စိတ်လှည့်သစ်တော ထောင်ခြောက်
Vol. 60 Ch. 968
ခန်းမထဲတွင် လူပုများနှင့် နတ်သူငယ် များလည်း ပျော်ရွှင်စွာ အော်ဟစ်နေ ကြသည်။ ချန်လွေ့ ခုနက အသုံးပြု လိုက်သော ကုသမှုက မယုံနိုင်စရာ ကောင်းလှသည်။ ပြင်းထန်စွာ ဒဏ်ရာ ရရှိထားပြီး သေလုနီးပါး ဖြစ်နေသူများ အားလုံး သေမင်းတမန်၏ လက်ထဲမှ ပြန်ဆွဲခေါ် နိုင်ခဲ့လေသည်။ လုံးဝ ပျောက်ကင်းရန် အချိန် အတော်ကြာ လိုအပ်မည် ဖြစ်သော်လည်း အနည်းဆုံး အသက်အန္တရာယ် မရှိတော့ပေ။
အကြီးကျယ်ဆုံး သူရဲကောင်း ဖြစ်သူ ချန်လွေ့က ယခုအခါ ခန်းမထဲတွင် မရှိတော့ပေ။ သူက ဖီနိုအီယာနှင့်အတူ ခန်းမအပြင်ဘက်သို့ လိုက်ပါသွားပြီး လူလေးဦးနှင့် တွေ့ဆုံခဲ့သည်။
ဒီလူလေးဦးက အထူး အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ပေသည်။ သုံးယောက်က နတ်သူငယ် ဖြစ်ပြီး တစ်ယောက်က လူပု ဖြစ်လေသည်။
အစွမ်း အထက်ဆုံးက ငွေရောင် ဆံပင်နဲ့ မျက်လုံးများရှိသော နတ်သူငယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူ၏ စွမ်းအားက SSS အဆင့်၊ နတ်ဘုရား တစ်ပိုင်း အလတ်ပိုင်း ဖြစ်သည်။ ကျန်သော နတ်သူငယ် နှစ်ယောက်က တိုင်းပြည်အဆင့် ထိပ်သီးပိုင်း၊ တိုင်းပြည် အဆင့် ကနဦးပိုင်း ဖြစ်ပြီး လူပုကတော့ တိုင်းပြည် အဆင့် ထိပ်သီးပိုင်းတွင် ရှိလေသည်။
“မင်း ခုနက ဆူးသရဖူရဲ့ [ကောင်းကင် ကုသ] အစွမ်းကို သုံးခဲ့တာလား။” နတ်သူငယ် အမျိုးသမီးက ပထမဆုံးင် အရေးကြီးသော အချက်ကို မေးလိုက်၏။ သို့သော် သူ့၏ လေသံက အနည်းငယ် မောက်မာ နေလေသည်။ ထိုအရာက နတ်သူငယ် အများစု၏ အဖြစ်များသော ပြဿနာလည်း ဖြစ်လေသည်။ ထို့အပြင် ချန်လွေ့က ယခုတွင် ဆရာသခင် အဆင့်ပင် မရှိသော စွမ်းအားကို ပြသ ထားသည့်အတွက်ကြောင့် လျှော့တွက် ခံရမည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။
“ဟုတ်ပါတယ်။” ချန်လွေ့က အထူး လေးစားမှု ပြသခြင်းမရှိဘဲ ခေါင်းကို အနည်းငယ် ညွှတ်လိုက်သည်။
ဖီနိုအီယာက အလျင်အမြန် ပြောလိုက်သည်၊ “မဒမ် ခီလန်ယာ။ သူက နဂါးလင်းလက် အင်ပါယာရဲ့ တတိယ မင်းသား အာသာပါ။ သူ့ရဲ့ အဂ္ဂိရတ် ပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ။ ကျုပ်တောင် သူ့ထက် နိမ့်ကျပါတယ်။ အရှင်မင်းသား အာသာက တောင်နေ လူပုတွေဆီက မြေထူ ရဲတိုက် ဘက်ကနေ ဒီအထိ လာခဲ့တာပါ။ သူက လုပ်ကြံသူရဲ့ လိုက်လံမှုကနေ လွတ်မြောက်ဖို့ သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ခဲ့တာပါ။ သူ့ကို အခု ချန်လွေ့လို့ ခေါ်ပါတယ်။ အားလုံး လျှို့ဝှက် ထားပေးကြပါ။။”
