိုင်းပြည် အဆင့်သို့ ရောက်ရှိ လာခဲ့ကြသည်။
ဇိုလာအတွက် ဖိအားက ရုတ်တရက် အဆများစွာ တိုးလာ၏။ နတ်ဘုရား တစ်ပိုင်း အသူရာ ချောက်နက်သခင် အများအပြား၏ ဓားချီ စွမ်းအင် ပိတ်ဆို့မှု အောက်တွင် သူက နေရာ ပြောင်းရွှေ့ခြင်းဖြင့် ပြောက်ကျား တိုက်ခိုက်၍ မရနိုင်တော့။ ပြောက်ကျား စစ်ဆင်ရေး အတွက် နေရာလွတ်က တဖြည်းဖြည်း သေးငယ်လာ၏။ မျက်စိ တစ်မှိတ်အတွင်း သူက အသူရာ ချောက်နက် စစ်တပ်၏ ဝိုင်းရံခြင်းကို ခံလိုက်ရလေသည်။ အကာအကွယ် မှော်ပညာနှင့် ဝိညာဉ်ချပ်ကာ မရှိပါက အလှမ်းဝေးနှင့် အပြင်း အထန် တိုက်ခိုက်မှုများက ဇိုလာ၏ ခန္ဓာကိုယ်ကို စုတ်ပြဲသွားစေလိမ့်မည် ဖြစ်သည်။
ချန်လွေ့က နတ်မိမယ် နဂါး၏ အန္တရာယ်ကို တွေ့လိုက်သောအခါ အံ့အားသင့် သွားသည်။ သူက ‘မျက်လုံး’ တစ်စုံကို ချက်ချင်း ထားပြီး အောက်သို့ ပြေးဆင်း သွားခဲ့သည်။ သို့သော် သူ အကြိမ်ပေါင်း များစွာ ရွေ့လျားခဲ့ သော်လည်း နေရာတွင်သာ လက်ခနဲ ဖြစ်နေ၏။ ပတ်ဝန်းကျင် နေရာလွတ်ကို ထို’မျက်လုံး’များက အတင်းအကြပ် ပိတ်ဆို့ ထားသကဲ့သို့ပင်။
ချန်လွေ့က ကျယ်လောင်စွာဖြင့် အော်လိုက်ပြီး လေထဲ၌ ထက်မြက်သော ချီစွမ်းအင်များ ထွက်ပေါ် လာခဲ့သည်။ ချက်ချင်းပင် [အရှိန်အဝါ ဓားသွား] ရာနှင့်ချီ ထွက်ပေါ်လာပြီး တစ်နေရာ တည်းကို ခုတ်ပိုင်းလိုက်၏။ သာမန် နေရာလွတ်များ၌ပင် အက်ကြောင်းများ ပေါ်လာရမည် ဖြစ်သော်လည်း အနီးအနား နေရာလွတ်များက အနည်းငယ်ပင် ပြောင်းလဲခြင်း မရှိပေ။ သူက အောက်ဘက်ရှိ ဝိုင်းရံမှုက အလျင်အမြန် ကျုံ့ဝင်လာသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေခဲ့ရ၏။
ထပ်မံ၍ ထွက်ပြေး နိုင်တော့မည် မဟုတ်ကြောင်း သိသောအခါ ဇိုလာက အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ ဒြပ်စင် နတ်ဘုရားမ သရဖူက သူ၏ ခေါင်းပေါ်တွင် ပေါ်လာပြီး သူ၏လက်ထဲရှိ ‘လျို့ဝှက်အရိပ်’ မှော်တုတ်တံက ရုတ်တရက် ရှည်လျားကာ တောင်ဝှေး အဖြစ် ပြောင်းလဲသွား၏။ ဝိညာဉ် လက်နက် အခြေအနေပင်!
