နတ်သူငယ်ဘုရင်
Vol. 60 Ch. 979
ချန်လွေ့သည် နတ်သူငယ်များ၏ တုံ့ပြန်မှုကို သတိမထားမိခဲ့ပေ။ သူက ဖန်တီးခြင်းဇစ်မြစ် တိုးတက်လာခြင်း အံ့သြမှုထဲတွင် နစ်မြောနေဆဲပင်။
ဖန်တီးခြင်း ဇစ်မြစ်က အတိုင်းအတာ တစ်ခုအထိ ကျယ်ပြန့်လာပြီး နောက်ဆုံး ရပ်တန့်သွားခဲ့သည်။ ဇစ်မြစ်စွမ်းအားက စစ်မှန်သော ဥပဒေသ အပိုင်းအစအစ ပုံစံသို့ ပြောင်းလဲ သွားခဲ့သည်၊ ဆိုလိုသည်မှာ ဖန်တီးခြင်း ဇစ်မြစ်၏ ဥပဒေသကို တိုက်ရိုက် အသက်သွင်း နိုင်ပြီဟူ၍ပင်။ ထို့အပြင် ချန်လွေ့အတွက် အကျိုးကျေးဇူးများမှာ ထိုမျှမကခဲ့ပေ။
ဖျက်ဆီးခြင်း ဇစ်မြစ်ကို အရာအားလုံး ဖျက်ဆီးပစ်သော မိုးကြိုးနှင့် နှိုင်းလျှင် ဖန်တီးခြင်း ဇစ်မြစ်က ကြီးထွားလာသော သစ်ပင်နှင့် တူ၏။ ယခင်က သူ သေရေး ရင်းရေး အခိုက်အတန့် ကြားတွင် ဖျက်ဆီးခြင်း ဇစ်မြစ်မှတစ်ဆင့် နားလည် ခဲ့သည်မှာ မျိုးစေ့တစ်ခုနှင့် တူသည်။ ‘သစ်သား’ မှော်ဖဲချပ်၏ သက်ရောက်မှု အောက်တွင် မျိုးစေ့များ အညှောင့် ပေါက်လာပြီး ပျိုးပင်များအဖြစ် ကြီးထွား လာခဲ့သည်။ ၎င်း၏ လမ်းညွှန်မှုဖြင့် အနာဂတ်၏ အခြေခံပုံစံက တစ်ဆင့်ပြီး တစ်ဆင့် ပုံဖော်လာမည် ဖြစ်သည်။ စောင့်ရှောက်မှုနှင့် ရေလောင်းပေးမှု တို့ဖြင့် စစ်မှန်သော မိုးထိအောင် မြင့်မားသည့် သစ်ပင်အဖြစ် တစ်ဆင့်ချင်း ကြီးထွားလာမည်မှာ အသေပချာပင်။
ထိုအတွက် အကောင်းဆုံး ‘အာဟာရ’ ကတော့ အလင်းနတ်ဘုရားကျောင်းရှိ သိဒ္ဓိအမွေနှစ် သုံးခုနှင့် ဖန်တီးခြင်း စာအုပ်တို့ပင်။ သာမန်လူများ အတွက် လက်လှမ်းမမှီနိုင်သော ထိုအရာများက ချန်လွေ့အတွက် လက်လှမ်းမမှီသော အရာများ မဟုတ်ပေ။ ဇစ်မြစ်နှစ်ခုလုံးကို ရရှိသည်နှင့် စူပါစနစ်၏ စကြာဝဠာ ဥပဒေသလည်း လုံးဝပြည့်စုံသွားမည် ဖြစ်ပြီး အရည်အသွေး မြင့်မားသော ပြောင်းလဲမှုများဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပေလိမ့်မည်။
ရှေ့ဆက်ရမည့်လမ်းမှာ ဆူးခင်းလမ်းမှ ချောမွေ့သောလမ်းသို့ ပြောင်းလဲသွား သကဲ့သို့ ထူးထူးခြားခြား ရှင်းလင်း နေသည်ကို ချန်လွေ့ ခံစားလိုက်ရပြီး စိတ်ဓာတ်များလည်း သိသိသာသာပင် မြင့်တက်သွား၏။
“စိုက်ပျိုး နိုင်သော ယုံကြည်မှု သက်ရှိကို တွေ့ရှိ။ အဆင့်နှင့် လုပ်ဆောင်ချက်ကို မသိရှိရသေး။ ၎င်းကို ကြယ်အပ်နှင်း စင်မြင့်သို့ ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။ ပြောင်းရွှေ့စိုက်ပျိုးရန် မိနစ်၃၀ ကြာမြင့်မည် ဖြစ်ပြီး ယုံကြည်မှု သလင်းကျောက် သိန်း၁၀၀ ကုန်မည် ဖြစ်သည်။ပြောင်းရွှေ့ပါမည်လား။”
စူပါစနစ်၏ အသိပေးသံကြောင့် ချန်လွေ့က သတိ ပြန်ဝင်လာခဲ့သည်။ သူ၏ လက်ထဲတွင် ထူးဆန်းသော အရာတစ်ခုကို နောက်ဆုံးင် သတိပြုမိ သွားခဲ့သည်။ တကယ် ပျိုးပင်လေး တစ်ခု ရှိနေတာပဲ။
ထိုအရည်အသွေးနိမ့် ဖဲချပ်ကလေးက ပျောက်ကွယ် သွားပြီး ပျိုးပင်လေး ဖြစ်လာ၏။ ထိုပျိုးပင်လေးက သူ၏ လက်ဖဝါးမှ အမှန်တကယ် ‘ကြီးထွား’ လာနေလေသည်။။ ပင်စည်နဲ့ အရွက်များက ကျောက်စိမ်းကို ထွင်းထု ထားသလို စိမ်းလန်းပြီး ချစ်စရာ ကောင်းကာ နူးညံ့ပြီး သန့်စင်သော အသက်ဓာတ်ကို ထုတ်လွှတ်နေ၏။
ဒါက...