ထိုစကား ထွက်လာသည်နှင့် အထူး အစွမ်းထက်ပုဂ္ဂိုလ် လေးယောက်လုံးက အံ့အားသင့်သော အမူအရာများ ပြသ လိုက်ကြသည်။ ‘အားနည်းသူ’ ကို ကြည့်သော သူတို့၏ မျက်လုံးများက အတော်လေး ကွာခြားသွားခဲ့သည်။ မည်သည့် လောက၌ ဖြစ်ပါစေ၊ စွမ်းအားနှင့် စွမ်းရည်ရှိသူများကို အမြဲ တန်ဖိုးထားလေ့ ရှိပေသည်။
ချန်လွေ့၏ သရုပ်မှန် ထုတ်ပြောရန်ကို ကြိုတင် သဘောတူပြီးသား ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့၏ မျက်နှာကို ဇိုလာ၏ “အကူအညီ”ဖြင့် ခဏတာ အသွင်ပြောင်းလိုက်ပြီး “အာသာ”ပုံစံသို့ ပြန်ပြောင်းကာ သူ၏ ရည်ရွယ်ချက်ကို ပြောတော့သည်။
ခီလန်ယာက တခြားတစ်ခုခု မေးချင် သော်လည်း မျက်လုံးများက ချန်လွေ့ နောက်က ဇိုလာဆီ ရောက်သွားပြီး ရုတ်တရက် မျက်မှောင်ကြုတ် လိုက်၏။
“အရှင်မင်းသားက တောင်နေလူပု ဘုရင်ရဲ့ မှာကြားချက်အရ ကျုပ်ကို သတိပေးဖို့ ရောက်လာတာကိုး။ ဒီတစ်ခါ အရှင်မင်းသားရဲ့ ကုသမှုကြောင့် အတော် များများ အသက်ချမ်းသာရာ ရခဲ့တယ်။ သစ်တောနေ လူပုတွေကိုယ်စား ကျုပ် လူတိုချီက အရှင်မင်းသားကို ရိုးသားစွာ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အရှင်မင်းသားက လူပုတွေ အားလုံးရဲ့ တကယ့်မိတ်ဆွေပါ။” ထိုသို့ပြောပြီး တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ရှိသော လူပု လူတိုချီက ဦးညွှတ်၍ အရိုအသေ ပြုလိုက်သည်။
ချန်လွေ့လည်း အလျင်အမြန် ပြန်လည် ဦးညွှတ်လိုက်သည်။ “ဒါက တိုက်ဆိုင်မှု တစ်ခုပါ။ နတ်သူငယ် မျိုးနွယ်စုက လမ်းမှား စွမ်းအားကို သတိထား မိသွားပြီးတော့ အချိန်မီ လှုပ်ရှားခဲ့လို့ တော်သေးတယ်။ မဟုတ်လို့ကတော့ သစ်တောနေ လူပုတွေက စိတ်ကူးလို့ မရနိုင်လောက်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ ရနိုင်တယ်။”
