စမ်းသပ်ချက်လား
Vol. 60 Ch. 969
ချန်လွေ့က ထိုရင်းနှီးပြီး ကြောက်စရာ ကောင်းသော အငွေ့အသက်ကြောင့် တုန်လှုပ်သွားသည်။ တချိန်တည်းမှာပင် ခီလန်ယာ၏ ပုံစံက ပြောင်းလဲသွားသည်။ မူလက အဖြူရောင်ဝတ်ရုံမှာ ရွှေနီရောင် ချပ်ကာအဖြစ် ပြောင်းလဲသွားပြီးနောက် ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ် ထားသည်။ ငွေရောင်မျက်လုံးများက သွေးနီရောင်သို့ ပြောင်းလဲသွားပြီး ဖျက်ဆီးခြင်း အငွေ့အသက် ပြည့်နှက် နေသော မီးလျှံများက သူ၏ ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့နေပြီး လက်ထဲတွင် ကြာပွတ်ရှည်ကြီး တစ်ချောင်း ရှိ၏။ သူ ဝှေ့ယမ်းလိုက်ရာ လျှပ်စီးနှင့် မီးပွင့်များ လွင့်စင်သွားလေသည်။
ဒါက... အသူရာ ချောက်နက် သတ္တဝါတွေထဲက မီးလျှံစုန်းမပဲ! နတ်ဘုရားတစ်ပိုင်းအဆင့် မီးလျှံစုန်းမက အစွမ်း အထက်ဆုံး သန္ဓေပြောင်း လက်ရွေးစင် ဖြစ်ရမယ်။
ခီလန်ယာ၏ ယခင်က စကားကို ပြန်စဉ်းစားမိလိုက်ရာ ချန်လွေ့၏ စိတ်ထဲ ရုတ်တရက် သိမ့်ခနဲ ဖြစ်သွား၏။ စိတ်လှည့်သစ်တောကို ဖိတ်ခေါ်တာက ထောင်ချောက်လား။
ကျောက်လက်သီးရွာ ကိစ္စတစ်ခုလုံးက ကြောက်စရာကောင်းတဲ့ ထောင်ချောက် တစ်ခု ဖြစ်နေမလား။ နတ်သူငယ် မျိုးနွယ်စုရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေက အသူရာချောက်နက် စွမ်းအားနဲ့ လုံးဝ တိုက်စားခံထားရပြီလား။ ဒီနတ်ဘုရား တစ်ပိုင်းအဆင့် နတ်သူငယ် အမျိုး သမီးနဲ့ ငါ မတွေ့ရသေးတဲ့ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အပါအဝင်လား။
ချန်လွေ့က [သရုပ်ခွဲမျက်လုံး] ကို အသက်သွင်းလိုက် သော်လည်း မနီး မဝေးမှ ခီလန်ယာက မည်သည့် အချက်အလက်မှ ပြမနေပေ။ ထိုအရာက နေရာလွတ် ခေါက်ချိုး တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပေသည်။ သူတို့ကြားမှ တကယ့် အကွာအဝေးက မြင်ရနေသည့် အကွာအဝေးထက် အများကြီး ပိုဝေးပြီး [သရုပ်ခွဲမျက်လုံး] ထောက်လှမ်းနိုင်သော အကွာအဝေးကို ကျော်လွန်နေ၏။
“ဖြန်း!” ခီလန်ယာက မြေပြင်ကို ကြာပွတ်နှင့် ရိုက်လိုက်လေသည်။
မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ် ကောင်းသော အက်ကွဲကြောင်းများ ရုတ်တရက် ပေါ်လာပြီး လျှပ်စီးကဲ့သို့ ချန်လွေ့ဆီသို့ ပျံ့နှံ့သွားသည်။ သူ၏ တိုက်ခိုက်မှုက နေရာ အကန့်အသတ် မရှိပုံရသည်။