ထိုအရာက ‘ကြယ်နီဥပဒေသ’ ဖြင့် ကောင်းချီးပေးထားသော ယုံကြည်မှု သိုင်းဝိညာဉ်ပင်။ ၎င်း၏ စွမ်းအားက သိသိသာသာ တိုးတက်လာ လိမ့်မည် ဖြစ်သော်လည်း ဝိညာဉ် လက်နက်ကို တစ်နေ့ တစ်ကြိမ်သာ သုံး၍ရပြီး တစ်ကြိမ်လျှင် နာရီဝက်သာ အသုံးပြု၍ ရနိုင်၏။ ထိုအရာက အတော်လေး အန္တရာယ်များသော အခြေအနေ ဖြစ်ရာ ဇိုလာက ချက်ချင်း အသက်သွင်းလိုက် လေသည်။
နတ်မိမယ်နဂါးက မှော်တုတ်တံကို မြင့်မြင့်မြှောက်လိုက်ရာ သူ၏ ခေါင်းပေါ်ရှိ သရဖူမှ ပြင်းထန်သော ရောင်စုံ အလင်းများ ထွက်ပေါ်လာတော့သည်။ လေထဲတွင် ၆ရောင်ခြယ် သက်တန့် တစ်ခု ပေါ်လာပြီး ထိုအချိန်တွင် အသူရာ ချောက်နက်သခင်၏ ဓားချက်အပါအဝင် ပတ်ပတ်လည်မှ တိုက်ခိုက်မှုများစွာက ရပ်တန့်သွား၏။
“ဝုန်း!” ဇိုလာက မှော်တုတ်တံကို မြေပြင်ပေါ် ခေါက်လိုက်သည်။
ခေါင်းပေါ်ရှိ သက်တန့်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ဇိုလာကို ဗဟိုပြု၍ ကြီးမားသော ၆ရောင်ခြယ် ရောင်လျှံ တစ်ခု မြေပြင်ပေါ်၌ ပေါ်လာလေသည်။ ၆ရောင်ခြယ် အလင်း တစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော စည်းချက်ဖြင့် လည်ပတ်နေပြီး ဖောက်ထွင်း မြင်ရပြီး အရောင်မဲ့သော ရောင်လျှံထဲသို့ အမြန် ပေါင်းစည်းသွားတော့သည်။
အရောင်မဲ့အလင်းက နူးညံ့သော ခံစားချက်မျိုး ပေးစွမ်းနေပြီး ပတ်လည် ပျံ့နှံ့သွား၏။ မျက်စိတစ်မှိတ်အတွင်း အလင်း ဖြတ်ကျော်ခံရသော အသူရာ ချောက်နက် သတ္တဝါများ အားလုံး ဗလာနတ္ထိ ဖြစ်သွားလေသည်။
[ဒြပ်စင်၆ခုတိုင်းပြည်] ၏ အစွမ်း အထက်ဆုံး တိုက်ခိုက်မှု ဖြစ်သော [ဒြပ်စင်အမျက်] ပင်!
သလင်းကျောက် စက်လုံး အရှေ့တွင် ရှိနေသော ခီလန်ယာက တိတ်တိတ်လေး လန့်သွားမိသည်။ ဒြပ်စင် နတ်ဘုရားမ သရဖူ၏ အားဖြည့်မှုကြောင့် ထိုကဲ့သို့ တိုက်ခိုက်မှု အကျယ်အဝန်းက မနေ့ ကထက် အများကြီး ပိုကြီးလာကာ သူ၏ စွမ်းအားကလည်း မကျဆင်းဘဲ တိုးလာ၏။ ငါ ထပ်ပြီး ခေါင်းချင်းဆိုင်ရင် ခံနိုင်တော့မှာ မဟုတ်ဘူး။
အမှန်တကယ်၌ ဇိုလာ၏ ‘ထပ်တိုး အားဖြည့်မှု’ များက ဒြပ်စင် နတ်ဘုရားမ သရဖူ၊ လျို့ဝှက်အရိပ် မှော်တုတ်တံ၊ မှော်ငှက်တောင် မျက်နှာလွှား အပြင် [ကြယ်အဆင့် တိုးမြှင့်မှု]၊ ယုံကြည်မှု သက်ရှိ တိုးမြှင့်မှု၊ ကြယ်ရာထူး ဂုဏ်သတ္ထိ တိုးမြှင့်မှု၊ မှော်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို ၅၀% တိုးစေသော ‘အစစ်အမှန် ကြယ်ကိုယ်လုပ်တော်’၏ SS+ အဆင့် စိတ်ဝိညာဉ် တိုးမြှင့်မှု၊ ဝိညာဉ်နဲ့စိတ် ထိခိုက်မှုကို နှစ်ဆ ဖြစ်စေပြီး ဒြပ်စင်စွမ်းအား ထိန်းချုပ်မှု နှစ်ဆတိုးစေကာ စိတ်နှင့်ဝိညာဉ် ထိခိုက် ခံရမှုကို လျှော့ချပေးနိုင်သော [အစစ် အမှန် စိတ်ချိုးဖျက်] တို့လည်း ပါဝင်၏။