လူတိုချီ သက်ပြင်း ချလိုက်၏။ “ဟုတ်တယ်။ ရူဟမ်နဲ့ တွန်န်တို့က ဆိုးယုတ်တဲ့ စွမ်းအားရဲ့ ကျေးကျွန်တွေ ဖြစ်လာပြီးတော့ လူပုဘုရင် အဲဘက် ကို ထိန်းချုပ်ပြီးတော့ ဆိုးယုတ်တဲ့ ယဇ်ပလ္လင်ကို တိတ်တိတ် တည်ဆောက် နေမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ အဲဒါကြောင့် သစ်တောနေလူပုတွေ မျိုးတုံးလုနီးပါး ဖြစ်ခဲ့တယ်။ ယဇ်ပလ္လင်ကို ဖျက်ဆီးခဲ့ပေမယ့် လူပုတွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း အာဂတ်လည်း တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်။”
“ဆူးသရဖူက မင်းလက်ထဲကို ဘယ်လို ရောက်နေတာလဲ။” တိုင်းပြည်အဆင့် ထိပ်သီးပိုင်း နတ်သူငယ် ခယ်ဆာက မေးလိုက်၏။ “မင်းက သိဒ္ဓိကျောင်းတော် ကလား။”
“ကျုပ် သိဒ္ဓိ ကျောင်းတော်က မဟုတ်ပါဘူး။ တိုက်ဆိုင်ပြီးတော့ ဆူးသရဖူကို ရသွားတာပါ။” ချန်လွေ့က ခေါင်းခါပြီး စကားစကို ပြောင်းလိုက်၏။ “ဒါနဲ့ ဆူးသရဖူရဲ့ [ကောင်းကင် ကောင်းချီး] စွမ်းအားက ဆိုးယုတ်တဲ့ အငွေ့အသက်တွေကို အတိုင်းအတာ တစ်ခုအထိ ပယ်ဖျက်နိုင်တယ်။ အဲဒါက တိုက်စားမှုရဲ့ လက္ခဏာတွေ သက်သာဖို့ ကူညီနိုင်တယ်။ အဲဒီ လမ်းမှားရောက်တဲ့ လူပုတွေကို...”
“သိပ်ကောင်းတယ်။ သူတို့က အခုထိ ထောင်ထဲမှာပဲ။ ဒီကိစ္စကြောင့် ငါတို့ တော်တော် ဒုက္ခရောက်နေတာ။” လူတိုချီ ရုတ်တရက် လန်းဆန်း သွားပြီး ချန်လွေ့ကို ဆွဲကာ ထောထဲသို့ အမြန် ပြေးသွားခဲ့သည်။ တိတ်ဆိတ်နေခဲ့သော ဇိုလာလည်း နောက်မှ လိုက်ပါသွားသည်။
“လူပုတွေ အားလုံး တဇောက်ကန်း တွေပဲ။” တိုင်းပြည်အဆင့် ကနဦးပိုင်း နတ်သူငယ် ကလော့ထ်က ခေါင်းခါရင်း လိုက်သည်။ “မဒမ် ခီလန်ယာက မေးလို့ မပြီးသေးဘူး။”
“မျိုးနွယ်စုရဲ့ သေရေး ရှင်ရေးကိစ္စ ဖြစ်လို့ နားလည်ပေးလို့ ရပါတယ်။” ခယ်ဆာက ဇိုလာရဲ့ နောက်ကျောကို ကြည့်လိုက်ပြီး ပြောသည်။ “အဲဒီ အမျိုးသမီးက... နဂါး အငွေ့အသက် ရှိတယ်။ သူက အားနည်းတဲ့ပုံ မရဘူး။”
“နဂါးလား။” ပလော့ထ် အံ့အားသင့် သွား၏။ “လူသား မဟာဆရာသခင်ရဲ့ အစောင့်အရှောက်လား။”
“နတ်မိမယ်နဂါးပဲ...” ခီလန်ယာ၏ ငွေရောင်မျက်လုံးများ တောက်ပလာရင်း အသံမာမာနဲ့ ပြောလိုက်၏။
“ဆာ။ မဒမ်။” ဖီနိုအီယာက ခဏ တွေဝေပြီးမှ ပြောလိုက်သည်။ “အဲဒီ နတ်မိမယ်နဂါးက နတ်သူငယ် ဘုရင် စပန်ရဲ့ သမီးပါ။”
ထိုစကား ထွက်လာသည်နှင့် နတ်သူငယ် အစွမ်းထက် ပုဂ္ဂိုလ် သံုးဦးလုံး တုန်လှုပ်သွားပြီး အံ့ဩသော အမူအရာများ ပြသလိုက်ကြသည်။ ခီလန်ယာ၏ မျက်လုံးထဲ၌ ထူးဆန်းသော ထက်မြက်မှု ပေါ်လာပြီး ဖီနိုအီယာက စိတ်ထဲ၌ ပြုံးရုံသာ တတ်နိုင်ခဲ့သည်။