အက်ကွဲကြောင်းများ ချန်လွေ့ရှေ့သို့ ရောက်လာသောအခါ ကြောက်မက်ဖွယ် ကောင်းသော အက်ကြောင်းကြီး တစ်ခု ဖြစ်သွား၏။ အက်ကြောင်းကြီးက သွေးနီရောင် ချော်ရည်များဖြင့် ပြည့်နေပြီး ဆက်တိုက် ပေါက်ကွဲနေလေသည်။
ဇိုလာ မျက်တောင် ခတ်လိုက်တဲ့အခါ ချန်လွေ့ရဲ့ ပုံရိပ်က မစ်-နတ်မိမယ် နဂါးနှင့်အတူ လေထဲသို့ ပျောက်ကွယ် သွားခဲ့သည်။
ခီလန်ယာက ဇိုလာ၏ လှုပ်ရှားမှု ဦးတည်ချက်ကို ဆုံးဖြတ်ပြီး ဖြစ်သည်။ ကြာပွတ်တစ်ချက် လွှဲလိုက်ရာ ဇိုလာနှင့် ချန်လွေ့ပတ်လည်တွင် ကြာပွတ်အရိပ် များစွာ ပေါ်လာပြီး ရှောင်တိမ်းရန် လုံးဝ တားဆီး ထားသည့် ကြီးမားသော ပိုက်ကွန် တစ်ခုအဖြစ် လိမ်ယှက်သွား၏။
ချန်လွေ့က ကြာပွတ်အရိပ်ထဲတွင် ပါဝင်သော အစွမ်းထက်သော ဖျက်ဆီး နိုင်စွမ်းနှင့် အထူးမုန်းတီးမှု စွမ်းအားကို သေသေချာချာ ခံစားမိပြီး စိတ်ထဲ၌ အံ့အားသင့်သွားသည်။ ငါ တွက်ထား သလိုပဲ။ ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ တကယ့် အသူရာချောက်နက် စွမ်းအား!
ခီလန်ယာ၏ ခွန်အားက နတ်ဘုရား တစ်ပိုင်း အဆင့် ဖြစ်သောကြောင့် ထိုတိုက်ခိုက်မှု၏ စွမ်းအားမှာ အလွန် အမင်း ကြောက်မက်ဖွယ်ကောင်းသည်။ ဇိုလာ၏ လက်ထဲတွင် လျို့ဝှက်အရီပ် ပေါ်လာသည်။ ရောင်လျှံများ လှိုင်းထပြီး စွမ်းအားဖြင့် စုစည်းထားသော ကြာပွတ် အရိပ်များက တကယ့် အရာဝတ္ထုများ ကဲ့သို့ ရုတ်တရက် ခိုင်မာသွားပြီးနောက် အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။
ခီလန်ယာက မိမိ၏ အစွမ်းထက်သော တိုက်ခိုက်မှုကို တိုင်းပြည် အဆင့်သာ ရှိသော ဇိုလာက အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့၏ သွေးရောင် မျက်လုံးထဲ၌ အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာ၏။ ထိုတိုက်ခိုက်မှုကို လက်ခံရ သည်မှာ ဇိုလာအတွက် မလွယ်ကူခဲ့ပေ။ ချန်လွေ့ရဲ့ ပုံရိပ်က အောက်ဘက် မြေပြင်ပေါ် ရောက်သွားခဲ့သည်။ ဇိုလာက သူ့ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ လိုက်သည်မှာ သေချာပေသည်။
ခီလန်ယာက ‘ပုရွက်ဆိတ်’ ချန်လွေ့ကို လုံးဝ လွှတ်ပေးရန် မရည်ရွယ်ထားခဲ့ပေ။ သူက မြေပြင်ကို ခြေထောက်ဖြင့် နင်းလိုက်ရာ ပတ်ပတ်လည် စီးဆင်း နေသော ချော်ရည်များထဲမှ ကြောက်စရာ ကောင်းသော ပုံရိပ်တွေ အများအပြား ထွက်လာသည်။ ပါးစပ်ကြီး နတ်ဆိုး၊ ဒေါသအိုးနတ်ဆိုး၊ မီးလျှံစုန်းမ၊ အသူရာ ချောက်နက်သခင်နှင့် အခြား မသိသော အသူရာချောက်နက် သတ္တဝါမျိုးစုံတို့က တစ်ခုပြီးတစ်ခု ပေါ်လာပြီး ချန်လွေ့ထံ ပြေးဝင်လာ ကြသည်။ သူတို့က သနားစရာ ကောင်းသော မင်းသား ‘အာသာ’ကို မျက်စိတစ်မှိတ် အတွင်း လုံးဝ ဖျက်ဆီးပစ် နိုင်လေသည်။