ချန်လွေ့က သဘာဝသစ်ပင်၏ မူလ နေရာကို ကြည့်လိုက်သည်။ ထိုနေရာက ကွက်လပ် ဖြစ်နေ၏။ အိုဟောင်းပြီး ခြောက်သွေ့နေသော သစ်ပင်ကြီးနဲ့ ချိပ်ပိတ်များအားလုံး ပျောက်သွားပြီး သူ့လက်ဝါးထဲမှာ ပျိုးပင်လေးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ချန်လွေ့က ရုတ်တရက် သဘောပေါက် သွား၏။ နတ်သူငယ်က ပြောခဲ့ဖူးသည်။ သဘာဝသစ်ပင်က ကိုယ်ပိုင် ဆန္ဒ ရှိသည်ဖြစ်ရာ ခုနက ‘ကိုယ့်ကိုယ်ကိုင် ဖျက်ဆီးခြင်း’က သဘာဝသစ်ပင်၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။ ၎င်းက ရေစင်သုံးမျိုး အကူအညီဖြင့် နောက်ဆုံးသော အသက်ဓာတ်ကို လောင်ကျွမ်း စေလိုက်လေသည်။။
သဘာဝသစ်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀က လမ်းမှားရောက် နတ်သူငယ်များက သွေးစတေးခြင်း စွမ်းအားဖြင့် အသူရာ ချောက်နက် အတွက် လမ်းကြောင်းတစ်ခု ဖွင့်ရန် ကြားခံအဖြစ် အသုံးပြုခဲ့သည်။ ချိပ်ပိတ် ခံရပြီးနောက် ထိုလမ်းကြောင်း လုံး ဝပိတ်သွားခြင်းမရှိဘဲ ချိန်ကိုက်ဗုံးတစ်ခု ဖြစ်လာခဲ့သည်။ သဘာဝသစ်ပင်သည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသော အသူရာချောက်နက် သားပေါက်အသိုက် အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ချန်လွေ့၏ ကံကောင်းစွာပင် အောင်ပွဲ ခံနိုင်ခဲ့ခြင်းကြောင့် ထိုတစ်ကြိမ် အသူရာ ချောက်နက် စွမ်းအားကို ယာယီအားဖြင့် ဖယ်ရှားနိုင်ခဲ့သော်လည်း လမ်းကြောင်း၏ လျှို့ဝှက် အန္တရာယ်များ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သဘာဝ သစ်ပင်ကြီးက မိမိကိုယ်ကို အဆုံးသတ် ခြင်းဖြင့် ‘ရေရှည်ကုသခြင်း’ နည်းလမ်းကို ရွေးချယ်ခဲ့ပြီး အသူရာ ချောက်နက် လမ်းကြောင်းကို လုံးဝ ဖြတ်တောက် လိုက်ခြင်း ဖြစ်ပေသည်။
သဘာဝသစ်ပင်က လုံးဝ ဖျက်ဆီး ခဲ့ခြင်း မဟုတ်ပေ။ အမြုတေ သစ်ရွက် နှစ်ခုနှင့် ဖဲချပ်စုတ် စွမ်းအားဖြင့် အသက် မျိုးစေ့က ချန်လွေ့လက်ထဲတွင် ပြန်လည် အသက်ဝင်လာခဲ့လေသည်။ သဘာဝ သစ်ပင် အသစ် ပြန်မွေးဖွားလာခဲ့ပြီး အဲ..အတိအကျပြောရလျှင် အညှောင့် ကလေးသာ ဖြစ်၏။
မှော်ဖဲချပ်ပေါ်မှ ‘သစ်သား’ကို သတိရ လိုက်သောအခါ ချန်လွေ့ ခဏတာ ပြောစရာ မဲ့သွားခဲ့သည်။။ ဒါက တကယ် ‘သစ်သား’ နဲ့ ပတ်သက်တဲ့ တာဝန်ပဲ... ချိပ်ပိတ်ဖို့ အသုံးပြုတဲ့ သဘာဝသစ်ရွက် နှစ်ရွက်လုံး အလူစီယာဆီက လာတာ။ ပြီးတော့ ဒီအထူးဖဲချပ်နဲ့ ရေစင်သုံးမျိုးရဲ့ အခြေအနေတွေလည်း ရှိနေတယ်။ အဲဒီ ဗေဒင်ဆရာစုတ်က ကြိုပြီးတော့ ကြံစည် တာတွေ ရှိနေတာ အသေအချာပဲ။
သို့သော်လည်း တာဝန်က နောက်ဆုံး ပြီးသွားခဲ့လေပြီ။ အသူရာချောက်နက်၏ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ရုံ သာမက စစ်မှန်တဲ့ ဖန်တီးခြင်း ဇစ်မြစ်ကိုလည်း နားလည်ခဲ့ပြီး ‘စိုက်ပျိုးရသော’ ယုံကြည်မှု သက်ရှိကိုလည်း ရရှိခဲ့ ပေသည်။ ဒီထူးဆန်းပြီး စွမ်းအားရှိသော ယုံကြည်မှုသက်ရှိကို လက်ထဲမှာ ရထားသရွေ့ ဖန်တီးခြင်း ဇစ်မြစ်ကို အပြည့်အဝ နားလည်ရန်မှာ နောက်ပိုင်း လုံးဝ ခက်ခဲမည် မဟုတ်ပေ...
ချန်လွေ့က လက်ထဲရှိ အညှောင့်ကို ပတ်ပတ်လည်မှ နတ်သူငယ်များ စိုက်ကြည့် နေသည်ကို မြင်သည့်အခါ ရုတ်တရက် သတိရ သွားခဲ့သည်။ ထိုခက်ခဲသောတိုက်ပွဲ ပြီးနောက် သူ၏ ဦးနှောက်ပင် ရှုပ်ထွေး သွားခဲ့သည်။ ဒီအညှောင့်က ကောင်းတဲ့ အရာပဲ။ ဒါပေမယ့် ဒါက နတ်သူငယ်မျိုးနွယ်ရဲ့ သေရေးရှင်ရေးနဲ့ပတ်သက်တဲ့ သိဒ္ဓိ သစ်ပင်ပဲ။။ တကယ်လို့ ကြယ်အပ်နှင်း စင်မြင်ဆီ ပြောင်းရွှေ့စိုက်ပျိုး လိုက်မယ် ဆိုရင် နတ်သူငယ်တွေက ပြင်းပြင်း ထန်ထန် ကန့်ကွက်မည်မှာ သေချာ၏။ ‘ဗေဒင်ဆရာ’ကို ပြောစရာ မလိုပေ။ ဒီအဖိုးတန် ကလေးကို ပြန်ပေးဆွဲပြီး ထွက်ပြေးခဲ့လျှင် နောက်ပိုင်း ယောက္ခထီး နတ်သူငယ်ဘုရင်ကို သူ ရင်မဆိုင်နိုင် လောက်ပေ။
“အဟမ်း...” ချန်လွေ့က ချောင်းဟန့် လိုက်ပြီး နတ်သူငယ်များ ကြားထဲမှ လူသားတစ်ဦး၏ တည်ရှိမှုကို အချက်ပြ လိုက်တယ်။ နတ်သူငယ်များ၏ မျက်လုံး အများစုက သူ့ကို အာရုံစိုက်နေပြီး ထူးဆန်းသော အကြည့်များက သူ့ကို ကြက်သီးများ ထစေနေ၏။
သဘာဝသစ်ပင် ပြန်မွေးဖွားလာတော့ နတ်သူငယ်တွေမှာလည်း ယောက်ျားချင်း ကြိုက်တာမျိုး ရှိလာတာလား...