မြေထူရဲတိုက်၌ အတွေ့အကြုံကြောင့် ချန်လွေ့က [ကောင်းကင်ကောင်းချီး] ကို လျင်မြန်စွာ အသုံးပြုပြီး နက်ရှိုင်းစွာ မထိခိုက်သေးတဲ့ လူပု အတော် များများကို ကယ်တင် နိုင်ခဲ့သည်။ ကျန်သောသူများကို အကျဉ်းချထားရ၏။
ထိုသို့ ဆိုသည့်တောင် လူတိုချီနှင့် သစ်တောနေလူပုများ အလွန် ပျော်ရွှင် ခဲ့ကြပြီး ချန်လွေ့က ကျောက်လက်သီးရွာ ကယ်တင်ရှင် ဖြစ်လာခဲ့သည်။ ဘန်းဒ်က အထူးသဖြင့် စိတ်လှုပ်ရှားနေသော်လည်း ကံမကောင်းစွာပင် အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီ ဖြစ်ရာ ချန်လွေ့က လူပုအားလုံးကို တောင့်တစေတဲ့ ‘ဝိုင်ဖြူ’ ပုလင်းကို သိမ်းထားလိုက်၏။ ပြန်လည် သက်သာချိန်တွင် ဝိုင်မသောက်ရ ဟု ပြောခဲ့တာကြောင့် လူပု အဘိုးအိုက မခံမရပ်နိုင် ဖြစ်ခဲ့တယ်။ ဝိုင်ဖြူကို မြည်းစမ်းဖူးသော သစ်တောနေလူပု ဘုရင် အဲဘက် ကလည်း တောင့်တ နေခဲ့သည်။
ချန်လွေ့၏ ဝိုင်ဖြူနှင့် ပတ်သက်သော ကတိ ကြီးကြီးမားမားကို ရပြီးနောက် ဘန်းဒ်က ချန်လွေ့ကို နတ်သူငယ် များနှင့်အတူ ထွက်သွားခွင့် ပြုလိုက်၏။
နတ်သူငယ် မျိုးနွယ်စု အကူအညီဖြင့် သစ်တောနေလူပု အကျပ်အတည်းက ချန်လွေ့ ထင်ထားသည်ထက် ပိုမို၍ လွယ်လွယ်ကူကူ ဖြေရှင်း နိုင်ခဲ့သည်။ ချန်လွေ့က လူပုများဆီမှ အဖြစ်အပျက် အကြောင်းကို သိရှိခဲ့ရသည်။ လိုဏ်ဂူနေ လူပု အထူး အစွမ်းထက်ပုဂ္ဂိုလ် ၂ ဦးက ကျောက်လက်သီးရွာကို ရောက်လာပြီး ရွှေလင်းလက် မြေအောက် နန်းတော် ပြိုကျသော သတင်းဆိုးကို ပြောပြခဲ့ပြီး လိုဏ်ဂူနေ လူပုများက ကျောက်နီ တောင်ခြေ၌ မသေရုံတမယ် နေနေရပြီး သစ်တောနေလူပုများ၏ အကူအညီများ လိုအပ်ကြောင်း ပြောခဲ့သည်။
လူပုများက လွန်ခဲ့သော နှစ်ပေါင်း များစွာ ကတည်းက အုပ်စု ၃စုအဖြစ် ကွဲပြားသွားခဲ့သော်လည်း အမှန်တကယ် အတူတူသာ ဖြစ်၏။ သစ်တောနေလူပု ဘုရင် အဲဘက်နှင့် သစ်တောလူပု၏ အထူးအဆင့် အစောင့်အရှောက်တို့ ဆွေးနွေးပြီးနောက် လိုဏ်ဂူနေလူပုကို လက်ခံရန် ဆုံးဖြတ် ခဲ့ကြသည်။ ထို့ကြောင့် သူတို့က အခြားတစ်ဖက်၏ တောင်းဆိုချက်အရ လိုဏ်ဂူ တူးဖော်ပြီး လိုဏ်ဂူနေလူပုများ ရောက်ရှိလာခြင်းကို ကြိုဆိုရန် ပြင်ဆင်ခဲ့ကြသည်။ ထိုအရာက ဘေးအန္တရာယ် အစ ဖြစ်လိမ့်မည်ဟု မည်သူ သိမည်နည်း။ အချိန် အကြာကြီး စီစဉ်ထားခဲ့သော လမ်းမှားရောက် အထူး အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးက လူပုဘုရင် လူတိုချီကို လျှို့ဝှက်စွာ ထိန်းချုပ်ကာ သစ်တောနေလူပုများကို ‘အကြောက် တရား’ အသူရော ချောက်နက်ထဲသို့ တစ်ဆင့်ချင်း ပို့ဆောင်နေခဲ့လေသည်။