ခီလန်ယာက အသူရာချောက်နက် စစ်တပ်ကို ထုတ်လွှတ် လိုက်သည်နှင့် ဇိုလာက လှုပ်ရှားပြီးပြီ ဖြစ်သည်။ သူ၏ မျက်မှန်များ တောက်ပနေ၏။ ယခု သူ၏ မျက်လုံးများကို သေချာကြ ည့်ပါက နတ်မိမယ်နဂါး၏ ခရမ်းရောင် မျက်ဆံ များက အရောင်၆ရောင်ဖြင့် လည်ပတ် နေသည်ကို တွေ့ရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရောင်ခြည်၆ခုက ခီလန်ယာ ပတ်လည်ရှိ မြေပြင်ပေါ်တွင် စတင်ပေါ်လာပြီး ဇိုလာ၏ မျက်ဆံများရှိ အရောင်များကဲ့သို့ လည်ပတ်နေ၏။ ခီလန်ယာက ရှားပါးသော ကပ်ဘေး ခံစားမှုကို အလိုလို ခံစားလိုက်ရသည်။ သူက ကိုယ့်ကိုယ်ကို ကြာပွတ်ဖြင့် ရစ်ပတ်ကာ မီးတောက် စက်ဝိုင်းများဖြင့် ကာကွယ်လိုက်လေသည်။
ရောင်ခြည်၆ခုက ချက်ချင်း ရောယှက် ပေါင်းစပ်ကာ အရည်လဲ့သော အရောင် တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ဆိုလိုသည်မှာ အရောင်မဲ့သွားခြင်း ဖြစ်သည်။ နောက်ထပ်စက္ကန့်ပိုင်းတွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။
ထိုပေါက်ကွဲမှု စွမ်းအားကို စာနှင့် ရေးရန် ခက်ခဲလှပေသည်။
ထိုအရာက ဇိုလာ၏ [ဒြပ်စင်၆ခု တိုင်းပြည်] မှ အသစ် တီထွင်ထားသော အစွမ်းအထက်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး လွန်ခဲ့သော သုံးလေးရက်ခန့်က မိစ္ဆာ ထောင်ခြောက် သင်္ဘော ခရီးစဉ်အတွင်း ချန်လွေ့က မတော်တဆ ဒြပ်-ပြောင်းပြန် လက်နက်များ အကြောင်း နိယာမကို ပြောပြခဲ့ရာမှ စိတ်ကူး ရရှိခဲ့ခြင်းပင်။ ချန်လွေ့က ဒီတိုက်ခိုက်မှုကို [ဒြပ်စင် အမျက်] ဟူ၍ နာမည်ပေးခဲ့သည်။
ဥပမာအားဖြင့် ဒြပ်စင်တစ်ခု ပေါက်ကွဲ နိုင်စွမ်းကို ၁၀ ဟု တွက်ချက်ပါက [ဒြပ်စင်အမျက်] တွင် ဒြပ်စင် ၆ခု၏ တပြိုင်နက်ပေါက်ကွဲမှု စွမ်းအားက အပေါင်းအနုတ်ဒြပ်များ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်နှင့် ညီမျှသည်။ ၎င်းသည် ၆၀သို့မဟုတ် ၆၀၀ မဟုတ်ဘဲ ၁၀၏ ၆ထပ် ဖြစ်သည်။ ဆိုလိုသည်မှာ ၁၀သိန်း ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်း ခီလန်ယာက နူးညံ့တဲ့ အလင်းရောင် အောက်တွင် နစ်မြုပ်သွားခဲ့သည်။ ထိုအလင်းရောင်က ငြိမ်းချမ်းပြီး အန္တရာယ် မရှိသလို ထင်ရသော်လည်း ဘေးနားမှ အသူရာ ချောက်နက် သတ္တဝါများ အားလုံးက မီးလျှံစုန်းမဖြစ်စေ၊ အသူရာချောက်နက် သခင် ဖြစ်စေ၊ ထိုအလင်းရောင်နှင့် ထိတွေ့ လိုက်သည်နှင့် ချက်ချင်း ချေမှုန်း ခံလိုက်ရလေသည်။