ထိုအရာများက နတ်မိမယ် နဂါး၏ ပိုအဆင့်မြင့်သော တိုက်ပွဲများအတွက် လျှို့ဝှက်လက်နက်များပင်။ သို့သော် ကိုယ်ပိုင် စွမ်းအားက အရေးအကြီးဆုံး အခြေခံ ဖြစ်လေသည်။ ပြင်ပစွမ်းအား များ၏ အကျိုးသက်ရောက်မှု ကတော့ ကိတ်မုန့် အပေါ်သို့ သကာရည် လောင်းထားခြင်း ဟူ၍သာ ဖော်ပြ နိုင်ပေသည်။
[ဒြပ်စင်အမျက်]၏ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဇိုလာ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဧရာမ စက်ဝိုင်းတစ်ခု ပေါ်လာခဲ့သည်။ နတ်ဘုရားတစ်ပိုင်း အဆင့် အထိ အားတိုးထားသော အသူရာ ချောက်နက် သခင်များမှလွဲ၍ ကျန်တိုင်းပြည်အဆင့် မီးလျှံစုန်းမများ အပါအဝင် အားလုံး ချေမှုန်းခံလိုက်ရ၏။
အသူရာချောက်နက် သခင်များလည်း ဒဏ်ရာများ ရရှိသွားကာ သူတို့၏ အငွေ့အသက်များက သိသိသာသာ အားနည်းသွားလေသည်။
ဇိုလာက လျို့ဝှက်အရိပ်ကို ဆုပ်ကိုင် ထားပြီး အနည်းငယ် မောဟိုက် နေခဲ့သည်။ ယခင်က အသူရာ ချောက်နက် စစ်တပ်တွင် ရပ်နားခြင်း မရှိသော တိုက်ပွဲက စွမ်းအားများစွာ ကုန်ဆုံးစေခဲ့သည်။ ခုနက [ဒြပ်စင် အမျက်] တိုက်ခိုက်မှုက ဒြပ်စင် နတ်ဘုရားမ သရဖူ၏ အားဖြည့်မှု အောက်တွင် အဆများစွာ တိုးတက်လာ ခဲ့သော်လည်း စွမ်းအား ဆုံးရှုံးမှုက နှစ်ဆဖြစ်ခဲ့ပြီး သူ၏ စွမ်းအား အငွေ့အသက် သိသိသာသာ လျော့ကျ သွားခဲ့လေသည်။
အနီးဆုံး အသူရာ ချောက်နက်သခင် နှစ်ကောင်က အသံ တိုးတိုးဖြင့် ဟိန်းဟောက်လိုက်၏။ ဓားရှည်များကို ဝှေ့ယမ်း လိုက်သည်နှင့် အနီရောင် ဖျော့ဖျော့ လခြမ်းလှိုင်းများက မြေပြင်ပေါ် ကြောက်မက်ဖွယ် အက်ကွဲကြောင်းများ ဖြစ်စေကာ ဇိုလာထံ ပျံ့နှံ့သွားခဲ့သည်။
ဇိုလာ ရှောင်တိမ်းနိုင်ပုံ မရတော့ပေ။ ခန္ဓာကိုယ် စုတ်ပြဲပြီး သလင်းကျောက် အလင်းအဖြစ် ပြောင်းလဲသွားသည်။ အလင်းများက ဓားချီစွမ်းအင်နှင့်အတူ ပါသွားပြီး တောက်ပတဲ့ ရောင်စုံ အလင်းအဖြစ် စုစည်းပြီး အသူရာ ချောက်နက်သခင် နှစ်ကောင်ကို အလျင် အမြန် ထိုးဖောက် သွားခဲ့သည်။
ရောင်စုံ အလင်းက အသူရာ ချောက်နက်သခင်များ၏ နောက်တွင် ဇိုလာရဲ့ ပုံရိပ်အဖြစ် ပြန်ပေါင်းစည်း သွားခဲ့သည်။ သူ့ကိုယ်ပေါ်တွင် အရည်လဲ့ ချပ်ကာတစ်စုံ ပေါ်လာပြီး ကွဲကြေ သွားခဲ့သည်။