နတ်သူငယ် မျိုးနွယ်စု၏ ကယ်ဆယ်မှု မရှိခဲ့ပါက သစ်တောနေလူပု မျိုးနွယ်စု တစ်ခုလုံးက လိုဏ်ဂူနေလူပု ခြေရာ အတိုင်း လိုက်ပါသွားခဲ့မည် ဖြစ်သည်။
ချန်လွေ့က ဖီနိုအီယာ ဖိတ်ကြားချက် အရ ငွေလကောင်းကင်မြို့သို့ ပြန်လာရန် ရှိသောကြောင့် ကျောက်လက်သီးရွာတွင် မနေတော့ပေ။ ဖီနိုအီယာက ရွှေရောင် နယ်မြေတွင် ရှိခဲ့စဉ်က လျှို့ဝှက် ဆန်းကြယ်သော လက်ဆောင်တစ်ခု ရှိကြောင်း ပြောခဲ့သည်။ အမှန်တကယ် ထိုအချိန်ကတည်းက ပေးထားပြီးသား ဖြစ်သော်လည်း ငွေလကောင်းကင်မြို့ တွင်သာ ရွေးထုတ်နိုင်ခြင်း ဖြစ်သည်။ ၎င်းမှာ အစိမ်းရောင် သစ်ရွက်မြေပုံပင်။
ထိုအစိမ်းရောင် သစ်ရွက် မြေပုံက ရိုးရှင်းလှသည် မဟုတ်ပေ။ ကျောက်စိမ်း သစ်တောပင်လယ်၌ ငွေလကောင်းကင် မြို့ကို ရှာဖွေရန် မြေပုံအဖြစ် လုပ်ဆောင် နိုင်ခြင်းအပြင် ၎င်းတွင် အထူး လုပ်ဆောင်ချက် တစ်ခုရှိပြီး နတ်သူငယ် မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာနှင့် တွေ့ဆုံရန် တိုကင်အဖြစ် အသုံးပြုနိုင်ခြင်း ဖြစ်သည်။
အလူစီယာ၏ နာမည်ကို ထိုလောက၌ သိပ်မသိကြပေ။ အများစုက ထိုနာမည် မည်သည်ကို ကိုယ်စားပြုကြောင်း မသိကြပေ။ သို့သော် ဝါရင့် လေ့ကျင့်သူများနှင့် မျိုးရိုးစဉ်ဆက် မှတ်ဉာဏ်ရှိသော မျိုးနွယ်များကြားတွင် ထိုနာမည်က အံ့မခန်းပင်။ ထိုနာမည်က ဒဏ္ဍာရီများစွာ၏ အဓိက ဇာတ်ကွက် များထဲ ပေါ်လာခဲ့ပြီး အချို့ဇာတ်လမ်း များက ရှေးခေ-တ်ကာလ အထိကိုပါ ရောက်နေသည်။ သူက သူ၏ နာမည်နှင့် ထိုက်တန်လှသော ‘ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော’ တစ်ယောက်ပင်။
ဇိုလာ၏ ဖခင် စပန်သည်ပင် ချန်လွေ့ရှေ့တွင် နတ်သူငယ် မျိုးနွယ်စု၏ ထိုဒဏ္ဍာရီကို ပြောပြဖူးသည်။ စပန်သည် အလူစီယာထံမှ အကြံဉာဏ်အချို့ ရရှိခဲ့ဖူးပြီး သူ့ကို ‘ဆရာ’ ဟု ခေါ်ဆို ခဲ့သည်။ အလူစီယာက နတ်သူငယ် မျိုးနွယ်စု၏ အထူး အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံးက အလေးစားဆုံး ‘ဆရာ’ လည်း ဖြစ်ပေသည်။