သက်ရောက်မှုက အတော်လေး ပြင်းထန်ပြီး ဇိုလာ၏ အကာအကွယ် စွမ်းအားနဲ့ လွှမ်းမိုးထားသော ချန်လွေ့က ကြောက်မက်ဖွယ် သက်ရောက်မှုကို ခံစားမိပြီး တိတ်တဆိတ် ကြောက်လန့် နေခဲ့လေသည်။
နူးညံ့တဲ့အလင်းရောင် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ စွမ်းအားလွန်သော ဖျက်ဆီးမှု၏ ကြောက်မက်ဖွယ်ရာ ခြေရာလက်ရာ တစ်ခု ကျန်ရှိနေ၏။ မြေပြင်က လွန်ကဲသော ယိုယွင်းမှုများ၊ အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး ဆင့်ခေါ်ထားသော အသူရာချောက်နက် သတ္တဝါအားလုံး ပျောက်ကွယ်သွား၏။
‘ဝုန်း’ ဟူသော အသံနှင့်အတူ ကိုင်တွယ်မရသော အရာတစ်ခု ပေါက်ကွဲ ထွက်လာပုံရပြီး နေရာလွတ်ထဲ အက်ကွဲ ကြောင်းများ ထောင်နဲ့ချီ ပေါ်လာပြီး အမှုန့်အဖြစ် ပျောက်ကွယ်သွားသည်ကို မြင်နိုင်ပေသည်။ ထိုအရာက နေရာလွတ် စွမ်းအားပင်။ ဇိုလာ၏ [ဒြပ်စင်အမျက်]က သူတို့ကို မူလက ခွဲခြားထားသော နေရာလွတ်ကို ချိုးဖောက်လိုက်ခြင်းပင်။
ဒီတိုက်ခိုက်မှုက ကြီးမားလှသော စွမ်းအားကို ပြသခဲ့သော်လည်း ဇိုလာ၏ ပေါက်ကွဲမှု၏ ဗဟို၌ လူတစ်ယောက်၏ ပုံရိပ်တစ်ခု တဖြည်းဖြည်း မြင့်တက် လာနေသည်။ ထိုသူက ခီလန်ယာပင်။
ခီလန်ယာ၏ လက်ထဲတွင် ရှိနေသော ကြာပွတ်က လက်ကိုင်တို တစ်ခုသာ ရှိတော့သည်။ သူ၏ ရွှေနီချပ်ကာတွင် အက်ကွဲကြောင်းများ ပြည့်နှက် နေပြီး ထိတ်လန့်ဖွယ် ဒဏ်ရာများစွာ ရှိနေ၏။
“ဟူး”ခနဲ အသံနှင့်အတူ ခီလန်ယာ၏ ခန္ဓာကိုယ်က ပြင်းထန်သော မီးတောက် များဖြင့် ထပ်မံ လောင်ကျွမ်းသွားသည်။ ထိုမီးတောက်ထဲ၌ ပြင်းထန်လှသော မုန်းတီးမှုများ ပါဝင်နေ၏။ မီးတောက်ထဲ၌ သူ၏ ဒဏ်ရာများနဲ့ ချပ်ကာပေါ်က အက်ကွဲကြောင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ လက်ထဲရှိ ကြာပွတ်က မူလအတိုင်း ပြန်ဖြစ်သွား၏။
မီးတောက်များ ဆက်လက် ပျံ့နှံ့နေပြီး နေရာတစ်ခုလုံး လောင်ကျွမ်းနေသည်။ လေထုထဲတွင် ကြောက်မက်ဖွယ်ရာ အပူရှိန်နှင့် ကြမ်းတမ်းသော အငွေ့ အသက်များ ပြည့်နှက်နေ၏။
“ငါ မင်းကို လျှော့တွက်မိသွားတယ်။ နတ်မိမယ်နဂါး!” ခီလန်ယာက ဒေါသတကြီး ပြောလိုက်ပြီး သူ့ခန္ဓာကိုယ် တလျှောက်လုံး ကြောက်မက်ဖွယ် ကောင်းတဲ့ အရှိန်အဝါများ ထွက်လာ၏။ သူ့ရဲ့ ခွန်အားက မလျော့ကျသွားဘဲ ပို၍ အားကောင်းလာသည်။ “နောက်တစ်ခါ ငါ မင်းကို လုံးဝ...”