အခြေအနေ ကိုးရိုးကားရား ဖြစ်နေစဉ် ဧကရီလစ်ဗ်က နောက်ဆုံး ပြောလိုက်၏။ “ချစ်လှစွာသော လူသားမိတ်ဆွေ... နတ်သူငယ် မျိုးနွယ်စု အတွက် လုပ်ခဲ့တဲ့ ကိစ္စတွေ အားလုံးအတွက် ကျေးဇူး တင်ပါတယ်။ သဘာဝ သစ်ပင်ရဲ့ အစောင့်အရှောက်နဲ့ ကောင်းချီးပေး ခံရသူ ဖြစ်လာတဲ့ အတွက် ဂုဏ်ယူ ပါတယ်။ မစ်-ဇိုလာနဲ့ ပတ်သက် ပြီးတော့ စိတ်မကောင်းပါဘူး...”
“ဇိုလာ ဘာမှ မဖြစ်ပါဘူး။ သူ့ကို တခြားနေရာ တစ်ခုဆီ ရွှေ့ပြောင်း လိုက်တာပါ။” ချန်လွေ့က လက်ထဲက ပျိုးပင်လေးကို အနည်းငယ် မြှောကပြီး စကားပြောင်းလိုက်၏။ “အရှင်မ ခုနက သဘာဝသစ်ပင်ရဲ့ ကောင်းချီးပေးခံရသူနဲ့ အစောင့် အရှောက်လို့ ပြောလိုက် တာလား။”
“ဟုတ်ပါတယ်။ သဘာဝသစ်ပင်က နတ်သူငယ်မဟုတ်တဲ့ တခြားမျိုးနွယ်ကို အမြင့်ဆုံး ကောင်းချီးပေး ခံရသူနဲ့ အစောင့်အရှောက် အဖြစ် ရွေးချယ်ခဲ့ တာက... ကျွန်မတို့ အတွက် နည်းနည်း မမျှော်လင့် ထားတာ ဖြစ်ပေမဲ့ သိဒ္ဓိ သစ်ပင်ရဲ့ ဆန္ဒကိုတော့ သံသယဖြစ်စရာ မရှိပါဘူး။”
ချန်လွေ့က နားမလည်ဘဲ ခေါင်းညိတ် လိုက်ပြီး ဧကရီလစ်ဗ်က အံ့သြစရာ စကားတစ်ခွန်း ပြောသည်ကို ကြားလိုက် ရ၏။ “ဒါဆိုရင် နတ်သူငယ်မျိုးနွယ်ရဲ့ ဧကရီတစ်ပါးအနေနဲ့ ကျွန်မက အရှင့်ကို ငွေလကောင်းကင်မြို့တော်ဆီ ဖိတ်ခေါ်ပြီး နတ်သူငယ် မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာဖို့ စိတ်ရင်းနဲ့ ဖိတ်ခေါ်ပါတယ်။”
ကောင်းကင်မြို့တော်သို့ ဝင်ရောက်ပြီး နတ်သူငယ် မျိုးနွယ်ဝင် တစ်ဦး ဖြစ်လာဖို့လား။
“နှစ်ပေါင်း ၂၀၀၀၀ ကြာအောင် ကောင်းကင် မြို့တော်ကို ဖုံးလွှမ်းနေတဲ့ အသူရာချောက်နက် ရဲ ဘေးဆိုးကို ဖယ်ရှား ပေးခဲ့ရုံသာမက နတ်သူငယ် မျိုးနွယ်ရဲ့ သိဒ္ဓိ သစ်ပင်ကိုလည်း ကယ်တင် ခဲ့ပြီးတော့ သိဒ္ဓိသစ်ပင်ရဲ့ အသိအမှတ်ပြုခြင်းကိုလည်း ခံခဲ့ရတယ်။ ဒါတွေက နတ်သူငယ်တွေ အားလုံးကို အမှတ်ရစေဖို့နဲ့ ကျေးဇူးတင်စေဖို့ လုံလောက် ပါတယ်။ နတ်သူငယ်တွေရဲ့ သမိုင်းမှာ ဒီလိုမျိုး ကြီးမြတ်တဲ့ အောင်မြင်မှုရှိတဲ့သူက တစ်ဦးတည်း ရှိပါတယ်။ အဲဒါက နတ်သူငယ် မျိုးနွယ်ရဲ့ သူရဲကောင်းဘုရင်ဖြစ်တဲ့ နတ်သူငယ် ဘုရင်ပါပဲ။”
နတ်သူငယ်ဘုရင် ဟုတ်လား။ အဲဒါက ငါ့ယောက္ခထီးနဲ့ အတူတူပဲ မဟုတ်လား။ ကောင်းသားပဲ။ ချန်လွေ့က ပခုံးတွန့် လိုက်၏။ “ဒါပေမယ့် ကျုပ်က လူသားပဲ၊ ဒါက ကိစ္စရှိသေးလား။”
ဧကရီ လစ်ဗ် ခေါင်းညိတ်လိုက်၏။ “အရှင့်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ဆိုရင် ငွေလ ကောင်းကင် မြို့တော်ကို ဝင်ရောက်ဖို့ အတွက် ဘယ်နတ်သူငယ် အမျိုးသမီးကို မဆို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ခွင့် ရှိပါတယ်။ အရှင် သူရဲကောင်းဘုရင်။”
လက်စသတ်တော့ ‘လူမှုဖူလုံရေး’က လက်ထပ်တာကိုး။ ကြိုက်တဲ့ နတ်သူငယ် အမျိုးသမီးကို မဆိုလား။ လှပပြီးတော့ ရင့်ကျက်တဲ့ ဧကရီ အပါအဝင်လား။
ထိုအတွေးများက အပိုမျှသာ ဖြစ်၏။ ဧကရီလစ်ဗ်၏ လေးနက်သော မျက်နှာကို မြင်သောအခါ ချန်လွေ့ ရွှတ်နောက်နာက် မျက်နှာကို ဘေးဖယ်ပြီး ခေါင်းခါလိုက်၏။ “အရှင်မရဲ့ စေတနာကုိ နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နဂိုရည်ရွယ်ချက်က မိတ်ဆွေတွေ အတွက် နတ်သူငယ် မျိုးနွယစုကို ကူညီပေးချင်ရုံပါ။ ကျုပ် ဘာမှ မတောင်းဆိုပါဘူး။ အဲဒါကြောင့် လက်ထပ်တာ လိုမျိုး ကိစ္စတွေကို မပြောပါနဲ့။”