အလားတူပင် အလူစီယာက နတ်သူငယ် မျိုးနွယ်စု သမိုင်းတွင် နတ်သူငယ် ဘုရင် အနည်းငယ်ထဲမှ တစ်ပါးဖြစ်သည်။ သူ့နှင့် နှိုင်းယှဉ်လျှင် ချန်လွေ့၏ နှစ်ပေါင်း သောင်းနှင့်ချီ ရှင်သန်ခဲ့သော ယောက္ခထီး နတ်သူငယ် ဘုရင်ကို အငယ်တန်းဟူ၍သာ သတ်မှတ် ရနိုင်ပေသည်။
အစိမ်းရောင် သစ်ရွက်မြေပုံက သူ့ကို အလူစီယာနှင့် တွေ့ဆုံပြီး လက်ဆောင် တစ်ခု ရရှိစေမည် ဖြစ်သည်။ ထိုအရာက ရတနာတစ်ခု သို့မဟုတ် အနာဂတ် အတွက် မြင်ကွင်း တစ်ခု ဖြစ်နိုင်သည်။ အတိုချုပ် ပြောရလျှင် ထိုအရာက ကြီးမားသော အကျိုးအမြတ် တစ်ခုပင်။
ဖီနိုအီယာက ကိုယ်တိုင် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော လက်ဆောင်ကို လက်မခံဘဲ အစိမ်းရောင် သစ်ရွက်မြေပုံကို မိမိထံ ပေးရသော အကြောင်းအရင်းမှာ အထူး ကန့်သတ်ချက်များနှင့် အခြေအနေ တချို့ကြောင့် ဖြစ်နိုင်ကြောင်း ချန်လွေ့ ခန့်မှန်းမိလိုက်သည်။ သို့သော် နတ်သူငယ် မဟာဆရာသခင်က မပြောပြသည့် အတွက် သူလည်း ထပ်မမေးတော့ပေ။ အကြောင်းမှာ ဖီနိုအီယာက မိတ်ဆွေများကို လုံးဝ ထိခိုင်အောင် မလုပ်မည်ကို ချန်လွေ့က ယုံကြည်ထား၍ပင်။
နတ်သူငယ် မျိုးနွယ်စုနဲ့ သစ်တောနေ လူပုများက မဟာမိတ် ဖြစ်တာကြောင့် ကျောက်လက်သီးရွာ အပြင်ဘက်တွင် ငွေလကောင်းကင်မြို့ အထူး တယ်လီပို့ အစီအရင်တစ်ခု ရှိလေသည်။ ထို့ကြောင့် ကောင်းကင်မြို့သို့ ပြန်ရောက်ဖို့ အချိန် သိပ်မကြာခဲ့ပေ။
ချန်လွေ့နှင့် ဇိုလာတို့က နားနေဆောင် သွားပြီး မနားဘဲ ဖီနိုအီယာ၏ ခရမ်းနှလုံးသား သစ်အိမ်သို့ တိုက်ရိုက် သွားပြီး အနားယူခဲ့ကြသည်။ သူ့ရဲ့ လက်ရှိ မင်းသား သရုပ်ကို ဆက်လက် ဖုံးကွယ် ထားရမည် ဖြစ်သည်။ ဖီနိုအီယာ၏ နေရာကို သွားခြင်းက အဆင် အပြေဆုံးနဲ့ သက်တောင့် သက်သာ အရှိဆုံး ဖြစ်လေသည်။
ခရမ်းနှလုံသားသစ်အိမ်တွင် တစ်ည အနားယူပြီးနောက် နံနက်စောစောတွင် ချန်လွေ့က ဇိုလာနှင့်အတူ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောရှိရာ စိတ်လှည့်သစ်တောသို့ သွားခဲ့သည်။
စိတ်လှည့်သစ်တောသည် ငွေလ ကောင်းကင်မြို့၏ အနောက်ဘက်တွင် တည်ရှိပြီး သစ်ပင်လူသားများရှိသော ရှေးဟောင်းသစ်တောကြီး ဖြစ်သည်။