စကားမဆုံးခင်မှာပင် ထူးဆန်းသော အလင်းရောင်တစ်ခုက ဧရာမ မီးလျှံများ ကြားထဲ ရုတ်တရက် ပေါ်ထွက် လာခဲ့သည်။ ထိုအရာက တလက်လက် တောက်ပနေသော ကြက်သွေးရောင် ကြယ်အလင်း တစ်ခုပင်။
ကြယ်ရောင်အလင်းက မြင်ကွင်း တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွား၏။ ခီလန်ယာ တုန်လှုပ် သွားသည်မှာ ကြယ်အလင်းက ကောင်းကင်ပေါ်ရှိ ဇိုလာထံမှ မဟုတ်ဘဲ မြေပြင်ပေါ်ရှိ... ‘အာသာ’ ထံမှ ဖြစ်နေသောကြောင့်ပင်။
စစ်သည်တော် အဆင့်လောက်သာ ရှိသော ‘ပုရွက်ဆိတ်’ထံမှ ဖြစ်နေ၏။
ခီလန်ယာ နောက်ထပ် တုံ့ပြန်မှု မပြုလုပ် နိုင်ခင်မှာပင် ‘ဥက္ကာပျံ’နီ တစ်ခု သူ့ဆီ ပျံသန်းလာ၏။ ထို’ဥက္ကာပျံ’ ထဲ၌ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုင်းပြည် စွမ်းအား ပါဝင်နေသည်။ ထိုအရာက ယုံကြည်မှုစွမ်းအားနဲ့ အသက်စွမ်းအား ပါဝင်နေသော တကယ့် တိုင်းပြည်ပင်။
ထိုကဲ့သို့ ယုံကြည်မှုနှင့် အသက် စွမ်းအားမျိုးနှင့် ဆိုရင် သူ့လို နတ်ဘုရား တစ်ပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ်ပင် မော့ကြည့်ရုံ တတ်နိုင်၏။
အရေးပေါ်အခြေအနေ၌ ခီလန်ယာက စုဆောင်း ထားသော စွမ်းအားကို “ဥက္ကာပျံ”ဆီသို့ ချက်ချင်း ပို့လိုက်သည်။ ထိုစွမ်းအားက “ဥက္ကာပျံ”ကို ထိမိပြီး ကြီးမားသော စွမ်းအားဖြင့် ပြန်လည် တွန်းထုတ်ခံလိုက်ရသည်။ ချက်ချင်းတွင် ခီလန်ယာက အလွန်အမင်း အန္တရာယ် ရှိသော သတိပေးချက်ကို အလိုလို ခံစား လိုက်ရသည်။ ထိုကပ်ဘေး ခံစားမှုက သူ ခုနက [ဒြပ်စင်အမျက်] ကို ရင်ဆိုင် ခဲ့ရစဉ်ကထက် အဆ၁၀၀ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။ သူ၏ ပတ်လည်တွင် စီးဆင်းနေသော မီးလျှံများပင် တုန်လှုပ်သွား၏။ တစ်ချိန် တည်းမှာပင် ခီလန်ယာ၏ စိတ်ဆန္ဒနှင့် ဝိညာဉ်တို့လည်း လှုပ်ခါသွားလေသည်။
အကြောင်းတစ်ခုခုကြောင့် ဥက္ကာပျံ၏ ပုံရိပ် ရုတ်တရက် နှေးကွေးသွားပြီး နီရဲသော အလင်းရောင် တစ်ခုက ခီလန်ယာ၏ ကိုယ်ခန္ဓာကို ခဏတာ ဖြတ်တိုက်သွားသည်။
ဥက္ကာပျံ အလင်းရောင်က လျင်မြန်စွာ လူသားပုံစံ အဖြစ် စုစည်းသွားသည်။ ထိုသူက ကြယ်ပွင့်ကဲ့သို့ တောက်ပပြီး ကျက်သရေရှိသော ချပ်ကာကို ဝတ်ဆင် ထား၏။
ပုံရိပ်က လက်သီးထိုးသည့် ပုံစံကို ထိန်းထားပြီး လက်သီးက ခီလန်ယာ၏ ဘယ်ဘက်ခြမ်းတွင် ရှိနေလေသည်။ ထိုသူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်က ယခု အားနည်းချက် ဖြစ်နေသော်လည်း ခီလန်ယာက တိုက်ခိုက်ရန် အခွင့်အရေး မယူခဲ့ပေ။ သူ့၏ မျက်လုံးမျာက ရပ်တန့် နေသကဲ့သို့ပင်။