နတ်သူငယ် အမျိုးသမီး အကုန်လုံးက လှပကြသည်။ တစ်ယောက်ကို ကျပမ်း ရွေးလိုက်လျှင်ပင် အဆင့်မှီသည်ထက် ပို၏။ ချန်လွေ့သာ အိမ်ထောင် မရှိသေး ပါက သူ၏ ‘မိတ်ဆွေလေး’ နှင့်အတူ ပျော်ရွှင်ပြီး ကြက်သေသေ သွားမည်မှာ သေချာပေသည်။ သို့သော် ယခုတွင် သလင်းကျောက် မောင်းမဆောင်တွင် လူပြည့်နေပြီ ဖြစ်သည်။ သူလည်း ကျေနပ်နေပြီဖြစ်ရာ သလင်းကျောက် မောင်းဆောင်ကို ပြိုလဲစေနိုင်သော ပြဿနာအတွက် စဉ်းစားသည် ဖြစ်စေ၊ စိတ်ခံစားချက် မပါသည့် နိုင်ငံရေး အိမ်ထောင်ပြုခြင်းကို မကြိုက်၍ ဖြစ်စေ၊ ထိုတောင်းဆိုမှုကို သဘောမတူပေ။
“ ဒီအခွင့်အရေးကို အရှင် အချိန်မရွေး ယူလို့ရပါတယ်...” ဧကရီလစ်ဗ်က မျက်မှောင်ကြုတ် လိုက်သော်လည်း အတင်း မတိုက်တွန်းဘဲ စကားကို တည့်တည့် ပြောလိုက်၏။ “အခု အရှင်က ပြီးမြောက်အောင် လုပ်ပေးရမယ့် အရေး အကြီးဆုံး ကိစ္စတစ်ခု ရှိတယ်။ သဘာဝ သစ်ပင်က ပြန်လည် မွေးဖွားလာပေမယ့် အားအနည်းဆုံးအချိန်ပါ။ အခု ကျွန်မတို့ ရောက်နေတဲ့ နေရာက သဘာဝ သစ်ပင် ကြီးထွားဖို့ အသင့်တော်ဆုံး သဘာဝ အရင်းအမြစ်ပါပဲ။ ဒါပေမယ့် အသူရာ ချောက်နက် စွမ်းအားနဲ့ လုံးဝ ဖျက်ဆီး ခံလိုက်ရပြီ။ အရှင့်ရဲ့ အသက်ဓာတ် ရေစင်၊ ပြန်လည်ရှင်သန်ခြင်း ရေစင်နဲ့ အားမန်ရေစင်တို့ရဲ့ ပြုစုစောင့်ရှောက်မှု နဲ့တောင် အနည်းဆုံး ၂နှစ်တော့ ပြန်လည် ကောင်းမွန်ဖို့ လိုလိမ့်မယ်။ အဲဒီမတိုင်ခင် အရှင်အနေနဲ့ သဘာဝ သစ်ပင်ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားပေးဖို့ ကျွန်မ တောင်းဆို ပါတယ်။”
“ခင်ဗျား ပြောတာက... ကျုပ်ကို ဒီအညှောင့်.. အာ... ဒီသဘာဝ သစ်ပင်ကို ၂နှစ် ကာကွယ်ပေးဖို့လား။” ချန်လွေ့က မျက်လုံး ပြူးသွားခဲ့သည်။ ငါ နားကြားမှားတာများလား။
ဧကရီ လစ်ဗ်က တောင်းပန်သလို ပြောလိုက်၏။ “ဒါက အရှင့်ကို ခက်ခဲ စေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သဘာဝ သစ်ပင်က အရှင့်ကို အစောင့်အရှောက်နဲ့ ကောင်းချီးပေး ခံရသူအဖြစ် ရွေးချယ်ခဲ့တယ်။ ပြီးတော့ အရှင့်မှာ သဘာဝသစ်ပင်အတွက် အလိုအပ်ဆုံး စွမ်းအားကို ပေးနိုင်တဲ့ ဒဏ္ဍာရီလာ ရေစင် ၃ မျိုး ရှိနေတယ်။ ဒါက နတ်သူငယ် အားလုံးရဲ့ တောင်းဆိုချက်လည်း ဖြစ်ပါတယ်... အဲဒါကြောင့် ဒီတောင်းဆိုချက်ကို အရှင် သဘောတူပေးပါ။”
ဒါက ဘာမှ မခက်ခဲပါဘူး။ ချန်လွေ့က စိတ်ထဲ၌ စကားတစ်ခွန်း ပြောလိုက်၏။ သူ အလွန် ပျော်ရွှင် နေသည်။ ခဏတာ တမင်တကာ စဉ်းစားပြီးနောက် သူက ‘အင်တင်တင်’ ခေါင်းညိတ် လိုက်ပြီး ပြောသည်။ “ဒါက နတ်သူငယ် မျိုးနွယ် ရှင်သန်ရေးအတွက် အရေးကြီး ကိစ္စပဲ။ ကျုပ် ငြင်းဆိုစရာ အကြောင်း မရှိပါဘူး။
ဧကရီလစ်ဗ်၏ နောက်ထပ် စကား တစ်ခွန်းက သူ့ကို ကြောင်သွားစေ၏။ “ဒါဆို အရှင် ကောင်ကင်မြို့တော်မှာ ၂နှစ် နေပြီးတော့ သဘာဝအရင်းအမြစ် အပြည့်အဝ ပြန်လည် ကောင်းမွန် လာအောင် စောင့်ဆိုင်းပေးပါ။”
“တောင်းပန် ပါတယ်။ ဒါကတော့ မဖြစ်နိုင်ဘူး။” ချန်လွေ့က ထိုတစ်ခါ လုံးဝ မတွန့်ဆုတ်ဘဲ ပြတ်ပြတ်သားသား ဖြေလိုက်သည်။ သူက ကျက်သရေပြာ အင်ပါယာသို့ ချက်ချင်းသွားရတော့မည် ဖြစ်သည်။ အရေးကြီး အစီအစဉ် အများကြီး ရှိနေ၏။ ထို့ကြောင့် ငွေလ ကောင်းကင်မြို့တော်တွင် နေဖို့က ဝေးရောပင်။ ၂ နှစ်လုံးလုံး နေရန်က ပို၍ပင် မဖြစ်နိုင်။
ဧကရီလစ်ဗ် မျက်မှောင်ကြုတ်လိုက်၏။ “တခြားအရာတွေ ညှိနှိုင်းလို့ရပေမယ့် ဒီအခြေအနေကိုတော့ ငြင်းလို့မရပါဘူး။ နားလည်ပေးပါ အရှင်...”