သူ ခုနက အသူရာချောက်နက်သခင် နှစ်ကောင်၏ ဓားချီစွမ်းအင်ကို အတင်း အကျပ် ခုခံခဲ့ခြင်းက အမှန်တကယ်ပင် အန္တရာယ်များသော ကိစ္စပင်။ အမျက် ဘုရင် ချပ်ကာ၏ ‘ဝိညာဉ်ချပ်ကာ’က နောက်ဆုံး ထိခိုက်မှုကို မခံနိုင်တော့ဘဲ ပျက်စီးသွားတော့သည်။
ဇိုလာက အမှန်တကယ်ပင် နတ်ဘုရား တစ်ပိုင်းအဆင့် အသူရာ ချောက်နက် သခင် နှစ်ကောင်ကို သတ်ပစ်ခဲ့၏။
ပြင်ပစွမ်းအားဖြင့် အတင်းအကျပ် မြှင့်ထားသော စွမ်းအား ဖြစ်သော်လည်း နတ်ဘုရား တစ်ပိုင်း အဆင့်ကိုတော့ ရောက်ရှိခဲ့လေသည်။
ဇိုလာက မှော်တုတ်တံကို လက် နှစ်ဖက်ဖြင့် ကိုင်ထားပြီး မောဟိုက် နေခဲ့သည်။ သူက မှော်စွမ်းအား ပြန်လည် ဖြည့်တင်းပေးသည့် ဆေးရည် တစ်ပုလင်းကို အမြန် သောက်လိုက်၏။ ပစ္စည်းများတွင် ပြန်လည်ဖြည့်တင်းမှုကို အရှိန်မြှင့်သည့် အစွမ်း သတ္တိများ ရှိသော်လည်း ခုနက [ဒြပ်စင်အမျက်] နှင့် ရောင်စုံအလင်း တိုက်ခိုက်မှုက သူ၏ စွမ်းအားကို လုံးဝနီးပါး ကုန်ခန်းသွားစေ ခဲ့သောကြောင့် အချိန်တို အတွင်း ပြန်လည် ဖြည့်တင်းနိုင်မည် မဟုတ်ပေ။
ကျန်ရှိသော အသူရာ ချောက်နက် သခင်များ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ အဝေးမှ [ဒြပ်စင်အမျက်] ဖြင့် မထိခိုက် ခဲ့သော အသူရာချောက်နက် သတ္တဝါ အများအပြားလည်း သူ့ကို အမြန် ဝိုင်းရံ လာနေပြီ။ အခြေအနေက အလွန်အမင်း အရေးကြီးနေလေပြီ။
“ခဏနေဦး။ သူကို လွှတ်လိုက်!” ချန်လွေ့၏ အသံထွက်လာ၏။
ထို’မျက်လုံး’တစ်စုံက စိတ်ပူပန်မှုကို သတိပြုမိသွားသည်။ မျက်လုံးများ လှုပ်ရှား လိုက်သောအခါ မြေပြင်ပေါ်ရှိ အသူရာ ချောက်နက် သခင်များ ရုတ်တရက် ရပ်တန့်သွားပြီး အသူရာ ချောက်နက် စစ်တပ်က ဇိုလာကို အဝေးမှ ဝိုင်းရံထားခဲ့လေသည်။
“ကျုပ် အရှုံးပေးပါ့မယ်။ သူကို ထိခိုက်အောင် မလုပ်ပါနဲ့!”
ကြောက်မက်ဖွယ် ရယ်သံ တစ်ခု ထွက်ပေါ်လာ၏။ “မင်း စဉ်းစားဖို့ အချိန် လွန်သွားပြီ။ ပုရွက်ဆိတ်!”
ထိုစကား ပြောပြီးသွား သည်နှင့် ရပ်တန့်နေသော အသူရာချောက်နက် သတ္တဝါများက အလယ်ရှိ နတ်မိမယ် နဂါးဆီသို့ အရူးအမူး ပြေးသွားကြ၏။ ဇိုလာ၏ ပုံရိပ် သုံးလေးကြိမ် လင်းလက် သွားသော်လည်း သူ မခံနိုင်တော့ပေ။ မျက်စိတစ်မှိတ်အတွင်း သူက အသူရာ ချောက်နက်လှိုင်းများ၏ လွှမ်းမိုးခြင်း ခံလိုက်ရတော့သည်။ အသက်ရှင်သည့် လက္ခဏာ အနည်းငယ်မျှ မရှိတော့ပေ။
နတ်သူငယ်များ တပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။ နတ်မိမယ်နဂါး တကယ် သေသွားပြီ...