နောက်ထပ် စက္ကန့်ပိုင်းတွင် နောက်မှ နေရာလွတ်ထဲ အနီရောင်မျဉ်း တစ်ခု ပေါ်လာသည်။ ရုတ်တရက် ဆိုသလို ကောင်းကင်နှင့် မြေကြီးအပါအဝင် အနီရောင်မျဉ်းကို ဗဟိုပြု၍ အမြင် ယိုယွင်းမှုတစ်ခု ပေါ်လာပြီး အင်အား တစ်မျိုးမျိုးဖြင့် နှစ်ပိုင်းဖြတ်ခံလိုက်ရ သကဲ့သို့ ဖြစ်သွားခဲ့သည်။
ခီလန်ယာ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။ ရွှေနီ ချပ်ကာ၌ ကြီးမားလှသော အက်ကွဲ ကြောင်းများ ပေါ်လာပြီး လုံးဝ ကြေမွ သွားတော့သည်။
သူ၏ ကိုယ်ခန္ဓာက ယခုတွင် ချွန်ထက်သော အပ်များစွာဖြင့် ထိုးသွင်း ခံထားရသကဲ့သို့ နာကျင်မှု အလွန် ကြီးမားနေသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ သူ၏ ဝိညာဉ်နှင့် စိတ်ဆန္ဒတို့က ထိုကြောက်မက်ဖွယ် ကောင်းသော စွမ်းအားဖြင့် ခြောက်လှန့် ခံထားရပြီး တိုက်ခိုက်ချင်စိတ် လုံးဝ ပျောက်ဆုံးသွားခြင်းပင်။
သူသည် ခုနက လက်သီးချက်၏ နောက်ဆက်တွဲ သက်ရောက်မှုကိုသာ ခံခဲ့ရခြင်း ဖြစ်သည်။
ဒီလက်သီးချက်နဲ့ဆို သူက အချိန်မီ လမ်းကြောင်း မပြောင်းခဲ့ရင် ပုံမှန် အခြေအနေမှာ ငါ့ခန္ဓာကိုယ်က အမှုန့် ဖြစ်သွားမှာပဲ။
ဒါ’အာသာ’ရဲ့ တကယ့် စွမ်းအားလား။
လူတိုင်း ဒီလူသားရဲ့ လှည့်စားတာ ခံခဲ့ရတာပဲ။ ဘာအစောင့်အရှောက်မှ မလိုဘူး။ နတ်မိမယ်နဂါးရဲ့ စွမ်းအား ကတောင် ကာကွယ်ခံထားရတဲ့သူထက် အများကြီး နိမ့်ကျနေတယ်။
ခီလန်ယာက ရုတ်တရက် အချက် နှစ်ချက်ကို နားလည်သွားခဲ့သည်။ ပထမတစ်ခုမှာ ဇိုလာ၏ ‘ရောင်စုံ’ လှုပ်ရှားမှုက နတ်ဘုရား တစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးနှင့် စမ်းသပ် ကြည့်ရုံသက်သက်ပင်။ ဒုတိယမှာ သူ ‘အာသာ’ကို မြေပြင်ပေါ် ချထားရသည့် အကြောင်းရင်းမှာ တိုက်ပွဲကြောင့် သူ့ကို ထိခိုက်မှု မဖြစ်စေရန် မဟုတ်ဘဲ တစ်ချက်တည်း မိမိကို သတ်ပစ်ရန်ပင်။
“ဘာလို့ ငါ့ကို မသတ်တာလဲ။” ခီလန်ယာ ရုတ်တရက် မေးလိုက်၏။
ချန်လွေ့ရဲ့ မျက်နှာပေါ်မှ လေကာက အလိုလို ပင့်တက်သွားပြီး မျက်နှာ ပေါ်လာခဲ့သည်။ သူက လေပူများ မှုတ်ထုတ်ပြီး ပခုံးတွန့် လိုက်သည်။ “ခင်ဗျားက တကယ် အသူရာ ချောက်နက် သတ္တဝါ မဟုတ်ဘူး။ မစ်-နတ်သူငယ်။ အဲဒီ အသူရာချောက်နက် စွမ်းအားတွေက တကယ်တမ်း ထင်ရှားပေမယ့် တကယ် အစစ်အမှန် မဟုတ်ဘူး။ ကျုပ် ခန့်မှန်းတာ မမှားဘူး ဆိုရင် ကျုပ်က တစ်ယောက်ယောက်ရဲ့ တိုင်းပြည်ထဲမှာ ရှိနေတာပဲ။ သူ့ရဲ့ ကာကွယ်မှုနဲ့ဆိုရင် ကျုပ် ခုနက လက်သီးချက်နဲ့ ခင်ဗျားကို ထိတောင် ခင်ဗျား သေမှာ မဟုတ်ဘူး... စိတ်လှည့် သစ်တောဆိုတာက နာမည်ကောင်းပဲ။ ကျုပ် အတော်လေး လန့်သွားခဲ့တာ။”