သူ စကားမဆုံးခင်မှာ ချန်လွေ့က ဖြတ်ပြောလိုက်သည်။ “ဒီတစ်ခါ ကျုပ် တခြားနေရာကို သွားဖို့ အရေးကြီး ကိစ္စတစ်ခု ရှိခဲ့တယ်။ ကျုပ် ကောင်းကင် မြို့တော်ကို လာခဲ့တဲ့ အကြောင်းရင်းက မဟာဆရာသခင် ဖီနိုအီယာကို ကတိ ပေးထားတာ ဖြည့်ဆည်းဖို့ပဲ။ ဆာ-အလူစီယာ ဆီကနေလည်း မတော်တဆ တာဝန်တစ်ခုကို လက်ခံခဲ့တယ်။ အခုက တာဝန် ပြီးသွားပြီ။ ကျုပ် ထွက်သွားဖို့ ဒါမှမဟုတ် သဘာဝ သစ်ပင်ကို ယူသွားဖို့ အတင်းအကျပ် တောင်းဆို ရင်တောင် ခင်ဗျားတို့ ဘယ်သူမှ ကျုပ်ကို တားလို့ မရဘူးလို့ ပြောရင် ချဲ့ကားရာ မရောက်ပါဘူး။ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော ကိုယ်တိုင် လှုပ်ရှားရင်တောင် မထူးဘူး။”
ဖိုက်သွန်ကလည်း ထိုစဉ်က နတ်ဘုရားယောင်အဆင့် ထိပ်သီးပိုင်း၏ ဝိညာဉ်အမှတ်အသားအများ ချန်ထားပြီး ထိုအရာများက ကျက်သရေမျှော်စင်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ် နိုင်စေ၏။ ‘နတ်ဘုရားအဆင့်နှင့် အနီးစပ်ဆုံးသူ’ ဟူ၍ သိကြသော မိုက်ကယ်သည်ပင် ထိုစဉ်က မည်သည်မှ မတတ်နိုင်ခဲ့ပေ။ ထို့အပြင် အလူစီယာ၏ တိုက်ခိုက်ရေး စွမ်းအားက မိုက်ကယ်ထက် ပိုမြင့်မည် ဟူ၍ သူ မထင်ပေ။ ထို့ပြင် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောက အနာဂတ်ကို ကြိုတင် ခန့်မှန်းသည့်အတွက် ပေးဆပ်ရသော တန်ဖိုးကြောင့် စိတ်လှည့်သစ်တောမှ ထွက်သွား၍ မရပေ။ သူ့ရှေ့တွင်ရှိသော နတ်သူငယ်များ၏ စွမ်းအားနှင့် ဆိုရင် အမှန်တကယ် သူ့ကို ထိန်းထားနိုင်မည် မဟုတ်ပေ။
ချန်လွေ့က သဘာဝ သစ်ပင်ကို ယူသွားမည်ဟု ပြောလိုက်ရာ နတ်သူငယ် များက ရုတ်တရက် တီးတိုးပြောဆို ကြတော့သည်။ သူတို့ထဲမှ အတော် များများက မျက်နှာပျက် နေကြပြီး မျက်လုံးထဲတွင် ရန်လိုမှုများ ပေါ်နေ၏။
ချန်လွေ့က ဂရုမစိုက်ဘဲ ပြေသည်။ “ခုနက အသူရာ ချောက်နက်နဲ့ ရင်ဆိုင်တုန်းက ကျုပ် ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်ကို လူတိုင်း မြင်ခဲ့မှာပါ။ ကျုပ်က မိတ်ဆွေတွေကို သေဘေးကနေ ကူညီဖို့ ကြိုးစားခဲ့တာ... မထီမဲ့မြင် ခံရတာမျိုး မဖြစ်စေချင်ဘူး။ ကျုပ်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်။ ကျွန်တော် ငွေလ ကောင်းကင်ကနေ အခု ထွက်သွား တော့မယ်။ သဘာဝ သစ်ပင်ကို ဘယ်နတ်သူငယ် ဆီကိုမဆို ပေးလို့ ရတယ်။ ဖီအိုနီယာနဲ့ ကျုပ်ရဲ့ ခင်မင်မှုကို ထည့်စဉ်းစားပြီးတော့ ရေစင် သုံးမျိုးထဲက တစ်စိတ် တစ်ပိုင်းကို နတ်သူငယ် မျိုးနွယ်ကို ပေးနိုင်တယ်။ ကျန်တာတွေ ကတော့... ထပ်ပြီး ပြောစရာ မလိုဘူးလို့ ထင်တယ်။”
“မင်းက သဘာဝသစ်ပင် အသိအမှတ် ပြုထားတဲ့ အစောင့် အရှောက်ပါ။ သဘာဝ သစ်ပင် ကြီးထွားလာတဲ့အထိ ဒါမှမဟုတ် အောင်မြင်စွာ ပြောင်းရွှေ့ စိုက်ပျိုးတဲ့အထိ မင်းကို စွန့်ခွာလို့ မရဘူး။ မဟုတ်ရင် နွမ်းခြောက်ပြီး သေမယ့် အန္တရာယ် ရှိတယ်။” ထိုအရာက ဧကရီလစ်ဗ် ပြောခြင်း မဟုတ်ဘဲ ခီလန်ယာက ပြောလိုက်ခြင်း ဖြစ်သည်။ “မင်းက သဘာဝသစ်ပင်ကို ယူသွားလို့ ရတယ်။ ကာကွယ်ပေးမယ် ဆိုရင်ပေါ့။”
နောက်ဆုံး စကားက နတ်သူငယ် များကို အံ့သြသွားစေပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေလိုက်ကြသည်။
“ဒီအရှင်မင်းသားမှာ တခြားအမည် တစ်ခု ရှိတယ်။ သူ့ဇနီး နတ်မိမယ်နဂါးက စပန်ရဲ့ သမီးပဲ။” ခီလန်ယာ၏ စကားက နတ်သူငယ် အများအပြား၏ မျက်လုံးကို ဖြေလျှော့ သွားစေခဲ့သည်။ ဒီလူသားက တကယ်တော့ နတ်သူငယ်ဘုရင် စပန်ရဲ့ သားမက်ပဲ ဖြစ်နေတာကိုး!