ဖီနိုအီယာဆီမှ ချန်လွေ့ သိသလောက် ဆိုလျှင် ကျောက်လက်သီးရွာ အပြင်က သစ်ပင်လူသားများမှာ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောက စိတ်လှည့်သစ်တောမှ လမ်းမှားရောက်သူများ ထွက်မပြေး စေရန်အတွက် ကာကွယ်ရန် ပို့ထားခြင်း ဖြစ်သည်။ သို့သော် သစ်ပင်လူသား များက လှုပ်ရှားမှု အလွန်နှေးရာ တယ်လီပို့ အစီအရင်ဖြင့်ပင် ကျောက် လက်သီးရွာမှ သစ်ပင်လူသားများက စိတ်လှည့်သစ်တောသို့ ပြန်မရောက် သေးပေ။
စိတ်လှည့် သစ်တော အနားသို့ ရောက်လာသောအခါ အစိမ်းရောင် သစ်ရွက်မြေပုံက အရွက်ပုံစံ တံဆိပ်ပြား တစ်ခုအဖြစ် အလိုလို ပြောင်းလဲသွား၏။ ၎င်းက ချန်လွေ့ တစ်ချိန်က မြင်ဖူးသော သိဒ္ဓိ သစ်ရွက် သံတော်ဆင့်နှင့် ဆင်တူသော်လည်း ပိုမို ကြည်လင် တောက်ပပြီး မြစိမ်းရောင်နှင့် တူ၏။
ထိုတံဆိပ်ပြား စွမ်းအားကို အမှီပြုပြီး ချန်လွေ့နှင့် ဇိုလာတို့က မည်သည့် အနှောင့်အယှက်မှ မရှိဘဲ လမ်းလျှောက် လာခဲ့ကြသည်။ သူတို့ ခြေအောက် အောက်တွင် ပေါ်လာသော ကျောက်ပြား လမ်းငယ်လေး အတိုင်း စိတ်လှည့် သစ်တောထဲသို့ ဝင်သွားခဲ့ ကြတယ်။ ခဏအကြာ သူတို့က အဝိုင်းပုံစံ သစ်တော၏ ဝင်ပေါက်ကို ရောက်လာခဲ့ ကြပြီး အလယ်တွင် အိမ်တစ်လုံးကို ရေးရေးလေး မြင်နေရလေသည်။
ဒါက နတ်သူငယ် မျိုးနွယ်စုရဲ့ သာမန် သစ်ပင်အိမ် မဟုတ်ဘဲ ရိုးရိုးသာမန် အိမ်ငယ်လေးတစ်လုံး ဖြစ်၏။
သစ်တော၏ ဝင်ပေါက်တွင် မထင်မှတ် ထားသော ‘အသိအကျွမ်း’ တစ်ဦး ဖြစ်သည့် ကျောက်လက်သီးရွာ၌ တွေ့ဆုံ ခဲ့ဖူးသော နတ်သူငယ် မျိုးနွယ်စု၏ နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ် ခီလန်ယာ ရှိနေသည်။
ခီလန်ယာက လက်ချင်းတွဲ၍ လျှောက်လာသူ နှစ်ဦးကို ကြည့်လိုက်ပြီး အသာလေး ပြောလိုက်သည်။ “မင်းတို့ ဆရာကို လာတွေ့တာလား။ တိုကင် ဘယ်မှာလဲ။”
ထိုစကားက မလိုအပ်ပုံ ရသည်။ ချန်လွေ့က လက်ထဲမှ အရွက်ပုံစံ တံဆိပ်ပြားကို မြှောက်ပြလိုက်သည့်အခါ ခီလန်ယာက ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူ၏မျက်လုံးက ဇိုလာထံ ရောက်သွားပြီး ရုတ်တရက် မျက်မှောင် ကြုတ်လိုက်၏။ “မင်း ဝင်လို့ ရပြီ။ ဒါပေမယ့် ဒီမိန်းမက စိတ်လှည့်သစ်တော ကနေ ထွက်သွားရမယ်။ မဟုတ်ဘူး! ငွေလကောင်းကင်မြို့ကနေ ထွက်သွား ရမယ်! ဒီမှာ နဂါးတွေကို မကြိုဆိုဘူး။ အထူးသဖြင့် စိတ်ပျက်စရာ နတ်မိမယ် နဂါးတွေကိုပေါ့!”