အမှန်တွင် အဂ္ဂိရတ် အဖွဲ့အစည်း အပျက်အစီး နှစ်ခု၏ မှတ်ဉာဏ်ရှိပြီး အသူရာချောက်နက်နှင့် အမှန်တကယ် ရင်ဆိုင် ခဲ့ဖူးသော ချန်လွေ့က ထို’အသူရာချောက်နက်’တွင် တစ်ခုခု လွဲနေကြောင်း အစကတည်းက ခံစားမိ နေခဲ့သည်။ အထူးသဖြင့် ခုနက ခီလန်ယာကို ချဉ်းကပ်ချိန် [သရုပ်ခွဲ မျက်လုံး] ၌ ပြသသော အချက်အလက် များက ထိုနတ်သူငယ်တွင် အသူရာ ချောက်နက် ဂုဏ်သတ္တိ မရှိသောကြောင့် ထိုမုန်းတီးမှုစွမ်းအားက ‘အခွံ’ တစ်ခု ဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။ ၎င်းက ဗာရိုနီကာ၏ မုန်းတီးမှုနဲ့ ကမ္ဘာခြား ပေသည်။ စူပါစနစ်ထဲမှ ဝိညာဉ်စွမ်းအား ပုံရိပ်ယောင် သတိပေးချက်နှင့် ပေါင်းစပ် လိုက်သည့်အခါ သူ၏ မှန်းဆချက်ကို ပိုမို သေချာစေလာခဲ့သည်။
“ခုနက ကျုပ်ရဲ့ ရိုင်းပြမှု အတွက် တောင်းပန်ပါတယ်။ မစ်-ခီလန်ယာ။” ချန်လွေ့က လက်သီးကို ပြန်ရုပ်လိုက်ပြီး အနည်းငယ် နောက်ဆုတ်လိုက်သည်။ သူ၏ကိုယ်ပေါ်က ကြယ်ချပ်ကာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တိုင်းပြည်အသက် ပါရှိသော အသံက အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။ “ကျုပ်က စမ်းသပ်ချက် တစ်မျိုးမျိုးကို ဖြတ်ကျော် ပြီးပြီလို့ ထင်ပါတယ်။ ဆာ-အလူစီယာ။”
ထိုသို့ပြောပြီးနောက် ပတ်ဝန်းကျင်ရှိ ပျက်စီးသွားခဲ့သော ပတ်ဝန်းကျင်က နောက်ပြန်ရစ် လိုက်သကဲ့သို့ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသည်။ စက္ကန့် အနည်းငယ် အကြာတွင် သွေးနီရောင်နှင့် မီးလျှံပူပြင်းမှုများ ပျောက်ကွယ်သွားပြီး စိမ်းလန်းစိုပြည် ထူထပ်သော သစ်တော အဖြစ်သို့ ပြန်လည်ရောက်ရှိသွား၏။
ချန်လွေ့ စွန့်ပစ်ခဲ့သော အစိမ်းရောင် စ်ရွက်သည် သူ့လက်ထဲ ပြန်ရောက်လာ လေသည်။ အစိမ်းရောင် သစ်ရွက်ကို ရသည်နှင့် ချန်လွေ့နှင့် ဇိုလာတို့က နေရာလွတ်၌ အပြောင်းအလဲ တစ်ခုကို ခံစားမိပြီး သူတို့က တဲအိမ် အရှေ့သို့ ရောက်ရှိသွားကြသည်။
တဲအိမ်တံခါး အလိုလို ပွင့်လာပြီး အက်ရှရှ အသံတစ်သံ ထွက်လာသည်။ “ကြိုဆိုပါတယ်။ လောကရဲ့ အနာဂတ်ကို ကိုင်စွဲထားတဲ့ လူသား၊ ဒြပ်စင်ကောင် တွေရဲ့ မျှော်လင့်ချက် အလင်းရောင်နဲ့ စပန်နဲ့မာရီယာရဲ့ သမီး။”