ဧကရီလစ်ဗ်က အစွမ်းထက် ပုဂ္ဂိုလ် အနည်းငယ်ဆီမှ ဒီဆက်ဆံရေး အကြောင်း သိရှိခဲ့ပြီးပြီ ဖြစ်သော်လည်း သဘာဝသစ်ပင်က နတ်သူငယ် မျိုးနွယ် ဆက်လက် တည်ရှိရေးအတွက် အဓိက သော့ချက်ဖြစ်၏။ သူက ထိုအရာကို လက်လွှတ်ခံမည် မဟုတ်ဘူး။ သူက တစ်ခုခုကို တွေးပြီး ခီလန်ယာကို မေးလိုက်၏။ “သဘာဝ သစ်ပင်ကို ယူသွားဖို့က..ဆရာ့ ရည်ရွယ်ချက်လား။”
ကီလန်ယာက ခေါင်းကို အနည်းငယ် လိုက်သည်။ “ဒါက သဘာဝသစ်ပင် ပြန်လည် အသက်ဝင်လာဖို့ အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ဒါက အဖေ့ရဲ့ နောက်ဆုံး ရှေ့ဖြစ်ဟောလည်း ဖြစ်တယ်။”
“နောက်ဆုံးလား။” နတ်သူငယ်များ အံ့သြသွားကြသည်။
ခီလန်ယာ၏ အကြည့်က မှေးမှိန် သွားခဲ့သည်။ “အဖေ့ရဲ့ အသက်ဓာတ်က နောက်နှစ်နည်းနည်းပဲ ကျန်တော့တယ်။ သူ နောက်ထပ် ရှေ့ဖြစ်ဟော နိုင်တော့မှာ မဟုတ်ဘူး။”
ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောက နတ်သူငယ် မျိုးနွယ်စု၏ အမြင့်ဆုံး နည်းပြ လမ်းညွှန်သူ ဖြစ်သည်။ နတ်သူငယ် မျိုးနွယ်တွင် သူ၏ ဂုဏ်သိက္ခာကို အစားထိုး၍ မရနိုင်ပေ။ အလူစီယာ အသက်ရှင်ရန် နှစ် အနည်းငယ်သာ ကျန်တော့သည်ဟု ကြားသောအခါ နတ်သူငယ်များ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုများ ပေါ်လာပြီး ရန်လိုမှုလည်း ပျောက်ကွယ် သွားခဲ့သည်။ သူတို့က ချန်လွေ့ကို ယုံကြည်ရန် ရွေးချယ်လိုက်ပုံရသည်။
ဧကရီလစ်ဗ်က ပင့်သက်ရှိုက်လိုက်ပြီး ချန်လွေ့ကို ဦးညွှတ်လိုက်၏။ “အရှင်၊ ကျွန်မ ခုနက မရိုမသေ လုပ်ခဲ့မိတာကို ခွင့်လွှတ်ပေးပါ။ သဘာ ဝသစ်ပင်က ကျွန်မတို့ သေရေး ရှင်ရေးနဲ့ ဆက်စပ် နေလို့ပါ။ ဒီလိုဆိုမှတော့ သဘာဝ သစ်ပင်ကို ကောင်းကောင်း ဂရုစိုက် ပေးပါ။ နောက်၂နှစ် ကြာရင် ကောင်းကင် မြို့တော်ကို ပြန်လာပြီးတော့ သဘာဝ သစ်ပင်ကို သဘာဝ အရင်းအမြစ်မှာ စိုက်ပျိုးပေးပါ။ ဒီအတောအတွင်းမှာ နတ်သူငယ် မျိုးနွယ်က အရှင့်ကို ပေးနိုင်တဲ့ အကူအညီတွေ အားလုံးကို ပေးမှာပါ။ အစွမ်းထက် ပုဂ္ဂိုလ်၊ နတ်သူငယ် စစ်တပ်...ပြီးတော့ အင်အား အကြီးဆုံး ဗိုလ်ခြေ နှစ်ခုဖြစ်တဲ့ တစ္ဆေ ပစ်ခတ် ဗိုလ်ခြေနဲ့ နတ်သူငယ်တွေရဲ့ ဒြပ်စင် ဆရာသခင် ဗိုလ်ခြေ အပါအဝင် အားလုံးကို အရှင့်ရဲ့ ဆန္ဒအလျောက် စေလွှတ်နိုင်ပါတယ်။”
“နတ်သူငယ် မျိုးနွယ်စုက ကျုပ်ကို ဒီလိုမျိုး ယုံကြည်တဲ့အတွက် သဘာဝ သစ်ပင်ကို အသက်နဲ့ ရင်းပြီးတော့ ကာကွယ်ပေးမှာပါ။ နောက်၂နှစ်နေရင် ခင်ဗျားတို့ကို ဘာမှ မထိခိုက်စေဘဲ ပြန်ပေးပါ့မယ်။” ချန်လွေ့က နတ်သူငယ် ဧကရီကို ဦးညွှတ်လိုက်၏။ သူတို့ စိုးရိမ်နေသည်ကို ချန်လွေ့ နားလည်၏။ ထို့ပြင် သဘာဝသစ်ပင်က ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်ရန် အတော်လေး အရေးကြီးပေသည်။ ၂နှစ်ကြာ ထိန်းသိမ်းရန်... သို့မဟုတ် ၆လပင် ဖြစ်စေကာမူ၊ သူ သိဒ္ဓိအလင်းတောင်သို့ သွားသော အခါတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင် ပေသည်။ ထို့ကြောင့် သူက မကျေနပ်သော အမူအရာများ မပြ၊ ခြိမ်းခြောက်မှုလည်း မလုပ်ဘဲ နတ်သူငယ် မျိုးနွယ်ကို ဆင်ခြေတစ်ခု ပေးလိုက်၏။
စစ်တပ် စေလွှတ် နိုင်သော အခွင့် အရေးမှာ သဘာဝသစ်ပင် ကြောင့်သာ ဖြစ်ပြီး ချန်လွေ့အတွက် သိပ်ပြီး အကျိုးမရှိလှပေ။ ထို့အပြင် သူလုပ်မည့် ကိစ္စထဲတွင်လည်း နတ်သူငယ်မျိုးနွယ်စု ဝင်မပါစေချင်ပေ။