ချန်လွေ့က ခီလန်ယာ၏ မျက်လုံးတွင် ရန်လိုကို သတိပြုမိပြီး မျက်မှောင် ကြုတ်လိုက်သည်။ ငါက မနေ့ကတောင် ဒဏ်ရာ အပြင်းအထန် ရနေတဲ့ နတ်သူငယ် မျိုးနွယ်စုကို ကယ်တင် ခဲ့တယ်။ ဇိုလာက ဒီနတ်သူငယ် မိန်းမလှကို စိတ်အနှောင့်အယှက် ဖြစ်အောင် ဘာမှမလုပ်ခဲ့ပါဘူး။ ဘာလို့ သူ ဒီလို အပြင်းအထန် ရန်လိုနေတာလဲ။
ထွက်သွားရမယ် ဟုတ်လား။ ချန်လွေ့ တွေဝေနေသော မစ်-နတ်မိမယ်နဂါးကို တစ်ချက် ကြည့်လိုက်သည်။ သူက အနည်းငယ် ပြုံးလိုက်ပြီး တံဆိပ်ကို မြေပြင်ပေါ် တင်လိုက်၏။
“ဒီလို ဆိုရင်တော့ ဒါကို ခင်ဗျားဆီ ပြန်ပေးလိုက်မယ်။ ဇိုလာ။ သွားကြစို့။”
ခီလန်ယာ အံ့အားသင့် သွား၏။ ဖီနိုအီယာက ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောကို တွေ့ဆုံရမယ့် အကျိုးကျေးဇူးတွေကို ပြောပြပြီး ဖြစ်လောက်သည်။ ထိုကဲ့သို့ အားနည်းသော လူသားက ယခုလို လှည့်ထွက် သွားလိမ့်မယ်လို့ မထင်ထား ခဲ့ပေ။
နတ်သူငယ် အမျိုးသမီး မျက်လုံးထဲမှ ခက်ထန်မှုများ ပေါက်ကွဲ ထွက်သွားပြီး သူ့အသံက ကြောက်စရာ ကောင်းလာ၏။ “မင်းတို့ကို ဒီထိ ခေါ်လာဖို့ ငါ အများကြီး ကြိုးစားခဲ့ရတယ်။ မင်းတို့ကို ငါ ကောင်းကောင်း ဧည့်မခံ ရသေးဘဲနဲ့ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ။”
နက်ရှိုင်းသော ရယ်မောသံထဲတွင် ခီလန်ယာ၏ ကိုယ်ခန္ဓာမှ မီးတောက်များ ပေါက်ကွဲထွက်သွားသည်။ ထူထပ်သော သစ်တောက လျင်မြန်စွာ လောင်ကျွမ်းပြီး ချော်ရည်ကဲ့သို့သော စီးကြောင်းတစ်ခု အနီးအနားတွင် အမြန် ပေါ်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မီးတောင်ကဲ့သို့ ဖြစ်လာပြီး လေထုက မွန်းကျပ်ကာ ပူလောင်လာတော့သည်။