ချန်လွေ့ ခေါင်းလှည့် လိုက်သည်နှင့် ဖီနိုအီယာ၏ ကျေးဇူးတင်သော အကြည့်ကို မြင်လိုက်ရ၏။ သူက မိတ်ဆွေဟောင်းကို လေးလေးနက်နက် ပြုံးပြပြီး သဘာဝသစ်ပင်ကို ပြောင်းရွှေ့ စိုက်ပျိုးရန် စတင်လိုက်၏။
သဘာဝသစ်ပင် ပြောင်းရွှေ့ခြင်းက အလွန် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ နတ်သူငယ်များ၏ အံ့အားသင့်နေသော အကြည့်အောက်မှာ သဘာဝသစ်ပင်က ချန်လွေ့ လက်ထဲ၌ လုံးဝ ပျောက်ကွယ် သွား၏။ သူတို့က သိဒ္ဓိ သစ်ပင်ကို မမြင်ရသော်လည်း ၎င်းက အသက်ရှင် နေသေးကြောင်း သေသေချာချာ ခံစား မိနေသည်။ ထိုတင်မကသေးပေ။ ၎င်းက မကြုံစဖူး အသက်ဓာတ်တစ်ခုကိုလည်း ထုတ်လွှတ်နေ၏။ နတ်သူငယ်များက ချန်လွေ့ကို ကျေးဇူးတင်စိတ်နှင့် အံ့အားသင့်စိတ် အနည်းငယ်ဖြင့် ကြည့်နေ လိုက်ကြသည်။
ကြယ်အပ်နှင်းခြင်း စင်မြင့်ပေါ်တွင် ပျိုးပင် တစ်ပင် ထပ်မံရောက်ရှိလာ၏။
ထိုပျိုးပင် ကြယ်အပ်နှင်းစင်မြင့်ပေါ် ရောက်လာသည့် အချိန်၌ ချန်လွေ့က စူပါစနစ် တစ်ခုလုံး၏ နေအဖွဲ့အစည်းရှိ အသက်ဓာတ်များ ရုတ်တရက် ပိုမို ကြွယ်ဝလာကြောင်း သေသေချာချာ ခံစားလိုက်ရသည်။ မူလက လူမနေသော ဂြိုဟ်အချို့၌ သက်ရှိလက္ခဏာများလည်း စတင်ပေါ်လာခဲ့သည်။
{ သဘာဝသစ်ပင် }
ကြီးထွားနိုင်သော ယုံကြည်မှုသက်ရှိ၊ အဆင့်မသိ၊ လုပ်ဆောင်ချက် မသိ၊ ပြောင်းရွှေ့စိုက်ပျိုးနိုင်။ လက်ရှိတွင် တစ်ရက် ယုံကြည်မှု သလင်းကျောက် ၁၀၀၀ ကုန်ကျမည်။
လုပ်ဆောင်ချက် မသိရသော်လည်း တစ်ရက်လျှင် ယုံကြည်မှုသလင်းကျောက် ၁၀၀၀ သုံးစွဲရခြင်းကြောင့် ချန်လွေ့က သဘာဝ သစ်ပင်တွင် အခြားသော မှော်ဆန်သည့် အကျိုး သက်ရောက်မှု တစ်ခု ရှိနေနိုင်ကြောင်း ရေးရေးလေး ခံစားမိခဲ့သော်လည်း ၎င်းကို ဂရုတစိုက် လေ့လာရန် အချိန် မရှိခဲ့သည်မှာ နှမြောစရာပင်။ သို့သော် လူမနေသော ဂြိုဟ်များကို အသက် သွင်းနိုင်သည့် အချက်တစ်ခုတည်းဖြင့်ပင် ထိုခရီးက အကျိုးရှိ ခဲ့လေသည်။
သဘာဝ သစ်ပင် ပြဿနာကို ဖြေရှင်းပြီးနောက် ချန်လွေ့က ငွေလ ကောင်းကင်မြို့တော်တွင် မနေတော့ဘဲ တခါတည်း ထွက်သွား၏။ ဧကရီ လစ်ဗ်၊ ဖီနိုအီယာနှင့် အခြားသူများက သူ့ကို ကောင်းကင်မြို့တော် တံခါးဝ အထိ လိုက်ပို့ပေးခဲ့ကြသည်။
သူတို့ ခွဲခွာသောအခါ ချန်လွေ့က ‘အသိအကျွမ်းဟောင်း’ တစ်ယောက်ကို တွေ့လိုက်ရ၏။
အသက် ၁၂နှစ်၊ ၁၃နှစ် အရွယ် နတ်သူငယ် မိန်းကလေးတစ်ယောက်။ အစိမ်းရောင် ဆံပင်ကောက်ကောက်နှင့် လှပပြီး ချစ်စရာကောင်းသော မျက်နှာ။ သူက နှင်းကဲ့သို့ ဖြူဖွေးနေသော သိင်္ဂဿကို စီးနင်းကာ ထိုနေရာသို့ လျှောက်လာနေခဲ့သည်။
လမ်းတွင် ငွေမြင်းပျံ တစ်ကောင်က မတော်တဆ နှာမှုတ် လိုက်ရာ သိင်္ဂဿက ချက်ချင်းပင် ငွေမြင်းပျံကို ဆောင့်နင်းပြီး ခုန်အုပ်မည့်ပုံစံ ပြုလုပ် လိုက်၏။ ငွေမြင်းပျံက လန့်သွားပြီး နောက်ပြန် ပျံသွားသည်။ ကျော်ပေါ်မှ နတ်သူငယ် စစ်သည်တော်ပင် ပြုတ်ကျ လုနီးပါး ဖြစ်သွား၏။
သိင်္ဂဿက ခေါင်းကို မော့လိုက်ပြီး မျက်လုံးထဲတွင် ဝင့်ကြွား နေသော အမူအရာဖြင့် ရှေ့ဆက် သွားလိုက်သည်။
နတ်သူငယ် မိန်းကလေးက ဧကရီ၊ ဖီနိုအီယာနှင့် တခြားသူများကို မြင်လိုက် သောအခါ အံ့အားသင့်သော အမူအရာ ပြသလိုက်၏။ သူက သိင်္ဂဿကို ရှေ့ဆက်သွားရန် ပြောတော့မည့်အချိန် သိင်္ဂဿက သူ့ထက် ပိုမြန်နေ၏။ ၎င်းက နတ်သူငယ် ဧကရီဆီသို့ မဟုတ်ဘဲ ချန်လွေ့ဘက်သို့ ဦးတည်ပြီး သူ့အလိုလို ပြေးလာလိုက်လေသည်။
သိင်္ဂဿက ချန်လွေ့ထံ တစ်လှမ်းချင်း ပြေးလာပြီး အနည်းငယ် တုံ့ဆိုင်းနေပုံ ရသည်။ ချန်လွေ့က အနည်းငယ် ပြုံးပြီး လက်ဆန့်ထုတ်လိုက်သည်။ ရင်းနှီးသော အငွေ့အသက်က နောက်ဆုံး သိင်္ဂဿကို ၎င်း၏ အထင် သေချာစေခဲ့သည်။ ၎င်းက စိတ်လှုပ်ရှားစွာ ဟီလိုက်ပြီး ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။
အနီးအနားမှ နတ်သူငယ်များ အံ့အားသင့်သွားကြ၏။ မင်းသမီးလေး မီရှယ်က လွဲပြီးတော့ အင်အားကြီးတဲ့ နတ်သူငယ်တွေတောင် လိမ္မာအောင် မလုပ်နိုင်တဲ့ ဒီသိင်္ဂဿက ဒီ”သူစိမ်း”နှင့် အတော်လေး ရင်းနှီးနေတယ်။
ချန်လွေ့၏ လက်ထဲတွင် အရှိန်အဝါ သစ်သီးနှစ်လုံး ရှိနေပြီး ၎င်းက သိင်္ဂဿ အကြိုက်ဆုံး အစားအစာ ဖြစ်၏။ လေဖြူက အလွန် ပျော်သွားခဲ့သည်။ အရှိန်အဝါ သစ်သီးများကို စိုက်ကြည့် နေစဉ် ၎င်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မျက်လုံးထဲ၌ မျက်ရည် များဖြင့် ရပ်တန့်သွားခဲ့သည်။
ချန်လွေ့က လေဖြူ မည်သည့်အရာ တွေးနေကြောင်း သိသည်။ အတိတ်မှ မြင်ကွင်းများက သူ့စိတ်ထဲ ပေါ်လာပြီး ဝမ်းနည်းမှုတစ်ခု ဖြစ်လာ၏။ သူက သိင်္ဂဿ၏ လည်ဆံမွှေးကို ညင်သာစွာ ပွတ်သပ်ပြီး [သရုပ်ခွဲမျက်လုံး] ဖြင့် ပြောလိုက်သည်။ “ငါလည်း သူ့ကို သတိရပါတယ်။ လေဖြူ...”
သိင်္ဂဿက ခေါင်းကို ငုံ့လိုက်ပြီး မျက်ရည်များက မြေကြီးပေါ် ကြီးမားစွာ ကျလာ၏။ နတ်သူငယ်များက သူတို့၏ မျက်လုံးတွေပင် မယုံနိုင်ခဲ့ကြပေ။
“အရှင်မ..” ချန်လွေ့က ရုတ်တရက် လှည့်ပြီး နောက်မှ ဧကရီလစ်ဗ်ကို ပြောလိုက်သည်။ “ခင်ဗျား ခုနက ပြောတဲ့ ကောင်းကင်မြို့တော်ကို ဝင်ဖို့ ‘အခွင့် အရေး’ မှာ... နတ်သူငယ်တစ်ပိုင်းကော ပါလား။”
နတ်သူငယ် ဧကရီက အံံ့အားသင့် သွားခဲ့သည်။ ခဏစဉ်းစားပြီးနောက် သူ ပြန်ဖြေလိုက်သည်။ “ပါပါတယ်။”
“ဒါဆို... ကျုပ် ကောင်းကင်မြို့တော်ကို ဝင်ဖို့ အခွင့်အရေးကို အမြဲတမ်း သိမ်းထားပါ့မယ်။” ချန်လွေ့၏ စကားများက ပရိသတ်ထဲမှ နတ်သူငယ် အများစုကို နားမလည်စေခဲ့ပေ။ ဧကရီ လစ်ဗ်နှင့် ဖီနိုအီယာတို့သာ ထိုစကား အဓိပ္ပာယ်ကို နားလည်ခဲ့ကြပြီး တော်ဝင် မင်းသမီး ဖီလီကလည်း ရေးရေးလေး ခန့်မှန်းမိခဲ့သည်။
“တဆိတ်လောက်ပါ။ ရှင်က...” မီရှယ်က သိင်္ဂဿပေါ်မှ ခုန်ဆင်းပြီး တုံ့ဆိုင်းလျက် မေးလိုက်၏။
“ကိုယ့်ကိုယ်ကိုယ်ရော လေဖြူကိုရော ဂရုစိုက်ပါ။” ချန်လွေ့က နတ်သူငယ် မင်းသမီးလေး၏ ခေါင်းကို ပွတ်သပ်ပြီး ပြန်မဖြေပေ။ သူက မင်းသမီးလေး၏ လက်ထဲကို အရှိန်အဝါသစ်သီး လက် တစ်ဆုပ်စာ ထည့်ပေးလိုက်ပြီး နောက်မှ နတ်သူငယ်များကို အနည်းငယ် ဦးညွှတ်ကာ ရှေ့ဆက် လျှောက်သွား၏။
“ဟေ့! ဟို...” မီရှယ်က မျက်လုံး ဝိုင်းဝိုင်းကို ခတ်နေလိုက်ပြီး လူသား၏ နောက်ကျောကို ကြည့်နေသော်လည်း စကား ဆက်မပြောတော့ပေ။
“မီရှယ်...” နတ်သူငယ် ဧကရီက သူ့ဘေးနားမှ ပြောလိုက်သည်။
“အမေ။ ဘာလို့ သူ...”
“သွားကြမယ်။ သမီး ကြီးလာမှ နားလည်မယ့် အရာတွေ ရှိတယ်။”
“သမီး ကြီးလာရင် ဘာမှ သံသယ ဖြစ်စရာ မရှိတော့မှာလား။”
“မဟုတ်ဘူး။ ပိုပြီးတော့ သံသယတွေ ရှိလာလိမ့်မယ်။ အဲဒါက ဘဝပဲ။”
“ဒါဆို သမီး ဘာလုပ်ရမှာလဲ။”
“မျက်လုံးနဲ့ လက်တွေကို အသုံးချ ပြိးတော့ အဖြေရှာ ရမှာပေါ့...”
သားအမိ နှစ်ယောက်၏ အမေးအဖြေ ကဏ္ဍအတွင်း ရှေ့မှ ပုံရိပ် တဖြည်းဖြည်း အဝေးသို့ ရောက်သွားတော့သည်။